အခန်း ၃
Vol. 1 Ch. 3
အခန်း (၃)
အန္တရဟိတ ၏ ကပ္ပတိန်
သစ်သားဆိတ်ခေါင်းရုပ်ရဲ့ မာကြောပြီး မည်းနက်နေတဲ့ မျက်နှာက ဒန်ကန်ကို မော့ကြည့်နေပြီး အဲဒီကျောက်မျက် မျက်လုံးတွေထဲမှာတော့ ဘာစိတ်ခံစားချက်မှ ဖော်ပြလို့မရတာတောင်မှ ထူးဆန်းတဲ့ မျှော်လင့်ချက်တွေနဲ့ တောက်ပလို့နေပါတယ်။
ဒီရုပ်တုက သူ့ကို "ရွက်လွှင့်ဖို့" တိုက်တွန်းတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ တကယ်တော့ သူဒီဘက်ကို လာတိုင်း ဒီသစ်သားဆိတ်ခေါင်းရုပ်က အမြဲတမ်း အဲဒီလိုပဲ လုပ်တတ်တာပါ။ ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး စိတ်ဆင်းရဲဖို့ကောင်းတာက ဒီသင်္ဘောကြီးဆီကနေလည်း အဲဒီလိုလုပ်ဖို့ တိုးတိုးလေး တိုက်တွန်းနေတဲ့ တိတ်ဆိတ်တဲ့အသံကို အမြဲကြားနေရတာပါပဲ။ ဒါကလည်း သူ တိုက်ခန်းဆီကိုပဲ ခဏခဏပြန်သွားပြီး ဒီဘက်မှာ အကြာကြီးမနေရဲတဲ့ အကြောင်းရင်းတစ်ခုပါ။
ဒန်ကန်က လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေကို စဉ်းစားရင်း ခဏလောက် ဘာမှမပြောဘဲ မျက်နှာပျက်ပျက်နဲ့ ငြိမ်နေမိတယ်။ တကယ်လို့ သူသာ ရွက်လွှင့်ချင်တယ်ဆိုရင် ဖြေရှင်းရမယ့် ပြဿနာနှစ်ခု ရှိနေပါတယ်။
ပထမဆုံး ပြဿနာက ဒီသင်္ဘောကြီးပေါ်မှာ သူတစ်ယောက်ထဲပဲ ရှိတာပါ။ ဒီလိုဧရာမသင်္ဘောကြီးကို သူတစ်ယောက်ထဲနဲ့ ထိန်းချုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လေအင်အားသုံး ရွက်လှေသင်္ဘောတစ်စင်းအနေနဲ့ အန္တရဟိတ ရဲ့ အရှည်က မီတာ တစ်ရာ့ငါးဆယ်ကနေ နှစ်ရာလောက်အထိ ရှိမယ်လို့ ဒန်ကန် အကြမ်းဖျင်း ခန့်မှန်းထားတာမလို့ သင်္ဘောကို ခုတ်မောင်းဖို့ အတွေ့အကြုံရှိတဲ့ သင်္ဘောသား အနည်းဆုံး အယောက်အနည်းငယ်၊ ဒါမှမဟုတ် လမ်းကြောင်းရှာဖို့ အတွေ့အကြုံမရှိတဲ့ သင်္ဘောသား အယောက်တစ်ရာလောက်အထိ လိုအပ်မှာပါ။
ဒုတိယပြဿနာကတော့ အထက်ကပြောခဲ့တဲ့ ကျွမ်းကျင်မှုဆိုင်ရာ အချက်တွေကို ဖယ်ထားရင်တောင် သူ့ရဲ့ ခရီးစဉ်အတွက် နောက်ထပ် အရေးကြီးတဲ့ အတားအဆီးတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ သူ့စိတ်ထဲမှာ ဘယ်လောက်ပဲ စိတ်လှုပ်ရှားပြီး စမ်းသပ်ချင်နေပါစေ သူကိုယ်တိုင်က သင်္ဘောကို ဘယ်လိုမောင်းရမှန်း မသိတာပါပဲ။
