← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အခန်း (၁)

အဲဒီနေ့က မြူတွေ အရမ်းထူထပ်ခဲ့သည်

ပြတင်းပေါက်အပြင်ဘက်မှာတော့ အဆုံးအစမရှိတဲ့ မြူထုကြီးက ထူထပ်စွာ ရှိနေပြီး အပြင်လောကကြီးတစ်ခုလုံး ပျောက်ကွယ်သွားသလိုမျိုး ဖြစ်နေပါတယ်။ အဲဒီမြူထုကို ဖြတ်သန်းပြီး အိမ်ထဲကို မထင်မရှား တိုးဝင်လာတဲ့ ဝါးတားတား အလင်းရောင်ဖျော့ဖျော့လေး တစ်ချက်ပဲ ရှိတာပါ။ ဒီလို မှိန်ပျပျ အလင်းရောင်ကြောင့်ပဲ ခြောက်ခြားစရာကောင်းတဲ့ ဒီတိတ်ဆိတ်မှုထဲမှာ အလင်းအစအနလေး ကျန်ရှိနေတာပေါ့။

ရှုပ်ပွနေတဲ့ တစ်ယောက်ခန်း တိုက်ခန်းလေးထဲမှာ စားပွဲပေါ်မှာ ပစ္စည်းအစအနတွေ ပြန့်ကျဲနေတဲ့ကြားကပဲ ကျိုးမင်ဟာ စားပွဲခုံပေါ် မှောက်လျက်သား ရှိနေခဲ့တယ်။ သူ့ရဲ့ ပုံစံက အတော်လေးကို နွမ်းလျပိန်ချောင်နေပြီး ဒိုင်ယာရီစာအုပ်ထဲမှာ အခုလို ရေးမှတ်နေမိပါတယ်…

"ခုနစ်ရက်မြောက်နေ့အထိ ဘာမှပြောင်းလဲမလာခဲ့ဘူး၊ အပြင်မှာတော့ မြူတွေပဲ အလိပ်လိုက် ထူထပ်နေတုန်းပဲ။ ဘယ်လိုကြောင့်လဲတော့မသိဘူး။ ဘာမှန်းမသိတဲ့ အင်အားစုတစ်ခုက ပြတင်းပေါက်ကို ငါ ဘယ်လိုမှ ဖွင့်လို့မရအောင် တားဆီးထားတယ်။ ဒီအခန်း တစ်ခန်းလုံးက တစ်ခုခုကြောင့် အပြင်လောကနဲ့ သီးခြားဖြစ်နေတဲ့ နေရာလွတ်တစ်ခုလို ဖြစ်နေတာ…"

" အပြင်လောကနဲ့လည်း ဆက်သွယ်လို့မရဘူး။ လျှပ်စစ်မီးက အစကတည်းက ပြတ်တောက်သွားခဲ့တဲ့အပြင် ရေပိုက်ခေါင်း ကလည်း ရေမလာတော့ဘူး။ ထူးဆန်းတာက မီးလုံးတွေက လင်းနေပြီး ကွန်ပျူတာကလည်း ဆက်ပွင့်နေတုန်းပဲ။ သေချာအောင် နံရံက ပလပ်ကြိုးကို ဆွဲဖြုတ်ကြည့်ပေမဲ့လည်း လျှပ်စစ်မီးက ရနေတာလေ…"

ပြတင်းပေါက်ကနေ လေပြေလေးတစ်ချက် ရုတ်တရက် တိုးဝှေ့လာသလိုမျိုး ခံစားလိုက်ရတာကြောင့် ကျိုးမင်က ဒိုင်ယာရီရေးနေရာကနေ ခေါင်းထောင်ပြီး နွမ်းလျနေတဲ့ မျက်ဝန်းတွေနဲ့ မော့ကြည့်လိုက်တယ်။ စိတ်မကောင်းစရာက လေပြေအေးတိုးဝှေ့တယ်ဆိုတဲ့ခံစားချက်က သူ့ရဲ့ စိတ်အထင်သက်သက်ပဲ ဖြစ်နေခဲ့တာပါ။ လက်ရှိအခြေအနေက ဘာမှပြောင်းလဲသွားတာမျိုးမရှိပါဘူး။ ပြတင်းပေါက်အပြင်ဘက်မှာ မကုန်ခမ်းနိုင်တဲ့ မြူထုကြီး ရွေ့လျားနေတာနဲ့ တိုက်ခန်းကျဉ်းလေးထဲက ခြောက်ခြားစရာ တိတ်ဆိတ်မှုပဲ ရှိနေတာပါ။

