← Chapters

အခန်း ၅၃

Vol. 4 Ch. 53

အခန်း ၅၃

Vol. 4 Ch. 53

အပိုင်း(၅၃)

ဝင်တာ့၏ စကားကို နားထောင်ရင်း နစ်ရင်ဘတ် တစ်ခုလုံး တင်းကျပ်သွားသလို ခံစားလိုက်ရသည်။ သေဆုံးနေသော ဟိုရူဝါ၏ ပုံရိပ်က သူ၏ စိတ်ထဲသို့ ဖြတ်ပြေးသွားခဲ့သည်။

"သူနဲ့ ကျွန်တော် ထပ်ပြီး စကားပြောဖို့ လိုတယ်..."

နစ်က ပြောလိုက်သည်။

"ကောင်းပြီလေ..."

ဝင်တာက ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေသည်။

"မင်း သူ့ကို အလုပ်ခန့်ဖို့ ဆုံးဖြတ်လိုက်ရင် ငါ့ကို ပြောပါ... ငါ မင်းကို ငါတို့ရဲ့ ပုံမှန်စာချုပ် ပေးပါ့မယ်..."

"သူက ဒရီမာအကြောင်း ဒါမှမဟုတ် အဲဒါကို ငါတို့ ဘယ်လိုရလာခဲ့လဲဆိုတာ သိလား..."

နစ်က ခေါင်းခါရမ်းလိုက်သည်။

"မသိဘူး..."

အကြောင်းတစ်ခုခုကြောင့် ဝင်တာ၏ မျက်လုံးများ၌ စိတ်သက်သာရာရသွားသည့် အရိပ်အယောင်များ ပေါ်လာသယောင် ရှိသည်။

"ကောင်းတယ်..."

နောက်တစ်ခဏတွင် သူတို့နှစ်ဦးသည် ထိန်းသိမ်းရေးအခန်း ၏ အရှေ့ဘက်သို့ ပြန်လည်လျှောက်လာခဲ့ကြသည်။ ဝင်တာသည် သူ၏ စားပွဲဆီသို့ ပြန်သွားခဲ့ပြီး နစ်ကမူ ဟိုရူဝါရှိရာသို့ သွားလိုက်သည်။ ဟိုရူဝါသည် နစ်ကို စိုးရိမ်တကြီးဖြင့် ကြည့်နေခဲ့သည်။

"နားထောင် ဟိုရူဝါ..."

နစ်က ပြောသည်။

"ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာဖို့ဆိုတာ အန္တရာယ်ကင်းတဲ့ အလုပ်တစ်ခု မဟုတ်ဘူးဆိုတာ မင်းကို သိစေချင်တယ်..."

"မင်းသာ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် အချိန်တိုအတွင်းမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ နာကျင်မှုတွေကို မင်း ခံစားရနိုင်တယ်..."

"နာကျင်မှုက အရမ်းဆိုးရွားလွန်းလို့ မင်း သေတောင် သေသွားနိုင်တယ်..."

ထိုစကားကို ကြားသောအခါ ဟိုရူဝါသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။

"မင်း အသက်ရှင်မယ်လို့ အာမခံချက် မရှိဘူး ဟိုရူဝါ..."

နစ်က လေးနက်သော မျက်နှာအမူအရာဖြင့် ပြောသည်။

"ဒါပေမဲ့ မင်းသာ အသက်ရှင်အောင် နေနိုင်ခဲ့မယ်ဆိုရင် ဒီနေရာမှာ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာလိမ့်မယ်..."

"ဒါပေမဲ့ မင်း သေလည်း သေသွားနိုင်တယ်..."

"ဒီနေရာမှာ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာဖို့ မင်း တကယ် သေချာရဲ့လား... နောက်ပြန်ဆုတ်ဖို့ အချိန်မနှောင်းသေးဘူးနော်..."

နစ်က လေးနက်စွာ ပြောလိုက်သည်။ ဟိုရူဝါသည် မြေပြင်ကို ကြည့်ကာ အတော်လေး စိုးရိမ်နေပုံပေါ်သည်။ သဘာဝကျစွာပင် သူသည် အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။

"ကျွန်တော် လုပ်မယ်..."

