← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အခန်း (၆)

ပျောက်ဆုံးသွားသော ကုန်စည်

သင်္ဘောသားတွေရဲ့ ရှုပ်ထွေးလှတဲ့ ခြေသံတွေနဲ့အတူ လူတွေကိုစုဝေးနေစဉ်မှာပဲ လောရင့်နဲ့ သင်္ဘောရဲ့ လမ်းကြောင်းတာဝန်ခံက ဘုန်းတော်ကြီးကို ပိုပြီးသက်တောင့်သက်သာရှိမယ့် နေရာတစ်ခုဆီ အရင်ဆုံး တွဲခေါ်ပေးလိုက်ကြတယ်။ အဲဒီနောက် ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တဲ့အခါ သူတို့တွေဟာ ထူထပ်တဲ့ မြူထုထဲမှာပဲ ရှိနေသေးပြီး ဘေးကင်းတဲ့နေရာကိုမရောက်သေးဘူးဆိုတာကို ကပ္ပတိန်အဖိုးကြီး မြင်လိုက်ရတယ်။ ဒါပေမဲ့လည်း ကြောက်စရာကောင်းတဲ့ သရဲသင်္ဘောကြီး မရှိတော့တာကပဲ လက်ရှိအချိန်မှာ သူ့ကို စိတ်အေးသွားစေဖို့ လုံလောက်နေပါပြီ။

နောက်တစ်ဆင့်အနေနဲ့ သူက အန္တရဟိတသင်္ဘောကြီးက ဝက်သစ်ချဖြူသင်္ဘောဆီကနေ ဘာကို ယူဆောင်သွားလဲ၊ ဒါမှမဟုတ် ဘာတွေ ချန်ထားခဲ့လဲဆိုတာကို သေချာအောင် စုံစမ်းရတော့မှာပါ။

ဘာတွေပြောင်းလဲသွားလဲဆိုတာကို အမြန်ဆုံး သိအောင်လုပ်ဖို့ လိုအပ်ပါတယ်။

ဖုံးကွယ်နေတဲ့ အန္တရာယ်အားလုံးကို မရှင်းလင်းရသေးဘဲနဲ့ သင်္ဘောကို လက်တွေ့လောကထဲ ပြန်မောင်းဖို့ကို သူဟာ လုံးဝ မလုပ်ရဲပါဘူး။ တချို့အရာတွေသာ လက်တွေ့လောကထဲ ပါသွားမယ်ဆိုရင် ကြီးမားတဲ့ ဘေးဒုက္ခတွေကို သယ်ဆောင်လာနိုင်တယ်လေ။ တစ်ဖက်မှာလည်း နာမ်လောကထဲမှာ အကြာကြီး နေမိရင် သင်္ဘောသားတွေအပေါ် ပြန်ပြင်လို့မရတဲ့ ဆိုးကျိုးတွေ သက်ရောက်လာနိုင်တာမလို့ သူတို့တွေဟာ ဒီမှာ အကြာကြီး မနေချင်ပါဘူး။

နောက်ဆုံးတော့ ကုန်းပတ်ပေါ်က ထွက်ပေါ်လာတဲ့ ဆူညံသံတွေကြောင့် သူ အတွေးလွန်နေရာကနေ ရုန်းထွက်လိုက်နိုင်တယ်။ မြင့်မြတ်တဲ့ ဘုန်းတော်ကြီးနဲ့ အမွှေးတိုင်မီးဖိုကို လှမ်းကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်တယ်။

"မစ္စတာရွန်။ ကျွန်တော်တို့ရဲ့ အခြေအနေက အခုဆိုရင် ဘယ်လောက်အထိ တည်ငြိမ်နေပြီလဲ"

ဘုန်းတော်ကြီးက ဖျားနာနေတဲ့ လူတစ်ယောက်လိုမျိုး တရစပ်ညည်းညူရင်း ချောင်းတွေ တဟွတ်ဟွတ် ဆိုးနေပါတယ်။ အဲဒီနောက် ရင်ဘတ်အိတ်ကပ်ထဲကနေ သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်လိုက်ပြီး လေထဲမှာ လက်ညှိုးနဲ့ မြင့်မြတ်တဲ့ သင်္ကေတတစ်ခုကို ပုံဖော်ကာ ဂါထာတစ်ခုကို တိုးတိုးလေး ရွတ်ဆိုလိုက်တယ်။ အဲ့ဒီနောက်မှာတော့ သံလိုက်အိမ်မြှောင်လက်တံက တရစပ် လည်ပတ်သွားပြီး နေရာတစ်ခုမှာ ရပ်တန့်သွားခဲ့တယ်။

