အခန်း ၃၆
Vol. 3 Ch. 36
အပိုင်း(၃၆)
နောက်ထပ် သုံးမိနစ်ခန့် ကြာပြီးနောက်တွင်တော့ နစ် ဖတ်၍ ပြီးသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် မှတ်စုကလစ်ဘုတ်ပေါ်တွင် စာများများစားစား ရေးမထားခဲ့ပေ။ ထို့ပြင် နစ် လက်မှတ်ရေးထိုးခဲ့ရသော လျှို့ဝှက်ချက်ထိန်းသိမ်းရေး သဘောတူစာချုပ်လောက်လည်း နားလည်ရန် မခက်ခဲလှချေ။
နောက်ဆုံးတွင် နစ်သည် မှတ်စုကလစ်ဘုတ်ပေါ်ရှိ ဘောပင်ကို ယူလိုက်သည်။ ထို့နောက် အချိုးမကျစွာဖြင့် လက်မှတ်ထိုးလိုက်သည်။ သူသည် စာရေးသားခြင်းနှင့် အသားမကျသေးပေ။
နစ်က မှတ်စုကလစ်ဘုတ်ကို ပြန်ပေးလိုက်သည်။ ဝန်ထမ်းအမျိုးသမီးကလည်း အလျင်အမြန်ပင် လှမ်းယူလိုက်သည်။
"ကောင်းသောနေ့လေး ဖြစ်ပါစေ... ရှင် သွားလို့ရပါပြီ..."
သူမက ခပ်ပြတ်ပြတ်ပြောကာ ထွက်သွားခဲ့သည်။ နစ်က ခေါင်းညိတ်ပြလိုက်ပြီး ထွက်ပေါက်ဆီသို့ လျှောက်သွားခဲ့သည်။
ကံကောင်းသည်မှာ ဒုတိယတံခါးတစ်ချပ် ရှိနေခြင်းပင်ဖြစ်သည်။ ဆိုလိုသည်က သူသည် သန့်စင်ဆေးကြောရေး ရေချိုးကန်များရှိသော အခန်းကို ဖြတ်သန်းသွားစရာ မလိုတော့ခြင်းပင်တည်း။
နစ်သည် သူ၏ ပစ္စည်းများကို သိမ်းဆည်းထားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူ တိုက်ရိုက် ထွက်သွားနိုင်ခဲ့သည်။
နစ်သည် ဆေးရုံအတွင်း လျှောက်သွားနေစဉ် စိတ်ဝင်တစားဖြင့် ဟိုဟိုဒီဒီ ကြည့်ရှုနေခဲ့သည်။ သူ၏ အသက်အန္တရာယ်က စိုးရိမ်စရာ မရှိတော့ပေ။ ထို့ကြောင့် ဆေးရုံ၏ အသွင်အပြင်ကို သူ သေချာစွာ ခံစားကြည့်ရှုနိုင်ခဲ့သည်။ အရာအားလုံးက အလွန်ပင် သန့်ရှင်းနေခဲ့သည်။ ဤမျှလောက် သန့်ရှင်းနေသည့်အရာမျိုးကို နစ် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ဤအရာက သူ၏အမြင်တွင် အလွန်သူစိမ်းဆန်နေခဲ့သည်။
နစ်သည် သူ၏ ဘဝတစ်လျှောက်လုံး ဆင်ခြေဖုံးရပ်ကွက် အတွင်း၌သာ နေထိုင်ခဲ့ရသည်။ ဆင်ခြေဖုံးရပ်ကွက် ဆိုသည်မှာ အသန့်ရှင်းဆုံး နေရာတစ်ခု မဟုတ်ပေ။
နစ် ဧည့်ခန်းမဆောင်သို့ ရောက်သောအခါ လူနှစ်ယောက်ကိုသာ မြင်တွေ့ခဲ့ရသည်။ ဧည့်ကြိုအမျိုးသမီးနှင့် ကောင်လေးတစ်ယောက် ဖြစ်သည်။
ထိုကောင်လေးသည် ဧည့်ခန်းမ၏ ဘေးဘက်၌ အဝတ်အစားတစ်ပုံကို ကိုင်ကာ မတ်တပ်ရပ်နေခဲ့သည်။ ထို့နောက် သူက ဟိုဟိုဒီဒီကို ကသိကအောက်ဖြင့် ကြည့်နေခဲ့သည်။
ကောင်လေးမှာ အသက် ၁၄ နှစ်ခန့် သို့မဟုတ် ထိုဝန်းကျင်ခန့် ရှိမည်ဖြစ်သည်။ တစ်စက္ကန့်မျှ နစ်၏ မျက်လုံးများနှင့် ကောင်လေး၏ အကြည့်တို့ ဆုံသွားခဲ့သည်။
ကောင်လေးသည် နစ်ကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်သည်။ ထို့နောက် နစ်၏ အဝတ်အစားများကို ကြည့်လိုက်သည်။ ထို့နောက် သူက ရေချိုးကန်များရှိရာ ဘက်သို့ ပြန်ကြည့်လိုက်သည်။
"မင်း လူတစ်ယောက်ယောက်ကို ရှာနေတာလား..."
