← Chapters

အခန်း ၄၈

Vol. 4 Ch. 48

အခန်း ၄၈

Vol. 4 Ch. 48

အပိုင်း(၄၈)

"တစ်စိတ်တစ်ပိုင်း ဟုတ်လား..."

နစ်က မေးလိုက်သည်။

"အင်း... ငါတို့က ဒီအဆင့်မှာပဲ ဆက်နေမယ်ဆိုရင်တော့ အကန့်အသတ်မရှိ ဆက်ပြီး လည်ပတ်လို့ရတာပေါ့... ဒါပေမဲ့ အဲဒါက ငါတို့ရဲ့ ပန်းတိုင်မှ မဟုတ်တာ... ဟုတ်တယ်မလား..."

နစ်သည် မသေချာသော စိုးရိမ်မှုဖြင့် မျက်ခုံးပင့်လိုက်သည်။

"မဟုတ်ဘူး ထင်တာပဲ..."

"မဟုတ်ဘူး..."

ဝင်တာက ခိုင်မာသော လေသံဖြင့် ပြောသည်။

"ငါတို့ အနည်းဆုံး ရရှိချင်တဲ့ အရာက ငွေကြေး သန်း ၅၀ ကနေ သန်း ၁၀၀ ကြား ရှာနိုင်ဖို့ပဲ... အဲဒီတော့မှ ကူဂယ်ဘလစ် ရဲ့ အစိတ်အပိုင်း နည်းနည်းလောက်ကို ငါ ဝယ်ယူနိုင်မှာ... ငါတို့သာ ဒီနည်းလမ်းအတိုင်းပဲ အကန့်အသတ်မရှိ ဆက်လုပ်သွားမယ်ဆိုရင် အဲဒီအထိရောက်ဖို့ ဆယ်စုနှစ်ပေါင်းများစွာ ကြာလိမ့်မယ်..."

"ငါတို့ ပိုပြီး အမြတ်အစွန်း လိုအပ်တယ်... ဒရီမာ ဆီကနေ ဇီဖစ်စွမ်းအင် ထုတ်လုပ်မှုကို အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်... ပြီးတော့ ငါတို့ရဲ့ လုပ်ငန်းနယ်ပယ်ကိုလည်း တိုးချဲ့ရမယ်..."

"စပက်တာ တွေကို ဖမ်းဆီးတာ၊ စပက်တာ တွေကို ထိန်းသိမ်းတာ၊ လူတွေကို အလုပ်ခန့်တာ၊ ငှားရမ်းခပေးတာ၊ ထိန်းချုပ်ခန်း တွေ ဝယ်တာ၊ အဲ့တာတွေအားလုံးက ငွေကုန်ကြေးကျ များတယ်လေ... ပြီးတော့ ဒရီမာ တစ်ကောင်တည်းနဲ့တင် ဒီအရာတွေ အားလုံးအတွက် ပေးချေဖို့ မလုံလောက်ဘူး..."

နစ်သည် စိုးရိမ်တကြီးဖြင့် မျက်ခုံးပင့်လိုက်သည်။

ဝင်တာသည် သူ၏ မိသားစု အမွေဆက်ခံသူ တစ်ဦး ဖြစ်ချင်နေကြောင်းကို သူ နားလည်သည်။ သို့သော်လည်း လူတစ်ယောက်က ထိုမျှလောက် များပြားလှသော ငွေကြေးများကို အဘယ်ကြောင့် လိုအပ်ရသည်ကိုတော့ သူ နားမလည်နိုင်ဖြစ်နေခဲ့သည်။

သူတို့သည် တစ်နေ့လျှင် ငွေကြေး တစ်ထောင် ရှာဖွေနိုင်နေပြီ ဖြစ်သည်။

ထိုမျှလောက် ငွေကြေးများဖြင့် နစ်သည် မိမိလိုချင်သမျှ အရာအားလုံးကို တကယ်တမ်း လုပ်နိုင်ပေသည်။

"ကောင်းပါပြီ... ငါတို့ လုပ်နိုင်ပါတယ်..."

အချိန်အနည်းငယ်အကြာတွင် နစ်က ပြောလိုက်သည်။

"ကောင်းတယ်..."

ဝင်တာက ပြုံးလျက် ပြန်ဖြေသည်။

"ကဲ... မင်း ဒီနေ့ တစ်နေကုန် အလုပ်များထားတယ်ဆိုတော့ အနားယူဖို့ ထိုက်တန်တယ်လို့ ငါ ထင်တယ်..."