"ငါတို့က ရေပြင်ပေါ်နဲ့ နာမ်လောကကြားထဲမှာ လွင့်မျောနေတာ၊ လက်တွေ့လောကဘက်နဲ့ နည်းနည်းပိုနီးစပ်တော့ ပင်လယ်ရေနက်ပိုင်းရဲ့ သက်ရောက်မှုက အနည်းဆုံးပဲ ရှိတော့တယ်…"

ဘုန်းတော်ကြီးက သံလိုက်အိမ်မြှောင်လက်တံကို စိုက်ကြည့်ရင်း ဇဝေဇဝါ ဖြစ်သွားတယ်။

"ထူးဆန်းတယ်… အဆောင်လက်ဖွဲ့ကို ပိတ်ထားတာတောင် ငါတို့ ဒီမှာ လုံးဝ တည်ငြိမ်နေတာပဲ။ အောက်ကို နည်းနည်းမှ ထပ်နစ်မသွားဘူး… အဟွတ်… အဟွတ်…"

"ဖြစ်နိုင်တာကတော့ အန္တရဟိတသင်္ဘောကြီးနဲ့ ဝင်တိုက်မိသွားတာကပဲ ကျွန်တော်တို့ကို ဘေးကင်းတဲ့ လမ်းကြောင်းပေါ် ရောက်အောင် တွန်းပို့ပေးလိုက်တာ ထင်တယ်"

လောရင့်က စိတ်ဓာတ်ကျနေတဲ့ အခြေအနေကို ဟာသတစ်ခုအနေနဲ့ ပြောင်းလဲပစ်ဖို့ ကြိုးစားရင်း မချိပြုံးနဲ့ ခေါင်းခါလိုက်တယ်။

"နာမ်လောကထဲမှာ ကျွန်တော်တို့ကို ပိုပြီး နက်ရှိုင်းတဲ့နေရာတွေဆီ ဆွဲမချသွားအောင် ထိန်းထားပေးနိုင်တဲ့ သိမ်မွေ့တဲ့ မျှခြေတချို့ ရှိတယ်လို့တော့ ကြားဖူးတယ်…"

"မစ္စတာ ကပ္ပတိန်။ ဒီဟာသကတော့ ခင်ဗျားပြောဖူးသမျှထဲမှာ အဆိုးဆုံးပဲ"

ဘုန်းတော်ကြီးက ပြုံးပြီး ပြောလိုက်ပေမဲ့ နောက်ထပ် ချောင်းဆိုးသံတွေ ထွက်ပေါ်လာပြန်တယ်။

"ဘာပဲဖြစ်ဖြစ် ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို အသင်းတော်ဆီ သေချာပေါက် အစီရင်ခံရမယ်… အန္တရဟိတ ပေါ်လာတာက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး။ အတိတ်တုန်းကလည်း အန္တရဟိတ ကို မြင်တွေ့ခဲ့ရတယ်ဆိုတဲ့ မှတ်တမ်းတွေ ရှိခဲ့ပေမဲ့ ဒီလောက်အထိ သေသေချာချာ အတည်ပြုနိုင်ခဲ့တာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ အို… ကျွန်တော်တို့ကို ဘေးကင်းအောင် စောင့်ရှောက်ပေးတဲ့ နတ်ဘုရားမကိုပဲ ကျေးဇူးတင်ရမယ်။ ကပ္ပတိန်။ ခင်ဗျားရော၊ ခင်ဗျားရဲ့ သင်္ဘောသားတွေပါ ပလန်းမြို့ကို ပြန်ရောက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားဖို့ လိုလိမ့်မယ်။ အချိန်တော်တော်ကြာတဲ့အထိ ဒီသင်္ဘောပေါ် ဘယ်သူမှ ပင်လယ်ထဲပြန်ထွက်နိုင်လောက်မှာ မဟုတ်ဘူး"

