← Chapters

အခန်း ၅၄

Vol. 4 Ch. 54

အခန်း ၅၄

Vol. 4 Ch. 54

အပိုင်း(၅၄)

"ဒါဆို ကျွန်တော်က သူ့ဘေးမှာ အိပ်နေရုံပဲလား..."

ဟိုရူဝါက အံ့သြစွာဖြင့် မေးလိုက်သည်။ သူ၏ အလုပ်သည် အိပ်စက်ရုံသက်သက်ထက် များစွာ ပိုမိုခက်ခဲလိမ့်မည်ဟု ဟိုရူဝါတွေးထင်ထားခဲ့ခြင်း ဖြစ်သည်။

"ဟုတ်တယ်..."

နစ်က ပြုံးရင်း ပြောလိုက်သည်။

"ဒရီမာက မင်းကို အိပ်ပျော်အောင်တောင် ကူညီပေးဦးမှာ..."

"ဒါပေမဲ့ မင်း သတိတော့ ထားရမယ်... ဘာပဲဖြစ်ဖြစ် သူက စပက်တာ တစ်ကောင်လေ..."

ဟိုရူဝါက မျက်တောင်ခတ်လိုက်သည်။

"နစ်... တကယ်လို့ သူက ကျွန်တော့်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ရင် ကျွန်တော် ဘာလုပ်ရမလဲ..."

နစ်သည် ခေတ္တမျှ အဖြေမပေးနိုင်ခဲ့ပေ။

မှန်ပေသည်။ ဟိုရူဝါက ဘာလုပ်ရမည်နည်း။

ဒရီမာသာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပါက နစ်ကိုယ်တိုင်ပင် သေဆုံးသွားနိုင်ပေသည်။

သေးငယ်သော ဟိုရူဝါကရော ဘာလုပ်နိုင်မည်နည်း။

"အင်း... အဲဒီလို ဖြစ်လာမှာ မဟုတ်ပါဘူးလေ..."

နစ်က အနည်းငယ် စိုးရိမ်တကြီး ရယ်မောရင်း ပြောလိုက်သည်။

"မင်းကို ဒီတိုင်း သတ်ပစ်လို့ မရဘူးဆိုတာကို သူ အတိအကျ သိပါတယ်... မင်းကို သတ်လိုက်တာက သူ့အတွက် အကျိုးရှိမှာ မဟုတ်ဘူးလေ..."

ဟိုရူဝါသည် ထပ်မံ၍ စိုးရိမ်သွားပုံရသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းကို မိတ်ဆက်ပေးသင့်တယ်လို့ ထင်တယ်..."

ထိန်းသိမ်းရေးအခန်း ရှိရာသို့ လျှောက်သွားရင်း နစ်က ပြောလိုက်သည်။

"ဘယ်သူ့ထံလဲ..."

ဟိုရူဝါက မေးလိုက်သည်။

"ဘယ်သူ့ထံ..."

နစ်က ပြန်မေးလိုက်သည်။

"မင်းက ဘယ်သူ့ဆီကိုလဲ လို့ ဆိုလိုချင်တာလား..."

"မဟုတ်ဘူး... ဘယ်သူ့ထံ လို့ သုံးရတာ..."

ဟိုရူဝါက ပြန်ဖြေသည်။

"အစ်ကိုက ကျွန်တော့်ကို ဘယ်သူ့ထံ မိတ်ဆက်ပေးမလို့လဲ..."

"ဘာ... ဘာဖြစ်လို့လဲ... ဘယ်သူ့ထံကို ဆိုတာက ဘာစကားကြီးလဲ..."

နစ်က မေးလိုက်သည်။

"ကျွန်တော်လည်း မသိဘူး... ဒါပေမဲ့ ကျွန်တော့် ဖေဖေ က အမြဲတမ်း အဲဒီလို ပြင်ပေးလေ့ရှိတယ်..."

ဟိုရူဝါက ပြောသည်။

"ထားပါတော့... ဘယ်သူ့ထံကို မိတ်ဆက်ပေးမှာလဲ..."

