← Chapters

အခန်း ၄၂

Vol. 3 Ch. 42

အခန်း ၄၂

Vol. 3 Ch. 42

အပိုင်း(၄၂)

နစ်သည် အချိန်အနည်းငယ်ကြာသည်အထိ တိတ်ဆိတ်နေခဲ့သည်။

ဒိုင်းကာ ခုနစ်ယောက်သည် မည်မျှ မြင့်မြတ်ပြီး ကိုယ်ကျိုးစွန့်လွှတ်ကြောင်းကို သူ ခံစားသိရှိနိုင်ခဲ့သည်။ သူတို့သာ မရှိခဲ့ပါက အဆင့်ရှစ် စပက်တာများဖြစ်သော ရန်သူတော်များသည် သောင်းကျန်းနေကြပြီ ဖြစ်ပေမည်။

"အလားအလာရှိတဲ့ အဆင့်ကိုး ဇီဖစ်စွမ်းအင် ထုတ်ယူသူတွေ အတွက်ရော နာမည်ရှိလား..."

နစ်က မေးလိုက်သည်။

အဲဘတ်သည် ခေတ္တမျှ ငြိမ်သက်သွားခဲ့သည်။

"အဆင့်ကိုး ဇီဖစ်စွမ်းအင် ထုတ်ယူသူက ထာဝရတည်ရှိသူတွေကို ခုခံနိုင်စွမ်းရှိလိမ့်မယ်... ပြီးတော့ သူတို့မှာ စပက်တာတွေ အားလုံးကို အနိုင်ယူနိုင်စွမ်းရှိတဲ့ စွမ်းအားလည်း ရှိလိမ့်မယ်..."

"အဲဒီလိုလူမျိုးကို ငါတို့ရဲ့ ကယ်တင်ရှင်လို့ပဲ ခေါ်နိုင်မှာပါ..."

နစ်သည် မည်သည့်စကားမျှ မဆိုတော့ဘဲ ခေါင်းသာညိတ်ပြလိုက်သည်။ အဲဘတ်ပြောပြခဲ့သော အကြောင်းအရာများအရ အဆင့်ခုနစ်နှင့် အဆင့်ရှစ် ဇီဖစ်စွမ်းအင် ထုတ်ယူသူများသည် အခြားသော ဇီဖစ်စွမ်းအင် ထုတ်ယူသူများအားလုံးနှင့် များစွာ ကွာခြားနေပုံရပေသည်။

ပိုမိုအားနည်းသော ဇီဖစ်စွမ်းအင် ထုတ်ယူသူများသည် မတူညီသော မြို့တော်များအတွက် အလုပ်လုပ်ပေးနေကြပြီး မြို့တော်များကို ထိရောက်စွာ လည်ပတ်နိုင်စေသည်။ သို့သော် အဆင့်ခုနစ်နှင့် အဆင့်ရှစ် ဇီဖစ်စွမ်းအင် ထုတ်ယူသူများကမူ လူသားမျိုးနွယ်ကို စပက်တာများဘေးမှ ကာကွယ်စောင့်ရှောက်ရန်အတွက်သာ အာရုံစိုက်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ နစ်သည် အပြစ်ကင်းစင်သော ကလေးငယ်တစ်ဦး မဟုတ်ပေ။ အဆင့်ခုနစ် ဇီဖစ်စွမ်းအင် ထုတ်ယူသူတိုင်းသည် လူသားမျိုးနွယ်အတွက် တိုက်ပွဲဝင်ရန် မိမိတို့၏ ဘဝကို မြှုပ်နှံထားသည့် ကိုယ်ကျိုးစွန့် သူတော်စင်များ ဖြစ်နေရန် မဖြစ်နိုင်ကြောင်းကို အတိအကျ သိရှိထားသည်။