"ကျွန်တော့်ကို သတိပေးနေဖို့ မလိုပါဘူး။ မစ္စတာရွန်။ အန္တရဟိတ ရဲ့ ထိတွေ့မှုကိုခံလိုက်ရတဲ့ သင်္ဘောတစ်စင်းကို အာဏာပိုင်တွေနဲ့ အသင်းတော်က သူတို့မျက်စိအောက်ကနေ အလွယ်တကူ အပျောက်ခံမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ အားလုံး ဘေးကင်းဖို့အတွက် နှစ်ဖက်စလုံးကိုရော၊ စူးစမ်းရှာဖွေသူများအသင်းဆီကိုပါ အစီရင်ခံစာ တင်ဖို့ ရည်ရွယ်ထားပါတယ်… အင်း… ပြီးတော့ ကျွန်တော့်ရဲ့ မုဆိုးတစ်ပိုင်း မိန်းမရိုင်းဖြစ်တဲ့ ဇနီးဆီကိုလည်း အစီရင်ခံစာ တင်ရဦးမယ်။ ပြန်ရောက်ရင်တော့ သူ ကျွန်တော့်ကို သေချာပေါက် ပွစိပွစိ ပြောတော့မှာပဲ…"

ကပ္ပတိန် လောရင့်က သူ့နဖူးကို အားကုန် ဖိထားရင်း သက်ပြင်းအရှည်ကြီး ချလိုက်ပြီးမှ ခေါင်းကို ခါယမ်းလိုက်တယ်။

"စကားတွေ အများကြီး ပြောမနေပါနဲ့တော့။ ခင်ဗျား အခု အနားယူဖို့ လိုနေပြီ။ ဆိပ်ကမ်းကို မရောက်မချင်း ဒီသင်္ဘောက နတ်ဘုရားမရဲ့ ကောင်းချီးပေးမှုကို လိုအပ်နေဦးမှာပါ"

ဘုန်းတော်ကြီးက ခေါင်းညိတ်ပြလိုက်ပြီး မကြာခင်မှာပဲ ဒုကပ္ပတိန်လည်း အခန်းထဲကို ပြန်ရောက်လာခဲ့တယ်။

"ပျောက်ဆုံးနေတဲ့သူ မရှိပါဘူး။ ပြီးတော့ လူသစ်လည်း တိုးမလာပါဘူး"

ဒုကပ္ပတိန်က ကပ္ပတိန်ရဲ့ မေးခွန်းကို မစောင့်ဘဲ တွေ့တွေ့ချင်းပဲ အစီရင်ခံလိုက်တယ်။

"ကျွန်တော် ကိုယ်တိုင် ကုန်းပတ်ပေါ်မှာ စုဝေးနေတဲ့ သင်္ဘောသားတွေကို စစ်ဆေးခဲ့ပြီး အင်ဂျင်ခန်းထဲမှာ ကျန်ခဲ့တဲ့ စက်ပြင်ဆရာတွေကိုလည်း သွားရောက် စစ်ဆေးခဲ့ပါတယ်။ သူတို့အားလုံးက သူတို့ ယုံကြည်ကိုးကွယ်တဲ့ နတ်ဘုရားတွေရဲ့ နာမည်ကို တိတိကျကျ ရွတ်ဆိုနိုင်ကြပါတယ်"

"ဘာမှမထူးခြားဘူး ဟုတ်လား"

လောရင့်က အံ့ဩသွားပြီး မျက်လုံးအပြူးသား ဖြစ်သွားခဲ့ရတယ်။ ဒါက သတင်းကောင်း ဖြစ်သင့်ပေမဲ့ အရာအားလုံးက ဒီလောက်အထိ အဆင်ပြေနေလိမ့်မယ်လို့ သူ မယုံနိုင်ဘူးလေ။

" ရှေးဟောင်းအဆောင်လက်ဖွဲ့ကိုကော စစ်ဆေးပြီးပြီလား"

"အဆောင်လက်ဖွဲ့က ပုံမှန်အတိုင်း အလုပ်လုပ်နေပါတယ်"

ဒုကပ္ပတိန်က ချက်ချင်း ခေါင်းညိတ်ပြတယ်။

"လမ်းပြကတော့ မီးရှို့ဖို့အတွက် အမွှေးတိုင်တွေနဲ့ ဆီမွှေးတွေကို ပြင်ဆင်နေပါပြီ။ ကျွန်တော်တို့ ကပ္ပတိန်ရဲ့ အမိန့်ကို စောင့်နေပါတယ်"