"မှန်ပါတယ်... ငတို့ ဒရီမာ ဆီကနေ ငွေတွေ ပိုထုတ်ချင်တာပေါ့... ဒါပေမဲ့ မင်းကိုယ်မင်း အနားပေးဖို့ ရက်ပိုင်းလောက် အချိန်ယူဖို့က အရေးကြီးတယ်လို့ ငါ ထင်တယ်..."

"ပြန်ပြီး လန်းဆန်းသွားအောင် လာမယ့် သုံးရက်လောက် နားလိုက်ပါလား..."

"အပြင်ဘက်မြို့တော် မှာ အိမ်တချို့ သွားကြည့်ချင် ကြည့်လေ..."

"သူငယ်ချင်း တချို့နဲ့ သွားတွေ့ချင် တွေ့ပေါ့..."

"ဒါမှမဟုတ် တစ်ခုခု သွားဝယ်ချင် ဝယ်လေ..."

"အတိုချုပ်ပြောရရင်တော့ အနားယူလိုက်ပါ..."

ဝင်တာက နစ်၏ ပခုံးပေါ်သို့ လက်တင်ကာ ပြောလိုက်သည်။

နောက်တစ်ခဏတွင် ဝင်တာသည် ကတ်ပြားငယ်တစ်ခုကို ထုတ်ယူကာ နစ်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

နစ်သည် ထိုကတ်ပြားကို ကြည့်လိုက်ရာ နစ်၏ ရေချိုးခကို ပေးချေရန်အတွက် အစောင့် အသုံးပြုခဲ့သော ကတ်ပြားနှင့် အလွန်တူညီနေကြောင်း သတိပြုမိသွားသည်။

"အဲဒါ မင်းအတွက်ပဲ..."

ဝင်တာက ပြောသည်။ နစ်သည် ကတ်ပြားကို အံ့သြစွာဖြင့် ကြည့်နေခဲ့သည်။

"မင်း တစ်ခုခု ဝယ်ချင်ရင် ရောင်းတဲ့သူကို ဒါလေး ကမ်းပေးလိုက်ရုံပဲ... ဒါပေမဲ့ မင်းသွားတဲ့ ဆိုင်တွေကိုတော့ သတိထား... မသမာတဲ့ ဆိုင်တချို့က မင်းရဲ့ကတ်ကို အတုနဲ့ လဲပေးလိုက်တာမျိုး လုပ်နိုင်လို့ပဲ..."

နစ်သည် ကတ်ပြားကိုသာ ဆက်လက်ကြည့်ရှုနေခဲ့သည်။

"ဒါက ဘယ်လောက်တန်ဖိုးရှိလို့လဲ..."

"ငွေကြေး ၁၀,၀၀၀ တန်တယ်... အလုပ်ခန့်တဲ့ ဆုကြေးငွေလို့ပဲ သဘောထားလိုက်ပါ..."

ဝင်တာက ပြောသည်။

နစ်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ငွေကြေး ၁၀,၀၀၀ တဲ့လော...။

သည်လောက်များပြားလှတဲ့ ငွေကြေးတွေနဲ့ သူက ဘာလုပ်ရမှာလဲ။

နစ်သည် အလိုအလျောက်ပင် ကတ်ပြားကို ဝင်တာထံသို့ ပြန်ပေးရန် ကြိုးစားလိုက်သည်။ သို့သော် ဝင်တာက နစ်၏ လက်ထဲသို့သာ ပြန်လည်တွန်းထည့်ပေးလိုက်သည်။

"အဲဒါ မင်းအတွက်ပဲ နစ်..."

ဝင်တာက ပြောသည်။

"မင်းက ငါ့ရဲ့ ဇီဖစ်စွမ်းအင် ထုတ်ယူသူ အကြီးအကဲ လေ... ပြီးတော့ ဒီနေ့ မင်းက ကုမ္ပဏီအတွက် ငွေကြေး ၅၀၀၀ ရှာပေးခဲ့တယ်... နောက်နှစ်ပတ်အတွင်းမှာ မင်းဘက်ကသာ ဆက်ပြီး ကြိုးကြိုးစားစား အလုပ်လုပ်နေသရွေ့ ငါနဲ့ မင်းရဲ့ ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုက နောက်ထပ် ငွေကြေး ၁၀,၀၀၀ အထိ တိုးလာဦးမှာ..."