နစ်က မေးလိုက်သည်။ နစ်က စကားစပြောလိုက်သောအခါ ကောင်လေးမှာ အံ့သြသွားခဲ့သည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့..."
ကောင်လေးက အထိတ်တလန့်ဖြင့် ဖြေသည်။
"ကျွန်တော်က နစ်ဆိုတဲ့လူဆီကို ဒီအဝတ်အစားတွေ လာပို့ပေးရတာပါ..."
နစ်က မျက်တောင်နှစ်ခါ ခတ်လိုက်သည်။
"အဲဒါ ငါပဲလေ..."
"အို..."
ကောင်လေးက နစ်ကို အံ့သြတကြီးဖြင့် ကြည့်ကာ ရေရွတ်လိုက်သည်။ သို့သော်လည်း သူ၏ မျက်ခုံးများက တွန့်ချိုးသွားခဲ့သည်။ ထို့နောက် နစ်၏ အဝတ်အစားများကို သူ ပြန်ကြည့်လိုက်သည်။
"ဒါပေမဲ့ ခင်ဗျားရဲ့ အဝတ်အစားတွေက မညစ်ပတ်နေဘူးလေ..."
သူက ပြောသည်။
"ငါက အဝတ်အစားတွေနဲ့ပဲ ရေချိုးလိုက်တာ..."
နစ်က ပြောသည်။
"ဒီအဝတ်အစားတွေက ဝင်တာ ဆီကလို့ ငါထင်တယ်..."
နစ်က ဝင်တာ ၏ အမည်ကို ပြောလိုက်သည်ကို ကြားသောအခါ ကောင်လေးမှာ သက်ပြင်းချလိုက်နိုင်သည်။
"ဟုတ်ပါတယ်..."
သူက ပြောသည်။ နောက်တစ်ခဏတွင် သူက အဝတ်အစားများကို ရှေ့သို့ ကမ်းပေးလိုက်သည်။ နစ်ကလည်း ၎င်းတို့ကို လှမ်းယူလိုက်သည်။
အဝတ်အစားများက ခေါက်ထားသဖြင့် နစ်သည် အားလုံးကို မမြင်နိုင်ခဲ့ပေ။ သို့သော် အနီရောင်နှင့် အမည်းရောင် အနည်းငယ်ကိုတော့ သူ မြင်တွေ့နိုင်ခဲ့သည်။
ထိုအချိန်တွင်ပင် နစ်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ထို့နောက် သူက အဝတ်အစားများကို အလိုအလျောက်ပင် ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
"ဒါက... သွေးမှိုမြို့တော် ရဲ့ တရားဝင် ဇီဖစ်စွမ်းအင် ထုတ်ယူသူ ဝတ်စုံလား..."
သူ အံ့သြတကြီးဖြင့် မေးလိုက်သည်။ ကောင်လေးက ပြုံးကာ ခေါင်းညိတ်ပြသည်။
"ဟုတ်ကဲ့ပါ ခင်ဗျာ..."
