← Chapters

အခန်း ၄၉

Vol. 4 Ch. 49

အခန်း ၄၉

Vol. 4 Ch. 49

အပိုင်း(၄၉)

မိနစ်အနည်းငယ် ကြာပြီးနောက် နစ်သည် သူ၏ ဦးတည်ရာသို့ ရောက်ရှိသွားခဲ့သည်။ နစ်၏ အရှေ့တွင် သံချေးတက်နေသော သတ္တုများဖြင့် ပြုလုပ်ထားသည့် အတော်အသင့် ကြီးမားသော အိမ်တစ်လုံး ရှိနေသည်။ သို့သော် အခြားအိမ်အများစုနှင့် ယှဉ်လိုက်ပါက ဤအိမ်က အတော်လေး ပိုကြီးမားနေခဲ့သည်။

အိမ်တော်ကြီးတစ်ခု နီးပါးပင် ဖြစ်သည်။

၎င်းက နစ်၏ လက်ရှိ အိမ်ဖြစ်သည်။

နစ်သည် တံခါးကို ဖွင့်ကာ အထဲသို့ ဝင်သွားခဲ့သည်။

အိမ်ထဲ၌ အပြင်ဘက် ဆင်ခြေဖုံးရပ်ကွက်ကြီး၏ အနံ့အသက်မျိုး ရနေသော်လည်း နစ်ဂရုမစိုက်ခဲ့ပေ။

သံချေးနံ့၊ ကျင်ငယ်ကျင်ကြီးနံ့များနှင့် အဆိပ်သင့်စွန့်ပစ်ပစ္စည်း အနံ့များကို သူ ယဉ်ပါးနေပြီဖြစ်သည်။

"နစ်လား..."

အပေါ်ထပ်မှ ကောင်လေးတစ်ယောက်၏ အသံ ထွက်ပေါ်လာခဲ့သည်။

အသက်ဆယ့်တစ်နှစ်ခန့်ရှိ ကောင်လေးတစ်ယောက်က လှေကားပေါ်မှ ဆင်းလာခဲ့သည်။ သို့သော် အိမ်အဝင်ဝ၌ မတ်တပ်ရပ်နေသော လူကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ကောင်လေးမှာ အံ့သြတုန်လှုပ်စွာဖြင့် ရပ်တန့်သွားခဲ့သည်။

"ဆ... ဆရာ... ကျွန်တော် ဘာများ ကူညီပေးရမလဲ ခင်ဗျာ..."

ကောင်လေးက ကြောက်ရွံ့သော လေသံဖြင့် မေးလိုက်သည်။

"ငါပါ ဟိုရူဝါ..."

နစ်က ပြောလိုက်သည်။

"န... နစ်လား..."

ကောင်လေးဖြစ်သူ ဟိုရူဝါက အံ့သြစွာဖြင့် မေးလိုက်သည်။ ထိုအိမ်ကြီး၏ အမှန်တကယ် ပိုင်ရှင်မှာ ဟိုရူဝါပင်ဖြစ်သည်။

ဟိုရူဝါသည် ဆင်ခြေဖုံးရပ်ကွက်ကြီး အတွင်းရှိ အတော်လေး ချမ်းသာသော လူတစ်ဦး၏ တစ်ဦးတည်းသော သားဖြစ်သည်။ ဆိုလိုသည်မှာ သူသည် အပြင်ဘက်မြို့တော် ရှိ သာမန်လူတစ်ယောက်နီးပါးခန့် ငွေကြေးရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။

ဆင်ခြေဖုံးရပ်ကွက်ကြီး မှ ပြောင်းရွှေ့နိုင်ရန်အတွက် လုံလောက်သော ငွေကြေးကို စုဆောင်းရန်သာ သူ လိုအပ်တော့သည်။ သို့သော် ထိုသို့ မလုပ်ဆောင်နိုင်မီမှာပင် သူ ပျောက်ဆုံးသွားခဲ့သည်။

ရက်သတ္တပတ် အနည်းငယ် အကြာတွင် ဂိုဏ်းများသည် ထိုလူ၏ အိမ်ဟောင်းကို မက်မောလာကြပြီး ဝိုင်းဝန်းချဉ်းကပ်လာခဲ့ကြသည်။