နစ်သည် ဝင်တာကို မသေချာမရေရာမှုဖြင့် ကြည့်လိုက်ပြီးနောက် သူ၏ ကတ်ပြားကို ပြန်ကြည့်လိုက်သည်။

မှန်ပေသည်။ ဝင်တာပြောခဲ့သောအရာက အတော်လေး အဓိပ္ပာယ်ရှိပေသည်။ သို့သော်လည်း ငွေကြေး ၁၀,၀၀၀ ကို ဒီတိုင်း လက်ခံလိုက်ရခြင်းအပေါ် နစ်က ထူးဆန်းနေသည်ဟု ခံစားနေရဆဲဖြစ်သည်။

ယုတ္တိဗေဒအရ သူသည် ကုမ္ပဏီအတွက် ထို့ထက်များစွာ ပို၍ ရှာဖွေပေးနိုင်မည်ကို သူ သိရှိထားသည်။ သို့သော် ခံစားချက်အရမူ သူသည် ဤမျှလောက် များပြားသော ငွေကြေးနှင့် မထိုက်တန်ဟု ခံစားနေရသည်။

"အင်း... ကြည့်ရတာ ဒီမှာ အရာအားလုံး အဆင်ပြေနေပုံရတယ်..."

သူတို့၏ အနောက်မှနေ၍ အဲဘတ် က ပြောလိုက်သည်။

"ငါ ပြန်ရမယ့် အချိန်တန်ပြီလို့ ထင်တယ်..."

ဝင်တာသည် အဲဘတ် ဘက်သို့ လှည့်ကာ ရိုသေလေးစားစွာဖြင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ဒီနေ့ ကူညီပေးတဲ့အတွက် ထပ်ပြီး ကျေးဇူးတင်ပါတယ်..."

"ရပါတယ်..."

အဲဘတ် က ပြောသည်။ ထို့နောက် အဲဘတ် သည် နစ်ဘက်သို့ လှည့်လာခဲ့သည်။

"တစ်ချိန်ချိန်တော့ ပြန်တွေ့ကြတာပေါ့ နစ်..."

နစ်သည် သူ၏ အတွေးအာရုံထဲမှ ပြန်လည် နိုးထလာကာ အဲဘတ် ကို ကြည့်လိုက်သည်။

"ထပ်ပြီး ကျေးဇူးတင်ပါတယ် အဲဘတ်... ခင်ဗျားသာ မရှိရင် ဒီလောက်အထိ လွယ်ကူခဲ့မှာ မဟုတ်ဘူး..."

"ငါသိပါတယ်..."

အဲဘတ် က ပြုံးလျက် ပြောသည်။

"ပြန်တွေ့မယ်..."

ထို့နောက် အဲဘတ် သည် ဂိုဒေါင်ထဲမှ လျှောက်ထွက်သွားခဲ့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် နစ်သည်လည်း ဂိုဒေါင်ထဲမှ ထွက်လာခဲ့သည်။ လာမည့် သုံးရက်တာအတွင်း သူ အနားယူသင့်ကြောင်းကို ပြောဆိုရင်း ဝင်တာသည် သူ့အား ဂိုဒေါင်ထဲမှ အတင်းမောင်းထုတ်လိုက်ခြင်းပင် ဖြစ်သည်။

နစ်သည် ဂိုဒေါင်နှင့် ဝေးရာသို့ စိတ်လွင့်မျောလျက် လျှောက်သွားနေခဲ့သည်။ သူသည် သူ၏ ကတ်ပြားကိုသာ တောက်လျှောက် ကြည့်ရှုနေခဲ့လေတော့သည်။

နစ်သည် တွေဝေငေးမောနေသော မျက်နှာအမူအရာဖြင့် ဆင်ခြေဖုံးရပ်ကွက်ကြီး သို့ ရည်ရွယ်ချက်မဲ့စွာ လမ်းလျှောက်ပြန်လာခဲ့သည်။

ငွေကြေး ၁၀,၀၀၀။

ဘာမှလုပ်စရာမလိုသော သုံးရက်တာအချိန်။

နစ်သည် သူ၏ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်။

သူသည် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာခဲ့လေပြီ။

သူသည် ငွေကြေး အများအပြားကို ရှာဖွေနိုင်နေပြီဖြစ်သည်။

သူ၏ အသက်အန္တရာယ်အတွက် သူ ထပ်မံကြောက်ရွံ့နေရန် မလိုတော့ပေ။

အင်း... ဒရီမာ ၏ ထိန်းချုပ်ခန်းထဲတွင် ရှိနေမည့်အချိန်မှလွဲ၍ပေါ့လေ။

သို့သော်လည်း နစ်၏ ရင်ထဲ၌ တစ်စုံတစ်ခု ဟာလာဟင်းလင်း ဖြစ်နေသကဲ့သို့ ခံစားနေရဆဲဖြစ်သည်။

