အခန်း ၂
Vol. 1 Ch. 2
အခန်း (၂)
အန္တရဟိတသင်္ဘော၏ ကပ္ပတိန်
ကျိုးမင်အနေနဲ့ ဒီတံခါးကို ဖြတ်ကျော်ပြီး "တခြားတစ်ဖက်" ကို ရောက်လာတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ထူးဆန်းပြီး ဘာမှန်းမသိတဲ့ "သဘာဝလွန်ဖြစ်ရပ်" တစ်ခုကြောင့် သူ့အခန်းထဲမှာ ပိတ်မိနေခဲ့ပြီးတဲ့နောက် ဒီတံခါးကပဲ သူ့ရှေ့မှာရှိတဲ့ တစ်ခုထဲသော ထွက်ပေါက်ဖြစ်နေခဲ့တာမလို့ အကူအညီရှာဖို့အတွက် တံခါးကို သူ အကြိမ်ကြိမ် ဖြတ်ကျော်ဝင်ရောက်ခဲ့ဖူးပါတယ်။
တံခါးပထမဆုံးပွင့်ခဲ့တဲ့ အချိန်ကို သူ အခုထိ မှတ်မိနေတုန်းပဲ။ အခုလိုပဲ သစ်သားကုန်းပတ်ကြီး ရှိနေခဲ့တာပါ။ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း အခုလိုပဲ ပြောင်းလဲသွားခဲ့တာ ဖြစ်ပြီး အကူအညီရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီဘက်အခြမ်းကို အကြိမ်ကြိမ် လာရောက်စူးစမ်းဖို့ သူ သတ္တိမွေးခဲ့ရတာပါ။ ဒါပေမဲ့ သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘာအဖြေမှ ပြန်မရခဲ့သလို "တံခါး" နဲ့ ချိတ်ဆက်နေတဲ့ ဒီသရဲသင်္ဘောကြီးရဲ့ ထူးဆန်းမှုကိုလည်း သူ နားမလည်နိုင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် အခုတော့ ဒီသင်္ဘောအကြောင်းကို အကြမ်းဖျင်း နားလည်ဖို့အတွက် အတွေ့အကြုံတချို့တော့ သူ ရရှိထားပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အခေါက်တွေလိုပဲ ကျိုးမင်ဟာ တံခါးကိုဖြတ်ကျော်ချိန်မှာ ဖြစ်လေ့ရှိတဲ့ ခေါင်းမူးဝေမှုကို အမြန်ဆုံး ဖျောက်ဖျက်လိုက်တယ်။ အဲဒီနောက် သူ့ရဲ့ ခန္ဓာကိုယ်အခြေအနေနဲ့ ခါးမှာချိတ်ထားတဲ့ သေနတ်ကို အရင်ဆုံး စစ်ဆေးလိုက်တယ်။ အရာအားလုံးက ပြီးခဲ့တဲ့အကြိမ် သူ ရောက်လာခဲ့တုန်းကအတိုင်းပါပဲ။
