အခန်း ၄၇
Vol. 4 Ch. 47
အပိုင်း(၄၇)
နစ်သည် ဝင်တာ၏ အမြင်တွင် အလွန်သဘောကောင်းပြီး စံပြလူငယ်လေး တစ်ယောက်နှင့် တူညီနေခဲ့သည်။ဤသဘောကောင်းသော လူငယ်လေးနှင့် လူသတ်မှုတစ်ခုကို ဝင်တာဆက်စပ်၍ပင် မတွေးတတ်ချေ။
အဲဘတ် က ခေါင်းညိတ်လိုက်သည်။
"နစ်က ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲမှာ သူ့ဘာသာသူ ခြောက်နှစ်တောင် အသက်ရှင်ရပ်တည်နိုင်ခဲ့တယ်... ပြီးတော့ သူက အတော်လေး အထင်ကြီးစရာကောင်းပြီး တောင့်တင်းတဲ့ ခန္ဓာကိုယ်တစ်ခုကိုတောင် တည်ဆောက်နိုင်ခဲ့သေးတယ်... မင်းသာ အဲဒီလို ခန္ဓာကိုယ်မျိုးကို လိုချင်ရင် တစ်လကို သွေးနှစ်လီတာ အဆုံးရှုံးခံလို့ မရဘူးလေ..."
"ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲက လူ ၈၀ ရာခိုင်နှုန်းက လစဉ် အခွန်အခတွေကို မပေးဆောင်နိုင်ကြဘူး... အဲဒီထက်ပိုတာက နစ်ဟာ ဂိုဏ်းတွေကိုပါ သူ့ရဲ့ ရန်သူဖြစ်အောင် လုပ်ထားသေးတာပဲ... အဲဒါက သူ့ကို ငွေရှာဖို့ ပိုပြီးတောင် ခက်ခဲစေလိမ့်မယ်..."
"ဒါတောင်မှ သူက အမြဲတမ်း ပေးဆောင်နိုင်ခဲ့တယ်လေ..."
"အဲဒီထက်ပိုတာက ဂိုဏ်းတွေနဲ့ သူ့ရဲ့ ရန်ငြိုးကိုလည်း မင်း လျစ်လျူရှုထားလို့ မရဘူး... ဂိုဏ်းတွေဆိုတာ စနစ်တကျ ဖွဲ့စည်းထားပြီး အစွမ်းထက်တယ်... လူတစ်ယောက်ကို သတ်ဖို့ဆိုတာ သူတို့အတွက် လုံးဝ မခက်ခဲဘူး..."
"ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် သူတို့က နစ်ကို သဘောမကျပေမဲ့လည်း သတ်ဖို့တော့ ဆန္ဒမရှိကြဘူး..."
"ဆိုလိုတာက သူတို့အမြင်မှာ ဒီလုပ်ရပ်က ပေးရတဲ့ တန်ဖိုးနဲ့ မတန်ဘူးလို့ သတ်မှတ်ထားတာပဲ ဖြစ်ရမယ်... အဲ့တာက တကယ်တမ်း တိုက်ခိုက်ကြမယ် ဆိုရင် သူတို့ဘက်က လူတွေ နစ်ဆီမှာ သေဆုံးရလိမ့်မယ်ဆိုတာကို သူတို့ သေချာသိနေတယ်လို့ ဆိုလိုတာပဲ... နောက်ပြီး အဲဒါက နစ်က သူတို့ကို သတ်နိုင်တယ်၊ ပြီးတော့ သတ်လည်း သတ်လိမ့်မယ်ဆိုတာကို သူတို့ သေချာသိနေတယ်လို့ ဆိုလိုတာပဲ..."
"ဆင်ခြေဖုံးရပ်ကွက်ကြီး ရဲ့ ဒေသခံ အုပ်ချုပ်သူတွေက နစ်ဟာ လူသတ်ဖူးတယ်ဆိုတာကို သေချာယုံကြည်နေတယ်ဆိုရင် ငါလည်း သူတို့ကို ယုံကြည်ဖို့ပဲ စိတ်တိမ်းညွတ်မိတယ်..."
ဝင်တာသည် ထိန်းချုပ်ခန်း ကို စိုးရိမ်မကင်းသော မျက်နှာအမူအရာဖြင့် ကြည့်နေခဲ့သည်။
အရာရာက တိတ်ဆိတ်နေခဲ့သည်။
နောက်ဆုံးတွင် ဝင်တာသည် သက်ပြင်းချလိုက်သည်။
"ခင်ဗျားမှာ အစီရင်ခံစရာ အရေးကြီးတာ တစ်ခုခုရှိတယ်လို့ ပေတာ က ပြောတယ်..."