ဟိုရူဝါသည် သူတို့ကို မခုခံနိုင်ခဲ့ပေ။ သို့သော် ထိုအချိန်တွင် နစ်ဝင်ရောက်စွက်ဖက်ခဲ့ပြီး ဟိုရူဝါကို ကာကွယ်ပေးခဲ့သည်။

သို့ရာတွင် နစ်သည် သဘောကောင်းသူ တစ်ယောက်ဖြစ်သော်လည်း လက်တွေ့ကျသူ တစ်ယောက်လည်း ဖြစ်ပေသည်။ နစ်သည် ထိုကောင်လေးကို သနားကြင်နာစိတ် သက်သက်ဖြင့်သာ ကူညီပေးခဲ့သည်ဟု ဆိုပါက လိမ်ညာရာ ကျပေလိမ့်မည်။

နစ်သည် ဟိုရူဝါ၏ ပြဿနာများကို ကြောက်မက်ဖွယ်ကောင်းသော လုပ်ရပ်များ ကျူးလွန်စရာမလိုဘဲ ငွေကြေးအချို့ ရှာဖွေနိုင်မည့် နည်းလမ်းကောင်းတစ်ခုအဖြစ် မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။

နေထိုင်စရာ နေရာတစ်ခုနှင့် သူ၏ အခွန်အခငွေကြေးအတွက် အလဲအလှယ်အနေဖြင့် မည်သူကမျှ အိမ်ထဲမှ ပစ္စည်းများကို ယူဆောင်ရန် သို့မဟုတ် ဟိုရူဝါကို အန္တရာယ်ပြုရန် မဝံ့ရဲစေရန် နစ်က သေချာစွာ ကာကွယ်ပေးခဲ့သည်။

လွန်ခဲ့သော လအနည်းငယ်ကတည်းက နစ်သည် ဤနေရာ၌ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

"တကယ်ပဲ အစ်ကိုလား..."

ဟိုရူဝါက မေးလိုက်သည်။

နစ်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်..."

သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာရင်း သူက ပြောလိုက်သည်။

"အခု ငါက တရားဝင် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်သွားပြီ... မိုက်တယ်မလား..."

နစ်က အနီးသို့ ဖြည်းညင်းစွာ လျှောက်လာသောအခါ ဟိုရူဝါသည် သူ့ကို အံ့သြတုန်လှုပ်စွာ ကြည့်နေခဲ့သည်။

စက္ကန့်အနည်းငယ်ကြာသည်အထိ ဟိုရူဝါသည် ထိုဝတ်စုံကို တန်ဖိုးကြီး ကျောက်မျက်ရတနာတစ်ခုအလား ကြည့်ရှုနေခဲ့သည်။

"ဝါး..."

နောက်ဆုံးတွင် ဟိုရူဝါက အသံထွက်လာခဲ့သည်။

"အဲဒါ အရမ်းမိုက်တာပဲ..."

သို့သော် ထိုအချိန်၌ပင် ကောင်လေးက တစ်ခုခုကို သတိပြုမိသွားသည်။

"နေပါဦး... ဒါဆို အစ်ကိုက ဒီမှာ ဆက်မနေတော့ဘူးဆိုတဲ့ သဘောလား..."

နစ်မျက်မှောင်ကြုတ်လိုက်သည်။ သူ အဖြေမပေးခဲ့ပေ။ သူသည် ဆင်ခြေဖုံးရပ်ကွက်ကြီး မှ ပြောင်းရွှေ့ရန် မကြာခဏ တွေးတောခဲ့ဖူးသည်။ သို့သော် ၎င်းက တကယ်တမ်း လက်တွေ့ဖြစ်လာသောအခါ အလွန်မြန်ဆန်ပြီး စောစီးလွန်းသည်ဟု သူ ခံစားလိုက်ရသည်။

"အဲဒီလိုပဲ ထင်တာပဲ..."