"ငါ တံခါးကို ဖြတ်သန်းလိုက်တိုင်း ခန္ဓာကိုယ်က ပုံစံတစ်ခုကနေတစ်ခုကို ချောချောမွေ့မွေ့ ပြောင်းလဲသွားတာပဲ။ ဒီဘက်အခြမ်းမှာသာ ကင်မရာတစ်လုံးလောက် ထားခဲ့လို့ရရင် ဘာဖြစ်သွားမလဲဆိုတာ ကြည့်လို့ရမှာ။ ဒါမှ ငါ ဟိုဘက်ပြန်သွားတဲ့အခါမှာ ဒီခန္ဓာကိုယ်က ဘာဖြစ်ကျန်ခဲ့လဲဆိုတာ အတည်ပြုနိုင်မှာလေ။ နှမြောစရာကောင်းတာက ကမ္ဘာနှစ်ခုကြားက ပစ္စည်းတွေကို အပြန်အလှန် သယ်ဆောင်လို့မရတာပဲ…"
"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဟိုဘက်ကမ္ဘာမှာ ငါထားခဲ့တဲ့ ဒိုင်ယာရီမှတ်တမ်းတွေအရ ငါဟာ အခန်းထဲမှာတင် သတိလစ်လဲကျသွားတာမဟုတ်ဘဲ ဒီမြူထုထဲကို တကယ်ပဲ လမ်းလျှောက်ဝင်လာခဲ့တယ်ဆိုတာတော့ သေချာသွားတာပေါ့"
ကျိုးမင်က သူ့ရဲ့ အတွေးတွေကို စနစ်တကျဖြစ်အောင် တိုးတိုးလေး ရေရွတ်နေမိတယ်။ ဟာလာဟင်းလင်း ဖြစ်နေတဲ့ ကုန်းပတ်ပေါ်မှာ တစ်ယောက်ထဲ စကားပြောနေတာက သူစိမ်းတစ်ယောက် အမြင်မှာတော့ ရူးကြောင်ကြောင်နိုင်လိမ့်မယ်ဆိုတာ သူ သိပါတယ်။ ဒါပေမဲ့ သူ့ကို လှောင်ပြောင်မယ့်သူမှ မရှိတာလေ။ ဒီသရဲသင်္ဘောပေါ်မှာ လူရိပ်လူယောင်တောင် မရှိတဲ့အတွက် ဒါက သူ "အသက်ရှင်နေသေးတယ်" ဆိုတာကို ကိုယ့်ဘာသာကိုယ် သက်သေပြနေတဲ့ နည်းလမ်းတစ်ခုပါပဲ။
ပင်လယ်လေညင်းက ကုန်းပတ်ကို ဖြတ်သန်းတိုက်ခတ်ပြီး ဘာမှန်းမသိတဲ့ အစအနတွေနဲ့ ပြုလုပ်ထားတဲ့ သူ့ရဲ့ နက်ပြာရောင် ယူနီဖောင်းကို လာရိုက်ခတ်တဲ့အခါ ကျိုးမင်က သက်ပြင်းခပ်ဖွဖွချပြီး တံခါးဆီကို ပြန်လှည့်ကြည့်လိုက်တယ်။
တံခါးလက်ကိုင်ကို ကိုင်ပြီး အတွင်းဘက်ကို ပြန်တွန်းဖွင့်လိုက်တဲ့အခါ သူ လာခဲ့တဲ့ မီးခိုးရောင် မြူထုကြီးကို မြင်တွေ့လိုက်ရပါတယ်။ အဲဒီမြူထုရဲ့ အလွန်မှာတော့ နှစ်အတော်ကြာ သူနေထိုင်ခဲ့တဲ့ ရင်းနှီးလှတဲ့ တိုက်ခန်းလေး ရှိနေတာပါ။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူ အထဲကို ပြန်မဝင်တော့ဘဲ တံခါးကို ပြန်ပိတ်လိုက်ပြီး အပြင်ဘက်ကို ဆွဲဖွင့်လိုက်တဲ့အခါ ကပ္ပတိန်အခန်းကို မြင်တွေ့လိုက်ရတယ်။ အထဲမှာတော့ နံရံတွေမှာ လက်ရာမြောက်တဲ့ ပန်းချီတွေ ချိတ်ဆွဲထားပြီး မီးမှိန်မှိန်လေးပဲ လင်းနေတဲ့ အခန်းကျဉ်းလေးတစ်ခု ရှိနေပါတယ်။ အလှဆင်ပစ္စည်းတွေ အများကြီးတင်ထားတဲ့ စင်တစ်ခုရယ်၊ အခန်းအလယ်က ဝိုင်နီရောင် ကော်ဇောပေါ်မှာ အခြေချထားတဲ့ မြေပုံကြည့်စားပွဲကြီး တစ်ခုရယ်လည်း ရှိနေတာပါ။