ဒန်ကန်အနေနဲ့ ပဲ့ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ဆိတ်ခေါင်းကို မေးကြည့်လို့ ရနိုင်ပေမဲ့ အဲဒီပါးစပ်ပေါက်ကနေ အဆက်မပြတ် ထွက်လာမယ့် စကားသံတွေကို တွေးမိရုံနဲ့တင် သူ့မှာ စိုးရိမ်စိတ်တွေ တိုးလာရပါတယ်။
ဒါပေမဲ့ ကံကြမ္မာကြောင့်လား ဒါမှမဟုတ် သဘာဝလွန် စိတ်ဆန္ဒတစ်ခုခုကြောင့်လားမသိဘူး။ သူအကြံဉာဏ်တောင်းဖို့တောင် မလိုဘဲ ဆိတ်ခေါင်းကပဲ အရင် စကားစလာခဲ့တယ်။
"ကပ္ပတိန်၊ ဘာတွေ စိုးရိမ်နေတာလဲ။ တကယ်လို့ အန္တရဟိတ အတွက် စိတ်ပူနေတာဆိုရင်တော့ စိတ်ချလိုက်ပါ။ ဒီသင်္ဘောကြီးက ကပ္ပတိန်နဲ့အတူ ကမ္ဘာမြေအဆုံးအထိ ရွက်လွှင့်ဖို့ အမြဲအဆင်သင့်ပါပဲ။ ဒါမှမဟုတ် ခရီးစဉ်က မကောင်းဘူးလို့ စိုးရိမ်နေတာလား။ ကျွန်တော် ဗေဒင်နည်းနည်းပါးပါး တတ်ပါတယ်၊ ကပ္ပတိန်က ဘယ်လိုဗေဒင်မျိုးကို ယုံကြည်လဲ။ နက္ခတ်ဗေဒင်လား၊ အမွှေးတိုင်ထွန်းကြည့်တာလား၊ ဖန်လုံးကြည့်တာလား အကုန်အဆင်ပြေပါတယ်။ ဖန်လုံးအကြောင်းပြောရရင် ကပ္ပတိန် မှတ်မိသေးတယ်မလား…"
ဒန်ကန်က အဲဒီဆိတ်ခေါင်းကို အခုချက်ချင်း ညှစ်သတ်ချင်တဲ့ စိတ်ကို အတင်းအောင့်အည်းထားရတယ်။ စိတ်တိုနေတာကို မျိုသိပ်ပြီး သူပြောလိုက်တယ်။
"ငါ ကုန်းပတ်ပေါ်တက်ပြီး အခြေအနေကို အရင်သွားကြည့်လိုက်ဦးမယ်။ မင်း ဒီမှာပဲ ငြိမ်ငြိမ်လေး နေခဲ့"
"ကပ္ပတိန် သဘောအတိုင်းပါဗျာ။ ဒါပေမဲ့ ကျွန်တော် သတိပေးပါရစေ။ အန္တရဟိတ က လမ်းကြောင်းမရှိဘဲ ယောင်ချာချာနဲ့ မျောပါနေခဲ့တာ အရမ်းကြာနေပါပြီ။ ခရီးစဉ်ကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် ကပ္ပတိန် အမြန်ဆုံး ဦးဆောင်ပေးရပါမယ်…"
ဆိတ်ခေါင်းက အဲဒီလိုပြောပြီး သစ်သားပွတ်တိုက်သံနဲ့အတူ သူ့ရဲ့ ပုံမှန်အနေအထားအတိုင်း ပြန်ငြိမ်သွားတယ်။
အဲဒီအချိန်မှာပဲ ဒန်ကန်ရဲ့ ကမ္ဘာကြီးထဲကို ငြိမ်းချမ်းမှုက ချက်ချင်း ပြန်လည်ရောက်ရှိလာခဲ့တယ်။ သူ သက်ပြင်းအသာချလိုက်ပြီး ဦးနှောက်ထဲက တုန်ခါနေတဲ့ ခံစားချက်တွေ ဖြည်းဖြည်းချင်း လျော့ပါးသွားတဲ့အခါ စားပွဲပေါ်က မီးကျောက်သေနတ်ကို ကောက်ကိုင်ပြီး ကပ္ပတိန်အခန်းထဲကနေ ထွက်လာခဲ့တယ်။