အချိန်အနည်းငယ်အကြာတွင် နစ်က ပြောလိုက်သည်။ ဟိုရူဝါမှာ အနည်းငယ် စိုးရိမ်သွားခဲ့ပြီး မြေပြင်ကိုသာ စိုက်ကြည့်နေခဲ့သည်။ နစ်မရှိတော့ပါက ဂိုဏ်းများ ပြန်လည်ရောက်ရှိလာမည်ဖြစ်ပြီး သူ၏ အိမ်ကို ဆုံးရှုံးရပေတော့မည်။ ထို့အပြင်... နစ်ပြဿနာရှာခဲ့ဖူးသမျှအတွက် ဂိုဏ်းများက ဟိုရူဝါကိုပင် ကလဲ့စားချေကြပေလိမ့်မည်။

ဟိုရူဝါသည် အသက်ဆယ့်တစ်နှစ်အရွယ် ကောင်လေးတစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် ဂိုဏ်းများကို အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။ သူ မကြာမီ သေဆုံးရတော့မည်ဟု ဟိုရူဝါခံစားလိုက်ရသည်။

သို့သော် နစ်တွင် သူ့ကို ကူညီပေးရန် အမှန်တကယ် တာဝန်မရှိကြောင်းကိုလည်း သူ သိရှိထားသည်။

"ဒါဆို ကျွန်တော်ကရော ဘယ်လိုလုပ်ရမလဲ..."

ဟိုရူဝါက မေးလိုက်သည်။

"ဖေဖေ့အိမ်ကြီးကရော ဘယ်လိုလုပ်မလဲ..."

နစ်သည် သက်ပြင်းချလိုက်သည်။

"အိမ်နဲ့ ပတ်သက်ပြီးတော့ ငါ မသိဘူး... ဒါပေမဲ့ ဂိုဏ်းတွေ မင်းကို ဒုက္ခမပေးနိုင်အောင်တော့ ငါ သေချာလုပ်ပေးနိုင်တယ်... ပြီးတော့ မင်းရဲ့ ငွေကြေးတွေကိုလည်း ငါ တစ်နေရာရာမှာ သိမ်းပေးထားလို့ ရနိုင်လောက်တယ်..."

ဟိုရူဝါ၏ မျက်လုံးများ ကြောက်ရွံ့မှုကြောင့် ပြူးကျယ်သွားခဲ့သည်။

သူ့ဖခင်၏ ငွေများကို လူတိုင်းက မည်မျှမက်မောကြောင်းကို သူ သိရှိထားသည်။ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာပြီးနောက် နစ်က ရုတ်တရက်ကြီး ဟိုရူဝါ၏ ငွေများကို သိမ်းဆည်းပေးရန် ဆန္ဒရှိနေသည်တဲ့လား။

ဟိုရူဝါသည် သံသယဝင်သွားခဲ့သော်လည်း နစ်ကိုတော့ ယုံကြည်နေဆဲဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ နစ်သည် သူ့ကို လပေါင်းများစွာ ကာကွယ်ပေးခဲ့သည် မဟုတ်ပါလော။

နောက်ထပ် မိနစ်အနည်းငယ်ကြာသည်အထိ နစ်နှင့် ဟိုရူဝါတို့သည် ဘာဆက်လုပ်ရမည်ကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

နောက်ဆုံးတွင်တော့ ဟိုရူဝါသည် သက်ပြင်းချကာ မိမိ၏ ကိုယ်ပိုင်ငွေများကို ကာကွယ်ရန် သူ အင်အားမရှိကြောင်းကိုသာ လက်ခံလိုက်ရတော့သည်။

"ကျွန်တော့်ဘာသာကျွန်တော် နေမယ်ဆိုရင်တော့ ငွေတွေက သေချာပေါက် ဆုံးရှုံးရမှာပဲ... အစ်ကို့ကို ယုံကြည်မယ်ဆိုရင်တော့ အခွင့်အရေး ရှိနေသေးတာပေါ့..."

ဟိုရူဝါက ပြောသည်။

ဟိုရူဝါက သူ့ကို အပြည့်အဝ မယုံကြည်ခြင်းအတွက် နစ်စိတ်မဆိုးခဲ့ပေ။ သဘာဝကျစွာပင် သူတို့နှစ်ဦးလုံး ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲ၌ နေထိုင်ကြသူများ မဟုတ်ပါလော။

"ကျွန်တော်လည်း ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာပြီး အစွမ်းထက်လာစေမယ့် စွမ်းရည်တစ်ခု ရနိုင်မယ့် နည်းလမ်းများ ရှိရင် သိပ်ကောင်းမှာပဲ..."

ထိုစကားကို ကြားသောအခါ နစ်သည် အကြံတစ်ခု ရသွားခဲ့သည်။ ထို့နောက် စဉ်းစားတွေးတောရင်း သူ၏ မေးစေ့ကို ကုတ်လိုက်လေတော့သည်။

***

All Chapters