ဒီ "တံခါး" က အဲဒီလို အလုပ်လုပ်တာပါ။ တံခါးကို တွန်းဖွင့်ရင် တိုက်ခန်းဆီ ပြန်ရောက်သွားပြီး ဆွဲဖွင့်ရင်တော့ ကပ္ပတိန်အခန်းထဲကို ရောက်ရှိသွားတာပါ။ ဒါက ပုံမှန်အတိုင်း ဖြစ်သင့်တဲ့ သဘောတရားပေါ့လေ။
ကပ္ပတိန်အခန်းထဲကို ဝင်ပြီးတဲ့နောက် သူက အမြဲလုပ်နေကျအတိုင်း ဘယ်ဘက်ကို လှည့်ကြည့်လိုက်တယ်၊ အဲဒီနေရာက နံရံမှာ လူတစ်ရပ်စာ မှန်အရှည်ကြီးတစ်ခု ရှိနေတာပါ။ မှန်ထဲမှာတော့ လက်ရှိ "ကျိုးမင်" ရဲ့ ရုပ်သွင်က အထင်အရှား ပေါ်နေပါတယ်။
သူ့မှာ ထူထဲတဲ့ ဆံပင်အနက်ရောင်တွေ၊ ဩဇာညောင်းတဲ့ မုတ်ဆိတ်တိုတွေနဲ့ နက်ရှိုင်းတဲ့ မျက်တွင်းတွေ ရှိပါတယ်။ သူဟာ ကြည့်လိုက်တာနဲ့ အလိုလို ရိုသေခန့်ညားမိစေမယ့် အရပ်ရှည်ရှည် လူကြီးတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ အဲ့ဒီခန့်ညားတဲ့လူကြီးက အသက် လေးဆယ်ကျော်နေပြီ ဖြစ်ပေမဲ့ ယောက်ျားပီသတဲ့ ရုပ်ရည်ကြောင့် အသက်အမှန်ကို ဝေခွဲမရဖြစ်စေပြီး သူ့ထက် အသက်ငယ်တဲ့သူလို့တောင် ထင်မှတ်မှားနိုင်ပါတယ်။
သူက လည်ပတ်ဝတ်စုံကို နည်းနည်းဖြေလျော့လိုက်ပြီး မှန်ထဲမှာ ရူးကြောင်ကြောင် မျက်နှာပေးမျိုး လုပ်ကြည့်နေမိတယ်။ စိတ်မကောင်းစရာက သူ့ရဲ့ ဒီရုပ်သွင်အသစ်နဲ့ အဲဒီလို ပုံစံက ဘယ်လိုမှ အဆင်မပြေပါဘူး။ ကြင်နာတတ်တဲ့ ပုံစံမျိုး ဖြစ်မလာဘဲ စိတ္တဇလူသတ်သမားတစ်ယောက်နဲ့ပဲ ပိုတူနေတာပါ။