သင်္ဘောကို စူးစမ်းစဥ်က တွေ့ခဲ့တဲ့ ဟောင်းနွမ်းနေတဲ့ မီးကျောက်သေနတ်ရယ်၊ လက်ရှိ သူ့ခါးမှာ ချိတ်ဆွဲထားတဲ့ ဓားတစ်လက်ရယ်က သူ့ကို သင်္ဘောပေါ်မှာ လှုပ်ရှားသွားလာဖို့ ယုံကြည်ချက် ပေးစွမ်းနေတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သူ စူးစမ်းခဲ့သလောက် ဒီသင်္ဘောပေါ်မှာ အသက်ရှိတဲ့လူတစ်ယောက်မှ မရှိခဲ့ပါဘူး။
စကားပြောတတ်တဲ့ "ပစ္စည်းတွေ" ကို ဖယ်ထားရင်ပေါ့လေ။
ပင်လယ်လေညင်းက ဒန်ကန်ရဲ့ မျက်နှာကို လာရိုက်ခတ်တဲ့အခါ သူ့ရဲ့ စိတ်တိုနေတဲ့ စိတ်အခြေအနေက အနည်းငယ် တည်ငြိမ်သွားပြီး သူဟာ သတိမထားမိဘဲ ကောင်းကင်ကြီးကို မော့ကြည့်လိုက်မိတယ်၊ မျက်စိတစ်ဆုံး ထူထပ်တဲ့ တိမ်တိုက်တွေပဲ ရှိနေပြီး နေ၊ လ သို့မဟုတ် ကြယ်တွေ ဘာတစ်ခုမှ မရှိပါဘူး။ အဆုံးမရှိတဲ့ ဒီပင်လယ်ပြင်ကြီးပေါ်မှာ ဘယ်တော့မှ ပျယ်ပြယ်မသွားမယ့် မှောင်မိုက်တဲ့ တိမ်တိုက်ကြီးတစ်ခုပဲ လွှမ်းမိုးထားတာပါ။ ဒီကမ္ဘာမှာ ပုံမှန် ရာသီဥတုဆိုတာမျိုး တကယ်ပဲ ရှိရဲ့လားလို့ သူ ခဏလောက် တွေးနေမိတယ်။
အဲဒီနောက် ကပ္ပတိန်အခန်းဘက်ကို ပြန်လှည့်ကြည့်လိုက်တဲ့အခါ တံခါးအထက်က တုတ်တန်းပေါ်မှာ ရေးထိုးထားတဲ့ စာကြောင်းတစ်ကြောင်းကို ဒန်ကန် မြင်လိုက်ရတယ်။ အဲဒီစာလုံးတွေက ဘယ်ဘာသာစကားနဲ့ရေးထားမှန်းကို သူ မသိပေမဲ့ သူ့ရဲ့အကြည့်က အဲဒီစာကြောင်းပေါ် ရောက်သွားတာနဲ့ အဓိပ္ပာယ်ကို တိုက်ရိုက် နားလည်သွားခဲ့တယ်…
"ပျောက်ဆုံးသူတို့ရဲ့ တံခါး"
"ပျောက်ဆုံးသူတို့ရဲ့ တံခါး… အန္တရဟိတ"
ဒန်ကန်က သူ့ဘာသာ ရေရွတ်လိုက်တယ်။
"ဒီသင်္ဘောကတော့ နာမည်နဲ့ လိုက်ဖက်သားပဲ"
အဲဒီနောက် သူက သင်္ဘောအစွန်းက လှေကားဆီသွားလိုက်ပြီး ပဲ့ပိုင်းရဲ့ အထက်ကုန်းပတ်ဆီကို တက်လာခဲ့တယ်။ သစ်သားနဲ့ လုပ်ထားတဲ့ ဒီကုန်းပတ်နေရာက မြင်ကွင်းအကျယ်ဆုံးဖြစ်ပြီး ပဲ့ကိုင်သူအတွက် အနက်ရောင် ပဲ့ထိန်းဘီးကြီးလည်း ရှိနေတာပါ။
ဒါက ဒန်ကန်ရဲ့ မျက်ခုံးကို တွန့်သွားစေပါတယ်။ ဘာကြောင့်လဲတော့မသိဘူး။ အဲဒီအနက်ရောင် ပဲ့ထိန်းဘီးကြီးကို မြင်လိုက်ရတာနဲ့ တစ်ခုခုကို အတင်းအဓမ္မ လုပ်ဆောင်ချင်တဲ့ စိတ်လှုံ့ဆော်မှုကို ခံစားလိုက်ရလို့ပါ။ ပြီးခဲ့တဲ့ အခေါက်တွေတုန်းက ဒီလိုမျိုး မဖြစ်ခဲ့ဖူးဘဲ ဒီတစ်ကြိမ်မှာမှ ထူးထူးခြားခြား ဖြစ်လာတာပါ။