ဆိုလိုသည်က... အဆင့်ခုနစ် ဇီဖစ်စွမ်းအင် ထုတ်ယူသူများ ပိုမိုများပြားစွာ ရှိနေခြင်း၊ သို့မဟုတ်ပါက အဆင့်ခုနစ် ဇီဖစ်စွမ်းအင် ထုတ်ယူသူတိုင်းသည် လူသားမျိုးနွယ်အတွက် မဖြစ်မနေ တိုက်ပွဲဝင်ပေးရန် ဖိအားပေးခံရခြင်းပင် ဖြစ်ပေလိမ့်မည်။

ဒုတိယအချက်သာ အမှန်တကယ် ဖြစ်ပါစေဟု နစ် ဆန္ဒပြုမိသည်။ သို့သော်လည်း ပထမအချက်ကသာ ပို၍ ဖြစ်နိုင်ချေရှိသည်ဟု သူ ခန့်မှန်းမိလေသည်။

‘အစွမ်းထက်တဲ့သူတွေမှာ လောကကြီးကို ပိုမိုကောင်းမွန်လာအောင် ပြောင်းလဲနိုင်တဲ့ အခွင့်အရေး ရှိတယ်...'

'တစ်ခုခုကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ လူတစ်ယောက်မှာ အရာရာကို ပြောင်းလဲဖို့ တာဝန်ရှိသင့်တယ်...'

'လူတော်တော်များများက လောကကြီးကို ပိုကောင်းလာအောင် ပြောင်းလဲချင်ကြတယ်... ဒါပေမဲ့ စွမ်းအားမရှိကြဘူး... အဲဒီအကြောင်းကြောင့် ကိုယ့်ဆီမှာ စွမ်းအားရှိလာပြီဆိုရင် လောကကြီးကို ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်လာအောင် လုပ်ပေးရမယ့် တာဝန်ရှိတယ်လို့ ငါ ယုံကြည်တယ်...'

'အစွမ်းထက်တဲ့ လူသားတွေကို လူသားမျိုးနွယ်အတွက် တိုက်ပွဲဝင်ဖို့ အတင်းအကျပ် ဖိအားပေးတာကိုလည်း ငါ ဆန့်ကျင်မှာ မဟုတ်ဘူး...'

'သူတို့ရဲ့ အသက်ကို စတေးဖို့ မလိုအပ်ပါဘူး... ဒါပေမဲ့ သူတို့အနေနဲ့ တကယ့်ကို အားထုတ်ကြိုးပမ်းမှု တစ်ခုတော့ လုပ်ပေးဖို့ လိုအပ်တယ်...'

နစ်သည် သက်ပြင်းချလိုက်သည်။

'ဘယ်လိုပဲဖြစ်ဖြစ် အဲဒါတွေအားလုံးက အရေးမကြီးပါဘူး... ငါက အားနည်းတယ်... ပြီးတော့ ငါ့ရဲ့ အမြင်နဲ့ လုပ်ရပ်တွေက လောကကြီးတစ်ခုလုံးအပေါ် ဘာသက်ရောက်မှုမှ မရှိသလောက်ပါပဲ...'

'လောလောဆယ်တော့ ငါ့ရှေ့မှာရှိနေတဲ့ အရာကိုပဲ ငါ အာရုံစိုက်သင့်တယ်...'

"ကျွန်တော်တို့ ဒရီမာ ဆီ ပြန်သွားသင့်ပြီလား..."

နစ်က မေးလိုက်သည်။

"အို... သုံးနာရီတောင် ပြည့်သွားပြီလား..."

အဲဘတ်က ပြန်မေးသည်။

နစ်က ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ... ဒါဆို ဝင်သွားလိုက်..."

နစ်သည် အံ့သြစွာဖြင့် မျက်တောင်အကြိမ်အနည်းငယ် ခတ်လိုက်သည်။

"ခင်ဗျား ကျွန်တော်နဲ့ လိုက်မလာဘူးလား..."

"မလိုက်ဘူး..."

