← Chapters

အခန်း ၃၈

Vol. 3 Ch. 38

အခန်း ၃၈

Vol. 3 Ch. 38

အပိုင်း(၃၈)

ဒရီမာ၏ မျက်လုံးများက မျက်မြင်ကိုယ်တွေ့ အမြန်နှုန်းဖြင့် ပြန်လည်ကြီးထွားလာနေသည်ကို နစ် မြင်တွေ့လိုက်ရသည်။

ထို့အပြင် ၎င်း၏ ကျိုးပဲ့နေသော အတောင်ပံများနှင့် နံရိုးများမှာလည်း တကျွတ်ကျွတ် မြည်သံများနှင့်အတူ မူလနေရာသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

တစ်မိနစ်ခန့် အကြာတွင်တော့ ဒရီမာသည် အပြည့်အဝ ပြန်လည်သက်သာသွားခဲ့လေပြီ။

အဲဘတ်၏ အနောက်တွင် နေရခြင်းက ဘေးကင်းလုံခြုံမှန်း နစ် သိရှိထားသော်လည်း သူ အနည်းငယ် စိုးရိမ်ထိတ်လန့်နေဆဲ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဤအရာက စပက်တာ တစ်ကောင် မဟုတ်ပါလော။

ဒရီမာ သည် ၎င်း၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ထို့နောက် ထိန်းချုပ်ခန်း တစ်ဝိုက်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

ထို့နောက် ၎င်း၏ အကြည့်တို့က နစ် ထံသို့ ကျရောက်သွားခဲ့သည်။

ဒင်... ဒင်... ဒင်... ဒင်...

ရုတ်တရက် အခန်းအတွင်း၌ ကျယ်လောင်သော သတိပေးအချက်ပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤအချက်ပေးသံက ဘာကိုဆိုလိုကြောင်း နစ် သိရှိပေသည်။

ထိန်းချုပ်ခန်း အတွင်း၌ ပရီဖစ် စွမ်းအင် ပမာဏ ရုတ်တရက် အလွန်အမင်း မြင့်တက်လာမှုကို တိုင်းတာရရှိသောအခါ ဤအချက်ပေးသံက မြည်လာခြင်းဖြစ်သည်။

ပရီဖစ် စွမ်းအင် ပမာဏ ရုတ်တရက် မြင့်တက်လာခြင်းဆိုသည်မှာ စပက်တာ သည် တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်းကို ဆိုလိုခြင်းဖြစ်သည်။

သိသာထင်ရှားစွာပင် ဒရီမာ သည် နစ် ကို လုံးဝ သဘောကျနေခြင်း မရှိပေ။ ချက်ချင်းဆိုသလိုပင် ဒရီမာ သည် မတ်တပ်ရပ်လိုက်ပြီး နစ် ထံသို့ ပြေးဝင်လာခဲ့သည်။

"ဟိတ်... ရပ်လိုက်စမ်း ကလေးမ..."

ဗိုင်း...

အဲဘတ် ၏ ဘယ်ဘက်လက်က ပွင့်လာပြီး ဒရီမာ ၏ ခေါင်းကို လျင်မြန်ချောမွေ့စွာ ဖမ်းဆုပ်လိုက်သည်။

ဒရီမာသည် တောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ ရုန်းကန်ခဲ့သည်။ ထို့နောက် ၎င်း၏ ခြေသည်းများဖြင့် အဲဘတ်၏ ကိုယ်လုံးကို ထိုးစိုက်လိုက်သည်။

ဒင်...

သို့သော်လည်း ဒရီမာ ၏ ခြေသည်းများနှင့် အဲဘတ် ၏ ခန္ဓာကိုယ်တို့ ထိမိသွားသောအခါ သတ္တုခေါက်သံတစ်ခု အခန်းတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။ အဲဘတ် မှာတော့ အနည်းငယ်မျှပင် ဒဏ်ရာမရခဲ့ချေ။

ဒင်... ဒင်... ဒင်...

