← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အခန်း (၅)

ထပ်တူကျသွားခြင်း

ဒီအချိန်မှာ ဝက်သစ်ချဖြူ သင်္ဘောပေါ်က လူတိုင်းသာ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းကို ဖော်ပြရမယ်ဆိုရင် တစ်သက်မှာ တစ်ခါတောင် မေ့နိုင်မယ် မထင်ပါဘူး။

သူတို့တွေမြင်လိုက်ရတဲ့အရာကတော့ ဟောင်းနွမ်းပြီး ခန့်ညားထည်ဝါလှတဲ့ ရွက်တိုင်သုံးခုပါ ရှေးဟောင်း စစ်သင်္ဘောကြီးတစ်စင်း ဖြစ်ပါတယ်။ ရေနွေးငွေ့သင်္ဘောတွေ ခေတ်စားနေတဲ့ အခုလိုအချိန်မျိုးမှာ ထူထပ်လှတဲ့ မြူထုထဲကနေ ပေါ်ထွက်လာတဲ့ ဒီလိုရှေးဟောင်းရွက်သင်္ဘောကြီးက ဆီဆေးပန်းချီကားဟောင်းတစ်ချပ်ထဲက ထွက်လာသလိုပါပဲ။ သစ်သားသင်္ဘောကိုယ်ထည်တစ်ခုလုံးမှာ စိမ်းဖန့်ဖန့် မီးတောက်တွေ တောက်လောင်နေပြီး သင်္ဘောရွက်တွေကလည်း ဝိညာဉ်လောကက သရဲသင်္ဘောကြီးတစ်စင်းလို ခြောက်ခြားစရာကောင်းအောင် တလူလူ လွင့်နေပါတယ်။

"တိုက်တော့မယ်ဟေ့"

သင်္ဘောသားတစ်ယောက်က အော်ဟစ်လိုက်တယ်။ သူတို့က အန္တရာယ်ကို ကြောက်တတ်တဲ့သူတွေ မဟုတ်ပေမဲ့ အခုမြင်ကွင်းကတော့ လူသားတွေ တောင့်ခံနိုင်တဲ့ အခြေအနေထက် ကျော်လွန်နေပါပြီ။

လူအများစုက ပုန်းစရာနေရာရှာရင်း ခေါင်းပြတ်နေတဲ့ ကြက်တွေလို ဟိုပြေးဒီပြေး ဖြစ်နေကြချိန်မှာ တချို့ကတော့ ရှိတဲ့နေရာမှာတင် လက်လှမ်းမှီရာကို အမိအရ ဖမ်းဆွဲထားကြပါတယ်။ ဒါပေမဲ့ လူအနည်းငယ်ကတော့ မုန်တိုင်းနတ်ဘုရားမ ဂိုမိုနာ ဒါမှမဟုတ် သေခြင်းတရားရဲ့ အရှင်သခင် ဘာတော့ခ် ဆီကို ဆုတောင်းစာတွေ ရွတ်ဆိုပြီး အသည်းအသန် ဆုတောင်းနေကြပါပြီ။

အဲ့လိုဆုတောင်းမိတာက အဆုံးမဲ့ ဒီပင်လယ်ပြင်ကြီးထဲမှာ နတ်ဘုရားတွေရဲ့ ကောင်းချီးပေးမှုက မှေးမှိန်နေပြီ ဖြစ်ပေမဲ့ ဒီနတ်ဘုရားနှစ်ပါးရဲ့ စွမ်းအားကသာ သူတို့ရဲ့ ဝိညာဉ်တွေကို အကာအကွယ် ပေးနိုင်တုန်း ဖြစ်လို့ပါပဲ။

ဒါပေမဲ့ သင်္ဘောသားအားလုံး စိတ်ပျက်လက်ပျက် ဖြစ်နေကြတာတော့ မဟုတ်ပါဘူး။ ဒုကပ္ပတိန်က သူအယုံကြည်ရဆုံးဖြစ်တဲ့ ကပ္ပတိန်ဆီကိုပဲ အကြည့် ရောက်နေပါတယ်။ အဆုံးမဲ့ ဒီပင်လယ်ပြင်ကြီးမှာ အန္တရာယ်ဆိုတာ အမြဲတမ်း ဒွန်တွဲနေကျမလို့ အခုလို အသက်အန္တရာယ်နဲ့ ကြုံရတဲ့ အခြေအနေမျိုးမှာ ကပ္ပတိန်ရဲ့ အတွေ့အကြုံကသာ သင်္ဘောသားတွေရဲ့ အသက်ရှင်မရှင်ကို ဆုံးဖြတ်ပေးနိုင်တာပါ။ ကပ္ပတိန် လောရင့်ဆီမှာ ပင်လယ်ပြင်အတွေ့အကြုံ နှစ်ပေါင်းသုံးဆယ်ကျော် ရှိတာမလို့ လူတိုင်းအတွက်တော့ သူကပဲ အားကိုးစရာ အကောင်းဆုံး ဖြစ်နေတာပါ။