သူ့စိတ်ထဲက စိုးရိမ်ပူပန်မှုကို တုံ့ပြန်တဲ့အနေနဲ့လားမသိဘူး။ ဘာမှန်းမသိတဲ့ ပြင်းထန်တဲ့ လေမုန်တိုင်းတစ်ခုက ကုန်းပတ်ကို ဖြတ်သန်းတိုက်ခတ်သွားပြီး ပတ်ဝန်းကျင်က ငြိမ်သက်နေတဲ့ ပင်လယ်ပြင်ကြီးကလည်း ချက်ချင်းပဲ လှိုင်းတံပိုးတွေ ထန်လာပါတော့တယ်။ ဒီလေနဲ့ လှိုင်းတွေက ဧရာမ အန္တရဟိတသင်္ဘောကြီးကို မထိခိုက်စေပေမဲ့ ဒန်ကန်ကတော့ သတိအနေအထားနဲ့ ရှိနေခဲ့တယ်။ နောက်တစ်စက္ကန့်အကြာမှာတော့ သူက သင်္ဘောဦးဆီကို အံ့ဩတုန်လှုပ်စွာ စိုက်ကြည့်နေမိပါတော့တယ်။
သင်္ဘောဦးဘက်က ရှုပ်ထွေးပြီး ဝေဝါးနေတဲ့ ပင်လယ်ပြင်ကြီးရဲ့ အလယ်မှာ အဆုံးမရှိတဲ့ အဖြူရောင် နံရံကြီးတစ်ခုက လေထဲမှာ ရုတ်တရက် ပေါ်ထွက်လာတာကြောင့် သူ ထိတ်လန့်တကြား မျက်လုံးအစုံ ပြူးသွားခဲ့ရပါတယ်။ ဒီအဖြူရောင်ကြီးက ကမ္ဘာကြီးကို ဝန်းရံပြီး သီးခြားခွဲထုတ်ထားတာပါ။ ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်ပေးထားတဲ့ ကမ်းပါးယံကြီးတစ်ခုလို ဖြစ်နေပြီး ထူးဆန်းတဲ့ ဒီဖြစ်ရပ်က သူ့ရဲ့ တိုက်ခန်းထဲမှာရှိတဲ့ ဝါးတားတား မြူထုကြီးကို ပြန်သတိရစေပါတယ်။
အဆိုးဆုံးကတော့ အန္တရဟိတ သင်္ဘောကြီးက အဲဒီမြူထုထဲကို သူ့အလိုလို ဦးတည်မောင်းနှင်နေတာပါပဲ။
ဒန်ကန်အနေနဲ့ ဒီအဖြူရောင်ကြီးက ဘာလဲ၊ ဒါမှမဟုတ် အဲဒီအောက်ခြေမှာ ဘာတွေရှိလဲဆိုတာ မသိပေမဲ့ သူ့ရဲ့ စိတ်အသိက အန္တရာယ်ရှိတယ်လို့ အလိုလို ခံစားမိနေပြီး အဲဒီနေရာကို လုံးဝမသွားချင်ဘူးလို့ ပြတ်ပြတ်သားသား တွေးလိုက်မိတယ်။
သူ သတိမထားမိဘဲ ပဲ့ထိန်းဘီးရှိတဲ့နေရာဆီ အမြန်ပြေးသွားပြီး တစ်ခုခုကို လုပ်ဖို့ ကြိုးစားလိုက်တယ်။ စိတ်မကောင်းစရာက ပဲ့ကိုင်တဲ့နေရာကို ရောက်သွားတဲ့အခါမှာတော့ ကြီးမားတဲ့ အားကိုးရာမဲ့မှုကိုပဲ ခံစားလိုက်ရပါတယ်။ သူက ဒီသင်္ဘောကို ဘယ်လိုမောင်းရမှန်း အခုထိ မသိသေးဘူးလေ။
အဲဒီနောက် သူ လုံးဝ မျှော်လင့်မထားတဲ့ အချိန်မှာပဲ ပဲ့ထိန်းဘီးဘေးက ကြေးပိုက်ခေါင်းထဲကနေ ရင်းနှီးနေတဲ့ အသံတစ်သံ ထွက်ပေါ်လာတယ်။ အဲ့ဒီကြေးပိုက်က အောက်ထပ်က ဆိတ်ခေါင်းရှိရာ ကပ္ပတိန်အခန်းနဲ့ ဆက်သွယ်ထားတဲ့ ပိုက်ဖြစ်ပြီး ဆိတ်ခေါင်းရဲ့ လေသံကတော့ ပုံမှန်မဟုတ်ဘဲ တုန်လှုပ်ခြောက်ခြားနေပါတယ်…