ဟိုရူဝါက နစ်၏ မျက်လုံးများကို မျှော်လင့်ချက်မဲ့စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲမှာ ကျွန်တော့်အတွက် ဘာမှ မကျန်တော့ဘူး..."

"ကျွန်တော့် မိဘတွေလည်း သေသွားပြီ..."

"ကျွန်တော့်မှာ မောင်နှမလည်း တစ်ခါမှ မရှိခဲ့ဘူး..."

"ကျွန်တော့်မှာ မိသားစု မရှိဘူး..."

"အစ်ကိုကလွဲရင် ကျွန်တော့်မှာ သူငယ်ချင်းဆိုတာလည်း မရှိဘူး..."

"အခု မလုပ်ရင် ဘယ်တော့မှ လုပ်ဖြစ်တော့မှာ မဟုတ်ဘူး..."

"နစ်... ကျွန်တော့် ဘဝအတွက် တစ်ခုခုကို ဖြစ်မြောက်အောင် လုပ်ချင်တယ်..."

နစ်သည် ဟိုရူဝါကို လေးနက်သော မျက်နှာအမူအရာဖြင့် ဆက်လက်စိုက်ကြည့်နေခဲ့သည်။

"မင်း သေချာလို့လား..."

သူက ထပ်မေးလိုက်သည်။

"ကျွန်တော် သေချာပါတယ်..."

ဟိုရူဝါက ပြန်ဖြေသည်။

"ကျွန်တော်က သန်မာတယ်... ပြီးတော့ ကျွန်တော့်မှာ စိတ်ဓာတ်ခွန်အားတွေ အများကြီး ရှိတယ်... နာကျင်မှုကို ကျွန်တော် ခံနိုင်ရည်ရှိပါတယ်..."

စက္ကန့်အနည်းငယ် ကုန်လွန်သွားခဲ့သည်။

ထို့နောက် နစ်က ခေါင်းညိတ်လိုက်သည်။

"ဝင်တာ... ကျွန်တော့်ကို စာချုပ် ပေးပါ…”

ဝင်တာသည် ဟိုရူဝါကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ ထို့နောက် နစ်ထံသို့ စာရွက်နှစ်ရွက် ကမ်းပေးလိုက်သည်။

ယင်းတို့အနက် တစ်ရွက်မှာ ကုမ္ပဏီ၏ လျှို့ဝှက်ချက်များကို ဟိုရူဝါအနေဖြင့် မည်သူ့ကိုမျှ မပြောပြစေရန် အာမခံထားသော လျှို့ဝှက်ချက်ထိန်းသိမ်းရေး သဘောတူစာချုပ် ဖြစ်သည်။ အခြားတစ်ရွက်မှာမူ ဝန်ထမ်းခန့်အပ်မှု စာချုပ်ဖြစ်သည်။

နစ်သည် ထိုစာချုပ်ကို ယူလိုက်ပြီး ဟိုရူဝါအား စတင်ဖတ်ပြလေသည်။

"အစ်ကို ကျွန်တော့်ကို ဖတ်ပြစရာ မလိုပါဘူး... ကျွန်တော့်ဘာသာကျွန်တော် ဖတ်တတ်ပါတယ်..."

ဟိုရူဝါက ပြောသည်။

နစ်၏ မျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်သွားခဲ့သည်။

"မင်း စာဖတ်တတ်တယ်..."

သူက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

ဟိုရူဝါက ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော် ငယ်ငယ်တုန်းက ဖေဖေ သင်ပေးခဲ့တာပါ..."

"အင်း... ကောင်းပြီလေ..."

နစ်က စာချုပ်ကို လှမ်းပေးရင်း ပြောလိုက်သည်။

ဟိုရူဝါသည် စာရွက်ပေါ်ရှိ အရာအားလုံးကို မိနစ်အနည်းငယ်အတွင်း ဖတ်ရှုပြီးစီးသွားကာ ခေါင်းညိတ်လိုက်သည်။

နောက်တစ်ခဏတွင် သူသည် ထိုစာချုပ်ပေါ်၌ လက်မှတ်ရေးထိုးလိုက်လေသည်။

"မင်းမှာ မေးစရာ ဘာမေးခွန်းမှ မရှိဘူးလား..."

