← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အခန်း (၄)

နာမ်လောက၏ သင်္ဘောကြီး

ကပ္ပတိန်ဖြစ်တဲ့ ဒန်ကန်သာ ပဲ့ကိုင်နေရာမှာ ရှိနေရင် အန္တရဟိတသင်္ဘောကြီးက အချိန်မရွေး ရွက်လွှင့်နိုင်တာမလို့ သင်္ဘောကြီးအတွက် သင်္ဘောသားတွေ လုံးဝမလိုဘူးဆိုတာ သိလိုက်ရပါပြီ။

အစပိုင်းမှာတော့ လေထဲကို ပျံတက်လာပြီး ထူးဆန်းတာတွေလုပ်နေတဲ့ စိမ်းဖန့်ဖန့် သရဲမီးတောက်ကြောင့် သူ ခဏလောက် ထိတ်လန့်သွားတာ မှန်ပေမဲ့ သင်္ဘောကို မထိန်းချုပ်နိုင်မှာထက်စာရင်တော့ ဒီလောက်က စာမဖွဲ့လောက်ပါဘူး။ ဒါကြောင့် သူက ပဲ့ထိန်းဘီးကို လက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး လုံးဝ လက်မလွှတ်ခဲ့ဘူး။

သူက ငတုံးမှ မဟုတ်တာ။ ဒီစိမ်းဖန့်ဖန့် မီးတောက်က သူ့ကို အန္တရာယ်မပြုနိုင်တဲ့ "စွမ်းအား" တစ်ခုပဲဆိုတာ ဒန်ကန် ရိပ်မိနေတယ်လေ။ သူ့ရဲ့ ကိုယ်ခန္ဓာကို နဂိုအတိုင်း ပြန်ရနိုင်မလားဆိုတာကတော့ နောက်မှ စဉ်းစားရမယ့်ကိစ္စပေါ့။ အနည်းဆုံးတော့ လက်ရှိအချိန်မှာ ဒီမီးတောက်က သူ့ကို ကူညီနေတာဖြစ်ပြီး အကူအညီက သူ့အတွက် တကယ့်ကို လိုအပ်နေတဲ့အရာပဲလေ။

မကြာခင်မှာပဲ ထွက်ပေါ်နေတဲ့ အားပေးသံကြီးက ပျောက်ကွယ်သွားပြီး ဒန်ကန်ရဲ့ စိတ်ထဲမှာလည်း အရာအားလုံးက ရှင်းလင်းသွားကာ သင်္ဘောကြီးက သူ့ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုလို ဖြစ်သွားပါတော့တယ်။ သူ့မှာ ကျွမ်းကျင်တဲ့ ကပ္ပတိန်တစ်ယောက်ရဲ့ အသိပညာနဲ့ အတွေ့အကြုံတွေ မရှိသေးတာ မှန်ပေမဲ့ အန္တရဟိတသင်္ဘောကြီးကို စိတ်ကြိုက် လှုပ်ရှားရွက်လွှင့်ဖို့ကတော့ ပြဿနာ မဟုတ်တော့ပါဘူး။

သူက ပဲ့ထိန်းဘီးကို အရင်ဆုံး လှည့်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ ဦးနှောက်ထဲမှာရှိတဲ့ "စွမ်းအား" ဆီကနေ တုံ့ပြန်မှုကို ခံစားလိုက်ရတယ်။ ဒါက သင်္ဘောကိုယ်ထည်ကြီးက သူအလိုရှိတဲ့အတိုင်း စတင်လည်ပတ်နေပြီဆိုတာကို ပြနေတာပါ။

ဒါပေမဲ့ အန္တရဟိတ ရဲ့ ဦးပြန်လှည့်တဲ့နှုန်းက လိုအပ်တာထက် နှေးကွေးနေပုံရပြီး ဘေးက ကြေးပိုက်ခေါင်းထဲကနေ ဆိတ်ခေါင်းရဲ့ တုန်လှုပ်ခြောက်ခြားနေတဲ့ အော်ဟစ်သံကလည်း ထွက်ပေါ်နေဆဲပါ။

"သတိထားပါ။ ကပ္ပတိန်။ ကျွန်တော်တို့တွေ လက်တွေ့လောကရဲ့ အဆုံးသတ်ဆီကို အလျင်အမြန် ချဉ်းကပ်နေပြီ… နာမ်လောကထဲကို ကျရောက်တော့မယ်။ ကပ္ပတိန်။ ကျွန်တော်တို့…"

