အခန်း ၅၀
Vol. 4 Ch. 50
အပိုင်း(၅၀)
"မင်းကို ကူညီပေးနိုင်မယ့် နည်းလမ်းတစ်ခု ငါ့ဆီမှာ ရှိကောင်းရှိနိုင်တယ်... ဒါပေမဲ့ အဲဒါက လွယ်ကူမှာတော့ မဟုတ်ဘူး..."
နစ်က စဉ်းစားတွေးတောနေသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ ဟိုရူဝါ၏ မျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်သွားခဲ့သည်။
"တကယ်လား..."
သူက မေးလိုက်သည်။
နစ်က ခေါင်းညိတ်ပြလိုက်သည်။
"အခု ငါက ကုမ္ပဏီတစ်ခုရဲ့ ဇီဖစ်စွမ်းအင် ထုတ်ယူသူ အကြီးအကဲလေ... ပြီးတော့ ငါတို့ရဲ့ စပက်တာ တစ်ကောင်ဆီကနေ ဇီဖစ်စွမ်းအင် ထုတ်လုပ်မှုကို အကောင်းဆုံးဖြစ်အောင် ငါတို့ လုပ်ဖို့ လိုအပ်နေသေးတယ်..."
"ဟိုရူဝါ... မင်း ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်ချင်လား..."
နစ်က မေးလိုက်သည်။ ဟိုရူဝါ၏ မျက်လုံးများ ပို၍ပင် ပြူးကျယ်သွားခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ အံ့မခန်းဖြစ်မှုနှင့်အတူ ဖြစ်သည်။
"ကျွန်တော်ကလား... ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်ဖြစ်နိုင်တာလား..."
နစ်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
"ဘာလို့ မဖြစ်ရမှာလဲ..."
"ဒါပေမဲ့ ကျွန်တော်က အခုမှ ဆယ့်တစ်နှစ်ပဲ ပြည့်သေးတာလေ..."
ဟိုရူဝါက အနည်းငယ် စိုးရိမ်ထိတ်လန့်စွာဖြင့် ပြောသည်။
နစ်က ရယ်မောလိုက်သည်။
"ဒါဆိုလည်း ဘာဖြစ်လဲ... စောစောစီးစီး စလုပ်တာ ဘာဖြစ်လို့လဲ... အဲဒီထက်ပိုတာက အဲဒီ စပက်တာ နဲ့ အလုပ်လုပ်ရတာ လုံးဝ မခက်ခဲဘူး... အဓိကက မင်းက သူ့အနီးအနားမှာ အိပ်ပျော်သွားဖို့ပဲ လိုတာ... နောက်ပြီး မင်းရဲ့ ဇီဖစ်စွမ်းအင် ချိတ်ဆက်က အခုထိ ဘာမှ မလုပ်ရသေးဘူးဆိုတော့ သူ့ဆီကနေ မင်း စွမ်းရည်ကောင်းတစ်ခု ရနိုင်မှာ သေချာတယ်..."
"မင်း သေမသွားသရွေ့ ဘာဆိုးကျိုးမှ ဖြစ်လာမှာ မဟုတ်ဘူး..."
ယခုလေးတင် ကြားလိုက်ရသောအရာကို မယုံနိုင်သည့်အလား ဟိုရူဝါသည် နစ်ကို ကြည့်နေခဲ့သည်။
"အစ်ကို သေချာလို့လား... ကျွန်တော် တကယ်ပဲ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာနိုင်တာလား..."
"သေချာတာပေါ့..."
နစ်က ရယ်မောရင်း ပြောလိုက်သည်။
"မင်း စွမ်းရည်တစ်ခု ရလာမယ်... တည်ငြိမ်တဲ့ အလုပ်တစ်ခု ရလာမယ်... ပြီးတော့ ငွေတွေလည်း အများကြီး ရလာမယ်... ငါ့လောက်တော့ အများကြီး ရချင်မှရမယ်... ဒါပေမဲ့ ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲက လူတိုင်းထက်တော့ မင်း ပိုရှာနိုင်မှာ သေချာတယ်..."