အဲဘတ်က ပြောသည်။

"ဒါက မင်းရဲ့ စပက်တာ လေ... သူ့ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို ငါ ပြသပေးခဲ့ပြီး မင်းကို နည်းနည်းပါးပါး ကူညီပေးခဲ့တယ်... အဲဒီလောက်ပဲပေါ့..."

"မင်းက ဒီကုမ္ပဏီရဲ့ ဇီဖစ်စွမ်းအင် ထုတ်ယူသူ အကြီးအကဲလေ... မင်းက စပက်တာ တွေနဲ့ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တွေအားလုံးကို တာဝန်ယူရတဲ့သူပဲ... အဆောက်အအုံကို စီမံခန့်ခွဲရမှာက မင်းရဲ့တာဝန်ပဲလေ... မင်းက စပက်တာ တွေကို မထိန်းချုပ်နိုင်ဘူးဆိုရင် သူတို့ဆီကနေ ဘယ် ဇီဖစ်စွမ်းအင် မှ မင်း ရနိုင်မှာ မဟုတ်ဘူး... အဲဒီလိုဆိုရင်တော့ မင်း သူတို့ကို ရောင်းပစ်ရတော့မှာပေါ့..."

အဲဘတ်က ရှင်းပြသည်။

နစ်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။

"ကျွန်တော် နားလည်ပါပြီ..."

သဘာဝကျစွာပင် သူသည် တာဝန်ခံရသူဖြစ်ကြောင်း နစ် သိရှိထားသည်။ သို့သော် ထိုအချက်ကို လက်ခံနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

နစ်သည် ယခင်က မည်သူ့ကိုမျှ ဦးဆောင်ခဲ့ဖူးခြင်း မရှိပေ။ ထို့ပြင် သူ၏ အသက်မှာလည်း ၁၆ နှစ်သာ ရှိသေးသည်။

ကော်ပိုရေးရှင်း တစ်ခုလုံး၏ ကံကြမ္မာသည် သူ၏ လုပ်ရပ်များအပေါ်တွင်သာ မူတည်နေရခြင်းက သူ၏ ရင်ဘတ်ကို တင်းကျပ်စေကာ ပခုံးများကို လေးလံသွားစေခဲ့သည်။

ပုံမှန်အားဖြင့် လူတစ်ဦးသည် မိမိထက် ပိုမိုအစွမ်းထက်သူ သို့မဟုတ် အတွေ့အကြုံပိုများသူ တစ်ဦးဦးကို အမြဲတမ်းလိုလို မေးမြန်းတိုင်ပင်နိုင်သည်။

ကလေးတစ်ယောက်က လူကြီးတစ်ယောက်ကို ဘာလုပ်ရမလဲဟု မေးမြန်းနိုင်သည်။

ဝန်ထမ်းတစ်ယောက်က ကြီးကြပ်ရေးမှူးကို မေးမြန်းနိုင်သည်။

ကြီးကြပ်ရေးမှူးက မန်နေဂျာကို မေးမြန်းနိုင်သည်။

စစ်သားတစ်ယောက်က အရာရှိကို မေးမြန်းနိုင်သည်။

နစ်ကရော...

သူက တာဝန်အရှိဆုံးသူ ဖြစ်နေခဲ့သည်။

နည်းစနစ် ကျကျ ပြောရလျှင် ဝင်တာ က တာဝန်ခံဖြစ်သည်။ သို့သော် ဝင်တာ သည် စပက်တာ များနှင့် ပတ်သက်၍ လုပ်စရာအများကြီး မရှိပေ။

'ထိန်းချုပ်ကွပ်ကဲဖို့နဲ့ လူတွေကို ဦးဆောင်ဖို့ ငါ သင်ယူရတော့မယ် ထင်တယ်...'

နစ်သည် သက်ပြင်းချကာ တွေးလိုက်သည်။

'ဒါက တကယ်ကို ထူးဆန်းနေသလိုပဲ...'