"ငါ လုပ်နေတယ်"

ဒန်ကန်က အော်ဟစ်ပြီး ဆိတ်ခေါင်းရဲ့ စကားကို ဖြတ်ပြောပစ်လိုက်တယ်။

"အောက်ထပ်ကနေ အော်ရုံပဲ အော်မနေနဲ့။ ကူညီနိုင်မယ့် အကြံဉာဏ်တစ်ခုခုကို စဉ်းစားစမ်း"

ဆိတ်ခေါင်းက ခဏလောက် ငြိမ်သွားပါတယ်။ နောက်ဆုံးတော့ ငြိမ်သွားပြီလို့ ဒန်ကန် တွေးလိုက်တဲ့အချိန်မှာပဲ ကြေးပိုက်ထဲကနေ ခြောက်ခြားစရာကောင်းပြီး အက်ကွဲကွဲ အော်ဟစ်အားပေးသံကြီး ထွက်ပေါ်လာပြန်တယ်။

"လုပ်ထားဟေ့။ လုပ်ထားကွ။ ကြိုးစားထား"

"….."

တကယ့်ကိုပဲ လက်တွေ့ဘဝက သူ့ကို ဟာသလာလုပ်နေသလိုလိုပါပဲ။ သရဲသင်္ဘောပေါ် ရောက်လာတာ၊ သရဲကပ္ပတိန် ဖြစ်သွားတာနဲ့ စိမ်းဖန့်ဖန့် သရဲမီးတောက်ရဲ့ ဝါးမြိုတာကို ခံလိုက်ရတာတွေကို ဒန်ကန် လက်ခံနိုင်ပါသေးတယ်။ ဒါပေမဲ့ အခုဟာက ဘာကြီးလဲ။ ဘေးကနေ ပန်းပွားနဲ့ကပြပြီး အားပေးတာမျိုးလား။ ဆိတ်ခေါင်းက မကောင်းဆိုးဝါးရုပ်တုတစ်ခုလို ဘေးဒုက္ခပေးနိုင်ပြီး ကြောက်စရာ ကောင်းတဲ့ ခံစားချက်မျိုး သူ့ကို အမြဲပေးနေခဲ့တာဆိုပေမဲ့ အခုတော့ အဲဒီကြောက်စရာကောင်းတဲ့ ဆိတ်ခေါင်းရုပ်တုကြီးက ဘေးကနေ အားပေးတဲ့အဖွဲ့လိုမျိုး ဖြစ်သွားပြီလား။ ဘာတွေလဲဟ။

ဒါပေမဲ့ ဖြည်းဖြည်းခြင်း ရောက်ရှိလာတဲ့ မြူထုကြီးက ဒန်ကန်ကို စဉ်းစားနေဖို့ အချိန်မပေးပါဘူး။ အန္တရဟိတ က အရှိန်အဟုန်နဲ့ စတင်ဦးလှည့်နေပြီဖြစ်ပေမဲ့ သူ့နောက်ကွယ်ကနေ လိုက်ပါလာတဲ့ မြူထုကြီးရဲ့အရှိန်ကိုတော့ မယှဉ်နိုင်ဘဲ မကြာခင်မှာပဲ မြူထုတွေက သင်္ဘောရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့တယ်။

အခုအချိန်မှာတော့ ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု သေချာပေါက် ဖြစ်ပျက်နေပါပြီ။ ကောင်းကင်ကြီးက သိသိသာသာ မှောင်မှိုင်းသွားပြီး မူလက ပြာလဲ့နေတဲ့ ပင်လယ်ရေတွေကလည်း ဆံပင်ချည်မျှင်တွေလိုမျိုး အနက်ရောင် စာကြောင်းတွေနဲ့ ယှက်နွယ်ကုန်ပါတယ်။ မကြာခင်မှာပဲ ပြာလဲ့နေတဲ့ ရေပြင်ကြီးက အနက်ရောင် ပင်လယ်ပြင်ကြီးအဖြစ် ပြောင်းလဲသွားပြီး ရေအောက်ကနေ မရေမတွက်နိုင်တဲ့ အရိပ်မည်းကြီးတွေ ထွက်ပေါ်လာပါတော့တယ်။

"ကျွန်တော်တို့ နာမ်လောကထဲကို ကျရောက်သွားပြီ"

