အခန်း ၅၉
Vol. 4 Ch. 59
အပိုင်း(၅၉)
"ဘာဖြစ်တာလဲ..."
ဝင်တာက မေးလိုက်သည်။ နစ်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ဝင်တာထံသို့ ပြောပြလိုက်လေသည်။
ဝင်တာကြားရလေလေ၊ သူ၏ မျက်နှာအမူအရာမှာ ပို၍ မှောင်မိုက်လာလေလေ ဖြစ်သည်။
"သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိခိုက်သွားတဲ့ပုံပဲ..."
ဝင်တာက ဆိုသည်။
"သူ ဘာဆက်ဖြစ်မလဲ..."
နစ်က မေးလိုက်သည်။
"ငါတို့လည်း မသိဘူး..."
ဝင်တာက ဖြေသည်။
"မင်းက မသိဘူး ဟုတ်လား..."
နစ်သည် စိုးရိမ်တကြီး လေသံဖြင့် မေးလိုက်သည်။
"ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေအပေါ် လူတိုင်းရဲ့ တုံ့ပြန်ပုံက မတူကြဘူးလေ..."
ဝင်တာက ဆက်ပြောသည်။
"အဲဒီတုန်းက ငါ့ရဲ့ ဆရာက ဖြစ်လာနိုင်တဲ့ ရလဒ် နည်းနည်းကိုပဲ သင်ပေးခဲ့တာ..."
"ဒါပေမဲ့ တစ်ခုတော့ သေချာတယ်... သူ ဆရာဝန်နဲ့ ပြဖို့ လိုတယ်..."
ဝင်တာက ရှင်းပြလိုက်သည်။
"ဒါဆိုလည်း ဆရာဝန်ဆီ သွားကြရအောင်လေ..."
နစ်က အလောတကြီး ပြောလိုက်သည်။
ဝင်တာသည် နစ်၏ ပခုံးပေါ်သို့ လက်တင်လိုက်ပြီး သူ ထွက်သွားမည့်အရေးကို တားဆီးလိုက်သည်။
"နစ်၊ စိတ်အေးအေးထားစမ်းပါ..."
"ဝင်တာ၊ ငါ..."
"စိတ်အေးအေး ထားလို့ ပြောနေတယ်လေ..."
ဝင်တာက အော်ပြောလိုက်သည်။ နစ်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
"အေးပါ၊ ဘာလုပ်ရမှာလဲ..."
သူက မေးလိုက်သည်။
"နစ်၊ ဆရာဝန် ခေါ်ဖို့ ငါတို့ အပြင်ထွက်စရာ မလိုဘူး... ဆရာဝန်တွေက ငါတို့ဆီ လာလိမ့်မယ်..."
ပထမတော့ နစ်သည် ဒေါသတကြီးဖြင့် အော်ဟစ်ပစ်ချင်ခဲ့သည်။ သို့သော် ထို့နောက်တွင် သူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
"သူတို့က ငါတို့ဆီ လာမယ် ဟုတ်လား..."
သူက မေးလိုက်သည်။
ဝင်တာက ခေါင်းညိတ်ပြလိုက်သည်။
"ပေတာ..."
ဝင်တာက လှမ်းအော်လိုက်သည်။
"လာပြီဗျို့..."
ကြမ်းပြင်ကို သန့်ရှင်းရေး လုပ်နေသည့် အဝေးတစ်နေရာမှ ပေတာက အော်ဖြေလိုက်သည်။
"ခေါ်လိုက်တာလား ဆရာ..."
ပေတာက မေးလိုက်သည်။
"အနီးဆုံး ဆေးခန်းက ဆရာဝန်တစ်ယောက်ကို ဒီခေါ်ခဲ့လိုက်..."
ဝင်တာက အမိန့်ပေးလိုက်သည်။
"ဒီကလေးက စပက်တာ ဆီကနေ စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ထိခိုက်ဒဏ်ရာရလာလို့..."