အဲဒီနောက် သူ့ရဲ့ အကြည့်က ပြတင်းပေါက်ခုံပေါ်မှာ တင်ထားတဲ့ ဂွတွေနဲ့ တူတွေဆီ ရောက်သွားတယ်။ ပြီးခဲ့တဲ့ ခုနစ်ရက်လုံးလုံး မှန်ကို သူရိုက်ခွဲဖို့ ကြိုးစားခဲ့တဲ့ အစင်းရာတွေက အခုထိ ရှိနေတုန်းပဲ။ ဒါပေမဲ့ အခုတော့ ဒီကိရိယာတွေက မှန်ကို ရိုက်ခွဲမှုမှာ သူ့ရဲ့ ရှုံးနိမ့်ခဲ့မှုကို လှောင်ပြောင်နေတဲ့ သက်သေတွေလို ဖြစ်နေခဲ့ပါပြီ။

စက္ကန့်အနည်းငယ်ကြာတော့ ကျိုးမင်ရဲ့ မျက်နှာပေးက ပုံမှန်အတိုင်း ပြန်တည်ငြိမ်သွားတယ်။ ထူးခြားတဲ့ ဒီလိုတည်ငြိမ်မှုနဲ့အတူ သူ ခေါင်းပြန်ငုံ့ပြီး ဒိုင်ယာရီကို ဆက်ရေးနေမိတယ်…

" ပိတ်မိနေပြီး ဘယ်လိုလွတ်မြောက်အောင် လုပ်ရမလဲဆိုတဲ့ သဲလွန်စလည်း ငါ့မှာ မရှိဘူး။ ပြီးခဲ့တဲ့ရက်တွေတုန်းက ခေါင်မိုးနဲ့ နံရံတွေကို ဖျက်ဆီးပစ်ဖို့အထိတောင် တွေးခဲ့သေးတယ်။ ဒါပေမဲ့ ခွန်အားတွေအကုန်သုံးပြီး နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့တာတောင် နံရံပေါ်မှာ အစင်းရာလေးတောင် မထင်ခဲ့ဘူး။ နံရံတွေက သေတ္တာတစ်လုံးလို ဖြစ်နေပြီး ငါက အဲဒီသေတ္တာထဲမှာ ပိတ်မိနေပြီး ထွက်ပေါက်မရှိဘဲဖြစ်နေတဲ့ ကြွက်တစ်ကောင်လိုပဲ…"

"ဒါပေမဲ့ တံခါးတစ်ချပ်ကတော့ ချွင်းချက်ပေါ့"

"ဒါပေမဲ့ အဲဒီတံခါးအပြင်ဘက်က အခြေအနေက… ပိုပြီးတော့တောင် လွဲမှားနေသေးတယ်"

စာရေးနေတာကို ကျိုးမင် ထပ်ပြီးရပ်လိုက်တယ်။ စာမျက်နှာပေါ်က သူ့ရဲ့ လက်ရေးတွေကို သေသေချာချာ ပြန်ကြည့်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ရေးခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လှန်ကာ ဖတ်ကြည့်နေမိတယ်။ သူဖတ်ကြည့်နေမိတာက လေးလံပြီး ဖိနှိပ်ခံထားရတဲ့ စကားလုံးတွေ၊ အဓိပ္ပာယ်မရှိတဲ့ အတွေးတွေ၊ စိတ်တိုတိုနဲ့ လျှောက်ခြစ်ထားတဲ့ ပုံတွေနဲ့ ရူးမသွားအောင် အတင်းအဓမ္မ စိတ်လျှော့ပြီး ရေးထားတဲ့ ဟာသညံ့ညံ့လေးတွေပဲ ဖြစ်ပါတယ်။

ဒီအတွေးတွေကို ဘာလို့ချရေးနေရမှန်း သူကိုယ်တိုင်လည်း မသိပါဘူး။ တကယ်တော့ သူက ဒိုင်ယာရီ ပုံမှန်ရေးလေ့ရှိသူ မဟုတ်ပါဘူး။ အလယ်တန်းပြဆရာတစ်ယောက်အနေနဲ့ အားလပ်ချိန် သိပ်မရှိတာမလို့ ရတဲ့အချိန်လေးကို အခြားနေရာမှာပဲ အသုံးချချင်တဲ့သူဖြစ်ခဲ့တာပါ။

