အခန်း ၄၆
Vol. 4 Ch. 46
အပိုင်း(၄၆)
“တစ်နေ့ကို ငွေကြေး တစ်ထောင်..."
နစ်သည် စိတ်လွင့်မျောနေသော အသံဖြင့် ထပ်မံရေရွတ်လိုက်သည်။ ထိုစဉ် နစ်သည် တစ်ခုခုကို သတိရသွားခဲ့သည်။
"ဒရီမာ ကရော ဘယ်လိုလဲ... သူက တစ်နေ့ကို တစ်ခါ ဇီဖစ်စွမ်းအင် အမှန်တကယ် ထုတ်ပေးနိုင်တာလား..."
အဲဘတ် က နှာမှုတ်လိုက်သည်။
"နစ်... ဒရီမာ ဆိုတာက စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ကို စားသုံးတဲ့ စပက်တာ တစ်ကောင်လေ... ရုပ်ပိုင်းဆိုင်ရာ အရာတစ်ခုခုကို စားသုံးတဲ့ စပက်တာ တွေနဲ့ ယှဉ်လိုက်ရင် သူက သူ့ရဲ့အစားအစာကို အစာချေဖျက်ဖို့ မလိုအပ်ဘူး..."
"နောက်ပြီး စပက်တာ တွေက အိပ်စက်ဖို့၊ အသက်ရှူဖို့ ဒါမှမဟုတ် အစာစားဖို့လည်း မလိုအပ်ဘူး..."
"ဒရီမာက ဒီတိုင်း ထာဝရ ဆက်သွားနေနိုင်လောက်တယ်..."
ထို့နောက် အဲဘတ်သည် နစ်ကို လက်ညှိုးထိုးလိုက်သည်။
"ဒါပေမဲ့ မင်းကတော့ မရဘူးလေ..."
နစ်သည် မျက်မှောင်ကြုတ်လိုက်သည်။
"ဘာလို့ မရရမှာလဲ... ကျွန်တော် ခုလေးတင် ရှစ်နာရီလောက် အိပ်လိုက်ရတယ်... ဒါပေမဲ့ ကျွန်တော် ဆက်အိပ်နိုင်သေးတယ်လို့ ခံစားနေရတယ်... ကျွန်တော့်ရဲ့ အိပ်စက်နိုင်စွမ်းကို ခင်ဗျား အထင်မသေးသင့်ဘူး... ကျွန်တော် တကယ်သာ လိုချင်ရင် အကြာကြီးကို အိပ်နိုင်တာ..."
အဲဘတ် သည် ဖြည်းညင်းစွာ ခေါင်းခါရမ်းလိုက်သည်။
"အဲဒါက ပြဿနာပဲ... မင်း ရှစ်နာရီလောက် အိပ်လိုက်ရတယ်... ဒါပေမဲ့ ချက်ချင်း ဆက်အိပ်နိုင်သေးတယ်လို့ မင်း ခံစားနေရတယ်... အဲဒါက သေချာ အနားရထားတဲ့ပုံ မပေါက်ဘူး..."
"အခု မင်း ပင်ပန်းနေလား... ကောင်းမွန်တဲ့ ညတစ်ညရဲ့ အိပ်စက်ခြင်းကို ရရှိထားတယ်လို့ မင်း ခံစားရလား..."
နစ်သည် စဉ်းစားတွေးတောနေသော မျက်နှာအမူအရာဖြင့် မြေပြင်ကို ကြည့်လိုက်သည်။
သူ၏ စိတ်အာရုံမှာ တင်းကျပ်နေခဲ့သည်။ သူ နိုးနေခဲ့သည်မှာ ၂၄ နာရီ ကျော်လွန်နေပြီဖြစ်သည့်အလား ခံစားနေရသည်။
ထို့ထက်ပို၍ နစ်သည် ရေဆိုးမြောင်းများထဲသို့ ဝင်ရောက်ခဲ့သော ထိုနေ့တွင်ပင် ရှိနေသေးသည်ဟု ခံစားနေရဆဲဖြစ်သည်။ ယင်းက အတော်လေး ထူးဆန်းနေခဲ့သည်။
"ထူးဆန်းတယ်..."
နစ်က ပြောသည်။
"ကျွန်တော် မအိပ်ရသေးသလို ခံစားနေရတယ်..."
