အခန်း ၅၁
Vol. 4 Ch. 51
အပိုင်း(၅၁)
"ဟုတ်ကဲ့ပါ ဆရာ..."
ဆိုင်ရှင်ဖြစ်သူက ပြောကာ ဟင်းအိုးကြီးတစ်လုံးရှိရာသို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ သူက အိုးအဖုံးကို ဖွင့်လိုက်သောအခါ နစ်သည် မွှေးပျံ့သော အနံ့ကို ရရှိလိုက်သည်။
၎င်းက လုံးဝကို အံ့မခန်း မွှေးကြိုင်လှပေသည်။
နောက်တစ်ခဏတွင် ဆိုင်ရှင်သည် သံချေးတက်နေသော သတ္တုပန်းကန်လုံး တစ်လုံးကို ယူလိုက်သည်။ ထို့နောက် အိုးထဲမှ စွပ်ပြုတ်အနည်းငယ်ကို ခပ်ထည့်လိုက်သည်။
"အားလုံးပေါင်း ငွေကြေး တစ်ဆယ် ကျပါမယ် ဆရာ..."
သူက ပန်းကန်လုံးကို ကောင်တာပေါ်သို့ ချထားရင်း ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။
ငွေကြေး တစ်ဆယ် ဆိုသည်မှာ လစဉ်အခွန်အခ၏ ၁၀ ရာခိုင်နှုန်းပင် ဖြစ်သည်။
ဆင်ခြေဖုံးရပ်ကွက်ကြီး အတွင်းရှိ ချမ်းသာသော သူများသာ ဤမျှလောက် ဇိမ်ကျသော အစားအစာမျိုးကို စားသုံးနိုင်စွမ်း ရှိကြပေသည်။ ဆိုင်၏ ဖောက်သည် အများစုမှာ ဂိုဏ်းများမှ ဖြစ်ရန် အလားအလာများလှသည်။ နစ်သည် ဝင်တာထံမှ ရရှိခဲ့သော ကတ်ပြားကို ထုတ်ယူကာ ကောင်တာပေါ်သို့ တင်လိုက်သည်။ ထိုကတ်ပြားကို မြင်လိုက်ရသောအခါ ဆိုင်ရှင်ဖြစ်သူမှာ ခါးသီးစွာ ပြုံးလိုက်မိသည်။
"ဆရာ... ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲမှာ ဘဏ်ကတ်တွေနဲ့ အရောင်းအဝယ် လုပ်လို့ မရပါဘူး..."
"ကျွန်တော်က ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲမှာ နေထိုင်တာဖြစ်လို့ ဘဏ်တွေဆီကနေ ကျန်နေတဲ့ ငွေတွေကို သွားထုတ်ယူခွင့် မရှိလို့ပါ…”
နစ်သည် သူ၏ လက်ထဲ၌ ဟင်းသီးဟင်းရွက်တုံး စွပ်ပြုတ်ပန်းကန်လုံးကို ကိုင်ကာ ဆိုင်ထဲမှ ထွက်လာခဲ့သည်။ နစ်က မိမိတွင် ပေးချေရန် ငွေမရှိကြောင်း သိလိုက်ရသဖြင့် အမှာစာကို ဖျက်သိမ်းလိုက်သောအခါ ဆိုင်ရှင်က ဤပန်းကန်အတွက် အခမဲ့ ကျွေးခြင်းဖြစ်ကြောင်း ပြောခဲ့သည်။
လက်တွေ့ကျသူ တစ်ယောက်အနေဖြင့် နစ်သည် ထိုကိစ္စနှင့် ပတ်သက်၍ မည်သည့်ပြဿနာမျှ မမြင်ခဲ့ဘဲ ဝမ်းသာအားရ လက်ခံလိုက်ခြင်း ဖြစ်သည်။
နစ်က ဆိုင်ရှင်အား အကူအညီတစ်စုံတစ်ရာ လိုအပ်လာပါက သူ့ကို လာရောက် အကူအညီ တောင်းနိုင်ကြောင်းလည်း ပြောခဲ့သေးသည်။
ဈေးထဲမှ ခပ်သွက်သွက် ထွက်ခွာလာပြီးနောက် နစ်သည် သူ၏ လက်ထဲရှိ ဟင်းသီးဟင်းရွက်တုံး စွပ်ပြုတ်ပန်းကန်လုံးကို အံ့ဩမင်သက်စွာ ကြည့်နေခဲ့သည်။
ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲတွင် လူများသည် အများအားဖြင့် အသားကိုသာ စားသုံးလေ့ရှိကြသည်။
ကြွက်၊ ကြောင်၊ ခွေး၊ အင်းဆက်ပိုးမွှားများနှင့် အခြားအရာများကို ဖြစ်သည်။