ကျိုးမင်က မှန်ထဲမှာ အဲဒီလို ပုံစံအမျိုးမျိုး လုပ်နေတုန်း မြေပုံကြည့်စားပွဲရှိရာ အရပ်ဆီကနေ တစ်ချက်တစ်ချက် မြည်တဲ့ အသံလေးတစ်ခု ထွက်ပေါ်လာတယ်။ သူ အံ့ဩမသွားပါဘူး၊ စားပွဲပေါ်မှာရှိတဲ့ သူနဲ့ ရင်းနှီးနေတဲ့ ဆိတ်ခေါင်းပုံသဏ္ဌာန် သစ်သားရုပ်ထုက သူ့ဘက်ကို ဖြည်းဖြည်းချင်း လှည့်လာတာကို မြင်လိုက်ရလို့ပါ။ ဒီအသက်မဲ့နေတဲ့ သစ်သားတုံးက အခုအချိန်မှာတော့ အသက်ဝင်လာသလိုမျိုး ဖြစ်နေပြီး သစ်သားမျက်နှာပေါ်က နက်မှောင်တဲ့ ကျောက်မျက်မျက်လုံး တွေကလည်း အရောင်တောက်လို့နေပါတယ်။
ထူးဆန်းတဲ့ ဒီမြင်ကွင်းကို ပထမဆုံး မြင်ဖူးတုန်းက ကြောက်လန့်တကြား ဖြစ်ခဲ့ရတဲ့ မှတ်ဉာဏ်တွေက စိတ်ထဲမှာ ပြန်လည် ထင်ဟပ်လာပေမဲ့ ကျိုးမင်ကတော့ ပြုံးလိုက်ရုံပဲ ပြုံးလိုက်တယ်။ ဘာဖြစ်လာတော့မယ်ဆိုတာ သူ သိနေတာပဲလေ။ မျှော်လင့်ထားတဲ့အတိုင်းပဲ သစ်သားဆိတ်ခေါင်းဆီကနေ အက်ကွဲပြီး အေးစက်တဲ့ အသံတစ်သံ ထွက်ပေါ်လာတယ်။
"နာမည်"
"ဒန်ကန်"
ကျိုးမင်က တည်ငြိမ်စွာ ပြောလိုက်တယ်။
"ဒန်ကန် အက်ပ်နိုမာ"
အဲဒီ သစ်သားဆိတ်ခေါင်းရုပ်ရဲ့ အသံက အက်ကွဲပြီး အေးစက်နေရာကနေ ချက်ချင်းပဲ နွေးထွေးပြီး ပျူငှာတဲ့ အသံအဖြစ် ပြောင်းလဲသွားတယ်။
"မင်္ဂလာနံနက်ခင်းပါ။ ကပ္ပတိန်။ ကပ္ပတိန်က ကိုယ့်နာမည်ကို အခုထိ မှတ်မိနေသေးတာ မြင်ရတာ ဝမ်းသာစရာပါ။ ဒီနေ့ စိတ်အခြေအနေ ဘယ်လိုရှိလဲ။ ဘယ်လိုအခြေအနေ ရှိပါသလဲ။ မနေ့ညကကော ကောင်းကောင်းအိပ်ပျော်ရဲ့လား။ အိပ်မက်လှလှမက်ခဲ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့ကတော့ ရွက်လွှင့်ဖို့ နေ့ကောင်းရက်သာပါ။ ပင်လယ်ကလည်း ငြိမ်သက်နေတယ်၊ လေဦးတည်ချက်ကလည်း မှန်တယ်၊ ရာသီဥတုကလည်း အေးမြပြီး သက်တောင့်သက်သာ ရှိတယ်၊ ပြီးတော့ စိတ်အနှောင့်အယှက်ဖြစ်စရာ ရေတပ်သင်္ဘောတွေလည်း ပတ်ဝန်းကျင်မှာ မရှိပါဘူး။ သင်္ဘောသားတွေ ဆူညံတတ်တာကိုတော့ ကပ္ပတိန် သိမှာပါ…"
"မင်း ဆူညံနေတာနဲ့တင် လုံလောက်နေပါပြီ"
ထူးဆန်းတဲ့ ဒီဆိတ်ခေါင်းနဲ့ ဆက်ဆံရတာ ဒါပထမဆုံးအကြိမ် မဟုတ်ပေမဲ့ ကျိုးမင်ဟာ အခုအချိန်အထိ ကျောချမ်းတဲ့ ခံစားချက်ကို ခံစားနေရတုန်းပါပဲ။ နောက်ဆုံးတော့ သူက အဲဒီသစ်သားဆိတ်ခေါင်းကို စိုက်ကြည့်ရင်း အံကြိတ်ပြီး ပြောလိုက်တယ်။