သူက စကားလမ်းကြောင်း လွှဲလိုက်သည်။
အဲဘတ်က ပြုံးစစလုပ်လိုက်ပြီး အစိမ်းရောင် ပုလင်းငယ် တစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် ၎င်းကို ဟိုဘက်ဒီဘက် အနည်းငယ် ဝှေ့ယမ်းပြလိုက်သည်။
အဲဘတ် ဘာကို ဆိုလိုချင်နေမှန်း နားမလည်ဘဲ ဝင်တာသည် ထိုပုလင်းငယ်ကိုသာ ကြည့်နေခဲ့သည်။
"မင်း နားမလည်ဘူးလား..."
အဲဘတ် က မေးလိုက်သည်။
ဝင်တာသည် ပုလင်းကို စက္ကန့်အနည်းငယ်မျှ ထပ်ကြည့်လိုက်သည်။
"တောင်းပန်ပါတယ်... ကျွန်တော် နားမလည်ဘူး..."
ဝင်တာက ပြောသည်။
အဲဘတ် က အနည်းငယ် ရယ်မောလိုက်သည်။
"လွန်ခဲ့တဲ့ ဆယ့်တစ်နာရီလောက်က ဒရီမာ အပေါ်မှာ ငါ အဲဒါကို သုံးလိုက်တယ်..."
ထိုအခိုက်အတန့်တွင် ဝင်တာ၏ မျက်လုံးများ အံ့သြတုန်လှုပ်စွာဖြင့် ပြူးကျယ်သွားခဲ့သည်။
"အဲဒီအတွက် ကျွန်တော် ပိုက်ဆံမပေးနိုင်ဘူးနော်..."
သူက ချက်ချင်းပင် ပြောလိုက်သည်။
"ငါသိပါတယ်... ငါသိပါတယ်..."
အဲဘတ် က ပြောသည်။
ဝင်တာသည် အဲဘတ် ကို သတိကြီးစွာဖြင့် ကြည့်နေဆဲဖြစ်သည်။
"အဆင့်တစ် စပက်တာ တစ်ကောင်အပေါ်ကို အဆင့်လေး ကုသရေးဆေးရည် ဘာလို့ သွားသုံးရတာလဲ..."
ဝင်တာက မေးလိုက်သည်။
"ငါ တစ်ပုလင်းလုံးကို သုံးလိုက်တာ မဟုတ်ပါဘူး..."
အဲဘတ် က သူ၏ နောက်စေ့ကို ပွတ်ရင်း ပြောသည်။
"ငါ တစ်စက်ပဲ သုံးလိုက်တာပါ..."
"ပြီးတော့ ငါ ပျင်းလာတာနဲ့ နစ်ကို ဒီတိုင်း ပြောပြနေမယ့်အစား တကယ်တမ်း ဘာလုပ်ရမလဲ ဆိုတာကို လက်တွေ့လုပ်ပြပြီး သင်ပေးချင်လို့ပါ..."
ဝင်တာ၏ မျက်ခုံးများ ဝမ်းသာအားရဖြင့် ပင့်တက်သွားခဲ့သည်။
"အို... ဒါဆို အခု ဒရီမာ ဆီကနေ ကျုပ်တို့ ငွေရှာလို့ရပြီပေါ့..."
အဲဘတ် သည် ပြုံးစစလုပ်လိုက်ပြီး ဇီဖစ်စွမ်းအင် ကန် ၏ အတိုင်းအတာပြဒိုင်ခွက်ကို လက်ညှိုးထိုးပြလိုက်သည်။
ဝင်တာသည် ထိုဒိုင်ခွက်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
"ငါးဂရမ်တောင် ဟုတ်လား..."
သူက အော်ပြောလိုက်သည်။
"ဟုတ်တယ်... ငါးဂရမ် အပြည့်ပဲ..."
အဲဘတ် က ရယ်မောရင်း ပြောသည်။ ဝင်တာသည် ထိန်းချုပ်ခန်း ကို အံ့သြမင်သက်စွာဖြင့် ကြည့်လိုက်သည်။
"ပြီးတော့ အဲဒါနဲ့ပတ်သက်ပြီး ငါ ဘာမှဝင်မလုပ်ခဲ့ဘူး..."
ထိန်းချုပ်ခန်း ၏ အစွန်းဘက်ကို လက်ညှိုးထိုးမပြမီ အဲဘတ် က ပြောလိုက်သည်။
"အရာအားလုံး သူလုပ်ခဲ့တာချည်းပဲ..."