အဲဘတ် က ခေါင်းညိတ်လိုက်သည်။
"ငါထင်တဲ့အတိုင်းပဲ..."
"နစ်... အိပ်စက်ခြင်းဆိုတာက မင်းရဲ့ ခန္ဓာကိုယ် အနားယူနေတဲ့အချိန်မှာ ခန္ဓာကိုယ်က စိတ်ကို ရှင်းလင်းပြီး စနစ်တကျ ပြင်ဆင်ပေးတဲ့ သဘာဝဖြစ်စဉ်တစ်ခုပဲ..."
"ဒရီမာက မင်းကို အိပ်မက်ဆိုးတွေ ပေးပြီးတော့ အဲဒီဖြစ်စဉ်ကို ပြောင်းလဲပစ်လိုက်တာ... ဒါကြောင့် မင်းရဲ့စိတ်က ပြန်လည်ဖွဲ့စည်းပြင်ဆင်မယ့်အစား ပိုများတဲ့ အရာတွေကို တွေ့ကြုံခံစားရပြီး ပိုများတဲ့ မှတ်ဉာဏ်တွေကို သိမ်းဆည်းရတော့တယ်... ဆိုလိုတာက မင်းရဲ့စိတ်က အမှန်တကယ် အိပ်စက်နေတာ မဟုတ်ဘူး..."
နစ်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ဒါဆို ကျွန်တော် ထပ်အိပ်ရဦးမှာပေါ့..."
သူ နောက်စေ့ကို ကုတ်ရင်း မေးလိုက်သည်။
အဲဘတ် က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်... မင်း တကယ်ကို သွားအိပ်ရတော့မယ်... ဒရီမာ နဲ့ အလုပ်လုပ်တယ်ဆိုတာ အလုပ်လုပ်တာ သက်သက်ပဲ... အဲဒါက အနားယူတာ ဒါမှမဟုတ် အိပ်စက်တာ မဟုတ်ဘူး..."
နစ်သည် သက်ပြင်းချကာ ခေါင်းသာညိတ်ပြနိုင်ခဲ့သည်။ အဲဘတ် ပြောသည်မှာ မှန်ကန်ကြောင်း သူ သိရှိနိုင်ပြီး သူ၏ ရှင်းပြချက်ကိုလည်း လက်ခံလိုက်သည်။
ထိုအချိန်တွင် ဂိုဒေါင်၏ တံခါးမှာ ရုတ်တရက် ပွင့်လာခဲ့သည်။ ထို့ကြောင့် နစ်သည် ထိုဘက်သို့ လှမ်းကြည့်လိုက်သည်။
နောက်တစ်ခဏတွင် ပေတာ၏ ဘေး၌ မတ်တပ်ရပ်နေသော ဝင်တာကို သူ မြင်တွေ့လိုက်ရသည်။
"အို ဟုတ်သားပဲ..."
တစ်ခုခုကို ရုတ်တရက် သတိရသွားသကဲ့သို့ အဲဘတ် က ပြောလိုက်သည်။
"လွန်ခဲ့တဲ့ တစ်နာရီလောက်က ဝင်တာကို သွားခေါ်ဖို့ ပေတာကို ငါ လွှတ်လိုက်တာ... အခြေအနေတွေ ဘယ်လိုရှိလဲဆိုတာကို သူ သိချင်နေလိမ့်မယ်လို့ ငါ ထင်လို့လေ..."
အဝေးမှ ဝင်တာသည် ပေတာဘက်သို့ လှည့်ကာ ခေါင်းညိတ်ပြပြီး တစ်စုံတစ်ခုကို ပြောလိုက်သည်။ ပေတာသည် ယဉ်ကျေးစွာဖြင့် ခပ်သွက်သွက် အရိုအသေပေးလိုက်ပြီး ဂိုဒေါင်ထဲမှ လျှောက်ထွက်သွားခဲ့သည်။
နောက်တစ်ခဏတွင် ဝင်တာသည် ဂိုဒေါင်ထဲသို့ ဝင်ရောက်လာခဲ့သည်။ သူ၏ အနောက်တွင် တံခါးမှာ အလိုအလျောက် ပိတ်သွားခဲ့လေသည်။
ဝင်တာသည် လျှောက်လာပြီး အဲဘတ် နှင့် နစ်တို့၏ အရှေ့တွင် ရပ်လိုက်သည်။
"မင်း ဝတ်စုံ မဝတ်ထားဘူးလား..."