နစ်က အံ့သြစွာဖြင့် မေးလိုက်သည်။

"ကျွန်တော်က အချက်အလက်တွေကို ဘယ်သူ့ကိုမှ မပြောပြရဘူး... အဲဒါပဲ မဟုတ်လား..."

ဟိုရူဝါက မေးလိုက်သည်။

"အေး... ဟုတ်တယ်... အဲဒီလောက်ပါပဲ..."

နစ်က ဖြေသည်။

ဟိုရူဝါက ခေါင်းညိတ်လိုက်ပြီး ဝန်ထမ်းခန့်အပ်မှု စာချုပ်ကို ယူလိုက်သည်။ ယင်းကို ဖတ်ရှုပြီးနောက် ဟိုရူဝါအံ့အားသင့်သွားခဲ့သည်။

"ကျွန်တော် ထုတ်လုပ်နိုင်သမျှရဲ့ ၁၀ ရာခိုင်နှုန်းကို ကျွန်တော် ရမှာလား..."

သူက မေးလိုက်သည်။

"အဲဒါက တော်တော်များတဲ့ ငွေကြေးတွေ မဟုတ်ဘူးလား..."

ထိုစာချုပ်မှာ မိမိ၏ စာချုပ်နှင့် ကွာခြားနေသောကြောင့် နစ်သည်လည်း ဝင်ရောက်ကြည့်ရှုလိုက်သည်။ သေချာပေါက်ပင် ဟိုရူဝါသည် သူထုတ်လုပ်သမျှ၏ ၁၀ ရာခိုင်နှုန်းကို ရရှိမည်ဖြစ်သည်။

ဆိုလိုသည်မှာ သူသည် ဒရီမာနှင့် အလုပ်လုပ်သည့် တစ်ကြိမ်လျှင် ငွေကြေး ၅၀၀ ရရှိမည် ဖြစ်သည်။

နစ်သည် ဝင်ငွေခွဲဝေမှု အတိအကျနှင့် ပတ်သက်၍ ဝင်တာကို မေးမြန်းလိုက်သည်။

"အမှုဆောင်အရာရှိချုပ်နဲ့ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ငါက ၂၀ ရာခိုင်နှုန်း ရတယ်..."

ဝင်တာက ပြောသည်။

"၁၀ ရာခိုင်နှုန်းက မင်းအတွက်..."

"နောက် ၁၀ ရာခိုင်နှုန်းက အရာအားလုံးကို ထုတ်လုပ်ပေးခဲ့တဲ့ သက်ဆိုင်ရာ ဇီဖစ်စွမ်းအင် ထုတ်ယူသူ ဆီကို သွားမယ်..."

"ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကတော့ ကုမ္ပဏီရဲ့ ရန်ပုံငွေအဖြစ် သွားလိမ့်မယ်..."

အစပိုင်းတွင် နစ်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ဟိုရူဝါက ၁၀ ရာခိုင်နှုန်းရပြီး သူကလည်း ၁၀ ရာခိုင်နှုန်းသာ ရမည်ဆိုလျှင် သူသည် ဟိုရူဝါနှင့် တန်းတူသာ ဝင်ငွေရရှိမည် မဟုတ်ပါလော။

သူက ဇီဖစ်စွမ်းအင် ထုတ်ယူသူ အကြီးအကဲ မဟုတ်ဘူးလော...။

သို့သော် ထိုအခါမှသာ သူသည် ဘာမှလုပ်စရာမလိုဘဲ ငွေရမည်ဖြစ်ကြောင်းကို နစ်သဘောပေါက်သွားခဲ့သည်။

အကယ်၍ သူကိုယ်တိုင် ဒရီမာနှင့် အလုပ်လုပ်မည်ဆိုပါက သူသည် ဝင်တာနှင့် တန်းတူ ဝင်ငွေရရှိမည် ဖြစ်သည်။

'ဒါဆို ငါ့ဆီမှာ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တွေ ပိုများလာရင် ငါလည်း ငွေတွေ ပိုရလာမှာပေါ့... ငါ့အလုပ်ကို တခြားသူတွေက ဝင်လုပ်ပေးနေသလိုပဲ...'