"ကပ္ပတိန်၊ အရှေ့မှာ နယ်နိမိတ် ပြိုလဲမှု ဖြစ်နေပြီ။ ကျွန်တော်တို့ လက်တွေ့လောကရဲ့ အဆုံးသတ်ကို ချဉ်းကပ်နေပြီ။ ကျေးဇူးပြုပြီး လမ်းကြောင်းကို အခုချက်ချင်း ပြောင်းလဲပေးပါ"
ဆိတ်ခေါင်းရဲ့ တုန်လှုပ်ခြောက်ခြားနေတဲ့ အသံကို ကြားလိုက်ရတဲ့အခါ ဒန်ကန်ဟာ ဒေါသတကြီး အော်ဟစ်ပစ်လိုက်ချင်စိတ် ပေါက်သွားတယ်။ လမ်းကြောင်းပြောင်းဖို့သာ အဲဒီလောက် လွယ်ကူနေရင် သူ ဒီမှာ အားကိုးရာမဲ့စွာ ရပ်နေမှာ မဟုတ်ဘူးလေ။ သူ့ကို ကူညီမယ့်သူလည်း တစ်ယောက်မှ ရှိတာလည်း မဟုတ်ဘူး။
အဲဒီနောက် သူ တစ်ခုခုကို သတိပြုမိသွားတော့ ပိုပြီးတော့တောင် စိတ်ပျက်သွားရတယ်။ လမ်းကြောင်းပြောင်းဖို့ နေနေသာသာ တကယ်တော့ သူ့အရှေ့မှာရှိတဲ့ ရွက်တိုင်တွေက ရွက်ထည်တစ်ခုမှမရှိတဲ့ သစ်သားတုံးသက်သက်ပဲ ဖြစ်နေတာပါ။
သူဟာ လက်ခံလိုက်တဲ့သဘောနဲ့ ပဲ့ထိန်းဘီးပေါ်ကို သူ့ရဲ့ လက်တွေကို အလိုလို တင်လိုက်မိတယ်။ ဒီလို ထူးဆန်းပြီး ဆိုးဝါးတဲ့ အခြေအနေတွေအောက်မှာ သူ့ရဲ့ စိတ်အသိကို အမြဲတမ်း ခြောက်လှန့်နေတဲ့ တိုက်တွန်းမှုတွေကို ဆန့်ကျင်ဖို့ သူ့မှာ ခွန်အားမရှိတော့ပါဘူး။
ဒါပေမဲ့ သူ့ရဲ့ လွတ်လပ်ပြီး ဗလာဖြစ်နေတဲ့ စိတ်အခြေအနေထဲမှာ ဒီသရဲသင်္ဘောကြီးပေါ်မှာ မယုံနိုင်စရာ ကောင်းတဲ့ အရာတစ်ခု ဖြစ်ပျက်လာခဲ့ပါပြီ…
တောင်ပြိုသလိုမျိုး ပြင်းထန်တဲ့ ဟိန်းဟောက်သံကြီးတစ်ခုက ဒန်ကန်ရဲ့ စိတ်ထဲမှာ ပေါက်ကွဲသွားခဲ့တယ်။ လူပေါင်းသောင်းနဲ့ချီ ကမ်းခြေမှာ မတ်တတ်ရပ်ပြီး သူ့ရဲ့ ပထမဆုံး ခရီးစဉ်အတွက် အားပေး နှုတ်ဆက်နေကြသလိုမျိုး၊ သူဟာ တစ်ယောက်ထဲ မဟုတ်တော့ဘဲ သင်္ဘောပေါ်မှာ ကပ္ပတိန်ရဲ့ နာမည်ကို အော်ဟစ်ပြီး အမိန့်တွေ ပေးနေကြတဲ့ သင်္ဘောသားတွေရဲ့ ဝန်းရံထားတာကိုခံရသလိုမျိုး ထူးဆန်းတဲ့ အသိတစ်ခုကို သူ ရရှိလိုက်တာပါ။ ပိုပြီး ထူးဆန်းတာက ပင်လယ်ဓားပြတွေရဲ့ သီချင်းသံကို သူ့နားထဲမှာ ထင်ထင်ရှားရှား ကြားလိုက်ရတာပါပဲ။
ဟိုဟိုး… ဟိုဟိုး… ပင်လယ်ဓားပြဘဝက ငါ့အတွက်ပဲ