ဒါပေမဲ့ စိတ်ပျက်စရာကောင်းတာက ဒုကပ္ပတိန် လှမ်းကြည့်လိုက်တဲ့အချိန်မှာ ကပ္ပတိန်ရဲ့ မျက်နှာပေါ်မှာ ထိတ်လန့်တုန်လှုပ်မှုတွေပဲ ပြည့်နှက်နေတာကို တွေ့လိုက်ရတာပါပဲ။

ဝက်သစ်ချဖြူ သင်္ဘောကြီးဆီကို တိုးဝင်လာနေတဲ့ အန္တရာယ်ကို လုံးဝ သတိမထားမိတော့ဘဲ ကပ္ပတိန်အဖိုးကြီးဟာ ပဲ့ထိန်းဘီးကြီးကို ကျိုးလုမတတ် အားကုန်ဆုပ်ကိုင်ရင်း ရှေ့တည့်တည့်မှာ ပေါ်လာတဲ့ ရွက်သင်္ဘောကြီးကို အံ့ဩမှင်သက်စွာ စိုက်ကြည့်နေမိတယ်။

"ဒါ… ဒါက အန္တရဟိတ သင်္ဘောကြီးပဲ…"

"က… ကပ္ပတိန်"

ဒုကပ္ပတိန်က အန္တရဟိတဆိုတဲ့နာမည်ကို ကြားပြီး လန့်သွားပါတယ်။ ပင်လယ်ပြင်မှာ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ လူတိုင်းလိုပဲ သူလည်းပဲ အသက်ကြီးပြီး အစွဲအလမ်းကြီးတဲ့ သင်္ဘောသားအိုကြီးတွေ ပြောပြဖူးတဲ့ ပုံပြင်တွေကို ကြားဖူးထားတာပါ။

"စောနက ဘာပြောလိုက်တာလဲ။ အဲဒါက…"

"အန္တရဟိတ"

ကပ္ပတိန် လောရင့်က ဒုကပ္ပတိန်ရဲ့ အော်ဟစ်သံကို မကြားနိုင်တော့ဘဲ ရှေ့ကိုပဲ ဆက်ပြီး စိုက်ကြည့်နေမိတယ်။ သူ သတိပြန်ဝင်လာတဲ့ အချိန်မှာတော့ ဝက်သစ်ချဖြူသင်္ဘောက အန္တရဟိတသင်္ဘောကြီးကို အရှိန်နဲ့ ဝင်တိုက်မိသွားခဲ့ပါပြီ။

သင်္ဘောသားအားလုံးနီးပါး အော်ဟစ်လိုက်ကြပေမဲ့ သူတို့ ထင်ထားသလို ကမ္ဘာပျက်မတတ် ပြင်းထန်တဲ့ တိုက်မိသံကြီး ထွက်မလာခဲ့ပါဘူး။ တိုက်မိသံထွက်လာရမယ့်အစား မီးတောက်တွေ တောက်လောင်နေတဲ့ သရဲသင်္ဘောကြီးက ဝက်သစ်ချဖြူသင်္ဘောရဲ့ သင်္ဘောကိုယ်ထည်ထဲကို တိုက်ရိုက်ကြီး တိုးဝင်သွားပြီး တစ်စင်းနဲ့တစ်စင်း ထပ်တူကျသွားတာပါ။ အဲဒီလို ထိတွေ့မှုကြောင့် တစ်ကိုယ်လုံး တုန်ရင်နေတဲ့ သင်္ဘောသားတွေလည်း မျက်လုံးအပြူးသား ဖြစ်ကုန်ကြတယ်။