ထိုစကားကို ကြားသောအခါ ပေတာသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူသည် ဟိုရူဝါကို အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်သည်။ ထို့နောက် ဝင်တာ့ ကို လှမ်းကြည့်လိုက်သည်။
ပေတာသည် သူ၏ ခံစားချက်များကို မျက်နှာပေါ်တွင် မပေါ်အောင် ဖုံးကွယ်ထားနိုင်စွမ်း အလွန် ကောင်းမွန်ပေသည်။ သို့တိုင်အောင် သူ့ကို ကြည့်နေသည့် ပေတာ၏ မျက်နှာအမူအရာမှာ ပို၍ အေးစက်သွားကြောင်းကို ဝင်တာသတိပြုမိလိုက်သေးသည်။
"ဟုတ်ကဲ့ပါ ဆရာ..."
ပေတာက ဆိုသည်။ ထို့နောက် ဂိုဒေါင်ထဲမှ အပြေးအလွှား ထွက်သွားလေတော့သည်။
ဝင်တာသည် နစ်ဘက်သို့ လှည့်လာခဲ့သည်။
"သူ့ကို ဘေးမှာ ချထားလိုက်..."
သူက နံရံတစ်ခုကို လက်ညှိုးထိုးပြရင်း ဆိုသည်။
နစ်က ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးပဲ ဝင်တာ..."
သူက တိုးညှင်းစွာ ပြောလိုက်သည်။ ထို့နောက် ဟိုရူဝါကို ချီလျက် နံရံတစ်ခုဆီသို့ လျှောက်သွားလေသည်။
ဝင်တာသည် သက်ပြင်းတစ်ချက် ချလိုက်ရုံသာ ချလိုက်သည်။
'ဘာကို ကျေးဇူးတင်စရာ ရှိလို့လဲ...'
နစ်သည် ဟိုရူဝါကို အောက်ချမထားခဲ့ပေ။ ဟိုရူဝါကို ပွေ့ချီထားလျက်သားဖြင့်ပင် သူ အောက်သို့ ထိုင်ချလိုက်သည်။
မိနစ်အနည်းငယ် အကြာတွင်တော့ ပေတာသည် လူတစ်ယောက်နှင့်အတူ ပြန်ရောက်လာခဲ့သည်။ သူမသည် အစိမ်းရောင် ဆံပင်နှင့် ဂျူတီကုတ် အဖြူရောင်ကို ဝတ်ဆင်ထားသော လူငယ်အမျိုးသမီး တစ်ဦး ဖြစ်သည်။
ပေတာသည် ထိုအမျိုးသမီးကို နစ်ရှိရာသို့ ခေါ်ဆောင်လာခဲ့သည်။ နစ်သည် သူမကို မြင်လိုက်ရသောအခါ သူ၏ အသက်ရှူနှုန်းများ မြန်ဆန်လာခဲ့သည်။ ဟိုရူဝါအဆင်ပြေစေရန် သူ မျှော်လင့်နေမိသည်။
"ကျေးဇူးပြုပြီး သူ့ကို ကယ်ပါဦး..."
နစ်က ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။
ဆရာဝန်မလေးသည် ဟိုရူဝါကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများမှာ သိသိသာသာပင် အေးစက်သွားပြီး အလှမ်းကွာဝေးသွားသယောင် ဖြစ်သွားသည်။
အလွန် ငယ်ရွယ်လွန်းသော ကလေးတစ်ယောက်...
သူမသည် ဤကုမ္ပဏီကို ရွံရှာသွားမိသည်။ ဘာပဲဖြစ်ဖြစ်၊ ကလေးတစ်ယောက်က ထိန်းသိမ်းရေးအခန်း ထဲကို သူ့ဘာသာသူ ဘယ်လိုလုပ် ဝင်သွားနိုင်မည်နည်း။
သို့တိုင်အောင် သူမ အရှေ့တွင် ရှိနေသော အမျိုးသား၏ မျက်နှာအမူအရာကတော့ စစ်မှန်သော စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုတို့ကို ဖော်ပြနေခဲ့သည်။ ဤအရာက မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ဆိုသည်ကို ဆရာဝန်မလေးအား အကြမ်းဖျင်း သိရှိသွားစေခဲ့သည်။
မိုက်မဲမှုတစ်ခု ဖြစ်ပျက်ခဲ့ခြင်းပင်။
"သူ့ကို အောက်ချလိုက်..."