ဒါပေမဲ့ အခုတော့ သူ သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ဒီတိုက်ခန်းထဲမှာ ပိတ်မိနေပြီးတဲ့နောက်မှာတော့ သူ့မှာ အားလပ်ချိန်တွေ အများကြီး ရှိနေခဲ့ပါပြီ။

ဒါက မုသားဆန်တဲ့ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ အိပ်မက်ထဲက အရာအားလုံးက သဘာဝတရားရဲ့ နိယာမတွေကို ဆန့်ကျင်ပြီး လည်ပတ်နေတာပါ။ ဒါပေမဲ့ ကျိုးမင် နည်းလမ်းအားလုံး သုံးပြီးတဲ့နောက်မှာ တစ်ခုတော့ သေချာသွားတယ်၊ ဒါက စိတ်ကူးယဉ်နေတာတို့၊ အမြင်မှားတာတို့ မဟုတ်သလို အိပ်မက်လည်း မဟုတ်ပါဘူး။ ပုံမှန်မဟုတ်တော့တဲ့ ကမ္ဘာကြီးထဲမှာ သူတစ်ယောက်ထဲသာ ပုံမှန်အတိုင်း ကျန်ရှိနေခဲ့တာပါ။

သက်ပြင်းအရှည်ကြီး ချပြီးတဲ့နောက် သူ့ရဲ့အကြည့်က အခန်းအဆုံးမှာရှိတဲ့ တစ်ခုထဲသော တံခါးဆီကို ကျရောက်သွားတယ်။

တံခါးက အဖြူရောင်ဆေးပါးပါး သုတ်ထားတဲ့ သာမန်သစ်ပျော့ တံခါးလေးဖြစ်ပြီး တံခါးလက်ကိုင်ကတော့ နှစ်အတော်ကြာ သုံးစွဲမှုကြောင့် ပြောင်ချောနေကာ ဟောင်းနွမ်းနေတဲ့အပြင် နည်းနည်းတောင် စောင်းနေခဲ့ပါပြီ။ တံခါးက ဖွင့်လို့ရတဲ့ တစ်ခုထဲသော အရာဖြစ်ပြီး ဒီနေရာကနေ ထွက်ခွာနိုင်မယ့် တစ်ခုထဲသော လမ်းစပါ။

ပိတ်လှောင်နေတဲ့ ဒီအခန်းက လှောင်အိမ်တစ်ခုဆိုရင် ဒီလှောင်အိမ်ရဲ့ အဆိုးဝါးဆုံး အချက်ကတော့ အချိန်မရွေး တွန်းဖွင့်လို့ရတဲ့ တံခါးတစ်ချပ် ရှိနေပြီး အကျဉ်းသားကို သတ်မှတ်ထားတဲ့ လမ်းကြောင်းတစ်ခုဆီ သွားဖို့ ဆွဲဆောင်နေတာပါပဲ။ ဒါပေမဲ့ "အပြင်ဘက်" ဆိုတာ ကျိုးမင် သွားချင်တဲ့နေရာ မဟုတ်ပါဘူး။

အပြင်မှာက ဟောင်းနွမ်းပြီး ရင်းနှီးနေတဲ့ စင်္ကြံလမ်းတွေ မရှိဘူး။ နေသာတဲ့ လမ်းမတွေနဲ့ တက်ကြွလှုပ်ရှားနေတဲ့ လူအုပ်ကြီးလည်း မရှိဘူး။ သူနဲ့ ရင်းနှီးတာ ဘာတစ်ခုမှ မရှိဘူးလေ။ အဲဒီအစား ရှောင်လွှဲလို့မရတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ထူးဆန်းတဲ့ တိုင်းတစ်ပါးနယ်မြေကြီးကသာ "ဟိုဘက်မှာ" စောင့်ကြိုနေတာပါ။

ဒါပေမဲ့ ကိုယ့်အတွက် အချိန်သိပ်မကျန်တော့ဘူးဆိုတာ ကျိုးမင် သိနေပါတယ်။ ပြီးတော့ "ရွေးချယ်စရာ" ဆိုတာမျိုးက အစကတည်းက မရှိခဲ့ဘူးလေ။

ရိုးရိုးရှင်းရှင်းပြောရရင် သူ့မှာ ရိက္ခာတွေ ကုန်လုနီးပါး ဖြစ်နေပြီး နောက်ဆုံးကျန်တဲ့ ရေသန့်ဘူးကလည်း ကုန်နေပြီလို့ ပြောလို့ရပါတယ်။ တကယ်လို့ သူသာ အဲဒီ "တံခါး" ရဲ့ အခြားတစ်ဖက်ကို မသွားဘူးဆိုရင် နောက်ဆုံးကျန်တဲ့ မျှော်လင့်ချက်အလင်းစလေးပါ ပျောက်ဆုံးသွားပါလိမ့်မယ်။