လောရင့်လည်း အဲ့ဒီမြင်ကွင်းကို ကြည့်နေမိရင်း သူ့ရှေ့က ဒုကပ္ပတိန်ကို လှမ်းကြည့်လိုက်တဲ့အခါ ဒုကပ္ပတိန်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ မီးတောက်တွေ ဝါးမြိုသွားပြီး ဝိညာဉ်တစ်ခုလို ဖြစ်သွားတာကို တွေ့လိုက်ရတော့တယ်။ ဆုတောင်းပွဲလုပ်ထားတဲ့ စားပွဲဘေးက ဘုန်းတော်ကြီးကိုတော့ မီးတောက်တွေက ဝါးမြိုမသွားဘဲ ဘုန်းတော်ကြီးကို ကာကွယ်ပေးထားတဲ့ လင်းလက်နေတဲ့ အဖြူရောင် ကောင်းချီးပေးမှု အလင်းတန်းကြောင့် မီးတောက်တွေဟာ ဘေးကိုပဲ လွင့်စင်သွားခဲ့တယ်။

အဲဒီနောက် မီးတောက်တွေက ကပ္ပတိန်အဖိုးကြီးကိုပါ ဝါးမြိုသွားတော့တယ်။ ပြင်းထန်တဲ့ မောပန်းနွမ်းနယ်မှု၊ နာခံလိုစိတ်နဲ့ ကြောက်ရွံ့မှုတွေက သူ့ရဲ့ တစ်ကိုယ်လုံးကို လွှမ်းမိုးသွားခဲ့တယ်။ ဒီအဖြစ်အပျက်ဟာ လောရင့် ကြိုတင်ပြင်ဆင်ထားခဲ့တဲ့ ပင်လယ်ရေပြင် အဆောင်လက်ဖွဲ့ကို အလိုအလျောက် အစွမ်းပြစေခဲ့တယ်။ အဆောင်လက်ဖွဲ့ရဲ့ အာနိသင်ကြောင့် အရှိန်နဲ့ ရွေ့လျားနေတဲ့ သရဲသင်္ဘောကြီးရဲ့ ကိုယ်ထည်နဲ့ အခန်းတွေကို လောရင့် ဖြတ်သန်းသွားချိန်မှာ သူ့ရဲ့ စိတ်အသိဉာဏ်တချို့ကို ထိန်းထားနိုင်ခဲ့ပါတယ်။

အန္တရဟိတသင်္ဘောကြီးထဲမှာ စိမ်းဖန့်ဖန့် မီးတောက်တွေ တောက်လောင်နေတဲ့ ရှေးဟောင်း သစ်သားတိုင်ကြီးတွေ၊ ဆွေးမြည့်နေတဲ့ ကြိုးတွေ၊ ခရင်းကောင်ကပ်နေတာတွေနဲ့ ပင်လယ်ရေနက်ပိုင်းမှာပဲ ရှိနေသင့်တဲ့ ထူးဆန်းတဲ့ အရာမျိုးစုံ သိုလှောင်ထားတဲ့ ကျယ်ဝန်းလှတဲ့ သိုလှောင်ခန်းကြီးတစ်ခု ရှိနေပါတယ်။ ဒါပေမဲ့ အန္တရဟိတ ရဲ့ ကပ္ပတိန်အခန်းထဲကို ရောက်သွားတဲ့အချိန်မှာတော့ မြင်ကွင်းက ပြောင်းလဲသွားခဲ့တယ်။ ဘယ်လိုစံနှုန်းနဲ့ပဲ တိုင်းတိုင်း ကပ္ပတိန်အခန်းက တကယ့်ကို သားနားလှပေမဲ့ သစ်သားဆိတ်ခေါင်းရုပ်တုကြီးရဲ့ ခြောက်ခြားစရာကောင်းတဲ့ တည်ရှိမှုကတော့ အဲဒီသားနားမှုတွေကို အဖတ်ဆယ်မရအောင် ဖျက်ဆီးပစ်နေတာပါ။

ဆိတ်ခေါင်းရုပ်တုကြီးက ပုံပျက်ပန်းပျက်နဲ့ လင်းလက်နေပြီး လောရင့်ရဲ့ မျက်လုံးတွေကို သားကောင်တစ်ကောင်ကို ကြည့်နေသလိုမျိုး အေးစက်စက် စိုက်ကြည့်နေပါတယ်။