'ငါ ဘာလုပ်ရမလဲဆိုတာ လုံးဝ မသေချာဘူး...'

နစ်သည် အသက်ပြင်းပြင်းရှူကာ မတ်တပ်ရပ်လိုက်သည်။

'အင်း... စဉ်းစားနေရုံနဲ့တော့ အဖြေတစ်ခု ရလာမှာ မဟုတ်ဘူး...'

ထို့နောက် သူသည် ဒရီမာ ၏ ထိန်းချုပ်ခန်း ရှိရာသို့ လျှောက်သွားလေတော့သည်။

နစ်သည် ထိန်းချုပ်ခလုတ်ခုံကို ကိုင်တွယ်ကာ ဝန်ထမ်းများအတွက် အဝင်အထွက်တံခါးကို ဖွင့်လိုက်သည်။

ထိန်းချုပ်ခန်း အတွင်းရှိ မီးများ ပွင့်သွားခဲ့သည်။ တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် နစ်သည် ဒရီမာကို ချက်ချင်း မြင်တွေ့လိုက်ရသည်။

ဒရီမာသည် နံရံတစ်ခု၏ အနီး၌ မတ်တပ်ရပ်နေခဲ့သည်။

ဒရီမာသည် ထောင့်၌ လဲလျောင်းနေခြင်းထက်စာလျှင် ယခုလိုအနေအထားမျိုးကို ပိုသဘောကျနေခြင်း ဟုတ်မဟုတ် နစ် သေချာမသိခဲ့ပေ။

နစ်သည် ယုံကြည်ချက်အပြည့်ဖြင့် ထိန်းချုပ်ခန်း အတွင်းသို့ ဝင်ရောက်သွားခဲ့ရာ သူ၏အနောက်တွင် တံခါးပိတ်သွားခဲ့သည်။

နစ်သည် ဒရီမာကို ကြည့်လိုက်သည်။

ဒရီမာကလည်း နစ်ကို ပြန်ကြည့်နေခဲ့သည်။

အရာရာက တိတ်ဆိတ်နေသည်။

နစ်၏ နှလုံးသားသည် စတင်ခုန်မြန်လာခဲ့သည်။

ဤအချိန်၌ နစ်၏ စွမ်းရည်မှာ သေချာပေါက် အလုပ်မလုပ်နိုင်ပေ။ ထို့ပြင် ဝန်ထမ်းအဝင်အထွက်တံခါးမှာ ပွင့်ရန်အတွက် စက္ကန့်အနည်းငယ် ကြာမြင့်လေသည်။

ဆိုလိုသည်မှာ အကယ်၍ ဒရီမာသာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပါက အဲဘတ် ဝင်လာနိုင်ရန် သို့မဟုတ် နစ် အပြင်ထွက်နိုင်ရန်အတွက် စက္ကန့်အနည်းငယ်မျှ သူ တိုက်ခိုက်နေရမည် ဖြစ်သည်။

'ငါ အဲဘတ်ကိုချည်းပဲ အားကိုးနေလို့ မရဘူး...'

မျက်လုံးမှေးကာ ဒရီမာကို ကြည့်ရင်း နစ် တွေးလိုက်သည်။

'အဲဘတ်က ဒီနေ့တစ်ရက်ပဲ ရှိမှာလေ... သူ အခု ငါ့ကို ကယ်နိုင်ရင်တောင်မှ မနက်ဖြန်တော့ ကယ်နိုင်မှာ မဟုတ်ဘူး...'

'မှတ်ထား... စပက်တာ တွေက သူတို့အတွက် အကျိုးအရှိဆုံး အရာကိုပဲ အမြဲတမ်း လုပ်တတ်ကြတယ်လို့ အဲဘတ်က ပြောခဲ့တယ်...'