တံခါးကနေ ထွက်သွားတာကလည်း ဆိုးလှတယ်တော့ မဟုတ်ပါဘူး။ တကယ်လို့ သေသေချာချာ ရှာဖွေကြည့်ရင် ဒီလို သဘာဝလွန် ဖြစ်ရပ်ရဲ့ အဖြေက တံခါးရဲ့တခြားတစ်ဖက်မှာ ရှိနေနိုင်တာပဲလေ။

ကျိုးမင်က အသက်ကို ခပ်ဖွဖွရှူလိုက်ပြီးနောက် ခေါင်းပြန်ငုံ့ကာ ဒိုင်ယာရီရဲ့ နောက်ဆုံး စာပိုဒ်တချို့ကို ရေးသားလိုက်တယ်…

"… ဘာပဲဖြစ်ဖြစ် အခုရှိနေတဲ့ တစ်ခုထဲသော ရွေးချယ်မှုက တံခါးကို ဖြတ်ကျော်သွားဖို့ပဲ။ အနည်းဆုံးတော့ အဲဒီထူးဆန်းတဲ့ သင်္ဘောပေါ်မှာ စားစရာတချို့ ရှိနေတယ်လေ။ ပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ငါလုပ်ခဲ့တဲ့ ရှာဖွေမှုတွေနဲ့ ပြင်ဆင်မှုတွေက အဲဒီသင်္ဘောပေါ်မှာ ရှင်သန်ဖို့ လုံလောက်ပါတယ်။ အကန့်အသတ် ရှိပေမဲ့လည်း ဘာမှမရှိတာထက်စာရင်တော့ ပိုကောင်းတာပေါ့"

"နောက်ဆုံးအနေနဲ့ နောင်တချိန်မှာ ဒီအခန်းထဲ ရောက်လာမယ့်သူတွေကိုပြောချင်တယ်။ တကယ်လို့ ငါ ပြန်မလာခဲ့ဘဲ ကယ်ဆယ်ရေးသမားတစ်ယောက်ယောက်က ဒီအခန်းကို ဖွင့်ကြည့်ပြီး ရောက်လာခဲ့ရင်လည်း ပြောချင်တယ်။ ဒီဒိုင်ယာရီကို မြင်တွေ့ခဲ့မယ်ဆိုရင် ဒီဒိုင်ယာရီထဲမှာ ငါရေးထားသမျှက အလိမ်အညာဆန်တဲ့ ပုံပြင်တစ်ပုဒ်မဟုတ်ပါဘူး။ ဒါက တကယ် ဖြစ်ပျက်ခဲ့တာပါ။ အဖြစ်အပျက်တစ်ခုလုံးက ခြောက်ခြားစရာကောင်းပြီး လက်ရှိလက်တွေ့အရှိတရားနဲ့ ကင်းကွာနေသလို ဖြစ်နေပေမဲ့ ဒီလို ရူးသွပ်ပြီး သီးခြားဖြစ်နေတဲ့ အချိန်နဲ့ နေရာလွတ်ထဲမှာ ပိတ်မိနေခဲ့တဲ့ ကျိုးမင် ဆိုတဲ့ လူတစ်ယောက် တကယ်ပဲ ရှိခဲ့ပါတယ်"

"ငါ မြင်တွေ့ခဲ့ရတဲ့ ထူးဆန်းမှုတွေကို ဒီဒိုင်ယာရီထဲမှာ အကောင်းဆုံး ဖော်ပြထားပြီး ဒီနေရာကနေ ထွက်ခွာဖို့ ကြိုးစားခဲ့တဲ့ အားထုတ်မှုအားလုံးကိုလည်း မှတ်တမ်းတင်ထားပါတယ်။ တကယ်လို့ 'နောင်တချိန်မှာ ရောက်လာမယ့်သူတွေ' ရှိခဲ့ရင် အနည်းဆုံးတော့ ငါ့နာမည်ကို မှတ်မိပေးပါ၊ အနည်းဆုံးတော့ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို သတိရပေးပါ"

ကျိုးမင်က ဒိုင်ယာရီကို ပိတ်လိုက်ပြီး ဘောပင်ကို ခွက်ထဲ ပစ်ထည့်ကာ ရှုပ်ပွနေတဲ့ စားပွဲခုံကနေ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်တယ်။