သို့သော်လည်း တစ်ခါတစ်ရံ၌ ဟင်းသီးဟင်းရွက်တုံးများကို စားသုံးရန်လည်း လိုအပ်ပေသည်။
ဟင်းသီးဟင်းရွက်တုံးများဆိုသည်မှာ အပြင်ဘက်မြို့တော် တွင် ဆက်လက်ရောင်းချ၍ မရနိုင်တော့သော ဟင်းသီးဟင်းရွက် အမျိုးမျိုးဖြင့် ပြုလုပ်ထားသည့် အစိမ်းရောင် အတုံးလေးများ ဖြစ်သည်။
ဟင်းသီးဟင်းရွက်များ စတင်ပုပ်သိုးလာသောအခါ ဆိုင်များက ၎င်းတို့ကို ဂိုဏ်းတစ်ခုခုထံသို့ ရောင်းချလိုက်ကြသည်။ ထိုဂိုဏ်းက ၎င်းတို့အားလုံးကို စုဆောင်းကာ မီးဖိုကြီးတစ်ခုခုထဲသို့ ပစ်ထည့်ပြီး ရေဓာတ် လုံးဝ ခန်းခြောက်သွားသည်အထိ ချက်ပြုတ်လိုက်ကြခြင်း ဖြစ်သည်။
အတုံးတစ်တုံးလျှင် ဂရမ်တစ်ရာခန့် အလေးချိန်ရှိပြီး ငွေကြေး တစ်ကျပ် ကျသင့်လေသည်။ ၎င်းက ဈေးကြီးလွန်းလှပေသည်။
ထိုအကြောင်းကြောင့် ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲရှိ လူများသည် တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ ၎င်းတို့ကို စားသုံးနိုင်ကြသည်။
အကယ်၍ မစားသုံးပါက အာဟာရချို့တဲ့ခြင်း၏ လက္ခဏာရပ် အသီးသီးကို စတင်ပြသလာမည် ဖြစ်သည်။
ဟင်းသီးဟင်းရွက်တုံး စွပ်ပြုတ်ပန်းကန်လုံးမှာ အညိုဖျော့ရောင် ရှိပြီး အပေါ်ယံ၌ စွပ်ပြုတ်အရည်နှင့် ကင်းကွာနေပုံရသော အဆီလွှာတစ်ခု ဖုံးအုပ်နေခဲ့သည်။
ဟင်းသီးဟင်းရွက်တုံးများသည် ချွဲကျိကျိနှင့် ပျော့တိပျော့ဖတ် အဖတ်လေးများအဖြစ် ပြောင်းလဲသွားပြီး အညိုဖျော့ရောင် စွပ်ပြုတ်ရည်ထဲ၌ ပေါလောပေါ်နေကြသည်။
စွပ်ပြုတ်ရည်ထဲ၌ ခြင်ပိုးလောက်လမ်း အချို့ကိုလည်း နစ်မြင်တွေ့နိုင်ခဲ့သည်။ ၎င်းတို့မှာ သာမန်ခြင်များ၏ ပိုးလောက်လမ်းများ မဟုတ်ဘဲ စပက်တာ တစ်ကောင်ဖြစ်သော ခြင် ၏ လက်အောက်ခံ ခြင်များထံမှ ပိုးလောက်လမ်းများ ဖြစ်ကြသည်။
စပက်တာ ၏ ခြင်များသည် ဆက်တိုက်ဆိုသလို ပေါက်ဖွားနေကြသည်။ သိသာထင်ရှားစွာပင် မည်သူကမျှ ထိုပိုးလောက်လမ်းများအား စားသုံးသွားသည်ကို စပက်တာ က ဂရုစိုက်ပုံမပေါ်ပေ။
အမှန်တကယ်တော့ ၎င်းတို့ကို ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲ၌ အများဆုံး တွေ့ရှိရပြီး ၎င်းတို့က ကျန်းမာရေးအတွက် အလွန်ကောင်းမွန်လေသည်။ သို့သော် ၎င်းတို့က ဈေးလည်းကြီးလှပေသည်။
ဤခြင်များမှ ရရှိသော ပိုးလောက်လမ်းများသည် သာမန်ခြင်များမှ ရရှိသော ပိုးလောက်လမ်းများထက် များစွာ ပိုမိုကြီးမားကြသည်။ တစ်ကောင်စီသည် ငါးစင်တီမီတာခန့်ပင် ရှည်လျားလေသည်။
စွပ်ပြုတ်ကို မြင်လိုက်ရသောအခါ သူသည် အလွန်တရာ အဆင့်မြင့်လှသော အစားအစာတစ်ခုကို ကိုင်ထားကြောင်း နစ်သိရှိလိုက်သည်။
‘ဒီဟာက ဒီလောက်ဈေးကြီးနေတာ မဆန်းပါဘူးလေ...'