သူမက အေးစက်စွာ အမိန့်ပေးလိုက်သည်။ နစ်သည် ဟိုရူဝါကို အမြန်အောက်ချလိုက်ပြီး နောက်သို့ ဆုတ်လိုက်သည်။ ယခုအချိန်တွင်တော့ ဟိုရူဝါအသက်ရှင်ပါစေရန်သာ နစ်မျှော်လင့်နိုင်တော့သည်။
ဆရာဝန်မလေးသည် ဆေးဘက်ဆိုင်ရာ ကိရိယာအမျိုးမျိုး ပါဝင်သော အိတ်ငယ်လေးတစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် ကိရိယာတစ်မျိုးကို ဖြည်းညင်းစွာ ထုတ်ယူကာ ဟိုရူဝါ၏ ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။
စက္ကန့်သုံးဆယ်ခန့် အကြာတွင်တော့ သူမသည် ထိုကိရိယာကို ပြန်သိမ်းလိုက်သည်။ ထို့နောက် အခြားကိရိယာတစ်ခုကို ဟိုရူဝါ၏ လက်မောင်းတွင် အချိန်ခဏကြာ ပတ်ထားလိုက်ပြန်သည်။
ထို့နောက် သူမသည် ဓာတ်မီးတစ်ချောင်းကို အသုံးပြု၍ ဟိုရူဝါ၏ လစ်ဟာနေသော မျက်လုံးများထဲသို့ ထိုးကြည့်လိုက်သည်။
အချိန်ပိုကြာလာလေလေ၊ သူမ၏ မျက်မှောင်ကြုတ်မှုက ပို၍ သိသာလာလေလေ ဖြစ်သည်။
"သူ့နာမည် ဘယ်လိုခေါ်လဲ..."
သူမက မေးလိုက်သည်။
"ဟိုရူဝါပါ..."
နစ်က ဖြေသည်။
"ဟိုရူဝါ၊ ငါပြောတာ ကြားရလား..."
သူမက ဟိုရူဝါ၏ မျက်လုံးများကို ကြည့်ရင်း ရင်းနှီးသော လေသံဖြင့် မေးလိုက်သည်။ ဟိုရူဝါက ပြန်မဖြေခဲ့ပေ။
ခဏအကြာတွင် သူမသည် ဟိုရူဝါ၏ မျက်လုံးများထဲသို့ ဓာတ်မီး ထပ်ထိုးကြည့်လိုက်ပြန်သည်။
"မင်း နိုးနေတယ်ဆိုတာ ငါသိတယ် ဟိုရူဝါ..."
သူမက ဆိုသည်။
"ငါ မီးထိုးကြည့်လိုက်တဲ့အခါ မင်းရဲ့ သူငယ်အိမ်တွေ ကျုံ့သွားတယ်။ လူတစ်ယောက် သတိရနေတဲ့ အချိန်မျိုးမှာပဲ အဲဒီလို ဖြစ်တတ်တာ..."
ဟိုရူဝါသည် မည်သို့မျှ မတုံ့ပြန်ခဲ့ပေ။
မိနစ်အတော်ကြာသည်အထိ ဆရာဝန်မလေးသည် ဟိုရူဝါ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အမျိုးမျိုးကို စမ်းသပ်ရင်း စကားဆက်ပြောနေခဲ့သည်။ သို့တိုင်အောင် ဟိုရူဝါထံမှ မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်မလာခဲ့ပေ။
အချိန်အနည်းငယ် အကြာတွင်တော့ ဆရာဝန်မလေးသည် ဟိုရူဝါ၏ လက်မောင်းကို ဖြည်းညင်းစွာ မတင်လိုက်ပြီး ပြန်လွှတ်ချလိုက်သည်။
ထိုလက်မောင်း ပြုတ်ကျ မသွားသည်ကို မြင်လိုက်ရသောအခါ နစ်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ လက်မောင်းသည် လေထဲတွင် ထိုအတိုင်း ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။
"ဟိုရူဝါ..."