ဝင်တာက နစ်ကို မေးလိုက်သည်။
နစ်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
"ဟုတ်သားပဲ... ငါ လုံးဝ မေ့သွားတာ..."
ထို့နောက် နစ်သည် ဂိုဒေါင်၏ ဘေးဘက်သို့ သွားလိုက်သည်။ သူသည် သူ၏ ဝတ်စုံကို စောစောက ဤနေရာ၌ ချထားခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အဝတ်အစားတစ်ပုံကြီးကို လက်မှကိုင်ကာ ဒရီမာ ၏ ထိန်းချုပ်ခန်း ထဲသို့ ဝင်ရောက်သွားရန်မှာ အနည်းငယ် ကသိကအောက် နိုင်လှပေသည်။
"ငါ သွားဝတ်လိုက်ဦးမယ်..."
နစ်သည် အော်ဟစ်ကာ ထိန်းချုပ်ခန်း ၏ အနောက်ဘက်သို့ ပြေးသွားခဲ့သည်။ ဝင်တာက သက်ပြင်းချကာ ခေါင်းခါရမ်းလိုက်သည်။
"သူက တော်တော်လေး ကွဲပြားခြားနားတယ်..."
ဝင်တာက ပြောသည်။
"ဘယ်သူနဲ့လဲ..."
အဲဘတ် က မေးလိုက်သည်။
"အတွင်းပိုင်းမြို့တော်က လူတွေနဲ့လေ..."
ဝင်တာက ပြန်ဖြေသည်။
အဲဘတ်က အနည်းငယ် ရယ်မောလိုက်သည်။
"ဟုတ်တယ်... ဒါပေမဲ့ သူက ဆင်ခြေဖုံးရပ်ကွက်ကြီး က လူတွေနဲ့တော့ သိပ်မကွာပါဘူး... သူက သာမန်လူတွေထက်စာရင်တော့ သူတစ်ပါးအကျိုးကို ပိုလိုလားတတ်တဲ့သူပေါ့... ဒါပေမဲ့ ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲမှာ သူ့ကို သင်တန်းပေးနေတုန်းက စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက် အတော်များများကို ငါ မြင်တွေ့ခဲ့ရတယ်..."
ဝင်တာကတော့ သိပ်ယုံကြည်ပုံမရဘဲ ထိန်းချုပ်ခန်း ကိုသာ ဆက်လက်ကြည့်ရှုနေခဲ့သည်။
"ခင်ဗျား သေချာလို့လား... အရင်းအမြစ်တွေက အရမ်းရှားပါးတဲ့အတွက် ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲက လူတွေက အတွင်းဘက်မြို့တော် က လူတွေထက်တောင် ပိုပြီး လောဘကြီး၊ ပိုပြီး ကိုယ်ကျိုးရှာကြတယ်လို့ ကျွန်တော် ထင်ထားတာ..."
ဝင်တာက ပြောသည်။
အဲဘတ်က အင်းအဲနှင့် အသံပြုလိုက်သည်။
"ငါကတော့ အဲဒီလို မဆိုလိုချင်ဘူး..."
ဝင်တာသည် အဲဘတ် ကို ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။
"ငါထင်တာတော့ သူတို့က အတွင်းဘက်မြို့တော် က လူတွေထက်စာရင် သူတို့ရဲ့ ဆန္ဒတွေကို ပိုပြီး ပွင့်ပွင့်လင်းလင်း ပြသတတ်ကြတယ်... အစတည်းက ယုတ်မာတဲ့ လူတစ်ယောက်က လောဘကြီးတဲ့ လူယုတ်မာတစ်ယောက် ဖြစ်လာတာထက်၊ ဖော်ရွေပြီး သဘောကောင်းတဲ့ လူတစ်ယောက်က ရုတ်တရက် လောဘကြီးတဲ့ လူယုတ်မာတစ်ယောက် ဖြစ်သွားတဲ့အခါ ပိုပြီး သက်ရောက်မှု ကြီးမားတတ်တယ်လေ..."
ဝင်တာသည် မျက်တောင်အကြိမ်အနည်းငယ် ခတ်လိုက်သည်။
"ထူးဆန်းတဲ့ တင်စားချက်ပဲ..."