နစ်က အံ့ဩတကြီး တွေးလိုက်သည်။
'သူ့ထဲမှာ ပိုးလောက်လမ်း လေးငါးကောင် ပါတယ်... ပြီးတော့ ဟင်းသီးဟင်းရွက်တုံးတွေကလည်း ၃၀၀ ဂရမ်လောက် ပါလိမ့်မယ်...'
'အဲဒါက နှစ်ရက် သုံးရက်လောက် စားဖို့အတွက် လုံလောက်တဲ့ အစားအစာပဲ...'
နစ်သည် ပန်းကန်လုံးကို နှုတ်ခမ်းဆီသို့ ဖြည်းညင်းစွာ တေ့လိုက်ပြီး နွေးထွေးသော စွပ်ပြုတ်ရည်ကို သောက်လိုက်သည်။
အဆီများက ရေနှင့် ကွဲကွာနေပြီး ပိုးလောက်လမ်းများတွင်မူ ခါးသက်သက်နှင့် သတ္တုအရသာမျိုး ရှိနေခဲ့သည်။ ဟင်းသီးဟင်းရွက်များ၏ ဝေးကွာနေသော အရသာကိုလည်း မသိမသာ ခံစားရနိုင်ပေသည်။
နစ်သည် ပျော်ရွှင်ကြည်နူးစွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။
အလွန်အံ့မခန်းပင် ဖြစ်သည်။
သူ၏ ဘဝတစ်သက်တာတွင် ဤမျှလောက် အရသာရှိသော အစားအစာကို တစ်ခါမျှ မစားဖူးခဲ့ချေ။
'နေပါဦး... ဒီပြင်းထန်တဲ့ အရသာက ဘာလဲ... ငါ အတိအကျ မပြောနိုင်ပါလား...'
'နေဦး... အဲဒါက သံချေးလျက်ခဲ လား...'
မြို့တော်၏ အစွန်အဖျားအနီး၌ ရှိနေသော ကျောက်တုံးကြီးတစ်ခု၏ ပုံရိပ်က နစ်၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ထိုကျောက်တုံးကြီးကို ခေါင်းမူးခြင်း၊ ပျို့အန်ခြင်းနှင့် အန်ခြင်းတို့ကို ဖြစ်ပေါ်စေသော အထူးအခြေအနေအချို့ကို ကုသပေးနိုင်သည့် မှော်ဆန်သော ဓာတ်သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
လူများအနေဖြင့် ထိုကျောက်တုံးကို အနည်းငယ်မျှ လျက်လိုက်ရုံဖြင့် နေလို့ထိုင်လို့ ပိုကောင်းသွားမည် ဖြစ်လေသည်။
လူအချို့က ထိုအရာကို ဆား ဟု ခေါ်ဆိုကြသည်ကို နစ်ကြားဖူးခဲ့သည်။ သို့သော်လည်း လူများက ၎င်းကို ညစ်ပတ်သော ကျောက်တုံးပေါ်မှ လျက်ယူလေ့ရှိကြသောကြောင့် သံချေးလျက်ခဲ ဟုသာ အများအားဖြင့် လူသိများလေသည်။
'သံချေးလျက်ခဲ ကို စွပ်ပြုတ်ထဲ ထည့်လိုက်တာပဲ... ဒါ တကယ့် ပါရမီရှင် အကြံဉာဏ်ပဲ...'