ဆိတ်ခေါင်းရဲ့ ကျယ်လောင်ပြီး ခြောက်ခြားစရာကောင်းတဲ့ "အားပေးသံ" က ရပ်တန့်သွားခဲ့တယ်။ ဆိတ်ခေါင်းရဲ့အသံအစား သူ့ရဲ့ နောက်ဘက်ကနေ ထူးဆန်းတဲ့ တခြားအသံပေါင်းစုံက ရောပြွမ်းကာ ထွက်ပေါ်လာပါတယ်။

"ဒါပေမဲ့ အန္တရဟိတ က လမ်းလုံးဝ ပျောက်သွားတာ မဟုတ်သေးဘူး။ ကပ္ပတိန်…. ပင်လယ်ရေနက်ထဲကို ထပ်ပြီး နစ်မသွားခင် ပဲ့ကို သေသေချာချာ ထိန်းကိုင်ထားပါ။ လမ်းကြောင်းကို မှန်မှန်ထိန်းထားနိုင်ရင် အန္တရဟိတ က ပြန်ထွက်နိုင်ပါသေးတယ်"

"ပဲ့ကိုထိန်းဖို့က ငါ ဘယ်ကိုသွားရမလဲ သိမှဖြစ်မှာပေါ့ဟ"

ဒန်ကန်က သူ့ရဲ့ စကားသံထဲမှာ စိမ်းဖန့်ဖန့် မီးတောက်တွေရဲ့ တုန်ခါသံတွေကိုပါ ရောနှောစေလျက် ဒေါသတကြီး ရေရွတ်လိုက်တယ်။

"ငါ လမ်းကြောင်း ပျောက်သွားပြီ"

"ပင်ကိုသိစိတ်နဲ့ဆက်လုပ်ပါ။ ကပ္ပတိန်။ ပင်ကိုသိစိတ်ကို ယုံလိုက်ပါ"

ဆိတ်ခေါင်းရဲ့ အသံက ကြေးပိုက်ကနေတစ်ဆင့် ထပ်ပြီး ထွက်ပေါ်လာပြန်တယ်။

"ကပ္ပတိန်ရဲ့ ပင်ကိုသိစိတ်က ရေကြောင်းပြမြေပုံပေါ်က အမှတ်အသားတွေထက် ပိုပြီး တိကျပါတယ်"

"…"

စိတ်ထဲမှာ အားကိုးရာမဲ့တဲ့ ခံစားချက်တစ်ခု ထပ်ပြီး တိုးလာရပြန်တယ်။

ဒန်ကန်မှာတော့ ဒီဆိတ်ခေါင်းစုတ်နဲ့ ငြင်းခုံနေဖို့ ခွန်အားတောင် မရှိတော့ပါဘူး။ ဒီရုပ်တုက ပင်ကိုသိစိတ်ကိုပဲ အားကိုးရမယ်လို့ ပြောနေမှတော့ သူလည်း စွန့်စားကြည့်လိုက်ရုံပဲ ရှိတော့တာပေါ့။

ပင်ကိုသိစိတ်နောက်ကို လိုက်ရင်း မြူထုတွေကြောင့် သူ့ရဲ့မြင်ကွင်း လုံးဝ မကွယ်ပျောက်သွားခင်မှာပဲ သူက ပဲ့ထိန်းဘီးကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး သူယုံကြည်တဲ့ဦးတည်ရာဘက်ဆီကို အားကုန် သုံးပြီး လှည့်ချလိုက်တော့တယ်။

အန္တရဟိတ ရဲ့ သင်္ဘောကိုယ်ထည်ကြီးက အပေါ်ကနေ အောက်အထိ ပြင်းထန်တဲ့ မြည်ဟည်းသံတွေ ထွက်ပေါ်လာခဲ့ပြီး သင်္ဘောကြီးက အနက်ရောင် ပင်လယ်ပြင်ကြီးပေါ်မှာ ကွေ့ကာ မောင်းနှင်သွားပါတော့တယ်။ အဲဒီနောက် ရုတ်တရက်ဆိုသလို လေတွေ တိုက်ခတ်ပြီး မြူတွေ လွင့်မျောနေတဲ့ ကြားထဲကနေ ဒန်ကန်ရဲ့ မျက်စိထဲမှာ တစ်ခုခုကို လှမ်းမြင်လိုက်ရတယ်။

သူမြင်လိုက်ရတာက သင်္ဘောတစ်စင်းပါပဲ။ အန္တရဟိတ ထက် သေးငယ်ပြီး သင်္ဘောကိုယ်ထည် အလယ်မှာ အနက်ရောင် မီးခိုးခေါင်းတိုင်တစ်ခု ပါရှိတဲ့ အဖြူရောင် သင်္ဘောတစ်စင်းပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့သင်္ဘောနှစ်စင်းက တစ်စင်းနဲ့တစ်စင်း တည့်တည့်ကြီး ဝင်တိုက်မယ့် လမ်းကြောင်းပေါ် ရောက်နေတာပါ။