"ဒရီမာဆီကိုလေ..."

နစ်က ပြောသည်။

"နေပါဦး... ဘာ... အခုချက်ချင်းကြီးလား..."

ဟိုရူဝါက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

နစ်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်..."

ဟိုရူဝါသည် ပတ်ဝန်းကျင်ကို ကြောက်ရွံ့စွာ ဟိုဟိုဒီဒီ ကြည့်လိုက်သော်လည်း နောက်ဆုံးတွင်တော့ နစ်၏ နောက်မှ လိုက်ပါသွားခဲ့သည်။

"အင်း... အစ်ကိုက သူဌေးပဲလေ..."

နစ်သည် ခေါင်းညိတ်လိုက်ပြီး ထိန်းသိမ်းရေးအခန်း ၏ ဝန်ထမ်းအဝင်အထွက်တံခါးကို ဖွင့်လိုက်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် နစ်နှင့် ဟိုရူဝါတို့သည် ထိန်းသိမ်းရေးအခန်း အတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။

ဟိုရူဝါသည် နစ်၏ အနောက်ဘက် အနည်းငယ်အကွာ၌ မတ်တပ်ရပ်နေခဲ့သည်။ သို့သော် နစ်၏ ကိုယ်လုံးဘေးမှတစ်ဆင့် ကျော်ကြည့်လိုက်သောအခါ ဒရီမာကို သူ မြင်တွေ့နိုင်ခဲ့သည်။

အမည်းရောင် ဇီးကွက်သည် အခန်း၏ ထောင့်တစ်နေရာ၌ မတ်တပ်ရပ်ကာ နစ်၏ မျက်လုံးများထဲသို့ စိုက်ကြည့်နေခဲ့သည်။

နစ်သည် သူ၏ မျက်လုံးများကို မှေးကာ ဒရီမာကို ပြန်လည်စိုက်ကြည့်နေခဲ့သည်။

ခဏအကြာတွင် ဒရီမာသည် ၎င်း၏ ခေါင်းကို လှည့်ကာ ဟိုရူဝါကို ကြည့်လိုက်သည်။ ဒရီမာက သူ့ကို ကြည့်လိုက်သည်ကို မြင်သောအခါ အေးစက်သော ထိတ်လန့်ကြောက်ရွံ့မှုတစ်ခုက ဟိုရူဝါ၏ ခန္ဓာကိုယ်ကို တုန်လှုပ်သွားစေခဲ့သည်။

ဒီမျက်လုံးတွေ...

အကြောင်းတစ်ခုခုကြောင့် သူ သေရတော့မည်ဟု ဟိုရူဝါခံစားလိုက်ရသည်။

သည်အရာကြီးက အန္တရာယ်များလွန်းသည်။

သူ ထွက်သွားမှ ရမည်။

သူ ထွက်ပြေးမှ ရမည်။

နစ်သည် ဟိုရူဝါ၏ တုံ့ပြန်မှုကို သတိပြုမိသွားပြီး သူ ထွက်မပြေးနိုင်မီ သူ၏ လက်မောင်းကို ဖမ်းဆွဲထားလိုက်သည်။

ဟိုရူဝါသည် သူ၏ ခန္ဓာကိုယ်ကို အနောက်သို့ ဆုတ်ခွာထားကာ အမြန်ဆုံး ထွက်ပြေးနိုင်ရန် အသင့်ပြင်ထားလျက် ဒရီမာကိုသာ ဆက်လက်စိုက်ကြည့်နေခဲ့သည်။

ဒရီမာသည် မည်သည့်တုံ့ပြန်မှုမျှ မပြသခဲ့ပေ။

"ဟိုရူဝါ..."

နစ်က ခပ်ကြမ်းကြမ်း အော်ခေါ်လိုက်သည်။ ဟိုရူဝါ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားခဲ့ပြီး သူ၏ ထိတ်လန့်နေသော မျက်လုံးများက နစ်ကို လှမ်းကြည့်လာခဲ့သည်။

"မင်းက အခု ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်နေပြီ... မင်း သတ္တိရှိရမယ် ပြီးတော့ အန္တရာယ်ကို ရင်ဆိုင်ရဲရမယ်..."