ဒရီမာသည် နောက်ထပ် တိုက်ခိုက်မှု အများအပြားကို ပြုလုပ်ခဲ့သေးသည်။ သို့သော် ၎င်း မည်သို့ပင် လုပ်ဆောင်စေကာမူ အဲဘတ် မှာ အနည်းငယ်မျှပင် ဒဏ်ရာမရခဲ့ပေ။ အဲဘတ် သည် နေရာမှပင် မလှုပ်ရှားခဲ့ပေ။

စက္ကန့် ၃၀ ခန့် အကြာတွင်တော့ ဒရီမာ သည် လက်လျှော့သွားခဲ့လေသည်။ ၎င်း၏ အရှေ့တည့်တည့်ရှိ ဤအမျိုးသားသည် ၎င်းထက်များစွာ ပို၍ အစွမ်းထက်နေကြောင်းက သိသာလွန်းလှပေသည်။

"ကဲ... အဲဒီလိုမှပေါ့..."

အဲဘတ် က ဒရီမာ ကို အောက်သို့ ပြန်ချပေးရင်း ပြောလိုက်သည်။

"အခု ငါတို့ ပုံမှန်စကားပြောလို့ ရပြီလား..."

ဒရီမာ ကတော့ အဝေးမှ နစ် ကိုသာ စူးရဲစွာ စိုက်ကြည့်နေခဲ့သည်။ ၎င်းသည် နစ်ကို တကယ်ပင် သဘောမကျခဲ့ပေ။

"လောလောဆယ်တော့ သူ့ကို လျစ်လျူရှုထားလိုက်ပါ..."

အဲဘတ်က ဒရီမာနှင့် နစ်တို့ကြားသို့ ဝင်ရပ်လိုက်ရင်း ပြောသည်။ နောက်တစ်ခဏတွင် အဲဘတ်သည် ဒရီမာနှင့် မျက်လုံးချင်းဆုံနိုင်ရန် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ အံ့သြစရာကောင်းလှစွာပင် ဒရီမာသည်လည်း အဲဘတ်၏ မျက်လုံးများထဲသို့ ပြန်လည်စိုက်ကြည့်နေခဲ့သည်။ ၎င်း၏ မျက်လုံးများထဲ၌ မည်သည့်အကြောက်တရားမျှ ရှိမနေခဲ့ပေ။

"မင်းက စိတ်စွမ်းအင်တွေကို စားသုံးတဲ့ စပက်တာ တစ်ကောင်ပဲ..."

အဲဘတ်က ပြောသည်။

"မင်းက သွေးတွေ၊ ကလီစာတွေ၊ ခန္ဓာကိုယ်တွေ၊ သေဆုံးမှုတွေ ဒါမှမဟုတ် ကံဆိုးမိုးမှောင်ကျမှုတွေကို စားသုံးတဲ့ စပက်တာ မျိုး မဟုတ်ဘူး..."

"မင်းက စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ကို စားသုံးတယ်ဆိုကတည်းက ငါပြောနေတာတွေကို နားလည်နိုင်ဖို့အတွက် လုံလောက်တဲ့ မှတ်ဉာဏ်တွေကို မင်း ဖြတ်သန်းဖူးပြီးသားဆိုတာ သေချာတယ်... ငါ အဲဒီအတွက် အတော်လေး ယုံကြည်ချက်ရှိတယ်..."

ဒရီမာသည် မည်သည့်တုံ့ပြန်မှုမျှ မပြခဲ့ချေ။

"မင်းရဲ့ လက်ရှိအခြေအနေကို မင်း သဘောပေါက်ရဲ့လားဆိုတာ ငါ မသေချာဘူး... ဒါကြောင့် မင်းကို ငါ ရှင်းပြပါရစေ..."