ဟိုရူဝါသည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လေတော့သည်။
"ကျေးဇူးတင်ပါတယ်... အရမ်းကို ကျေးဇူးတင်ပါတယ်ဗျာ... အစ်ကိုက အကောင်းဆုံးပဲ..."
နစ်သည် ထပ်မံရယ်မောလိုက်သည်။ ဟိုရူဝါစိတ်လှုပ်ရှားနေသည်ကို မြင်ရသည့်အချိန်တိုင်း သူ အမြဲတမ်း သဘောကျမိလေသည်။
ဆိုးရွားလှသော အခြေအနေများကြောင့် ဟိုရူဝါလေး၏ ဘဝတွင် ပျော်ရွှင်ရသည်မှာ အလွန်ရှားပါးလှသည်။ နစ်မရှိသည့်အချိန်တိုင်း ထိုကောင်လေးသည် စိုးရိမ်ပူပန်ပြီး စိတ်ဖိစီးနေရသည်။ ဖိအားများအားလုံးကြောင့် သူ အိပ်ပျော်ရန်ပင် အခက်အခဲ ရှိနေခဲ့သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါက အခုလောလောဆယ် သုံးရက် ခွင့်ရထားတယ်... ဒီတော့ အခုချက်ချင်း မင်းကို အဲဒီကို ခေါ်သွားလို့ မရသေးဘူး... ဒါပေမဲ့ ငါ့ခွင့်ရက်ပြီးသွားရင်တော့ မင်းရဲ့ အနာဂတ် အလုပ်ခွင်ဆီကို ငါ ခေါ်သွားပေးမယ်..."
"မင်း တကယ့် စပက်တာ အစစ်တစ်ကောင်ကို မြင်ရတော့မယ် ဟိုရူဝါ..."
နစ်က ရယ်မောရင်း ပြောလိုက်သည်။
"ဝါး... တကယ့် စပက်တာ အစစ်ကြီး..."
ဟိုရူဝါက အံ့ဩမင်သက်စွာဖြင့် ထပ်မံရေရွတ်လိုက်သည်။
သူတို့နှစ်ဦးသည် အချိန်အနည်းငယ်မျှ ထပ်မံစကားပြောခဲ့ကြသည်။ သို့သော် မိနစ်အနည်းငယ် ကြာပြီးနောက် နစ်သည် အိမ်ထဲမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။
စောစောက နစ်သည် ရည်ရွယ်ချက်မဲ့နေသလို ခံစားခဲ့ရသည်။ သူ အသစ်ရရှိလာသော လွတ်လပ်မှုဖြင့် ဘာလုပ်ရမည်ကို သူ မသိရှိခဲ့ချေ။
သို့သော် ယခုအခါ ထိုပြဿနာမှာ ဖြေရှင်းပြီးသွားခဲ့လေပြီ။ သူ ထိုရာထူးကိုအသုံးပြုကာ သူ၏ သူငယ်ချင်းတစ်ယောက်ကို ကူညီပေးနိုင်ခဲ့သည်။
‘ကောင်းမွန်တဲ့ ကိစ္စတစ်ခုခု လုပ်ရတာ ခံစားလို့ကောင်းတာပဲ... အခု ဟိုရူဝါနဲ့ ပတ်သက်တဲ့ ပြဿနာ ရှင်းသွားပြီဆိုတော့ အပြင်ဘက်မြို့တော် က အိမ်တချို့ကို သွားကြည့်သင့်ပြီ...'
နစ်က စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။
သို့သော် မကြာမီမှာပင် နစ်သည် ရပ်တန့်သွားခဲ့သည်။
ဂွီ...
'တကယ်တော့ ငါ အတော်လေး ဗိုက်ဆာနေပြီပဲ... တစ်ရက်လောက် ဘာမှမစားရသေးဘူးလို့ ထင်တယ်...'
နစ်တွေးလိုက်သည်။
'ဒီနေ့ ငါ ဘာစားချင်လဲ...'
