အခန်း ၅၆
Vol. 4 Ch. 56
အပိုင်း(၅၆)
နစ်သည် အံကို တင်းတင်းကြိတ်လိုက်သည်။ ဝင်တာပြောခဲ့သည့် စကားများမှာ အဓိပ္ပာယ်ရှိကြောင်း သူ ဝန်ခံမိသည်။ ဝင်တာပြောသည်မှာ မှန်ကန်နေပေသည်။ သို့သော် ဟိုရူဝါသည် ကလေးတစ်ယောက်သာ ဖြစ်နေသေးသည် မဟုတ်ပါလား။
နစ်အနေဖြင့် မည်မျှပင် တာဝန်သိစိတ် ရှိနေပါစေ၊ ကလေးတစ်ယောက်ကို သတ်ပစ်ရမည့်ကိစ္စမှာ လုံးဝကို မှားယွင်းနေသည်ဟု ခံစားနေရသည်။
နစ်သည် သူ၏ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ ထိုသို့ ဆုပ်ထား၍ နာကျင်သွားသော ခံစားချက်က သူ့ကို တွေးတောရ အနည်းငယ် ပို၍ လွယ်ကူသွားစေသည်။
"ဒီကိစ္စကို ဖြေရှင်းလိုက်..."
ဝင်တာက သူ၏ ထိုင်ခုံတွင် ပြန်ထိုင်ရင်း အမိန့်ပေးလိုက်သည်။
"ဒီကိစ္စကို ကိုင်တွယ်ဖို့ ပေတာကို လိုအပ်တယ်ဆိုရင် ငါ့ကိုပြော..."
"မင်းကို ငါ ယုံကြည်နိုင်တယ်လို့ ခံစားရလို့ ဒီရာထူးကို ပေးခဲ့တာ... ပြီးတော့ ဒီအလုပ်အတွက် မင်းမှာ အရည်အချင်းနဲ့ စိတ်ဓာတ်ခိုင်မာမှု ရှိတယ်လို့ မြင်လို့ပဲ... မင်းအပေါ်ထားတဲ့ ငါ့ရဲ့ ယုံကြည်မှုကို သစ္စာမဖောက်ပါနဲ့..."
ဝင်တာက ဆိုသည်။
နစ်က ဘာမျှ ပြန်မဖြေခဲ့ပေ။ သူသည် စားပွဲကိုသာ စိုက်ကြည့်ရင်း အံကို တင်းတင်းကြိတ်ထားလိုက်သည်။ ယခုအချိန်တွင် နစ်၏ ရင်ထဲ၌ ဒေါသ၊ စိတ်ပျက်အားငယ်မှု၊ အပြစ်ရှိသလို ခံစားရမှု၊ ကြောက်ရွံ့မှု၊ မသေချာမရေရာမှုနှင့် ကူကယ်ရာမဲ့မှုတို့က ဆူနာမီလှိုင်းလုံးကြီးတစ်ခုပမာ လွှမ်းမိုးနေတော့သည်။
'ငါကိုယ်တိုင် သူ့ကို အလုပ်ခန့်ခဲ့တာပဲ'
နစ်သည် နာကျင်စွာဖြင့် တွေးလိုက်မိသည်။
'အဲဒီ ဆုံးဖြတ်ချက်ကို ငါကိုယ်တိုင် ချခဲ့တာ'
'ဒါပေမဲ့လည်း'
တွေးရင်း နစ်သည် ဝင်တာ့ကို တစ်ဖန် ပြန်ကြည့်လိုက်သည်။
"ဝင်တာ..."
နစ်က ဖြည်းညင်းစွာ ခေါ်လိုက်သည်။ ဝင်တာက ပြန်မထူးခဲ့ပေ။
"ဟုတ်တယ်၊ ဒါ ငါ့ရဲ့ တာဝန်ပါ..."
နစ်က ဆိုသည်။
"ဒါပေမဲ့ ဟိုရူဝါက အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်ရင် ဘာဖြစ်သွားမလဲဆိုတာကို မင်း ဘာလို့ ငါ့ကို ကြိုမပြောခဲ့တာလဲ... မင်းမှာ ပြောပြဖို့ တာဝန်မရှိဘူး ဆိုတာကိုတော့ ငါ သိပါတယ်... ဒါပေမဲ့ မင်းသာ ငါ့ကို ကြိုပြောခဲ့မယ်ဆိုရင် ဒီလိုကိစ္စမျိုးကို ရှောင်လွှဲနိုင်ခဲ့မယ်လို့ ငါ ခံစားရတယ်..."