မည်သို့ပင်ဆိုစေကာမူ နစ်သည် ထိုအချက်ကို အလွန်အမင်း သက်သောင့်သက်သာ မခံစားရပေ။

'အခြေခံအားဖြင့်ပြောရရင် ငါက ဘာမှမလုပ်ဘဲ တစ်ယောက်ယောက်ဆီကနေ ငွေကို ယူနေတာပဲ... အဲဒါက ခိုးယူတာနဲ့ မတူဘူးလား... ဆိုလိုတာက ငါ ဘာမှမှ မလုပ်ရတာ...'

နစ်သည် ထိန်းသိမ်းရေးအခန်း ကို လှမ်းကြည့်လိုက်သည်။

'ဒါပေမဲ့ ဒရီမာနဲ့ ဘယ်လို အလုပ်လုပ်ရမလဲ ဆိုတဲ့ နည်းလမ်းကို ငါ ရှာဖွေတွေ့ရှိခဲ့တာပဲ... ပြီးတော့ သူ့ကို ညှိနှိုင်းဆွေးနွေးခဲ့တာလည်း ငါကိုယ်တိုင်ပဲလေ...'

'ဒါဆို တစ်နည်းအားဖြင့် တွေးကြည့်ရင် ငါ တကယ်ပဲ တစ်ခုခု လုပ်ခဲ့တာပေါ့...'

နစ်သည် မသေချာမရေရာမှုဖြင့် တွေးလိုက်သည်။

'မသိတော့ပါဘူးလေ... အင်း... ကောင်းပါပြီ... ဒါပေမဲ့ နည်းနည်းတော့ ထူးဆန်းနေသလို ခံစားရတုန်းပဲ...'

သူ နောက်စေ့ကို အနေရခက်စွာ ကုတ်ရင်း သူ တွေးလိုက်သည်။

နောက်ဆုံးတွင် နစ်သည် ထိုကိုယ်ကျင့်တရားပိုင်းဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများအားလုံးကို တွေးတောနေခြင်းမှ ရပ်တန့်လိုက်သည်။ ထို့နောက် ဟိုရူဝါဝန်ထမ်းခန့်အပ်မှု စာချုပ်ပေါ်၌ လက်မှတ်ရေးထိုးနေသည်ကိုသာ ကြည့်နေလိုက်တော့သည်။

"ကောင်းတယ်..."

နစ်က တောက်ပစွာ ပြုံးလျက် ပြောလိုက်သည်။ ထို့နောက် လက်မှတ်ရေးထိုးထားသော စာချုပ်ကို ဝင်တာထံသို့ ကမ်းပေးလိုက်သည်။ ဝင်တာသည် ထိုစာချုပ်ကို သူ၏ ကုလားထိုင်ဘေးရှိ လက်ဆွဲအိတ်တစ်ခုထဲသို့ စကားတစ်ခွန်းမျှမဆိုဘဲ ထည့်သွင်းလိုက်သည်။

"အခု မင်းက ငါ့ရဲ့ တရားဝင် ဝန်ထမ်းတစ်ယောက် ဖြစ်သွားပြီ..."

နစ်က တောက်ပသော အပြုံးဖြင့် ပြောလိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ် သူဌေး..."

ဟိုရူဝါက လန်းဆန်းသော အသံဖြင့် အော်ပြောလိုက်ပြီး ချစ်စရာကောင်းစွာဖြင့် အလေးပြုလိုက်သည်။ နစ်သည် ဟိုရူဝါ၏ ခေါင်းပေါ်သို့ လက်တင်ကာ သူ၏ ဆံပင်များကို အနည်းငယ် ဆွဲဖွလိုက်သည်။

"ကောင်းပြီလေ... ဒါဆိုရင် ဒီမှာ ငါတို့ ဘာလုပ်ကြလဲဆိုတာရယ် မင်းရဲ့အလုပ်က ဘာဖြစ်မလဲဆိုတာရယ်ကို ငါ ပြောပြမယ်..."

ဟိုရူဝါက ခေါင်းညိတ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် နားထောင်နေခဲ့သည်။ နောက်လာမည့် မိနစ်များအတွင်း နစ်သည် ဒရီမာနှင့် ပတ်သက်၍ သူသိသမျှ အရာအားလုံးကို ဟိုရူဝါအား ပြောပြခဲ့လေသည်။

***

All Chapters