"မင်း အဖမ်းခံလိုက်ရပြီ... ပြီးတော့ အခု မင်းက ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုရဲ့ ထိန်းချုပ်ခန်း ထဲမှာ ရောက်နေတာ..."

ဒရီမာသည် မည်သည့်တုံ့ပြန်မှုမျှ မပြခဲ့ပေ။

"မင်း ထွက်ပြေးလို့ မရတော့ဘူး... အဲဒါ လုံးဝဖြစ်လာမှာ မဟုတ်ဘူး... ဒီနေရာက မင်းရဲ့ အကန့်အသတ်မရှိတဲ့ အိမ်အသစ်ပဲ..."

"ဒါပေမဲ့ မင်းက ကုမ္ပဏီရဲ့ ယုံကြည်မှုကို ရအောင်ယူနိုင်မယ်ဆိုရင်တော့ ငါတို့တွေ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်မှု တစ်ခုလုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်..."

"အဲဒီအချိန်ကျရင်တော့ မင်း ထိန်းချုပ်ခန်း ထဲကနေ ထွက်ခွာခွင့်ရနိုင်တယ်..."

"အဲဒီအချိန်မရောက်မချင်းတော့ မင်း ဒီမှာ ပိတ်မိနေဦးမှာပဲ... ပြီးတော့ ငါတို့ လူသားတွေက ဘာလို့ စပက်တာ တွေကို ဖမ်းဆီးရသလဲဆိုတာကိုလည်း မင်း သိထားမယ်ဆိုတာ ငါ သေချာတယ်..."

ဒရီမာသည် မည်သည့်တုံ့ပြန်မှုမျှ မပြခဲ့ပေ။

"ငါတို့ လိုချင်တာက ဇီဖစ်စွမ်းအင် ပဲ... လေထုထဲက စွမ်းအင်တွေအားလုံးကို စုပ်ယူလိုက်တဲ့အခါ မင်းဆီကနေ ထွက်လာတဲ့ အရာပေါ့..."

အဲဘတ်က ရှင်းပြသည်။

"မင်း ငါတို့ကို ဇီဖစ်စွမ်းအင် ပေးနေသရွေ့ မင်းရဲ့ဘဝက ဆိုးရွားနေမှာ မဟုတ်ဘူး... မင်း ပိုပြီး အစွမ်းထက်လာအောင်တောင် ငါတို့ ကူညီပေးဦးမှာ..."

"မင်း ပိုပြီး အစွမ်းထက်လာလေ မင်းဆီမှာ ပရီဖစ် စွမ်းအင် နဲ့ ဇီဖစ်စွမ်းအင် တွေ ပိုများလာလေပဲ... အဲဒီအခါ အပြင်မှာ လွတ်လပ်စွာ သွားလာနေတဲ့ တခြား စပက်တာ တွေအတွက် စွမ်းအင်တွေ ပိုနည်းသွားစေတယ်လေ... မင်းရဲ့ စွမ်းအားကို မြှင့်တင်ပေးတာက ငါတို့အတွက်လည်း အကျိုးရှိစေပါတယ်..."

"အဲဒီအကြောင်းတွေကြောင့် မင်းရဲ့ ဇီဖစ်စွမ်းအင် အားလုံးကို ငါတို့ ယူပစ်မှာ မဟုတ်ပါဘူး... အများစုလောက်ကိုပဲ ယူမှာပါ... အတိအကျ ဘယ်လောက်ယူမယ်ဆိုတာကတော့ ငါ ဆုံးဖြတ်ရမယ့်အရာ မဟုတ်ဘူး... ဒါပေမဲ့ ပုံမှန်အားဖြင့်တော့ အဲဒီလိုပဲ အလုပ်လုပ်ကြတာပဲ..."

"ငါတို့က မင်းကို အစားအစာပေးမယ်... မင်းက ငါတို့ကို ဇီဖစ်စွမ်းအင် ပေးရမယ်... မင်း ပိုပြီး အစွမ်းထက်လာမယ်... ငါတို့ ငွေရမယ်..."