နစ်သည် မျှော်လင့်ချက်ဖြင့် ခေါ်လိုက်သည်။
သို့သော် ဆရာဝန်မလေးကတော့ မျက်မှောင် ကြုတ်လိုက်သည်။ နောက်တစ်စက္ကန့်တွင်တော့ သူမသည် ဟိုရူဝါ၏ မျက်နှာရှေ့တွင် လက်ဖျစ် နှစ်ချက်သုံးချက်ခန့် တီးလိုက်သည်။ သူမသည် ဟိုရူဝါ၏ မျက်လုံးများကို လက်ဖြင့် ထိုးတော့မည့်ဟန်ပင် ပြုလုပ်လိုက်သေးသည်။
မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ပေ။
နောက်ဆုံးတွင်တော့ သူမသည် သက်ပြင်းချလိုက်ပြီး ဟိုရူဝါကို ထိုင်လျက် အနေအထားဖြစ်အောင် ဖြည်းညင်းစွာ မလိုက်သည်။ ထို့နောက် သူ့ကို နံရံတွင် မှီထားပေးလိုက်သည်။
"ရှင်တို့နှစ်ယောက်နဲ့ စကားနည်းနည်း ပြောစရာရှိတယ်..."
ဆရာဝန်မလေးက မတ်တတ်ရပ်ရင်း ပြောလိုက်သည်။ သူမက ဝင်တာနှင့် သူ့ကို ရည်ညွှန်းနေကြောင်း နစ်သိလိုက်သည်။
"ရပါတယ်..."
နစ်က ဆိုသည်။ နစ်သည် ဝင်တာရှိရာသို့ လျှောက်သွားခဲ့ပြီး ဆရာဝန်မလေးက သူ့အနောက်မှ လိုက်လာခဲ့သည်။
ဝင်တာသည် ဆရာဝန်မလေးကို တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။
"ရောဂါအခြေအနေက ဘယ်လိုရှိလဲ..."
"ပထမဆုံးအနေနဲ့ ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာကို ကျွန်မ သိဖို့ လိုတယ်..."
ဆရာဝန်မလေးက ဖြေသည်။
"ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ တွေက အရမ်း လျှို့ဝှက်တတ်ကြတယ် ဆိုတာ ကျွန်မ သိပါတယ်... ဒါကြောင့် အကြမ်းဖျင်းလောက် ရှင်းပြပေးရင် ရပါပြီ..."
ဝင်တာက ခေါင်းညိတ်လိုက်သည်။
"ရတာပေါ့..."
"နေပါဦး..."
နစ်က ဝင်တာ၏ စကားကို ဖြတ်ပြောလိုက်သည်။ သူတို့နှစ်ယောက်လုံး နစ်ကို လှမ်းကြည့်လိုက်ကြသည်။
"ကျွန်တော် ရှင်းပြပါ့မယ်..."
နစ်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းရင်း ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်၊ ဒါတွေ အကုန်လုံးက ကျွန်တော့်အမှားတွေချည်းပါပဲ..."
ဝင်တာသည် နစ်ကို ခဏမျှ ကြည့်နေပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် နစ်သည် ဟိုရူဝါအနေဖြင့် ဆင်ခြေဖုံးရပ်ကွက်ကြီး ၏ အပြင်ဘက်တွင် အနာဂတ်တစ်ခု ရရှိလာစေရန် သူ့ကို ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်ဖြစ်အောင် လုပ်ပေးမည်ဟူသော သူ၏ အကြံအစည်ကို ဆရာဝန်မလေးအား ပြောပြလိုက်သည်။
ဆရာဝန်မလေးသည် နစ်ကို ရွံရှာသွားခဲ့သော်လည်း၊ သူမ၏ ကျွမ်းကျင်ပညာရှင်ပီသသော အမူအကျင့်ကိုတော့ ထိန်းသိမ်းထားခဲ့သည်။
'အနည်းဆုံးတော့ သူ အပြစ်ရှိသလို ခံစားနေရသေးတာပဲ'
သူမက နှာခေါင်းရှုံ့ရင်း တွေးလိုက်သည်။
***