ထိုအချိန်၌ပင် ထိုအချက်က နစ်ကို အမှန်တကယ် ရိုက်ခတ်သွားခဲ့သည်။ သူသည် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်နေပြီဖြစ်သည်။
ဇီဖစ်စွမ်းအင် ထုတ်ယူသူ အချို့ လမ်းလျှောက်သွားလာနေသည်ကို နစ် မြင်ဖူးခဲ့သည်။ သူတို့သည်လည်း ဤဝတ်စုံနှင့် ပုံစံတူ ဝတ်စုံမျိုးကို ဝတ်ဆင်ထားခဲ့ကြသည်။
သွေးမှိုမြို့တော်သည် ဇီဖစ်စွမ်းအင် ထုတ်ယူသူ အားလုံးကို မည်သည့်ကုမ္ပဏီမှ ဖြစ်စေကာမူ ဤဝတ်စုံကို ဝတ်ဆင်ရန် သတ်မှတ်ထားခဲ့သည်။
ဇီဖစ်စွမ်းအင် ထုတ်ယူသူ များသည် တာဝန်ထမ်းဆောင်ချိန်၌ ထိုဝတ်စုံကို ဝတ်ဆင်ရမည်ဖြစ်သည်။ သို့သော် အားလပ်ချိန်များတွင်လည်း ဝတ်ဆင်ရန် တိုက်တွန်းထားလေသည်။
ဇီဖစ်စွမ်းအင် ထုတ်ယူသူ များအနေဖြင့် အားလပ်ချိန်များတွင် ဝတ်စုံဝတ်ဆင်ရန် မဖြစ်မနေ လိုအပ်သည်တော့ မဟုတ်ပေ။ သို့သော်လည်း တရားတပေါင် အမှုအခင်းများစွာ ဖြစ်ပွားပြီးနောက်တွင်တော့ ယင်းက ထုံးစံတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။
ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်က သူတို့၏ စွမ်းရည်ကို အသုံးပြုခဲ့မည်ဆိုပါက ထိုသူသည် တာဝန်ထမ်းဆောင်နေချိန် ဟုတ်မဟုတ် မည်သို့ ခွဲခြားမည်နည်း။
အကယ်၍ တစ်စုံတစ်ယောက်က သူတို့ထံမှ ခိုးယူရန် ကြိုးစားရင်း ဇီဖစ်စွမ်းအင် ထုတ်ယူသူ ၏ စွမ်းရည်ကြောင့် မီးလောင်ပြာကျသွားခဲ့လျှင် မည်သို့လုပ်မည်နည်း။
သေချာသည်ကတော့ မြို့တော်သည် ရာဇဝတ်ကောင်များ၏ ကံကြမ္မာကို ဂရုမစိုက်ပေ။ သို့သော် ရာဇဝတ်ကောင်များ၏ ခန္ဓာကိုယ်နှင့် သွေးများကိုတော့ သူတို့က အလွန်ပင် ဂရုစိုက်ကြသည်။ ရာဇဝတ်ကောင်များပင်လျှင် သွေးနှင့် ငွေကြေးများကို ယူဆောင်လာပေးနိုင်သည် မဟုတ်ပါလော။
ဇီဖစ်စွမ်းအင် ထုတ်ယူသူ များသည် ဆင်ခြေဖုံးရပ်ကွက် မှ လူများကို ခိုင်လုံသော အကြောင်းပြချက်ဖြင့် သတ်ဖြတ်ခွင့် ရှိသည်။ ထိုသို့မဟုတ်ပါက သူတို့သည် ဒဏ်ကြေးအဖြစ် ငွေကြေး ၅၀၀၀ ခန့် ပေးဆောင်ရမည်ဖြစ်သည်။
ဇီဖစ်စွမ်းအင် ထုတ်ယူသူ များသည် အပြင်ဘက်မြို့တော် မှ လူများကိုလည်း သတ်ဖြတ်ခွင့် ရှိသည်။ သို့သော် ထိုသူက မိမိအား ရုပ်ပိုင်းဆိုင်ရာအရ အရင်ဆုံး လာရောက်တိုက်ခိုက်မှသာ သတ်ဖြတ်ခွင့်ရှိခြင်း ဖြစ်သည်။ မလိုအပ်ဘဲ သေဆုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရခြင်းကြောင့် မြို့တော်အာဏာပိုင်များက ဇီဖစ်စွမ်းအင် ထုတ်ယူသူ များကို အပြင်ထွက်သည့်အခါ ဝတ်စုံဝတ်ဆင်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ အားလပ်ချိန်များတွင်ပင် ဝတ်ဆင်ရန်ဖြစ်သည်။
'နောက်ဆုံးတော့ ငါ့အတွက် သီးသန့်ဝတ်စုံတစ်ခု ရလာခဲ့ပြီပဲ...'
သူ၏ လက်ထဲရှိ ဝတ်စုံကို ကြည့်ကာ နစ် တွေးလိုက်သည်။
'အခု ငါက တရားဝင် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်သွားပြီ…’
"ကျေးဇူးပဲ..."
နစ်က ကောင်လေးကို ပြန်ကြည့်ရင်း ပြောလိုက်သည်။
"ရပါတယ်ခင်ဗျာ..." ကောင်လေးက ယဉ်ကျေးစွာ ပြုံးရင်း ပြောသည်။ "ရှေ့လျှောက် ကျွန်တော်က ဆရာ့လက်အောက်မှာ အလုပ်လုပ်ရမှာပါ..."