သူက မှတ်ချက်ချလိုက်သည်။
"ငါဆိုလိုချင်တာက အတွင်းဘက်မြို့တော် မှာရော ဆင်ခြေဖုံးရပ်ကွက်ကြီး မှာပါ တစ်ကိုယ်ကောင်းဆန်တဲ့ လူယုတ်မာ အရေအတွက်က တူတူလောက်ပဲ ရှိမယ်လို့ ငါထင်တယ်... ဒါပေမဲ့ ဆင်ခြေဖုံးရပ်ကွက်ကြီး မှာရှိတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လူယုတ်မာတွေကို မြင်ရတာက ပိုလွယ်ကူနေတော့ လူတွေ ပိုများနေသလို ထင်ရတာမျိုးပေါ့..."
"အဓိပ္ပာယ်ရှိပါတယ်..."
ဝင်တာက ပြန်ဖြေသည်။
"ဒါပေမဲ့ နစ်လို လူမျိုးတွေလည်း အများကြီး ရှိသေးတယ်..."
အဲဘတ် က ဖြည့်စွက်ပြောလိုက်သည်။
"ဘယ်လိုမျိုးလဲ..."
"လောကကြီးကို သဘောမကျပေမဲ့ ပြောင်းလဲပစ်ဖို့ စွမ်းအားမရှိတဲ့ လူတွေလေ..."
အဲဘတ် က ပြောသည်။
"ဒီလိုအရာတွေ ရှိနေခြင်းက ဇိမ်ခံပစ္စည်းတစ်ခုလို ဖြစ်နေတဲ့ နေရာမျိုးမှာ လူသားဆန်မှုနဲ့ ကိုယ်ချင်းစာတရားကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ လူမျိုးပေါ့..."
"ဒီလောကကြီးမှာ လူဆိုးတွေ မရှားပါဘူး... ဒါပေမဲ့ ပြင်းထန်တဲ့ ဆင်းရဲမွဲတေမှုထဲမှာဆိုရင် လူကောင်းတွေတောင် မကောင်းတဲ့အလုပ်တွေကို လုပ်ဖို့ ဖိအားပေးခံရတတ်တယ်..."
"ကိုယ်ချင်းစာတရား ကြီးမားတဲ့ လူတွေက လူတစ်ယောက်ဟာ တခြားတစ်ယောက်ကို မထိခိုက်စေချင်ပေမဲ့ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် မဖြစ်မနေ လုပ်လိုက်ရတဲ့အချိန်မှာ အဲဒါကို မြင်နိုင်စွမ်း ရှိကြတယ်... အဲဒါကလည်း သူ့ဟာနဲ့သူ အဖြစ်ဆိုးတစ်ခုပါပဲ..."
"အရာအားလုံးသာ ကွဲပြားခြားနားခဲ့မယ်ဆိုရင် ဒီလူတွေက အမှောင်လမ်းကြောင်းပေါ်ကို အတင်းအကျပ် တွန်းပို့ခံရမှာ မဟုတ်ဘူး... ပြီးတော့ သားကောင်ဖြစ်ခဲ့ရသူ တော်တော်များများလည်း ဘယ်တော့မှ သားကောင်ဖြစ်လာခဲ့မှာ မဟုတ်ဘူး..."
"နစ်မှာ အဲဒီလို ယုံကြည်ချက်မျိုး ရှိတယ်..."
အဲဘတ် က ပြောသည်။
"သူက အနည်းဆုံး လူတစ်ယောက်ကိုတော့ တမင်သက်သက် သတ်ခဲ့ဖူးတယ်ဆိုတဲ့ အချက်ကို ငါ သိတယ်... ဒါပေမဲ့ သူက သူ့ကို လာထိခိုက်အောင် လုပ်ဖို့ ကြိုးစားနေပေမဲ့ တကယ်တမ်းတော့ မထိခိုက်စေချင်တဲ့သူကို ပြန်ပြီး ဒုက္ခပေးဖို့ဆိုတာ သူ့အတွက် အရမ်း ခက်ခဲလိမ့်မယ် ဆိုတာကိုလည်း ငါ သိထားတယ်... ငါ ဆိုလိုတာကို မင်း သဘောပေါက်မယ်လို့ ထင်ပါတယ်..."
ဝင်တာသည် အံ့သြစွာဖြင့် မျက်ခုံးပင့်လိုက်သည်။
"နစ်က လူသတ်ဖူးတယ် ဟုတ်လား..."
***