ဝင်တာသည် စက္ကန့်အနည်းငယ်ကြာသည့်တိုင်အောင် ဘာမျှ ပြန်မပြောခဲ့ပေ။
"မင်းကို သင်ခန်းစာ ရစေချင်လို့ပါ..."
ဝင်တာက ဆိုသည်။
"မင်းဆီမှာ ဘယ်လို အာဏာမျိုး ရှိနေလဲဆိုတာကို ငါ ပြသဖို့ လိုအပ်ခဲ့တယ်... ပြီးတော့ အဲဒီ အာဏာကို တာဝန်မဲ့စွာ အသုံးပြုရင် ဘာဖြစ်လာမလဲ ဆိုတာကိုလည်း မင်းကို ပြသချင်ခဲ့လို့ပဲ..."
"အခုအချိန်မှာ ကုမ္ပဏီက အသစ်စက်စက်ပဲ ရှိသေးတယ်... ပြီးတော့ ငါတို့ရဲ့ ရှင်သန်ရပ်တည်နိုင်မှုကလည်း အောင်မြင်မှုနဲ့ ခိုင်ခိုင်မာမာ ချိတ်ဆက်မနေသေးဘူးလေ... အခု တစ်ခုခု လွဲချော်သွားခဲ့ရင်တောင် ငါ ပြန်ပြင်နိုင်စွမ်း ရှိပါသေးတယ်..."
ထိုသို့ပြောပြီးနောက် ဝင်တာသည် တိတ်ဆိတ်သွားသည်။
နစ်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
'နောက်ဆုံးတော့လည်း ငါ့အမှားပါပဲလေ'
နစ်က တွေးလိုက်သည်။
'ဟိုရူဝါက ဒီလို ကြီးမားတဲ့ ရွေးချယ်မှုမျိုးကို မလုပ်နိုင်သေးဘူးဆိုတာ ငါ သိခဲ့သင့်တယ်'
'သူက ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်လာနိုင်တယ် ဆိုတာ ငါ လုံးဝ မပြောခဲ့သင့်ဘူး'
အဝေးတွင် ရှိနေသော ဟိုရူဝါကို လှည့်ကြည့်လိုက်ရင်း နစ်သည် အသက်ကို နောက်ထပ် ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြန်သည်။
ထို့နောက် နစ်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ အံကို တင်းတင်းကြိတ်လိုက်သည်။
'ပြီးတော့ ဒီကိစ္စကို ဖြေရှင်းဖို့က ငါ့တာဝန်ပဲ... ငါ တကယ် တောင်းပန်ပါတယ် ဟိုရူဝါရာ'
နစ်သည် ဟိုရူဝါရှိရာသို့ လျှောက်သွားလိုက်သည်။
ဟိုရူဝါသည် နစ်၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်သွားပြီး အကြောက်လွန်ကာ အေးခဲသွားတော့သည်။
နစ်သည် ဟိုရူဝါ၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။ ထို့နောက် သူ့ကို ထိန်းသိမ်းရေးအခန်း ရှိရာသို့ ဆွဲခေါ်သွားလေသည်။
ဟိုရူဝါ၏ မျက်နှာလေးသည် ချက်ချင်းဆိုသလို ဖြူလျော့သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်လေးသည်လည်း တဆတ်ဆတ် တုန်ယင်လာတော့သည်။
"ဟင့်အင်း... မလုပ်ပါနဲ့ နစ်ရာ... ခင်ဗျား ဘာလုပ်မလို့လဲ..."
နစ်သည် အံကို ပို၍ တင်းတင်းကြိတ်ထားလိုက်သည်။
"ငါ တောင်းပန်ပါတယ် ဟိုရူဝါ၊ ဒါပေမဲ့ မင်း ဒရီမာနဲ့ အလုပ်လုပ်မှကို ရမယ်..."