ဤအရာအားလုံးမှာ တကယ်မဟုတ်သကဲ့သို့ပင် သူ ထင်မှတ်နေမိသည်။

လွန်ခဲ့သော နှစ်ရက်ကမှ နစ်သည် ဆင်းရဲနွမ်းပါးသူတစ်ယောက် ဖြစ်ခဲ့သည်။ သူ၏ ဘဝတစ်လျှောက်လုံးကို ဆင်ခြေဖုံးရပ်ကွက်ကြီး အတွင်း၌သာ ကုန်ဆုံးခဲ့ရသည်။

ယခုအခါတွင်တော့ နစ်သည် အဝတ်အစားကောင်းများကို ဝတ်ဆင်ထားသည်။ ထို့ပြင် အဆင့်မြင့် ရေချိုးကန်တွင်ပင် ရေချိုးခဲ့ရသေးသည်။

ထို့ထက်ပိုသည်က သူသည် ချမ်းသာနေပြီဖြစ်သည်။

နောက်ဆုံးတွင် နစ်သည် လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်သည်။

ယခုအချိန်တွင် သူသည် ဆင်ခြေဖုံးရပ်ကွက်ကြီး သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ ထို့နောက် ကျပန်းလမ်းတစ်လမ်း၏ အလယ်၌ သူ ရပ်တန့်လိုက်ခြင်းဖြစ်သည်။

နစ်သည် ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီ ကြည့်လိုက်သည်။

လူအချို့ကို သူ မြင်တွေ့ခဲ့ရသော်လည်း သူတို့အားလုံးက သူ့ကို ရှောင်ဖယ်သွားကြသည်။

မည်သူကမျှ သူ့ကို မကြည့်ရဲကြပေ။ သူ့ကို ဖြတ်သန်းသွားရမည့် လူအနည်းငယ်ကလည်း သူ ထွက်သွားမည့်အချိန်ကို စောင့်နေကြသည် သို့မဟုတ် သူ့ကို ခပ်ဝေးဝေးမှ ကွေ့ပတ်ကာ သွားကြလေသည်။

သူတို့၏ မျက်နှာများပေါ်၌ အကြောက်တရားနှင့် စိုးရိမ်ထိတ်လန့်မှုများ ရှိနေခဲ့သည်။

သူနှင့် သူ့ပတ်ဝန်းကျင်ရှိ လူများကြားမှ အကွာအဝေးမှာ ပိုမိုကျယ်ပြန့်လာသည်ဟု နစ်ခံစားလိုက်ရသည်။ တစ်နည်းအားဖြင့်ဆိုရသော် နစ်သည် မိမိ၏ အိမ်မှ နှင်ထုတ်ခံလိုက်ရသကဲ့သို့ ခံစားနေရသည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူ ဆင်ခြေဖုံးရပ်ကွက်ကြီး အတွင်း လမ်းလျှောက်သွားသောအခါ မည်သူကမျှ ဂရုတစိုက် မကြည့်ခဲ့ကြပေ။ ယခုအခါတွင်မူ လူတိုင်းက သူ့ကို အဝေးမှနေ၍ ကြောက်ရွံ့စွာ ကြည့်ရှုနေကြလေပြီ။

'ဒီလိုပဲ ဖြစ်လာမှာပါလေ...'

သူက သက်ပြင်းချကာ တွေးလိုက်သည်။

'ငါက အခု ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်နဲ့ တူနေပြီလေ... ပြီးတော့ ဇီဖစ်စွမ်းအင် ထုတ်ယူသူ အားလုံးက အဲဒီလို အကြည့်ခံရတာချည်းပဲ...'

'ငါ ဘာတွေတွေးနေတာလဲ... ငါက ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်နဲ့ တူနေတာ မဟုတ်ဘူး... ငါကိုယ်တိုင်က ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်နေတာ... ဒါက ငါ အမြဲတမ်း အိပ်မက်မက်ခဲ့ရတဲ့ အရာပဲ...'

နစ်သည် အသစ်ရရှိလာသော ခွန်အားများဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သို့သော် လူများကို ပိုကြည့်မိလေ သူ ပို၍ အထီးကျန်ဆန်လာလေ ဖြစ်နေခဲ့သည်။

နောက်ဆုံးတွင် နစ်သည် သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြီး လမ်းဆက်လျှောက်သွားခဲ့လေတော့သည်။

***

All Chapters