"တိတ်တိတ်နေစမ်း"
"အို၊ အို၊ ဟုတ်ကဲ့ပါ။ ကပ္ပတိန်။ ကပ္ပတိန်က တိတ်ဆိတ်မှုကို သဘောကျတာပဲ။ ဒုကပ္ပတိန်၊ လမ်းကြာင်းတာဝန်ခံ၊ ဦးဆောင်သင်္ဘောသား၊ သာမန်သင်္ဘောသား၊ ကင်းထောက် အစရှိတဲ့တာဝန်တွေကိုယူထားတဲ့ ကပ္ပတိန်ရဲ့သစ္စာရှိ လူယုံကြီးကျွန်တော်ဟာ ကပ္ပတိန်က တိတ်ဆိတ်မှုကိုနှစ်သက်မှန်း သေချာသိပါတယ်။ တိတ်တိတ်ဆိတ်ဆိတ် နေတာက အကျိုးကျေးဇူးတွေ အများကြီး ရှိတာအမှန်ပါပဲ။ တစ်ခါကဆိုရင် ဆေးပညာနယ်ပယ်မှာ… ဒါမှမဟုတ် ဒဿနိကဗေဒနယ်ပယ်မှာလား၊ ဗိသုကာပညာနယ်ပယ်မှာလားပဲ…"
ကျိုးမင်က အဆက်မပြတ် စကားများနေတဲ့ အသံကြောင့် နားထင်တွေ ကိုက်ခဲလာပြီး ခေါင်းမူးသလိုမျိုး ရုတ်တရက် ခံစားလိုက်ရတယ်။
"ငါပြောတာက မင်းကို တိတ်တိတ်နေဖို့ အမိန့်ပေးနေတာ"
"အမိန့်" ဆိုတဲ့ စကားလုံး ထွက်လာတာနဲ့ ဆိတ်ခေါင်းက ချက်ချင်းပဲ ငြိမ်ကျသွားပါတော့တယ်။
သူ သက်ပြင်းအသာချလိုက်ပြီး မြေပုံကြည့်စားပွဲဆီ သွားကာ ကုလားထိုင်ပေါ်မှာ ထိုင်လိုက်တယ်။ အခု သူက လူသူကင်းမဲ့နေတဲ့ ဒီသရဲသင်္ဘောကြီးရဲ့ "ကပ္ပတိန်" ဖြစ်နေခဲ့ပြီလေ။
ဒန်ကန် အက်ပ်နိုမာ ဆိုတာ မရင်းနှီးတဲ့ နာမည်တစ်ခု ဖြစ်ပြီး မျိုးရိုးနာမည်က ပိုပြီးတော့တောင် ထူးဆန်းပါတယ်။ ဒါဆို သူက ဒီအသေးစိတ်အချက်အလက်ကို ဘယ်လိုသိနေတာလဲ။ သူကိုယ်တိုင်လည်း မသိပါဘူး။ ဒါက ဒီဘက်ကို ပထမဆုံးအကြိမ် ဖြတ်ကျော်လာကတည်းက ဒီခန္ဓာကိုယ်က အလိုလိုသိနေတဲ့ အချက်အလက်ပါ။ "ဒီဘက်ကမ္ဘာ" မှာတော့ ဒန်ကန်က ရှည်လျားတဲ့ ခရီးတစ်ခုကို သွားနေတာ ဖြစ်ပြီး အသေးစိတ် အချက်အလက် အများစုကတော့ ပျောက်ဆုံးနေတဲ့ ကွက်လပ်တွေလို ဖြစ်နေပါတယ်။
သူဟာ ကြီးကျယ်ခမ်းနားတဲ့ ရွက်လွှင့်မယ့် အစီအစဉ်တစ်ခုထဲမှာ ရောက်နေတယ်လို့ ပြတ်ပြတ်သားသား ခံစားနေရပေမဲ့ အဲဒီအစီအစဉ်ဆိုတာက ဘာလဲ၊ ဒါမှမဟုတ် ဘယ်ကို ဦးတည်နေလဲဆိုတာကိုတော့ ဘာတစ်ခုမှ မသိပါဘူး။ သင်္ဘောရဲ့ အစစ်အမှန် ပိုင်ရှင်ဖြစ်တဲ့ "ဒန်ကန် အက်ပ်နိုမာ" အစစ်ကတော့ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက သေဆုံးသွားခဲ့ပြီလို့ ထင်ရပါတယ်။