ဟိုရူဝါက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သို့သော်လည်း ဒရီမာကို သူ ထပ်မံကြည့်လိုက်သောအခါ သူ၏ အကြောက်တရားများက နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာခဲ့သည်။ ထို့နောက် နစ်၏ အုပ်ကိုင်ထားမှုမှ ရုန်းထွက်ရန် ကြိုးစားလေတော့သည်။

"ဟိုရူဝါ... ဘာတွေဖြစ်နေတာ... အား..."

ဟိုရူဝါက နစ်၏ လက်ကို ကိုက်လိုက်သဖြင့် နစ်၏ မေးခွန်းမှာ ပြတ်တောက်သွားခဲ့ရသည်။

နစ်သည် ဟိုရူဝါကို လွှတ်ပေးလိုက်ရသည်။ ဟိုရူဝါသည် ထိန်းသိမ်းရေးအခန်း ထဲမှနေ၍ ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့လေသည်။

နစ်သည် မျက်မှောင်ကြုတ်လိုက်ပြီး သွေးအနည်းငယ် ထွက်နေသော သူ၏ လက်ကို ကြည့်လိုက်သည်။

'သူ ဘာတွေဖြစ်နေတာလဲ...'

နစ်တွေးလိုက်သည်။ ထို့နောက် သူ ဒရီမာကို ကြည့်လိုက်သည်။ ဒရီမာကလည်း ပြန်လည်ကြည့်နေခဲ့သည်။

"ငါ မကြာခင် ပြန်လာခဲ့မယ်..."

ထို့နောက် နစ်သည် ထိန်းသိမ်းရေးအခန်း ထဲမှ လျှောက်ထွက်သွားခဲ့လေတော့သည်။

"ဟိုရူဝါ..."

နစ်က အနီးသို့ ပြေးသွားရင်း ဒေါသတကြီး အော်ခေါ်လိုက်သည်။ နစ်၏ ဒေါသထွက်နေသော အသံကို ကြားလိုက်ရသောအခါ ဟိုရူဝါ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီးနောက် အေးခဲသွားခဲ့သည်။

နစ်သည် ဟိုရူဝါ၏ နောက်သို့ အလျင်အမြန် ရောက်ရှိလာပြီး သူ့ဘက်သို့ မျက်နှာမူရန် အတင်းအကျပ် လှည့်လိုက်သည်။ ဟိုရူဝါသည် နစ်၏ မျက်လုံးများကို ထိတ်လန့်တကြား ကြည့်နေခဲ့သည်။

"မင်း ဘာဖြစ်နေတာလဲ..."

နစ်က အော်ပြောလိုက်သည်။

"ကျွ... ကျွန်... ကျွန်တော်..."

ဟိုရူဝါက စကားထစ်နေခဲ့သည်။

"ဟင့်အင်း... မလုပ်ဘူး... ကျွန်တော် မလုပ်နိုင်ဘူး..."

"ဟိုရူဝါ..."

နစ်က ထပ်မံအော်ပြောလိုက်သည်။

"သတိထားစမ်းပါ... အဲဒါ ဒရီမာလေ... သူ ဘာမှတောင် မလုပ်သေးဘူး... မင်းကို ဒီတိုင်း ကြည့်ရုံပဲ ကြည့်သေးတာကို..."

ဒရီမာ၏ သက်မဲ့မျက်လုံးများက ဟိုရူဝါ၏ စိတ်ထဲသို့ ပြန်လည်ဝင်ရောက်လာပြီး သူ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားခဲ့သည်။

"ဟိုရူဝါ..."

နစ်က နောက်တစ်ကြိမ် အော်ခေါ်လိုက်ပြန်သည်။

ဟိုရူဝါသည် နစ်၏ အော်ခေါ်သံကြောင့် သူ၏ အကြောက်တရားထဲမှ အတင်းအကျပ် ဆွဲထုတ်ခံလိုက်ရသည်။

"နစ်... ကျွန်တော် စိတ်ပြောင်းသွားပြီ... ကျွန်တော် ဇီဖစ်စွမ်းအင် ထုတ်ယူသူ မဖြစ်ချင်တော့ဘူး... အိမ်ပဲ ပြန်ချင်တော့တယ်..."