"နားလည်လား..."

ဒရီမာသည် မည်သည့်တုံ့ပြန်မှုမျှ မပြခဲ့ချေ။ ၎င်းသည် အရှေ့သို့သာ ဆက်လက်စိုက်ကြည့်နေခဲ့သည်။

"ကောင်းပြီလေ..."

အဲဘတ်က ပြန်လည်မတ်တပ်ရပ်ရင်း ပြောလိုက်သည်။

"မင်းကို စဉ်းစားဖို့ အချိန်နှစ်နာရီ သုံးနာရီလောက် ပေးထားခဲ့မယ်... နောက်ပြီး ဒီဘက်က ငါ့ရဲ့မိတ်ဆွေလေးက အလုပ်တော်တော်များများကို လုပ်လိမ့်မယ်... ဒါကြောင့် မင်း သူ့ကို တိုက်ခိုက်တာမျိုး ငါ မလိုချင်ဘူး..."

ဒရီမာသည် နစ်ကို ပြန်လည်ကြည့်ရှုနိုင်ရန် ဘေးဘက်သို့ အနည်းငယ် ရွှေ့လိုက်သည်။ နစ်သည်လည်း မည်သည့်ခံစားချက်မျှမပါဘဲ ပြန်လည်စိုက်ကြည့်နေခဲ့သည်။ နောက်တစ်ခဏတွင် အဲဘတ်သည် သူ၏ အိတ်ကပ်တစ်ခုထဲမှ ကိရိယာငယ်လေးတစ်ခုကို ထုတ်ယူကာ ကြည့်လိုက်သည်။

"ဟေ့ ကောင်လေး... သူက မင်းကို တကယ်ပဲ သဘောမကျဘူးထင်တယ်..."

အဲဘတ်က နစ်ကို ရယ်မောရင်း ပြောလိုက်သည်။

"စပက်တာ တွေက အဖမ်းခံရတဲ့အချိန်မှာ ဒီလောက်အထိ ဒေါသမထွက်တတ်ကြဘူးဆိုတာ မင်းသိလား..."

အဲဘတ်၏ လက်ထဲတွင် ကိုင်ထားသော ကိရိယာမှာ သယ်ဆောင်ရလွယ်ကူသည့် ပရီဖစ် စွမ်းအင် စကင်နာတစ်ခု ဖြစ်သည်။ ၎င်းသည် စောစောက အချက်ပေးစနစ်နှင့် လုပ်ဆောင်ချက်တူညီသော်လည်း သယ်ဆောင်သွားလာနိုင်ပြီး အာရုံခံနိုင်စွမ်း ပိုမိုမြင့်မားလေသည်။

ယခုလေးတင် ပရီဖစ် စွမ်းအင် ပမာဏမှာ အတက်အကျ ဖြစ်နေခဲ့သည်။ ဒရီမာသည် နစ်ကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် စဉ်းစားနေသည့်အလား ပင်ဖြစ်သည်။

"ကဲ... ဒီကို နားထောင်စမ်း... နောက်ထပ် တစ်ခုရှိသေးတယ်..."

အဲဘတ်က သူ့ကို ပြန်ကြည့်လာစေရန် ဒရီမာ၏ ခေါင်းကို တွန်းလိုက်ရင်း ပြောသည်။

"မင်းဘက်ကသာ ပူးပေါင်းမပါဝင်ဘူးဆိုရင် ငါတို့က အကြွင်းအကျန်နည်းလမ်း ကို သုံးရလိမ့်မယ်... အဲဒါကို မင်း လိုချင်မှာ မဟုတ်ဘူး..."

နစ် မျက်ခုံးပင့်လိုက်သည်။

'အကြွင်းအကျန်နည်းလမ်း ဆိုပါလား...'

***

All Chapters