နောက်ဆုံးတော့ လောရင့်လည်း အဲဒီလို ပြင်းထန်တဲ့ စိုက်ကြည့်မှုကို မတောင့်ခံနိုင်တော့ဘဲ လန့်ဖျန့်ပြီး နောက်ကို ဆုတ်လိုက်မိတယ်။ အဲဒီအချိန်မှာပဲ ကပ္ပတိန်နှစ်ယောက် ထိပ်တိုက် တွေ့ဆုံကြပါတော့တယ်။ အရပ်ရှည်ရှည်နဲ့ ကျိန်စာသင့်နေပုံရတဲ့ ဒန်ကန်က အန္တရဟိတ ရဲ့ ပဲ့ထိန်းဘီးကို ကိုင်ထားရင်း သရဲကပ္ပတိန်တစ်ယောက်ရဲ့ ခန့်ညားထည်ဝါတဲ့ ပုံစံမျိုးနဲ့ ရပ်နေတာပါ။

လောရင့်အိုကြီးကတော့ အခြေအနေကို ရိပ်မိလိုက်ပါပြီ။ သူက လက်လျှော့တဲ့အနေနဲ့ မျက်လုံးတွေကို မှိတ်လိုက်တယ်။ ဒီအန္တရဟိတ သင်္ဘောကြီးက သူ့ရဲ့ သားကောင်ကို လာဖမ်းတာဖြစ်ပြီး အဲဒီသားကောင်ဟာ သူတို့တွေဖြစ်သွားပြီဆိုတာကို နားလည်လိုက်လို့ပါ။

"လူတိုင်းကိုတော့ ခေါ်မသွားပါနဲ့။ ကျွန်တော့်ကိုပဲ ခေါ်သွားပြီး ကျွန်တော့်ရဲ့ သင်္ဘောသားတွေကိုတော့ လွှတ်ပေးပါ"

သူက မျက်လုံးတွေကို ဖွင့်လိုက်ပြီး မိဘတစ်ယောက်က သားသမီးအတွက် ရဲရဲဝံဝံ ရုန်းကန်သလိုမျိုး ရှိသမျှ သတ္တိတွေကို စုစည်းပြီး တောင်းဆိုလိုက်တယ်။

ဒါပေမဲ့ အရပ်ရှည်ရှည် သရဲရုပ်သွင်ကြီးက သူ့ကို ပြန်မဖြေဘဲ လာပြီး အပေးအယူလုပ်ရဲတဲ့ သာမန်လူသား ကပ္ပတိန်လေးကို စူးစမ်းတဲ့ မျက်လုံးတွေနဲ့သာ စိုက်ကြည့်နေခဲ့တယ်။

"ကျွန်တော်ရဲ့သင်္ဘောသားတွေအားလုံးမှာ မိန်းမတွေ၊ သားသမီးတွေ ရှိကြတာပါ"

လောရင့်က အသည်းအသန် အော်ဟစ်လိုက်တယ်။

မီးတောက်တွေ လွှမ်းနေတဲ့ မသေကောင်ကြီးက နောက်ဆုံးတော့ တုံ့ပြန်မှုတစ်ခု ပြုလုပ်ခဲ့ပြီး စကားတစ်ခွန်း ပြောလိုက်သလိုမျိုး သူ့ရဲ့ မေးရိုးကြီးကို လှုပ်ရှားလိုက်တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ ပြင်းထန်တဲ့ လေတိုက်သံကြီးက အဲဒီစကားသံကိုမကြားရအောင် လုံးဝ ဖုံးလွှမ်းပစ်လိုက်ပါတယ်။

"ဘာပြောလိုက်တာလဲ။ လေတိုက်တာ အရမ်းပြင်းလို့ ကျွန်တော် ဘာမှမကြားရဘူး"

နောက်တစ်စက္ကန့်မှာပဲ လောရင့်ရဲ့ နားထဲကို လေတိုက်သံတွေ၊ အပြင်က သင်္ဘောသားတွေရဲ့ အော်ဟစ်သံတွေနဲ့အတူ ကျယ်လောင်တဲ့ အသံကြီးတစ်သံ ဝင်ရောက်လာတော့တယ်။ နောက်ဆုံးတော့ အရာအားလုံး ပြီးဆုံးသွားခဲ့ပါပြီ။ အလင်းရောင်ရဲ့ နောက်ဆုံးအရှိန်အဝါအောက်မှာ စိမ်းဖန့်ဖန့် မီးတောက်တွေက ကွယ်ပျောက်သွားခဲ့ပြီး အန္တရဟိတ ရဲ့ ကျန်ရှိနေတဲ့ သင်္ဘောကိုယ်ထည်ကြီးကလည်း ဝက်သစ်ချဖြူသင်္ဘောရဲ့ နောက်ကွယ်က မှောင်မှိုက်နေတဲ့ မြူထုထဲကို ဝင်ရောက် ပျောက်ကွယ်သွားပါတော့တယ်။