သူဟာ လုံးဝ စိတ်ပျက်အားငယ်ပြီး ခွန်အားမဲ့မသွားခင် ထွက်ခွာဖို့ အချိန်တန်နေပါပြီ။

ဒါပေမဲ့လည်း ခဏလောက် စဉ်းစားပြီးတဲ့နောက်မှာ သူက "အပြင်လောက" ကို ဦးတည်နေတဲ့ တစ်ခုထဲသော တံခါးဆီကို တန်းမသွားဘဲ ကုတင်ဆီကိုပဲ သွားလိုက်တယ်။

တံခါးနောက်ကွယ်က ထူးဆန်းတဲ့ ကမ္ဘာကြီးကို ရင်ဆိုင်ဖို့အတွက် သူ့ရဲ့ အကောင်းဆုံး အခြေအနေကို လိုအပ်ပါတယ်။ လက်ရှိ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကတော့ လုံးဝကို မကောင်းမွန်သေးဘူးလေ။

အိပ်ပျော်နိုင်ပါ့မလား မသိပေမဲ့ ကုတင်ပေါ်မှာ အတင်း လှဲလျောင်းပြီး ဦးနှောက်ကို ဗလာကျင်းထားတာက စိတ်ပန်းလူပန်း ဖြစ်နေတဲ့ အခြေအနေနဲ့ "တံခါးအပြင်ဘက်" ကို သွားတာထက်စာရင် ပိုကောင်းပါတယ်။

ရှစ်နာရီကြာပြီးတဲ့နောက် ကျိုးမင် မျက်လုံး ပြန်ပွင့်လာခဲ့တယ်။

ပြတင်းပေါက်အပြင်ဘက်မှာတော့ ရှုပ်ထွေးလှတဲ့ မြူထုကြီးက ရှိနေတုန်းပါပဲ။ ပြီးတော့ နေ့နဲ့ညရဲ့ မိုးကုပ်စက်ဝိုင်း အလင်းရောင်က ခြောက်ခြားစရာကောင်းတဲ့ ဖိနှိပ်မှုကို ဆောင်ကျဉ်းပေးနေတုန်းပါ။

ကျိုးမင်က ပြတင်းပေါက်အပြင်ဘက်က အခြေအနေကို လျစ်လျူရှုလိုက်တယ်။ နောက်ဆုံးကျန်တဲ့ ရိက္ခာတွေကို ထုတ်ယူပြီး ရှစ်မိနစ်အတွင်း အကုန်စားပစ်လိုက်ကာ အခန်းထောင့်က မှန်တင်ခုံအရှေ့ကို သွားရပ်လိုက်တယ်။

မှန်ထဲက လူကတော့ ဆံပင်တွေ ရှုပ်ပွနေတာပါ။ မျက်နှာက နွမ်းလျနေပြီး ဘာဆွဲဆောင်မှုမှ မရှိပါဘူး။ ဒါပေမဲ့လည်း ကျိုးမင်က အကြည့်လွှဲမသွားဘူး၊ ဘာလို့လဲဆိုတော့ ဒီပုံရိပ်ကို သူ့ခေါင်းထဲမှာ စွဲထင်ကျန်ရစ်စေချင်လို့ပါ။

ရှည်လျားလှတဲ့ မိနစ်အနည်းငယ် ကုန်ဆုံးသွားပြီးတဲ့နောက် သူက မှန်ထဲက သူ့ကိုသူ ရောင်ပြန်ဟပ်မှုကို ကြည့်ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ်။

"မင်းနာမည်က ကျိုးမင်ပဲ၊ အနည်းဆုံးတော့ ဒီ 'ဘက်' မှာတော့ မင်းနာမည်က ကျိုးမင်ပဲ။ ဒါကို စိတ်ထဲမှာ အမြဲမှတ်ထားပြီး ဘယ်တော့မှ မမေ့နဲ့"

အဲဒီနောက် သူဟာ လှည့်ထွက်လာခဲ့တယ်။

အရမ်းကို ရင်းနှီးနေတဲ့ တံခါးရှေ့ကို ရောက်တဲ့အခါ ကျိုးမင်ဟာ အသက်ကို ဝဝရှူလိုက်ပြီး တံခါးလက်ကိုင်ပေါ်ကို လက်တင်လိုက်တယ်။