ဝင်တာသည် အဲဘတ် ၏ လက်ညှိုးနောက်သို့ လိုက်ကြည့်လိုက်သည်။
နောက်တစ်ခဏတွင် နစ်သည် ထိန်းချုပ်ခန်း ထောင့်ကို ပတ်၍ လျှောက်လာခဲ့သည်။ ဝင်တာမြင်လိုက်ရသောအခါ နစ်၏ ရုပ်သွင်အသွင်အပြင်ကြောင့် သူ အံ့အားသင့်သွားခဲ့ရသည်။
ထိုစဉ် အဲဘတ် ကတော့ ပြုံးနေခဲ့သည်။
"အခုတော့ သူက ဇီဖစ်စွမ်းအင် ထုတ်ယူသူ အစစ်တစ်ယောက်နဲ့ တူသွားပြီ…”
နစ်သည် အိတ်ကပ်များစွာပါဝင်သော အနီနှင့် အမည်းရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူ၏ ဘောင်းဘီမှာ ကိုယ်ကျပ်ဖြစ်ပြီး အမည်းရောင်ဖြစ်သည်။
ယေဘုယျအားဖြင့် နစ်သည် အတော်လေး သပ်ရပ်ပြီး အရည်အချင်းရှိပုံ ပေါက်နေခဲ့သည်။
လက်ရှိ နစ်၏ပုံစံနှင့် ဆင်ခြေဖုံးရပ်ကွက်ကြီး မှ လူတစ်ယောက်အဖြစ် ဆက်စပ်ကြည့်ရန်မှာ အတော်လေး ခက်ခဲလှပေသည်။
သူသည် အခြားသော ဇီဖစ်စွမ်းအင် ထုတ်ယူသူ များအားလုံးနှင့် ပုံစံတူညီနေခဲ့သည်။ ဇီဖစ်စွမ်းအင် ထုတ်ယူသူ နီးပါးအားလုံးသည် အာဏာ၊ အဆင့်အတန်းနှင့် စွမ်းအားတို့ကို ဖော်ပြနေသော အရှိန်အဝါမျိုး ရှိတတ်ကြရာ ယခုကဲ့သို့ တူညီနေခြင်းက ကောင်းမွန်သောအချက်ပင် ဖြစ်သည်။ သူ့ကို အောက်ဆွဲချနေသော တစ်ခုတည်းသောအရာမှာ သူ၏ ရှုပ်ပွနေသော ဆံပင်ပုံစံပင် ဖြစ်သည်။
"မင်းပုံစံက အတော်ကြည့်ကောင်းတယ်..."
အဲဘတ် က လက်မထောင်ပြရင်း အော်ပြောလိုက်သည်။
ဝင်တာကလည်း ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးပြုပြီး ဝတ်စုံကို သန့်သန့်ရှင်းရှင်းထားပြီး အလုပ်လုပ်ရမယ့်အချိန်တွေမှာ ဝတ်ဆင်ပါ... ဇီဖစ်စွမ်းအင် ထုတ်ယူသူ တိုင်းက တစ်စုံပဲ ရကြတာ..."
"ဒါကို ငါက ဘယ်လို သန့်ရှင်းအောင် ထားရမှာလဲ..."
နစ်က အနီးသို့ လျှောက်သွားရင်း မေးလိုက်သည်။
"မင်း လျှော်ရမှာပေါ့..." အဲဘတ် က ပြောသည်။
"ရေနဲ့လား..." နစ်က မေးလိုက်သည်။
ထိုစဉ် ဝင်တာသည် ဇဝေဇဝါဖြင့် မျက်ခုံးပင့်လိုက်သည်။
"ဟုတ်တယ် ရေနဲ့ပေါ့..." အဲဘတ် က ပြောသည်။
"ဒါပေမဲ့ ရေဆိုတာ သောက်ဖို့လေ... အဝတ်အစား သန့်ရှင်းဖို့သက်သက်အတွက် ရေတစ်စည်လုံးကို ကျွန်တော်က ဘာလို့ အလဟဿ ဖြုန်းတီးပစ်ရမှာလဲ..."
အရူးမိုက်ဆုံးစကားကို ကြားလိုက်ရသည့်အလား နစ်က မေးလိုက်သည်။
"နစ်..."
အဲဘတ် က ခံစားချက်ကင်းမဲ့သော လေသံဖြင့် ပြောလိုက်သည်။
"မင်း ခုလေးတင် ငွေကြေး တစ်ထောင်လောက် ရှာနိုင်ခဲ့တယ်လေ... ရေတစ်စည်က ငွေကြေး ငါးယူနစ်တောင် မကျပါဘူး... ပြီးတော့ အဲဒီရေနဲ့ မင်းအဝတ်တွေကို အကြိမ်ပေါင်းများစွာ လျှော်လို့ရတယ်..."
"အဲဘတ်..."