ဒန်ကန်က စိတ်ထဲကနေ ဆဲရေးလိုက်မိတယ်။

'ချီးပဲ… သွားပါပြီကွာ။ ငါတော့ နာမ်လောကထဲမှာတင် သင်္ဘောနစ်ပြီး သေတော့မှာပဲ'

သူဟာ ထူးဆန်းတဲ့ ဒီကမ္ဘာကြီးကို အကြာကြီးစူးစမ်းနေခဲ့တာတောင် အသက်ရှိတဲ့ လူတစ်ယောက်မှ မတွေ့ခဲ့ဘဲ အခုမှ ထူးထူးခြားခြားတွေ့တာလေ။ တွေ့တဲ့အခါကျတော့လည်း ပင်လယ်ထဲမှာ သင်္ဘောချင်းတိုက်ပြီး သေရမယ်တဲ့လား။ ဘယ်လိုတောင် ကံဆိုးရတာလဲ။

……

လေတွေ တိုက်ခတ်ပြီး လှိုင်းတံပိုးတွေ ထန်နေတဲ့ အဆုံးမဲ့ ပင်လယ်ပြင်ကြီးဟာ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေကို ဒီကမ္ဘာပေါ်ကို ထုတ်ပြနေပါတယ်။ ဒီလို သဘာဝတရားရဲ့ ကြီးမားတဲ့ စွမ်းအားအရှေ့မှာတော့ လူတိုင်းက ကိုယ့်ကိုကိုယ် သေးငယ်လှတယ်လို့ ခံစားရမှာပါ။ ကံဆိုးစွာနဲ့ပဲ ဒီဘေးဒုက္ခကို ရင်ဆိုင်နေရတဲ့ "ဝက်သစ်ချဖြူ" သင်္ဘောကြီးအတွက်တော့ လက်ရှိအချိန်မှာ လွတ်အောင်မရှောင်နိုင်ရင် သေရုံပဲရှိမယ့် အခြေအနေကနေ လွတ်မြောက်ဖို့အတွက် ရေနွေးငွေ့ တာဘိုင်အင်ဂျင်တွေကို အစွမ်းကုန် ခုတ်မောင်းပြီး ရုန်းကန်နေရပါပြီ။

ဆံပင်ဖြူဖြူနဲ့ ကပ္ပတိန် လောရင့် ခရိဒ် ကတော့ ဝက်သစ်ချဖြူသင်္ဘောရဲ့ ပဲ့ကိုင်ခန်းထဲမှာ မတ်တတ်ရပ်နေပါတယ်။ သူ့ပတ်ဝန်းကျင်မှာ ခိုင်ခံ့တဲ့ နံရံတွေနဲ့ မှန်ပြတင်းပေါက်တွေ ရှိနေပေမဲ့ အပြင်ပန်း ဒီအရံအတားတွေက သူ့ကို ဘာလုံခြုံမှုမှ မပေးနိုင်ပါဘူး။ လုံခြုံမှုပေးတယ်လို့ ခံစားရမယ့်အစား စက်ကိရိယာတွေရဲ့ ပြင်းထန်တဲ့ တုန်ခါသံတွေကိုပဲ ကြားနေရတာမလို့ သူဟာ ပဲ့ကို ကိုင်ထားရင်း တကယ့်ကို စိုးရိမ်နေမိတာပါ။ ပိုပြီး ဆိုးတာက ဧရာမ လှိုင်းလုံးကြီးတွေအပေါ်ကနေ ဖြည်းဖြည်းခြင်း ရောက်လာတဲ့ မြူထုကြီးက သူ့ကို ထိတ်လန့်စေနေတာလေ။

ဝက်သစ်ချဖြူ သင်္ဘောက လက်ရှိကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး ရေနွေးငွေ့သင်္ဘောကြီး ဖြစ်ပေမဲ့ ဘယ်လောက်ပဲ အဆင့်မြင့်တဲ့ စက်ကိရိယာ ဖြစ်ပါစေ "ပုံမှန်" ပင်လယ်ပြင်မှာပဲ အသက်ရှင်နိုင်မယ်လို့ အာမခံနိုင်တာပါ။ မှောင်မိုက်တဲ့ ဒီမြူထုရဲ့ ဟိုဘက်မှာတော့ လက်တွေ့လောကရဲ့ နယ်နိမိတ် ရှိနေပြီး အဲ့ဒီနယ်နိမိတ်ရဲ့အလွန်မှာက မိစ္ဆာနတ်ဘုရားတွေ ပုန်းအောင်းနေတဲ့ အမှောင်ထုကြီး ရှိပါတယ်။