သူ့ခန္ဓာကိုယ်ပေါ်မှာ ဘာအပိုပစ္စည်းမှ ပါမလာပါဘူး။ ပြီးခဲ့တဲ့ "လေ့လာစူးစမ်းမှုတွေ" ကနေ ရရှိခဲ့တဲ့ အတွေ့အကြုံကလွဲလို့ စားစရာရော၊ ကိုယ်ပိုင်ကာကွယ်ရေး ပစ္စည်းရော မပါပါဘူး။ ဘာလို့လဲဆိုတော့ သူ ယူဆောင်သွားချင်ရင်တောင် ဘာမှ ယူသွားလို့မရလို့ပါပဲ။ တံခါးက ခွင့်မပြုဘူးလေ။

တံခါးကို လှည့်ပြီး အသံမြည်အောင် တွန်းဖွင့်လိုက်တဲ့အခါ သစ်သားအတားအဆီးရဲ့ နောက်ကွယ်မှာ လှုပ်ရှားနေတဲ့ အနက်ရောင် မြူခိုးတွေကို မြင်တွေ့လိုက်ရတယ်။ ဒါက သက်ရှိသတ္တဝါတစ်ကောင်လို ကျုံ့လိုက် ဆန့်လိုက် ဖြစ်နေတဲ့ အနက်ရောင်ပြာ မြူခိုးတွေရဲ့ လိုက်ကာတစ်ခုပါပဲ။ သူ့အခန်းရဲ့ ဘေးကင်းတဲ့ စည်းဝိုင်းကို ဖြတ်ကျော်လိုက်တာနဲ့ ပင်လယ်လှိုင်းတံပိုးတွေ ရိုက်ခတ်သံကို နားထဲမှာ ကြားလိုက်ရပြီး ပင်လယ်ရဲ့ ငန်ကျိကျိ အနံ့အသက်က ချက်ချင်း လိုက်ပါလာခဲ့တယ်။

ခဏတာ ဖြစ်သွားတဲ့ ခေါင်းမူးဝေမှုတွေအားလုံးက ခြေထောက်အောက်က တုန်ခါမှုကြောင့် ပျောက်ကွယ်သွားခဲ့ပါပြီ။ အခု သူက လူသူကင်းမဲ့ပြီး အဆုံးအစမရှိ ကျယ်ပြန့်လှတဲ့ သစ်သားကုန်းပတ်တစ်ခုပေါ်မှာ မတ်တတ်ရပ်နေတာပါ။ ပြီးတော့ မှောင်မိုက်တဲ့ မုန်တိုင်းတိမ်တိုက်တွေအောက်မှာ မြင့်မားတဲ့ ရွက်တိုင်ကြီးက ထိုးထွက်နေပါတယ်။ ဒါက ပင်လယ်ပြင်ကြီးပဲ။ ဒါပေမဲ့ ရေပြင်က မှောင်မိုက်နေပြီး အဆုံးမရှိ လှိုင်းထနေတာပါ။

အခုရောက်နေတဲ့ "ဘက်" မှာရှိတဲ့ သူ့ရဲ့ ခန္ဓာကိုယ်အသစ်ကို ငုံ့ကြည့်ပြီး စစ်ဆေးလိုက်တဲ့အခါ သူ နောက်ဆုံးမှတ်မိတာထက် ပိုပြီး ကြွက်သားတွေထွက်နေတာကို တွေ့လိုက်ရတယ်။ ခန္ဓာကိုယ်က အရိုးငေါငေါနဲ့ အရိုးစုတစ်ခုလို ဖြစ်နေပေမဲ့ သူ ဝတ်ဆင်ထားတဲ့ ခန့်ညားတဲ့ သင်္ဘောကပ္ပတိန် ယူနီဖောင်းနဲ့တော့ အတော်လေး လိုက်ဖက်ပါတယ်။ ပြီးတော့ သူ့ခါးမှာလည်း ရှေးဟောင်းဒီဇိုင်းဖြစ်တဲ့ အနက်ရောင် မီးကျောက်သေနတ်တစ်လက်ကို ချိတ်ဆွဲထားတယ်။ ဒါပေမဲ့လည်း သူ ဘာဝတ်ထားလဲဆိုတာက အရေးမကြီးပါဘူး၊ အဓိက စိုးရိမ်စရာက သူကိုယ်တိုင်ပါပဲ။ ဒီခန္ဓာကိုယ်က သူ သိထားတဲ့ "သူကိုယ်တိုင်" တကယ်ပဲ ဟုတ်ရဲ့လား။

All Chapters