နစ်သည် ဟိုရူဝါကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်သည်။

"ဘာ... ဘာဖြစ်လို့လဲ... မင်းပဲ အန္တရာယ်ကို ရင်ဆိုင်ဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့တာလေ... မင်းမှာ စိတ်ဓာတ်ခွန်အားတွေ ရှိတယ်... ပြီးတော့ မင်းရဲ့ဘဝအတွက် တစ်ခုခုကို ဖြစ်မြောက်အောင် လုပ်ချင်တယ်လို့လည်း ပြောခဲ့တယ်လေ..."

ဟိုရူဝါသည် ခေါင်းကိုသာ အဆက်မပြတ် ခါရမ်းနေခဲ့သည်။

"ဟင့်အင်း... ကျွန်တော် မလုပ်နိုင်ဘူး... ကျွန်တော် သေလိမ့်မယ်... ကျွန်တော် ခံစားမိနေတယ်... ကျွန်တော် သေလိမ့်မယ်..."

"ဒီဘီလူးကြီးကို ကျွန်တော် ထပ်မမြင်ချင်တော့ဘူး... သူ ကျွန်တော့်ကို သတ်လိမ့်မယ် နစ်... ကျွန်တော် ခံစားလို့ရတယ်... သူ ကျွန်တော့်ကို သတ်လိမ့်မယ်..."

"ဟိုရူဝါ..."

နစ်က ဟိုရူဝါ၏ သေးငယ်သော ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ယမ်းရင်း ထပ်မံအော်ပြောလိုက်သည်။

"စိတ်အေးအေးထား... မင်း စိတ်အေးအေးထားမှ ရမယ်..."

အံ့သြစရာကောင်းလှစွာပင် သူ့ကို စိတ်အေးအေးထားရန် အော်ပြောလိုက်ခြင်းက အမှန်တကယ် အလုပ်ဖြစ်သွားပုံရသည်။ ဟိုရူဝါသည် အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်သည်။

"နစ်... ကျွန်တော် အဲဒီထဲကို ပြန်မဝင်နိုင်တော့ဘူး... ကျွန်တော် သေလိမ့်မယ်... ကျွန်တော် သိတယ်... ကျွန်တော် ခံစားမိနေတယ်..."

ဟိုရူဝါက တောင်းပန်လိုက်သည်။ နစ်သည် ဟိုရူဝါကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

"လုပ်ပါ ဟိုရူဝါရာ..."

နစ်က ပိုမိုတည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

"အဲဒါက ဇီးကွက်ကြီး တစ်ကောင်ပါပဲ... မင်း အိပ်ပျော်သွားမယ်... အိပ်မက်ဆိုးလေး နည်းနည်း မက်မယ်... ပြီးတော့ မင်း နိုးလာတဲ့အခါ ချမ်းသာနေလိမ့်မယ်..."

"အဲဒီထက်ပိုတာက မင်းရဲ့ ဇီဖစ်စွမ်းအင် ချိတ်ဆက် က ဒရီမာနဲ့ ညှိနှိုင်းမှုဖြစ်သွားမှာမို့လို့ မင်း စွမ်းရည်တစ်ခုပါ ရလာဦးမှာလေ..."

နစ်က ရှင်းပြသည်။

"ဒရီမာနဲ့ အလုပ်တစ်ခါလောက် လုပ်ရုံနဲ့တင် မင်းရဲ့ဘဝက အကောင်းဘက်ကို ထာဝရ ပြောင်းလဲသွားလိမ့်မယ်... ဒီအခွင့်အရေးကို လွှင့်မပစ်လိုက်ပါနဲ့..."

ဟိုရူဝါက ချက်ချင်း အဖြေမပေးဘဲ သူ၏ အရှေ့ရှိ မြေပြင်ကိုသာ ကြည့်နေခဲ့လေသည်။

***

All Chapters