နစ်က မှောင်မိုက်သော လေသံဖြင့် ပြောလိုက်သည်။
"ဟင့်အင်း... မလုပ်ပါနဲ့... နစ်၊ ကျွန်တော် မလုပ်ချင်ဘူး... တောင်းပန်ပါတယ်..."
ဟိုရူဝါသည် နစ်၏ ဆုပ်ကိုင်ထားမှုမှ ရုန်းထွက်နိုင်ရန် အစွမ်းကုန် ကြိုးစားရင်း အော်ဟစ်နေတော့သည်။
"ငါ တောင်းပန်ပါတယ်..."
နစ်က ထပ်ပြောလိုက်သည်။
"ငါလည်း ဒီလိုမျိုး မလုပ်ချင်ပါဘူး..."
"ဒါပေမဲ့ မင်း ကောင်းဖို့အတွက် ငါက ဒီလိုလုပ်နေရတာ..."
"မင်း ငါ့ကို မုန်းချင်ရင် မုန်းနိုင်ပါတယ်၊ ဒါပေမဲ့ အခုအချိန်မှာတော့ မင်း ဒရီမာနဲ့ အလုပ်လုပ်ပေးဖို့ လိုအပ်နေတယ်..."
"ဟင့်အင်း... တောင်းပန်ပါတယ်... မလုပ်ပါနဲ့..."
ဟိုရူဝါသည် အော်ဟစ်ရင်း နစ်၏ လက်ကို စတင် ကိုက်ပါတော့သည်။ နစ်၏ လက်မှ သွေးများ ထွက်လာခဲ့သည်။ သို့တိုင်အောင် သူက ဟိုရူဝါကို ဆက်လက် ဆွဲခေါ်သွားမြဲဖြစ်သည်။ နစ်သည် ဒရီမာရှိရာ အခန်းတံခါးကို ဖွင့်လိုက်သည်။
တံခါး အပြည့်အဝ ပွင့်သွားသောအခါ နစ်သည် ဟိုရူဝါကို အထဲသို့ တွန်းသွင်းလိုက်သည်။ ထို့နောက် သူကိုယ်တိုင်လည်း အထဲသို့ ဝင်သွားလေသည်။
နောက်တစ်စက္ကန့်တွင်တော့ သူ့အနောက်မှ တံခါးကြီးသည် ပိတ်သွားတော့သည်။
"ဟင့်အင်း... နစ်... ကျွန်တော် တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ..."
ဟိုရူဝါသည် နစ်ကို ကျော်ဖြတ်ရန် ကြိုးစားရင်း အထိတ်တလန့် အော်ဟစ်လိုက်သည်။
နစ်က ဟိုရူဝါကို ရှေ့သို့ ဆောင့်တွန်းလိုက်သည်။ ထို့ကြောင့် ဟိုရူဝါသည် ဖင်ထိုင်လျက် လဲကျသွားတော့သည်။
"ဒါ မင်းကောင်းဖို့အတွက်ပါ ဟိုရူဝါ..."
နစ်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"မင်း ဒရီမာနဲ့ အလုပ်လုပ်မှ ရမယ်... လုပ်ကို လုပ်ရမယ်..."
ဟိုရူဝါသည် ဒရီမာ၏ အသက်မဲ့နေသော မျက်လုံးများက သူ၏ ကျောပြင်ကို စိုက်ကြည့်နေကြောင်း ခံစားလိုက်ရသည်။ ထိုအရာက သူ၏ စိတ်ကို ပို၍ အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။
"ကျွန်တော် မလုပ်နိုင်ဘူး... ဟင့်အင်း..."
ဟိုရူဝါသည် ထပ်မံ ထွက်ပြေးရန် ကြိုးစားရင်း အော်ဟစ်လိုက်သည်။
နစ် ဟိုရူဝါကို ထပ်မံ တွန်းထုတ်လိုက်ပြန်သည်။
"ငါလည်း ဒီလို မလုပ်ချင်ပါဘူး၊ ဒါပေမဲ့ မင်း လုပ်မှကို ရမယ်..."
နစ်က ဆိုသည်။
"ဘာလို့လဲ... ဘာလို့ ကျွန်တော်က လုပ်ရမှာလဲ..."