'ကြွက်လား...'
'ယင်ကောင်လား...'
'ဈေးကနေ ဟင်းသီးဟင်းရွက်တုံးလေးတွေ ဝယ်စားမလား... အခုဆို ငါ့ပိုက်ဆံနဲ့ အဲဒါတွေ အများကြီး ဝယ်လို့ရနေပြီပဲ...'
'သံချေးမှို တွေလည်း စားလို့ရတာပဲ... ဒါပေမဲ့ သိပ်တော့ မစားချင်ဘူး... အဲဒါက ငါ့အတွက် အရသာ နည်းနည်း အချဉ်ပေါက်လွန်းတယ်...'
'အိမ်မှာ မှည့်နေတဲ့ သံချေးမှိုတွေလည်း ရှိနေတယ်... အဲဒါကို မြန်မြန်မစားလိုက်ရင် အဆိပ်ဖြစ်သွားပြီး အဆိပ်ငွေ့မှုန်တွေ စတင်ထုတ်လွှတ်တော့မယ်...'
နစ်သည် သူ၏ ဂုတ်ပိုးကို ကုတ်လိုက်သည်။ နောက်ဆုံး၌... သူက ပခုံးတွန့်ကာ တွေးလိုက်သည်။
'ဈေးဘက်ကိုပဲ သွားကြည့်လိုက်တာ ကောင်းပါတယ်လေ...'
နစ်သည် ဦးတည်ရာကို ပြောင်းလဲလိုက်ပြီး ဆင်ခြေဖုံးရပ်ကွက်ကြီး ၏ ဈေးရှိရာဘက်သို့ လျှောက်သွားခဲ့သည်။
ထိုနေရာသို့ သူရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် လူအများစုက သူ့ဘက်သို့ လှည့်ကြည့်လာကြသည်။
ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်က ဤနေရာကို အဘယ်ကြောင့် လာရောက်ရသနည်း။
နစ်သည် ထိုအကြည့်များကို လျစ်လျူရှုထားနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ သို့သော် ထိုဖြစ်ရပ်က သူ၏ စိတ်အခြေအနေကို အနည်းငယ်တော့ ထိခိုက်ကျဆင်းသွားစေခဲ့သည်။
နောက်ဆုံးတွင် နစ်သည် ဈေး၏ ဘေးဘက်ရှိ ဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ သူသည် အလုပ်ကိစ္စတစ်ခုကြောင့်သာ ထိုဆိုင်အချို့အတွင်းသို့ ဝင်ရောက်ခဲ့ဖူးခြင်း ဖြစ်သည်။ ထိုနေရာတွင် မည်သည့်အရာကိုမျှ ဝယ်ယူခဲ့ဖူးခြင်း မရှိချေ။
ဤဆိုင်များအတွင်းရှိ ပစ္စည်းများမှာ ဈေးကြီးလွန်းလှပေသည်။ နစ်ဝင်ရောက်သွားသော ဆိုင်အတွင်း၌ အစားအစာ အမျိုးအစား အများအပြားကို ခင်းကျင်းထားသည်။
ကြွက်၊ ကြောင်၊ ခွေး၊ ယင်ကောင်နှင့် ငှက်သားများ ရှိနေခဲ့သည်။ ထို့အပြင် ဟင်းသီးဟင်းရွက်တုံး အမျိုးအစား အများအပြားပင် ရှိနေသေးသည်။
ရွေးချယ်စရာများစွာ ရှိနေခြင်းက အံ့သြဖွယ်ကောင်းလှပေသည်။
"ဆ... ဆရာ... ကျွန်တော် ဘာများ ကူညီပေးရမလဲ ခင်ဗျာ..."
ဆိုင်ထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ဆိုင်ရှင်ဖြစ်သူက နစ်ကို မေးမြန်းလိုက်သည်။
"ဟေ့... ငါ ဗိုက်ဆာနေပြီ... ဒီမှာ စားကောင်းမယ့်ဟာ တစ်ခုခု ရှိလား..."