နစ်က အံ့သြစွာဖြင့် မျက်တောင်အကြိမ်အနည်းငယ် ခတ်လိုက်သည်။
"မင်းက ငါ့အတွက် အလုပ်လုပ်ပေးရမယ်..."
ကောင်လေးက ခေါင်းညိတ်ပြသည်။
"ဟုတ်ကဲ့ပါ... ကျွန်တော်က ဆရာဝင်တာ ရဲ့ မိသားစုမှာ အလုပ်သင်အိမ်တော်ထိန်း တစ်ယောက်ပါ... အတွေ့အကြုံရဖို့အတွက် လာမယ့်လပိုင်းလောက် အတွင်းမှာ ဆရာတို့နှစ်ယောက်အတွက် ကျွန်တော် အလုပ်လုပ်ပေးရမှာပါ... ဆရာ လိုအပ်တာရှိရင် ကျွန်တော့်ကိုသာ ပြောပါ... ကျွန်တော့်ဘက်က ပြင်ဆင်ဖို့လိုအပ်တာတွေ ရှိရင်လည်း ပြောပြပေးပါခင်ဗျာ..."
အခြားသူတစ်ယောက်၏ အထက်လူကြီး ဖြစ်နေရခြင်းက နစ်အတွက် အနည်းငယ် ထူးဆန်းနေခဲ့သည်။ သူသည် ယခင်က မည်သူ့ကိုမျှ ဦးဆောင်ခဲ့ဖူးခြင်း မရှိပေ။
"ကောင်းပြီလေ... မင်းနာမည် ဘယ်လိုခေါ်လဲ..."
နစ်က မေးလိုက်သည်။
"အို ခွင့်လွှတ်ပါခင်ဗျာ..." ကောင်လေးက အထိတ်တလန့်ဖြင့် အော်ပြောလိုက်သည်။ "ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ဖို့ မေ့သွားလို့ပါ..."
"ကျွန်တော့်နာမည်က ပေတာ တေလာ ပါခင်ဗျာ... ကျွန်တော့်ကို ပေတာ လို့ပဲ ခေါ်ပါ..."
နစ်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ပေတာ... မင်း ငါ့ကို နစ် လို့ပဲ ခေါ်နိုင်တယ်..."
ပေတာမှာ အတော်လေး အံ့သြသွားပုံရသည်။
ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခု၏ ဇီဖစ်စွမ်းအင် ထုတ်ယူသူ အကြီးအကဲ တစ်ယောက်ကို သူ၏ နာမည်ရင်းဖြင့် ခေါ်ရမည်တဲ့လား။
"ဟုတ်ကဲ့... ကောင်းပါပြီ ကျေးဇူးတင်ပါတယ်ခင်ဗျာ..."
ပေတာက နစ်၏ နာမည်ကို မခေါ်ဝံ့ဘဲ ပြောလိုက်သည်။
နစ်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ဆေးရုံထဲမှ လျှောက်ထွက်လာခဲ့ရာ ပေတာလည်း သူ၏ နောက်မှ လိုက်ပါလာခဲ့သည်။
"ဝင်တာ ရော ဘယ်မှာလဲ..."
ဂိုဒေါင်ဆီသို့ လျှောက်သွားရင်း နစ်က မေးလိုက်သည်။
"ဆရာဝင်တာက လက်ရှိမှာ မိသားစုပိုင်ခြံဝင်းထဲမှာ ရှိနေပါတယ်... ဆရာ့အနေနဲ့ ရက်ပိုင်းလောက် အလုပ်လုပ်စရာ မလိုသေးဘူးလို့ သူက ကျွန်တော့်ကို ပြောခဲ့ပါတယ်..."
ပေတာက ရှင်းပြသည်။
နစ်က မျက်မှောင်ကြုတ်လိုက်သည်။
"ဘာလို့လဲ..."
သူက မေးလိုက်သည်။
"ကျွန်တော် မသိပါဘူးခင်ဗျာ..."
ပေတာက ပြောသည်။
"အကြောင်းပြချက်ကို ကျွန်တော့်ကို မပြောပြဘူးဆိုရင် အဲဒါက ကျွန်တော်နဲ့ မဆိုင်ဘူးလို့ ဆိုလိုတာပါ... ဒါပေမဲ့ ဌာနချုပ်ထဲမှာ လိုအပ်တဲ့ အရာအားလုံးကို ဆရာ့ကို ပြောပြမယ့်သူ တစ်ယောက်ယောက် ရှိနေလိမ့်မယ်လို့လည်း ဆရာဝင်တာ က ပြောခဲ့ပါတယ်..."
***