ဟိုရူဝါသည် သစ္စာဖောက်ခံရမှု၊ ဒေါသနှင့် ထိတ်လန့်မှုတို့ ရောထွေးနေသော ခံစားချက်ဖြင့် မေးလိုက်သည်။
"ကျွန်တော် ခင်ဗျားကို ဘာများ လုပ်ခဲ့ဖူးလို့လဲ... ကျွန်တော်တို့က သူငယ်ချင်းတွေလို့ ထင်နေခဲ့တာ..."
နစ်က ချက်ချင်း ပြန်မဖြေခဲ့ပေ။
'သူသာ ထွက်သွားရင် ဝင်တာက သူ့ကို သတ်ပစ်လိမ့်မယ် ဆိုတာကို ဟိုရူဝါကို ငါ ပြောပြလို့ မဖြစ်ဘူး.. သူသာ သိသွားရင် ဒေါသထွက်ပြီး မိုက်မဲတဲ့ အလုပ်တစ်ခုခုကို လုပ်မိလိမ့်မယ်... သူ သိထားတဲ့ လျှို့ဝှက်ချက်တွေ အကုန်လုံးကို ဖြန့်ချိပြီး ဝင်တာကို အတတ်နိုင်ဆုံး ဒုက္ခပေးဖို့ ကြိုးစားလိမ့်မယ်...'
'အဲဒီလို လုပ်ခွင့်ပေးလို့ မဖြစ်ဘူး... ဒါက ဝင်တာကို ထိခိုက်စေမှာမို့လို့ မဟုတ်ဘူး... ဟိုရူဝါသေသွားလိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်နေလို့ပဲ...'
'ဟိုရူဝါက ကလေးတစ်ယောက်ပဲ ရှိသေးတယ်... ဒါကို ငါ စောစောစီးစီး မသိခဲ့တာ ငါ့အမှားပဲ... ဟိုရူဝါသေသွားမှာကို ငါ ခွင့်မပြုနိုင်ဘူး... ဒါကြောင့် ငါက လူဆိုးကြီး လုပ်မှ ရတော့မယ်...'
'ဘယ်လိုပဲဖြစ်ဖြစ် ဒါ ငါ့တာဝန်ပဲလေ.. တန်ဖိုးတစ်ခုကို ငါကိုယ်တိုင် ပေးဆပ်ရတာကမှ မှန်ကန်လိမ့်မယ်...'
"ဒါ မင်းရဲ့ အနာဂတ်အတွက်ပဲ ဟိုရူဝါ..."
နစ်က အော်ပြောလိုက်သည်။
"ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲမှာ အခုချိန်ထိ နေခဲ့ရတာ... အခု မင်း ဘယ်လောက်တောင် ကံကောင်းနေလဲဆိုတာ မင်း မသိဘူး... အခု မင်း စွန့်စားပြီး မလုပ်ဘူးဆိုရင် ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲမှာပဲ မင်း တစ်သက်လုံး နေသွားရလိမ့်မယ်..."
"ခင်ဗျား လိမ်နေတာ..."
ဟိုရူဝါက ပြန်အော်လိုက်သည်။
"ခင်ဗျားက ကျွန်တော့်ကို သွားခွင့်ပြုဖို့ ဆန္ဒရှိခဲ့တာပဲ... ဒါပေမဲ့ ဟိုလူကြီးနဲ့ စကားပြောပြီးမှ ပြောင်းလဲသွားတာ... အခုကျမှ ကျွန်တော့်ကို ဒီလိုလုပ်ဖို့ ရုတ်တရက် အတင်းအကျပ် ခိုင်းနေတာ..."
"အဲဒီလူကြောင့် မဟုတ်လား... သူက ခင်ဗျားကို ဖိအားပေးလို့ ခင်ဗျားက ကျွန်တော့်ကို အတင်း ခိုင်းနေတာ မဟုတ်လား..."
နစ်သည် ပို၍ စိုးရိမ်ပူပန်လာခဲ့သည်။ သူ၏ သွားများကိုလည်း ပို၍ တင်းတင်းကြိတ်ထားလိုက်သည်။
ဖြန်း...