နစ်တစ်စုံတစ်ရာ ပြန်မဖြေနိုင်မီ ဝင်တာက ဝင်ပြောလိုက်သည်။
"ဘာလို့ ရေနဲ့ လျှော်ရမှာလဲ... ဇီဖစ်စွမ်းအင် ထုတ်ယူသူ ဝတ်စုံတွေကို သန့်စင်ဆေးရည် နဲ့ပဲ လျှော်ဖို့ လုပ်ထားတာလို့ ထင်နေတာ..."
"ဒီကောင်က ရေကိုတောင် အလဟဿ မဖြုန်းချင်ဘူးလေ..."
အဲဘတ် က နစ်ကို လက်မဖြင့် ထိုးပြရင်း ပြောသည်။
"ရေထက် အဆတစ်ရာလောက် ဈေးကြီးတဲ့အရာကို သူ့အဝတ်တွေ လျှော်ဖို့ သုံးခိုင်းအောင် မင်းက ဖျောင်းဖျချင်လို့လား..."
"ပြီးတော့ အဲဒါက သိပ်အရေးမကြီးပါဘူး... ဒီထဲမှာ သန့်စင်ဆေးကြောရေး ရေချိုးခန်းဝင်လိုက်ရင် ပြဿနာက အလိုလို ပြေလည်သွားမှာပါပဲ..."
"အင်း... အဓိပ္ပာယ်ရှိပါတယ်လေ..."
ဝင်တာက ပြောသည်။
"သန့်စင်ဆေးရည် နဲ့ သန့်စင်ဆေးကြောရေးရေချိုးခန်း ဆိုတာ ဘာတွေလဲ..."
နစ်က မေးလိုက်သည်။
"အစိမ်းရောင် ရေချိုးကန်ထဲ မဝင်ခင် သုံးရတဲ့ အပြာရောင် ရေချိုးကန်လေ..."
ဝင်တာက ဖြေသည်။
"အဲဒီထဲမှာ သန့်စင်ဆေးရည် တွေ ဖြည့်ထားတာ... အဲဒါက အပြာရောင်အရည်ပဲ... သန့်စင်ဆေးကြောရေး ရေချိုးခန်းဆိုတာကတော့ မင်းရဲ့ တစ်ကိုယ်လုံးကို သန့်စင်ဆေးရည် တွေ လောင်းချပေးတဲ့ အခန်းငယ်လေးတစ်ခုပဲ... စပက်တာ တချို့က ပြင်ပက အရာဝတ္ထုတွေနဲ့ ထိတွေ့ရင် ပိုအစွမ်းထက်လာနိုင်တာမို့ ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ တိုင်းမှာ အဲဒီလိုအခန်းမျိုး နှစ်ခန်းသုံးခန်းလောက် ရှိကြတယ်..."
"များပြားလှတဲ့ အမြတ်အစွန်းတွေကြောင့် ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ တွေအတွက် သန့်စင်ဆေးရည်က သိပ်မဈေးကြီးဘူးလေ... ဒါကြောင့် ထိန်းချုပ်ခန်း ထဲ ဝင်ထွက်မယ့်သူတိုင်းကို ကြိုတင်ကာကွယ်မှုအနေနဲ့ သန့်စင်ဆေးကြောရေး ရေချိုးခန်း အရင်ဝင်ဖို့ သူတို့ အတင်းအကျပ် လုပ်ခိုင်းကြတာ..."
"ငါတို့လည်း ထူးခြားနေမှာ မဟုတ်ပါဘူး... လုံခြုံရေး ပိုကောင်းလာဖို့အတွက်ဆိုရင် ဒါက မပြောပလောက်တဲ့ ကုန်ကျစရိတ်တစ်ခုပဲလေ..."
နစ်သည် ခေါင်းကို အကြိမ်အနည်းငယ် ညိတ်လိုက်သည်။ "အင်း... ကောင်းပြီ... ကြည့်ရတာ အဆင့်မြင့်လှချည်လား..."
"ဘယ်လိုပဲဖြစ်ဖြစ်လေ..."
ဝင်တာက ပြုံးလျက် နစ်အနီးသို့ လျှောက်သွားရင်း ပြောလိုက်သည်။
"မင်း ထုတ်လုပ်လိုက်တဲ့ ဇီဖစ်စွမ်းအင် ငါးဂရမ်ကို ငါ ခုလေးတင် မြင်ခဲ့တယ်... အဲဒါ အများကြီးပဲ..."
ထိုစကားကို ကြားသောအခါ နစ်သည် တောက်ပစွာ ပြုံးလိုက်သည်။
"အခုဆိုရင် ငါတို့ အကန့်အသတ်မရှိ ဆက်ပြီး လည်ပတ်နိုင်ပြီလား..."
ဝင်တာသည် အရာအချို့ကို တွက်ဆစဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်သည်။
"တစ်စိတ်တစ်ပိုင်းပေါ့လေ..."
***