သူက မေးလိုက်သည်။
ဆိုင်ရှင်ဖြစ်သူသည် နစ်ကို ဇဝေဇဝါဖြစ်မှု၊ သံသယဖြစ်မှုတို့ဖြင့် ကြည့်လိုက်သည်။
"ရှိ... ရှိပါတယ်... ဒါပေမဲ့ ကျွန်တော့်ရဲ့ ပစ္စည်းတွေက ဆရာ့ရဲ့ လျှာက တောင့်တနေတဲ့ အရည်အသွေးမျိုး ရှိပါ့မလားဆိုတာတော့ မသေချာဘူး ခင်ဗျာ..."
သူက ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
၎င်းက သိပ်အရေးမကြီးကြောင်း အချက်ပြသည့်အနေဖြင့် နစ်သည် လက်ကိုသာ ဝှေ့ယမ်းပြလိုက်သည်။
"ဒီမှာ ဘာအရသာအရှိဆုံးလဲဆိုတာသာ ငါ့ကို ပြောစမ်းပါ..."
ဆိုင်ရှင်ဖြစ်သူမှာ ပို၍ စိုးရိမ်ထိတ်လန့်လာခဲ့သည်။
"အင်း... ကျွန်တော် ဟင်းသီးဟင်းရွက်တုံး စွပ်ပြုတ် အိုးအသစ်တစ်အိုး ချက်ထားပါတယ်... ဆရာက ဟင်းသီးဟင်းရွက်တုံးတွေကို စိတ်ဝင်စားပါ့မလားတော့ ကျွန်တော် မသေချာဘူး... ဆရာက အစစ်အမှန် ဟင်းသီးဟင်းရွက်တွေနဲ့ ပိုပြီး ရင်းနှီးလောက်မှာပါ..."
"အစစ်အမှန် ဟင်းသီးဟင်းရွက်တွေ..."
နစ်က အံ့သြတကြီးဖြင့် ထပ်မံရေရွတ်လိုက်သည်။
"ဪ... ဟုတ်သားပဲ... တစ်နေရာရာမှာ တကယ့်ဟင်းသီးဟင်းရွက် အစစ်တွေ ရှိသင့်တယ်ဆိုတာကို ငါ လုံးဝ မေ့သွားတာပဲ... မင်းဆီမှာ အဲဒါမျိုး ရှိလား..."
ဆိုင်ရှင်ဖြစ်သူမှာ ပို၍ပင် စိုးရိမ်ထိတ်လန့်သွားခဲ့သည်။
ဤ ဇီဖစ်စွမ်းအင် ထုတ်ယူသူ သည် အလွန်တရာ ထူးဆန်းစွာ ပြုမူနေခဲ့သည်။
၎င်းသည် ဆိုင်ရှင်ထံမှ သတင်းအချက်အလက် တစ်ခုခုကို ရယူရန်အတွက် အကြံအစည် နည်းဗျူဟာ တစ်ခုခုများ ဖြစ်နေလေမလား။
ဤဇီဖစ်စွမ်းအင် ထုတ်ယူသူ ၏ အပြုအမူများက လုံးဝ အဓိပ္ပာယ် မရှိလှပေ။
သို့ဖြစ်စေကာမူ ဆိုင်ရှင်ဖြစ်သူမှာ သူ၏ အလိုက်ကိုသာ ဆက်လက်လိုက်လျောပေးရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ချေ။
"ဝမ်းနည်းပါတယ်... ကျွန်တော့်ဆီမှာ မရှိပါဘူး ဆရာ..."
ဆိုင်ရှင်က ပြောသည်။
"ဈေးကြီးလွန်းလို့ ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲက ဘယ်သူမှ ဝယ်စားနိုင်မှာ မဟုတ်ပါဘူး..."
"ကောင်းပြီလေ..."
နစ်က ပြောသည်။
"ဒါဆို အဲဒီ ဟင်းသီးဟင်းရွက်တုံး စွပ်ပြုတ် နည်းနည်းလောက် ပေးပါ..."
***