အန္တရာယ်ကနေ လွတ်မြောက်သွားတာကြောင့် အသက်ကို ဝဝရှူရင်း လောရင့်က သူ့ရဲ့ ခန္ဓာကိုယ်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်တဲ့အခါ အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်နေတာကို တွေ့လိုက်ရတယ်။ လောင်ကျွမ်းသွားတဲ့ အသားစတွေက ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီး ဆုတောင်းပွဲလုပ်ထားတဲ့ စားပွဲဘေးမှာ လဲကျနေတဲ့ ဘုန်းတော်ကြီးကလည်း အသက်ကို ပြင်းပြင်းရှူနေတုန်းပါပဲ။ သူတို့အားလုံး အသက်ရှင်နေကြသေးတာပါ။

"ကပ္ပတိန်။ သရဲသင်္ဘောကြီး… အန္တရဟိတသင်္ဘောကြီး ပျောက်သွားပြီ"

ဒုကပ္ပတိန်က မယုံနိုင်စရာကောင်းတဲ့ အသံနဲ့ အော်ဟစ်လိုက်တယ်။

လောရင့်က စိတ်ပျံ့လွင့်နေတာကြောင့် ချက်ချင်း ပြန်မဖြေနိုင်ဘဲ "သူ… ငါတို့ကို လွှတ်ပေးလိုက်တာလား" လို့ ရေရွတ်နေမိတယ်။

ဒုကပ္ပတိန်က သေချာမကြားရတာကြောင့် ထပ်မေးလိုက်တယ်။

"ကပ္ပတိန်။ ဘာပြောလိုက်တာလဲ"

"အဲဒီ ကပ္ပတိန် ဒန်ကန် က…"

လောရင့်က အမှတ်တမဲ့ ရေရွတ်မိသွားတာဆိုပေမဲ့ တားမြစ်ထားတဲ့ စကားလုံးတစ်ခုကို မတော်တဆ ပြောမိသွားသလိုမျိုး သူ့ပါးစပ်ကို သူ ပြန်ရိုက်လိုက်တယ်။ အဲဒီနောက် ဒုကပ္ပတိန်ကို ရုတ်တရက် လှည့်ကြည့်ပြီး ပြောလိုက်တယ်။

" သင်္ဘောသားအားလုံးကို လူစာရင်း မြန်မြန် စစ်လိုက်စမ်း။ ဝက်သစ်ချဖြူသင်္ဘောပေါ်က ဘယ်သူ ပျောက်သွားလဲဆိုတာ ငါ သိချင်တယ်"

ဒုကပ္ပတိန်က ချက်ချင်း ခေါင်းညိတ်ပြီး အမိန့်ကို အကောင်အထည်ဖော်ဖို့ ပြင်လိုက်ချိန်မှာပဲ လောရင့်က နောက်ထပ် စကားတစ်ခွန်း ထပ်ဖြည့်ပြောလိုက်တယ်။

"ပြီးတော့ သင်္ဘောပေါ်မှာ ပိုနေတဲ့လူ ရှိမရှိကိုလည်း သေချာအောင် စစ်ဆေးဦး"

ထပ်ပြောလိုက်တဲ့စကားကြောင့် ဒုကပ္ပတိန်ဟာ ခဏလောက် ကြောင်သွားခဲ့ရပေမဲ့ မကြာခင်မှာပဲ ပြင်းထန်တဲ့ ကြောက်ရွံ့မှုတွေနဲ့အတူ ဘာအဓိပ္ပါယ်နဲ့ပြောလိုက်တာလဲဆိုတာကို သဘောပေါက်သွားခဲ့တယ်။ သူက သင်္ဘောကုန်းပတ်ဆီကို လှည့်ထွက်သွားပြီး လူစုဝေးခိုင်းတဲ့ ခေါင်းလောင်းကို တီးနေရင်းကနေ မုန်တိုင်းနတ်ဘုရားမရဲ့ နာမည်ကို တိုးတိုးလေး ဆက်တိုက် ရေရွတ်နေမိပါတော့တယ်။

All Chapters