ဒါဆို သူ့ဆီမှာ ဘာတွေ တကယ်ဖြစ်ပျက်နေတာလဲ။ လူတစ်ယောက်ရဲ့ စိတ်ထဲမှာ "အသိ" တစ်ခု စွဲထင်ကျန်ရစ်အောင် လုပ်ထားသလိုမျိုးပါပဲ။
ကပ္ပတိန် ဒန်ကန်ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း နောက်ကွယ်မှာ ကြီးမားတဲ့ ပြဿနာတစ်ခု ရှိနေတယ်လို့ ကျိုးမင်ရဲ့ စိတ်အသိက သတိပေးနေပါတယ်။ အထူးသဖြင့် ဒီသင်္ဘောပေါ်မှာရှိတဲ့ သဘာဝလွန် ဖြစ်ရပ်တွေ (စကားပြောတတ်တဲ့ သစ်သားဆိတ်ခေါင်းရုပ်) ကြောင့်ပေါ့။ ဒါပေမဲ့ သူ့မှာ ရွေးချယ်စရာ သိပ်မရှိပါဘူး။ သူ ဒီဘက်ကို ဖြတ်ကျော်လာတိုင်း အဲဒီဆိတ်ခေါင်းက သူဟာ မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုဖို့ ကြိုးစားရုံတင်မကဘဲ သင်္ဘောကြီးကိုယ်တိုင်ကလည်း တစ်ခါတစ်ရံမှာ အဲဒီလိုမျိုး လုပ်တတ်ပါတယ်။ ဒီနည်းလမ်းကတော့ ပိုင်ရှင်အစစ်ဖြစ်သူက တမင်တကာ စီစဉ်ထားတဲ့ မကောင်းတဲ့ အကြံအစည်တစ်ခုလို့ပဲ ပြောရမယ်ထင်တယ်…
မြေပုံကြည့်စားပွဲပေါ်က ဆိတ်ခေါင်းက ရှေးဟောင်းပုံပြင်တွေထဲက မကောင်းဆိုးဝါး ရုပ်တုတစ်ခုလို ဖြစ်နေတာကလည်း စိတ်အခြေအနေကို ပိုပြီး ဆိုးဝါးစေပါတယ်။
ဒါပေမဲ့ အဆိုးဘက်က အချက်တွေကို ဖယ်ထားရင် ဒန်ကန် အက်ပ်နိုမာ ဆိုတဲ့ နာမည်ကို သူ လက်ခံထားသရွေ့တော့ ဒီသင်္ဘောကြီးက သူ့အပေါ် အတော်လေး လိုက်လျောညီထွေ ရှိလှပါတယ်။ ဒီမှာရှိတဲ့ အရာတွေက သိပ်ပြီး အသိဉာဏ် မြင့်မားလွန်းပုံလည်း မရပါဘူး။
ကျိုးမင်ဟာ (အခုတော့ ဒန်ကန်လို့ပဲ ဆိုရမှာပေါ့) သူ့ရဲ့ အတွေးတွေကို ရပ်တန့်လိုက်ပြီး မြေပုံကြည့်စားပွဲပေါ်က မြေပုံကို ဖြန့်လိုက်တယ်။