ငါတို့တွေ လုယက်မယ်၊ ဖျက်ဆီးမယ်၊ ပစ္စည်းတွေကို ယူဆောင်မယ်
သောက်ကြဟေ့။ ငါ့သူငယ်ချင်းတို့။ ဟိုဟိုး
ငါတို့ ပြန်ပေးဆွဲမယ်၊ ဖျက်ဆီးမယ်၊ ဘာကိုမှ ဂရုမစိုက်ဘူး
သောက်ကြဟေ့။ ငါ့သူငယ်ချင်းတို့။ ဟိုဟိုး…
သူ့ရဲ့ စိတ်ထဲမှာ ထူးဆန်းတဲ့ ဒီဖြစ်ရပ်ကို နားလည်အောင် ကြိုးစားနေတုန်းမှာပဲ ပိုပြီး ထူးဆန်းတဲ့ အရာတစ်ခု ဖြစ်ပျက်ခဲ့ပြန်ပါတယ်။ သူ့ရဲ့ အမြင်အာရုံအစွန်းကနေ စိမ်းဖန့်ဖန့် မီးတောက်တစ်ခုက သူ့ရဲ့ အာရုံကို ဖမ်းစားလိုက်လို့ပါ။ ငုံ့ကြည့်လိုက်တဲ့အခါ အဲဒီမီးတောက်က အန္တရဟိတ သင်္ဘောရဲ့ ပဲ့ထိန်းဘီးကို ကိုင်ထားတဲ့ သူ့ရဲ့ လက်ဖဝါးကနေ ထွက်ပေါ်လာတာပါ။ အဲဒီနောက် သူ သတိမထားမိခင်မှာပဲ အဲဒီ သရဲမီးတောက်လေးက သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဆီ ပျံ့နှံ့သွားတော့တယ်။
ဒီလို မကောင်းဆိုးဝါးဆန်တဲ့ အခြေအနေအောက်မှာ သူ့ရဲ့ သွေးသားခန္ဓာကိုယ်က ပြောင်းလဲသွားပြီး ဟာလာဟင်းလင်း ဖြစ်ကာ ပုံရိပ်ယောင်ကြီး ဖြစ်သွားခဲ့ရတယ်။ ပြီးတော့ သူ့ရဲ့ ဝတ်စုံကလည်း ပင်လယ်ရေထဲမှာ နှစ်ပေါင်းရာချီ စိမ်ထားသလိုမျိုး စုတ်ပြတ်ဟောင်းနွမ်းသွားခဲ့ပါပြီ။ သူက လူသားတစ်ယောက်တောင် မဟုတ်တော့ဘဲ သွေးသားတွေရှိရမယ့်နေရာမှာ တောက်လောင်နေတဲ့ မီးတောက်တွေနဲ့ မကုန်ခမ်းနိုင်တဲ့ သေခြင်းတရားရဲ့ အရိုးစုရုပ်သွင် ရှိတဲ့ သရဲကပ္ပတိန်တစ်ယောက် ဖြစ်သွားခဲ့ပါပြီ။
ဒါပေမဲ့ ဒီလိုပြောင်းလဲသွားတာတောင်မှ သူ့ရဲ့ ဆုံးရှုံးမှုအတွက် ဘာနာကျင်မှုကိုမှ သူ မခံစားရပါဘူး။ အဲဒီအစား သရဲမီးတောက်က သင်္ဘောကြီးတစ်ခုလုံးဆီ ဆက်လက် ပျံ့နှံ့သွားတာနဲ့အမျှ သူ့ရဲ့ အာရုံခံစားမှုက ပိုပြီး ကျယ်ပြန့်လာခဲ့တယ်။ သရဲမီးတောက်က ပထမဆုံး ပဲ့ထိန်းဘီး၊ အဲဒီနောက် ကုန်းပတ်၊ အဲဒီနောက် ရွက်တိုင်တွေကို ဖြတ်သန်းသွားပြီးနောက်မှာ ဒီသင်္ဘောကြီးကို အသက်သွင်းပေးမယ့် ယှက်နွယ်နေတဲ့ မီးတောက်ရွက်ထည်ကြီးတွေ အဖြစ် ပြောင်းလဲသွားတော့တယ်။
အန္တရဟိတ သင်္ဘောကြီးကတော့ နောက်ဆုံးမှာ တစ်ဖန်ပြန်လည် ရွက်လွှင့်လို့ သွားခဲ့ပါပြီ။ ဘယ်ကို ဦးတည်မှန်းမသိတဲ့ သူ့ရဲ့ ရှည်လျားလှတဲ့ ခရီးစဉ်ကြီးကို ဆက်လက် လျှောက်လှမ်းရင်းပေါ့။