ဟိုရူဝါသည် ကမ္ဘာကြီး လည်ထွက်သွားသလို ခံစားလိုက်ရသည်။ နောက်တစ်စက္ကန့်တွင်တော့ သူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြောင်း ခံစားလိုက်ရသည်။
ဟိုရူဝါ၏ ကမ္ဘာကြီးသည် ချာချာလည်နေခဲ့သည်။ သူ ပြန်လည်၍ ကြည်လင်စွာ တွေးတောနိုင်ရန် အချိန်အနည်းငယ် ယူလိုက်ရသည်။
ထိုအချိန်မှာပင် သူ မြင်လိုက်ရသည်။
သွေးများ...
သွားများ...
နစ်က ဟိုရူဝါကို လက်ပြန်ရိုက်ချလိုက်ခြင်း ဖြစ်သည်။ ထိုသို့ ရိုက်လိုက်မှုကြောင့် သူ၏ သွား သုံးချောင်း ကျိုးထွက်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ထိုသွား သုံးချောင်းမှာ ငယ်သွားများသာ ဖြစ်နေသေးသည်။ ဆိုလိုသည်မှာ အံသွားအစစ်များ ထပ်ပေါက်လာဦးမည် ဖြစ်သည်။
သို့တိုင်အောင် ယခုအချိန်တွင် ဟိုရူဝါသည် အတိုင်းအဆမသိသော နာကျင်မှုကို ခံစားနေရဆဲ ဖြစ်သည်။
သို့သော် နာကျင်မှုထက် ပို၍ ပြင်းထန်နေသည်ကတော့ တုန်လှုပ်ချောက်ချားမှုပင် ဖြစ်သည်။
နစ်က သူ့ကို ရိုက်နှက်ခဲ့သည်။ နစ်သည် သူ့ကို တစ်ခါမျှ မရိုက်နှက်ခဲ့ဖူးပေ။ ပိုဆိုးသည်မှာ ဤအရာက ရိုးရိုး ပါးရိုက်လိုက်ရုံမျှ မဟုတ်ခြင်းပင် ဖြစ်သည်။ သွေးထွက်သွားစေလောက်သည့် ပြင်းထန်သော လက်ပြန်ရိုက်ချက်ကြီး တစ်ခုသာ ဖြစ်သည်။
"နောက်မှ မင်း ငါ့ကို ကျေးဇူးတင်လိမ့်မယ်..."
နစ်က အေးစက်စွာ ပြောလိုက်သည်။ သို့သော်လည်း အပြင်ပန်းတွင် နစ်ပြသနေသည့် ပုံစံနှင့် ဆန့်ကျင်ဘက်ပင် သူ နာကျင်ခံစားနေခဲ့ရသည်။ သူ ပြောဆိုပြုမူနေသည့် အရာများအပေါ် သူကိုယ်တိုင် အလွန်အမင်း ရွံရှာမုန်းတီးနေခဲ့သည်။
'နောက်မှ ငါ့ကို ကျေးဇူးတင်မယ် ဟုတ်လား... ဖြစ်နိုင်ပါ့မလား'
နစ် တွေးလိုက်မိသည်။
'ငါသာ သူဖြစ်ခဲ့ရင် ငါ့ကို တစ်သက်လုံး မုန်းနေမိမှာပဲ... ငါက သူ့ရဲ့ မိသားစုဝင်လည်း မဟုတ်ဘူး... ပြီးတော့ သူ့သူငယ်ချင်း ဖြစ်လာတာကလည်း လပိုင်းပဲ ရှိသေးတယ်... ဒီလိုအရာတွေကို လုပ်ဖို့ သူ့ကို အတင်းအကျပ် ခိုင်းစေခွင့် ငါ့မှာ မရှိဘူး...'
နစ်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သို့သော် သူသည် စိတ်ပျက်မှုနှင့် ဒေါသတို့ကြောင့် အသက်ပြင်းပြင်း ရှူလိုက်သယောင် ဟန်ဆောင်ထားလိုက်သည်။
'ငါ တကယ် တောင်းပန်ပါတယ် ဟိုရူဝါရာ...'
နစ်သည် ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
ဘုန်း...
ထို့နောက် နစ်သည် ဟိုရူဝါကို ထိန်းသိမ်းရေးအခန်း ၏ အလယ်ဗဟိုဆီသို့ ကန်ထုတ်လိုက်လေသည်။
'ငါ တောင်းပန်ပါတယ်...’
***