မြေပုံပေါ်မှာတော့ ခွဲခြားလို့ရတဲ့ လမ်းကြောင်းတွေ၊ အမှတ်အသားတွေ ဒါမှမဟုတ် ကုန်းမြေတွေ ဘာတစ်ခုမှ မရှိပါဘူး၊ ကျွန်းတစ်ကျွန်းတောင် မရှိပါဘူး။ ကြမ်းတမ်းပြီး ထူထဲတဲ့ သားရေစာမျက်နှာပြင်ပေါ်မှာတော့ မူလက ဆွဲသားထားတဲ့ လမ်းကြောင်းတွေကို ဖုံးကွယ်ထားသလိုမျိုး အဆက်မပြတ် လှုပ်ရှားနေတဲ့ မီးခိုးဖြူရောင် အစက်အပြောက်ကြီးတွေပဲ ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီအပေါ်မှာ မဝေဝါးဘဲ ထင်ထင်ရှားရှား ရှိနေတဲ့ ပုံရိပ်တစ်ခုတော့ ရှိနေပါတယ်။ အဲဒါကတော့ ထူထပ်တဲ့ မြူထုထဲမှာ ပေါ်ထွက်နေတဲ့ သင်္ဘောတစ်စင်းရဲ့ ပုံရိပ်ပါပဲ။
ဒန်ကန် (ကျိုးမင်) အနေနဲ့ ရှေးဟောင်းနည်းပညာတွေကို သုံးပြီး ရွက်လွှင့်ရတဲ့ အတွေ့အကြုံ သိပ်မရှိပေမဲ့ ခေတ်သစ်လူ့အဖွဲ့အစည်းက သာမန်လူတစ်ယောက်တောင်မှ "ပုံမှန်" မြေပုံတစ်ခုက ဒီလိုပုံစံမျိုး မဖြစ်နိုင်ဘူးဆိုတာ သိလောက်မှာပဲလေ။
စားပွဲပေါ်က သစ်သားဆိတ်ခေါင်းလိုပဲ ဒီမြေပုံကလည်း တစ်မျိုးမျိုးသော သဘာဝလွန် ပစ္စည်းတစ်ခု ဖြစ်ပုံရပါတယ်။ ဒန်ကန်အနေနဲ့ ယခုအချိန်အထိ အဲဒီပစ္စည်းရဲ့ အသုံးဝင်ပုံကို သေသေချာချာ မသုံးသပ်နိုင်သေးတာပဲ ရှိတာပါ။
ကပ္ပတိန်ရဲ့ အကြည့်က မြေပုံဆီကို ရောက်သွားတာကို သတိပြုမိသွားပုံရပြီး စားပွဲပေါ်မှာ အတော်ကြာ တိတ်ဆိတ်နေတဲ့ ဆိတ်ခေါင်းက ပြန်လှုပ်ရှားလာပြန်တယ်။ သစ်သားအချင်းချင်း ပွတ်တိုက်မိသလိုမျိုး တချက်ချက် မြည်တဲ့ အသံတွေကို စတင်ပြုလုပ်လာတာပါ။ ပထမတော့ ခပ်ဖွဖွပဲ ဖြစ်ပေမဲ့ မကြာခင်မှာပဲ လျစ်လျူရှုလို့မရလောက်အောင်ကို တုန်ခါလာပါ တော့တယ်။
"ကဲ…. ပြောစရာရှိတာ ပြော"
ဒီအတိုင်းသာ ဆက်သွားရင် ဒီတုန်ခါနေမှုက စားပွဲကို မီးတောက်သွားစေမလားဆိုတာ ဒန်ကန် စိုးရိမ်မိလာလို့ပါ။
"ဟုတ်ကဲ့ပါ ကပ္ပတိန်။ ကျွန်တော် ထပ်ပြောရရင် ဒီနေ့က ရွက်လွှင့်ဖို့ နေ့ကောင်းရက်သာပဲ ဖြစ်ပြီး ' အန္တရဟိတ'သင်္ဘောကြီးကလည်း အမြဲတမ်းလိုပဲ ကပ္ပတိန်ရဲ့ အမိန့်ကို စောင့်မျှော်နေပါတယ်ဗျာ။ ကျွန်တော်တို့ ရွက်တိုင်တွေကို လွှင့်တင်ကြတော့မလား"
[အန္တရဟိတ = ပျောက်ဆုံးနေသောသင်္ဘော]