နစ်တွေးလိုက်သည်။
'အရသာက အရမ်းကို အံ့မခန်းပဲ...'
နောက်တစ်နာရီကျော်ကြာသောအခါ နစ်သည် စွပ်ပြုတ်ရည်ကို ဖြည်းညင်းစွာ သောက်သုံး၍ ပြီးဆုံးသွားခဲ့သည်။ ထိုအခါ သူသည် အလွန်တရာ နေလို့ထိုင်လို့ ကောင်းသွားသည်ဟု ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်က မည်မျှပျော်ရွှင်နေကြောင်းကို သူ့အား ပြောပြနေသည့်အလား နစ်ခံစားနေခဲ့ရသည်။
'ဒါကမှ ဘဝပဲ...'
နစ်က ကျေနပ်အားရစွာ တွေးလိုက်သည်။
'ဒီစွပ်ပြုတ်ကိုသာ နေ့တိုင်း စားရမယ်ဆိုရင် ငါ သေပျော်ပါပြီ...'
ခဏအကြာတွင် နစ်သည် သမ်းဝေလိုက်သည်။
'ဝါး... အခုတော့ ငါ ပင်ပန်းလာပြီ... အိမ်ပြန်ပြီး အိပ်တာ အကောင်းဆုံးပဲ ထင်တယ်...'
နစ်သည် အကြောဆန့်လိုက်ပြီး အိမ်ပြန်ရန် လှည့်ထွက်သွားခဲ့သည်။
အိမ်သို့ ရောက်ရှိပြီးနောက် နစ်သည် သူ၏ အခန်းထဲသို့ ဝင်သွားခဲ့သည်။ ထို့နောက် သံချေးကင်းစင်နေသော သူ၏ သက်တောင့်သက်သာ သတ္တုပြားအိပ်ရာပေါ်သို့ လဲကျသွားခဲ့သည်။
အိပ်စက်ခြင်း၏ သက်တောင့်သက်သာရှိသော ပွေ့ဖက်မှုက သူ့ကို လွှမ်းခြုံသွားသည်ဟု ခံစားလိုက်ရသောအခါ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အနားရသွားခဲ့လေသည်။
နာရီအတော်ကြာပြီးနောက် နစ်သည် တစ်ဖန် ပြန်လည်နိုးထလာခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် လန်းဆန်းတက်ကြွနေသည်ဟု ခံစားရလေသည်။ သူသည် အလွန်ကောင်းမွန်စွာ အိပ်ပျော်ခဲ့ခြင်း ဖြစ်သည်။
နိုးထလာပြီးနောက် သူသည် သက်သောင့်သက်သာဖြင့် သူ၏ နောက်စေ့ကို ဖြည်းညင်းစွာ ကုတ်လိုက်သည်။
'ဝါး... အတော်လေး နေလို့ကောင်းတာပဲ...'
သမ်းဝေရင်း သူ တွေးလိုက်သည်။
'ဒါနဲ့... ဒီနေ့ ငါ ဘာလုပ်ရမလဲ...'