"ကပ္ပတိန်။ ဘုန်းတော်ကြီးက ထပ်ပြီး မတောင့်ခံနိုင်တော့ဘူး"

ဒုကပ္ပတိန်ရဲ့ အော်ဟစ်သံက ဘေးကနေ ထွက်ပေါ်လာတယ်။

လောရင့်က တစ်ဖက်လူရဲ့ အသံက ဝေဝါးနေတာကို ကြားလိုက်ရတာမလို့ တစ်ခုခုတော့ ဆိုးဆိုးဝါးဝါး မှားယွင်းနေပြီဆိုတာ သိလိုက်ပါတယ်။ အဲဒီနောက် ဆုတောင်းပွဲလုပ်ထားတဲ့ နေရာကို သူလှမ်းကြည့်လိုက်တဲ့အခါ အမွှေးတိုင်တွေဆီကနေ အောက်လမ်းဆန်တဲ့ ခရမ်းပုပ်ရောင် မီးတောက်တွေ ထွက်ပေါ်နေပါတယ်။ သူတို့နဲ့အတူ ပါလာတဲ့ ဘုန်းတော်ကြီးကတော့ ပါးစပ်ကနေ အမြှုပ်တွေ ထွက်နေပါပြီ။ ဘုန်းတော်ကြီးရဲ့ အခြေအနေက မကောင်းပါဘူး။ နှာခေါင်းက သွေးတွေထွက်ပြီး တစ်ကိုယ်လုံး တုန်ရင်နေတာက သူ့ရဲ့ ဝိညာဉ်ကို တိုက်ခိုက်နေတဲ့ မကောင်းဆိုးဝါး အညစ်အကြေးတွေကို အာရုံပြုပြီး အတင်းတွန်းလှန်နေရတာကြောင့်ပါ။

"ကပ္ပတိန်"

ဒုကပ္ပတိန်ရဲ့ အသံက ဘေးကနေ ထပ်ထွက်လာပေမဲ့ လောရင့်ရဲ့ အမိန့်ပေးသံကြောင့် စကားသံပြတ်သွားခဲ့ရတယ်။

"မြင့်မြတ်တဲ့အဆောင်လက်ဖွဲ့ကို ယာယီပိတ်လိုက်။ ငါတို့ နာမ်လောကထဲကို ဆင်းမယ်"

ဒုကပ္ပတိန်က ခဏလောက် ကြောင်သွားခဲ့တယ်။ တစ်ဘဝလုံး ပင်လယ်ပြင်မှာပဲ အချိန်ကုန်ခဲ့တဲ့ သူဟာ သူ့နားသူတောင် မယုံနိုင်သလို ဖြစ်သွားတာပါ။

"ကပ္ပတိန်"

"နာမ်လောကထဲကို ဆင်းလိုက်။ ငါတို့ အဲဒီမှာ ဆယ်မိနစ်လောက် အချိန်ဖြုန်းပြီး နယ်နိမိတ်ပြိုလဲမှုရဲ့ အပြင်းထန်ဆုံး လှိုင်းလုံးကြီးတွေကို ရှောင်ကွင်းလို့ ရတယ်။ ဒါမှ ဘုန်းတော်ကြီးလည်း သက်သာလာဖို့ အခွင့်အရေး ရမှာ"

လောရင့်က ပြတ်သားတဲ့ အမိန့်ပေး လေသံနဲ့ ထပ်ပြောလိုက်တယ်။

"ငါ့အမိန့်ကို နာခံစမ်း၊ အခုချက်ချင်း လုပ်"

ဒုကပ္ပတိန်က နှုတ်ခမ်းတွေ တုန်ခါသွားပေမဲ့ နောက်ဆုံးတော့ အံကြိတ်ပြီး လိုက်နာလိုက်တယ်။

"ဟုတ်ကဲ့ပါ။ ကပ္ပတိန်"