'ဒရီမာက ထိန်းချုပ်ခန်း ထဲကနေ လွတ်မြောက်နိုင်လောက်အောင် အစွမ်းမထက်သေးဘူး... သူ ငါ့ကို သတ်လိုက်ရင်တောင် အပြင်ကို ထွက်နိုင်မှာ မဟုတ်ဘူး... အဲဒီအချက်ကို သူ သိနေတယ်ဆိုတာ ငါ သေချာတယ်...'

'အဲဒီအကြောင်းကြောင့် ငါ့ကို တိုက်ခိုက်တာက သူ အခုရောက်နေတဲ့ ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ ကို ရန်သူဖြစ်အောင် လုပ်လိုက်တာနဲ့ အတူတူပဲ... အဲဒီအခါ သူ့အပေါ် ယုံကြည်မှု လျော့ကျသွားပြီး သူ့ရဲ့ဘဝက ပိုပြီး ခက်ခဲသွားလိမ့်မယ်...'

'ငါသာ သူ့နေရာမှာဆိုရင် ထိန်းချုပ်ခန်း ထဲကနေ မဖောက်ထွက်ခင် အဆင့်နှစ် စပက်တာ ဖြစ်တဲ့ လူပျိုပေါက်အဆင့် ဖြစ်လာဖို့အတွက် လုံလောက်တဲ့ ဇီဖစ်စွမ်းအင် ရတဲ့အထိ လိမ္မာတဲ့ ကလေးလေးလိုပဲ ဟန်ဆောင်နေလိုက်မယ်...'

ဒရီမာနှင့် နစ်တို့သည် အချင်းချင်း တိတ်ဆိတ်စွာ စိုက်ကြည့်နေဆဲဖြစ်သည်။

ဒရီမာတွင် မည်သည့်မျက်နှာအမူအရာမျှ ရှိမနေခဲ့ပေ။ ယခုအချိန်၌ ၎င်း ဘာတွေးနေသည် သို့မဟုတ် ဘာခံစားနေရသည်ကို နစ် လုံးဝ မသိရှိခဲ့ချေ။

၎င်းသည် ရုပ်တုတစ်ခုအလား နစ်ကို စိုက်ကြည့်နေခဲ့သည်။

"မင်း ငါတို့နဲ့ အလုပ်တွဲလုပ်ချင်တယ်လို့ ငါ ယူဆတယ်..."

နစ်က ပြောလိုက်သည်။

"မင်းသာ သဘောမတူဘူးဆိုရင် ငါ့ကို တိုက်ခိုက်လောက်ပြီလို့ ထင်တယ်..."

ဒရီမာသည် နစ်ကို ဆက်လက်၍သာ စိုက်ကြည့်နေခဲ့သည်။

"ငါ့ရဲ့ စွမ်းအားကို ငါတို့နှစ်ယောက်လုံး သိကြတယ်... ပြီးတော့ မင်း ငါ့ကို မြင်နေရသရွေ့ မင်းက ငါ့ထက် အစစအရာရာ သာလွန်နေတယ်ဆိုတာကိုလည်း ငါတို့နှစ်ယောက်လုံး သိကြတယ်..."

"ဒါပေမဲ့ မင်းရဲ့ တိုက်ခိုက်မှုတွေကို အချိန်တစ်ခုအထိ ငါ ရှောင်တိမ်းနိုင်သေးတယ်ဆိုတာကိုလည်း ငါတို့ သိထားတယ်... ပြီးတော့ အရင်ကနဲ့မတူတာက အခုက ငါ့ရဲ့ ကိုယ်ပိုင်နယ်မြေထဲမှာ ရောက်နေတာလေ..."

"တံခါးပွင့်လာတဲ့အထိ အသက်ရှင်အောင် နေနိုင်ဖို့ပဲ ငါ လိုအပ်တာ..."

ဒရီမာသည် မည်သည့်အရာမျှ မလုပ်ခဲ့ပေ။

***

All Chapters