အချိန်အနည်းငယ်ကြာ စဉ်းစားပြီးနောက် နစ်သည် အပြင်ဘက်မြို့တော် ကို သွားရောက်လေ့လာရန် ဆုံးဖြတ်လိုက်သည်။
တစ်နေ့တာလုံး နစ်သည် အပြင်ဘက်မြို့တော် ၌ လည်ပတ်ကြည့်ရှုနေခဲ့သည်။ ထိုမှတစ်ဆင့် သူသည် အရာများစွာကို လေ့လာသင်ယူနိုင်ခဲ့သည်။
ဥပမာအားဖြင့် မတူညီသော ဆိုင်အမျိုးအစား မည်မျှများပြားကြောင်းကို သူ သိရှိသွားခဲ့သည်။
အမှန်တကယ်ပင် ကြည့်ကောင်းရန်မှလွဲ၍ အခြားမည်သည့် အသုံးဝင်မှုမျှမရှိသော တန်ဖိုးကြီး ကျောက်တုံးများကို ရောင်းချသည့် ဆိုင်များပင် ရှိနေခဲ့သည်။
၎င်းက ရူးသွပ်မှုတစ်ခုပင် ဖြစ်သည်။
ကျောက်တုံးတစ်တုံးကို မိမိနှင့်အတူ သယ်ဆောင်သွားရန်အတွက် မည်သူက ငွေပေးပြီး ဝယ်ယူမည်နည်း။
ထို့အပြင် မိမိ၏ အိမ်အဖြစ် သတ်မှတ်စရာမလိုဘဲ အိပ်စက်နိုင်သော နေရာများ ရှိကြောင်းကိုလည်း နစ်သိရှိခဲ့ရသေးသည်။
ထိုနေရာများကို ဟိုတယ်များ ဟု ခေါ်ဆိုကြသည်။
ဆင်ခြေဖုံးရပ်ကွက်ကြီးတွင် လူဦးရေထက် အိမ်အရေအတွက်က ပိုမိုများပြားသဖြင့် ဟိုတယ်များ ရှိမနေခဲ့ပေ။ သို့သော် အပြင်ဘက်မြို့တော် တွင်တော့ ထိုသို့မဟုတ်ခဲ့ချေ။
ဟိုတယ်များအကြောင်းကို သိရှိသွားပြီးနောက် နစ်သည် နှစ်ရက်သုံးရက်ခန့် အခန်းတစ်ခန်း ငှားရမ်းရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ဟိုရူဝါကိုလည်း သူနှင့်အတူ ခေါ်လာခဲ့သည်။
နစ်သည် သူ၏ အချိန်များအားလုံးကို တစ်ယောက်တည်း မဖြတ်သန်းချင်ခဲ့ပေ။ ထို့အပြင် သူနှင့် ရင်းနှီးကျွမ်းဝင်သော သူတစ်ဦးဦးကိုလည်း သူနှင့်အတူ ရှိနေစေချင်ခဲ့သည်။
နစ်သည် စားသောက်ဆိုင် အတော်များများသို့ပင် ဝင်ရောက်ခဲ့သေးသည်။ သို့သော် မည်သည့်ဆိုင်တွင်မျှ သူ မစားသောက်ခဲ့ပေ။
အစားအစာ နည်းနည်းလေးအတွက် ဈေးနှုန်းများက ရယ်စရာကောင်းလောက်အောင် များပြားနေခဲ့သည်။
အသား ၁၅၀ ဂရမ်အတွက် ငွေကြေး တစ်ဆယ်တဲ့လား။
ပိုးကောင်အနည်းငယ်ကို ခြေထောက်ဖြင့် နင်းချေလိုက်ရုံဖြင့် ထိုအရာကို သူ အခမဲ့ ရရှိနိုင်သည် မဟုတ်ပါလော။
ယမန်နေ့က သူစားခဲ့သော စွပ်ပြုတ်မှာ အရည်အပါအဝင်ဆိုလျှင် တစ်ကီလိုဂရမ် နီးပါး အလေးချိန်ရှိသည်။ ၎င်းတွင် ပါဝင်သော ပါဝင်ပစ္စည်းများမှာလည်း ဂရမ် ၄၀၀ ကျော်ပင် ရှိနေခဲ့သည်။
နောက်ဆုံးတွင် နစ်သည် ဘဏ်တစ်ခုမှ လက်ဆုပ်လက်ကိုင်ပြနိုင်သော ငွေကြေး အချို့ကို ထုတ်ယူလိုက်သည်။ ထို့နောက် ဟိုရူဝါနှင့်အတူ ဟင်းသီးဟင်းရွက်တုံး စွပ်ပြုတ်ကိုသာ ထပ်မံ စားသောက်ခဲ့လေသည်။
နောက်တစ်နေ့တွင်လည်း နစ်နှင့် ဟိုရူဝါတို့သည် အပြင်ဘက်မြို့တော် ကို ထပ်မံ လှည့်လည်ကြည့်ရှုခဲ့ကြသည်။
နောက်ဆုံးတွင်တော့ အလုပ်ပြန်ဝင်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့လေပြီ။
ဟိုရူဝါအနေဖြင့် ဒရီမာနှင့်အတူ အလုပ်လုပ်ရမည့် အချိန်ကျရောက်လာပြီ ဖြစ်သည်။
***