သင်္ဘောသားတွေက အမိန့်ကို လျင်လျင်မြန်မြန်နဲ့ တိတိကျကျ စတင်လုပ်ဆောင်ကြတာကြောင့် လောရင့်လည်း သက်ပြင်းချနိုင်သွားပြီး အခြေအနေကို ပြန်ပြီး အာရုံစိုက်လိုက်တယ်။ သန့်ရှင်းစင်ကြယ်တဲ့ ရှေးဟောင်းပစ္စည်း(အဆောင်လက်ဖွဲ့)ရဲ့ ကာကွယ်မှုက သူ့အမိန့်အတိုင်း ဖြည်းဖြည်းချင်း လျော့ပါးသွားခဲ့ပြီး သူတို့သင်္ဘောကြီးက လက်တွေ့လောကနဲ့ ပင်လယ်ရေနက်ကြားက နေရာလွတ်ဖြစ်တဲ့ "နာမ်လောက" ထဲကို အလျင်အမြန် နစ်မြုပ်သွားတော့တယ်။

ဒီလိုလုပ်တာက အန္တရာယ်များပေမဲ့ သမိုင်းကြောင်းအရ အဲဒီနေရာကနေ ပြန်လည်လွတ်မြောက်လာတဲ့ သင်္ဘောတွေ ရှိခဲ့ဖူးပါတယ်။ သူက စူးစမ်းရှာဖွေသူများအသင်းရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့ စာပေတွေနဲ့ လွတ်မြောက်လာသူတွေ ရေးသားခဲ့တဲ့ "လွတ်မြောက်ခြင်းလမ်းညွှန်" ပေါင်းစုံကို ဖတ်ဖူးတာမလို့ ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို သူ သေချာသိနေတာပါ။

အခြေအနေက ဘယ်လောက်အထိ ဆိုးသွားနိုင်မှာမလို့လဲ။ ဟုတ်တယ်မလား။ သူက ဝက်သစ်ချဖြူသင်္ဘောကြီးကို နာမ်လောကရဲ့ အစွန်းနားမှာ မုန်တိုင်းရှောင်ခိုင်းပြီး အဆင့်မြင့် ရေနွေးငွေ့တာဘိုင်အင်ဂျင်ရဲ့ ပြင်းထန်တဲ့ စွမ်းအားကို သုံးကာ စိတ်လှုပ်ရှားစရာကောင်းတဲ့ "နာမ်လောက"ကို ဖြတ်ကျော်တာကို လုပ်ဆောင်လိုက်ရုံပဲလေ။ အဲဒီနောက်မှာတော့ ကံတရားက သူ့အပေါ် ဆက်ပြီး ညှာတာနေဦးမယ်ဆိုရင် သူ့ရဲ့ သင်္ဘောသားတွေကို လူ့လောကထဲ ပြန်ခေါ်သွားနိုင်မှာပါ။

ကိစ္စအားလုံးကျော်ဖြတ်နိုင်ပြီဆိုရင်တော့ သိုလှောင်ခန်းထဲက ကျက်သရေတုံး " မူမမှန်ပစ္စည်း ၀၉၉" ကို ပလန်းမြို့ပြနိုင်ငံရဲ့ တာဝန်ရှိသူတွေဆီ သူ လွှဲပြောင်းပေးလိုက်ရုံပဲလေ။ အဲဒီအချိန်ကျရင်တော့ ဒီလိုအလုပ်မျိုးတွေနဲ့ ဘယ်တော့မှ ထပ်ပြီး မပတ်သက်တော့ဘူးလို့ သူ ကျိန်ဆိုလိုက်မိတယ်။

အခြေအနေတွေက ဒီထက်တော့ ပိုပြီး မဆိုးနိုင်တော့ပါဘူးလေ…

လောရင့်က ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်တဲ့အနေနဲ့ ဒီလိုမျိုး တိုးတိုးလေး ရေရွတ်နေမိရင်းကနေ ဝက်သစ်ချဖြူသင်္ဘောထက် ပိုပြီး ကြီးမားတဲ့ ရွက်တိုင်သုံးခုပါတဲ့ သင်္ဘောကြီးတစ်စင်းကို လှမ်းမြင်လိုက် ရတော့တယ်။ အဲဒီသင်္ဘောကြီးက ပင်လယ်ရေပြင်ပေါ်မှာ ရုတ်တရက် ပေါ်ထွက်လာတာဖြစ်ပြီး သူတို့ဆီကို မဆုတ်မနစ်တဲ့ သားရဲကြီးတစ်ကောင်လိုမျိုး တည့်တည့်ကြီး ပြေးဝင်လာနေတာပါ။

All Chapters