လောရင့်က မယုံနိုင်စရာ စကားတွေကို နားထောင်ရင်းနဲ့ "… သူက တကယ်ပဲ ငါတို့သင်္ဘောကို လွှတ်ပေးခဲ့တာလား" လို့ ထပ်ပြီး ရေရွတ်မိပြန်တယ်။

"ကံကောင်းခြင်းက ကျွန်တော်တို့ဘက်မှာ ရှိနေတာပါ။ ကပ္ပတိန်"

ဒုကပ္ပတိန်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်တယ်။

"ကျွန်တော်တို့ လူတစ်ယောက်မှ မဆုံးရှုံးခဲ့ပါဘူး။ ဖြစ်နိုင်တာကတော့ အဲဒီသရဲကပ္ပတိန်က ဒီအတိုင်း လမ်းကြုံလို့ ဖြတ်မောင်းသွားတာဖြစ်ပြီး ကျွန်တော်တို့ တွေ့ဆုံမှုက တိုက်ဆိုင်မှုတစ်ခုသက်သက်ပဲ ဖြစ်နိုင်ပါတယ်"

"မင်းပြောတဲ့ အခုစကားကို မင်းကိုယ်တိုင်ကော ယုံရဲ့လား"

လောရင့်က ဒုကပ္ပတိန်ကို စိုက်ကြည့်လိုက်တယ်။

"ကံကောင်းခြင်းက တကယ်သာ ငါတို့ဘက်မှာ ရှိနေရင် သူနဲ့ လုံးဝ ဆုံတွေ့ခဲ့မှာ မဟုတ်ဘူးကွ…"

သူ့စကား မဆုံးခင်မှာပဲ အပြင်ဘက်ကနေ ကမန်းကတန်း ပြေးလာတဲ့ ခြေသံတွေ ထွက်ပေါ်လာပြီး အခန်းတံခါးက ဝုန်းခနဲ ပွင့်သွားတော့တယ်။ ချွေးတွေ ပြန်နေတဲ့ သင်္ဘောသားတစ်ယောက်က ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်နှာနဲ့ လောရင့်အရှေ့ကို ရောက်လာခဲ့တယ်။

"ကပ္ပတိန်။ မူမမှန်ပစ္စည်း ၀၉၉ ပျောက်သွားပါပြီ"

အခန်းထဲမှာ ချက်ချင်း တိတ်ဆိတ်သွားခဲ့ပြီး လူတိုင်းက တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ လောရင့်ကတော့ ဒီသတင်းကို ကြားလိုက်ရတဲ့အခါ စိတ်သက်သာရာရသွားတဲ့ ခံစားချက်မျိုးပဲ ဖြစ်ပေါ်လာခဲ့ရတယ်။

ဒါက တကယ့်ကို ကောင်းတာပဲ။ နောက်ဆုံးတော့ သင်္ဘောပေါ်က ပြဿနာကို ရှာတွေ့ခဲ့ပြီပေါ့။

ဒါပေမဲ့ သူက မျက်နှာအမူအရာကို ချက်ချင်း ထိန်းလိုက်ပြီး ပဲ့ကိုင်ခန်းထဲကနေ ဒုကပ္ပတိန်နဲ့အတူ ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်လာခဲ့တော့တယ်။ ကပ္ပတိန်အဖိုးကြီးက ရေနွေးငွေ့သင်္ဘောကြီးရဲ့ အနက်ရှိုင်းဆုံးနေရာဆီကို ဦးဆောင်ပြီး မူမမှန်ပစ္စည်း ၀၉၉ပျောက်သွားတာကို ချက်ချင်း သွားရောက် အတည်ပြုရမှာပါ။

မကြာခင်မှာပဲ ထူးခြားတဲ့ အခန်းတစ်ခန်းက သူတို့မျက်စိရှေ့ကို ရောက်လာခဲ့တယ်။

ဒီအခန်းရဲ့ တံခါးဘောင်ပေါ်မှာတော့ ထူးဆန်းတဲ့ အောက်လမ်းပညာရပ်ဆိုင်ရာ သင်္ကေတတွေ အများကြီး ထွင်းထုထားပြီး တံခါးတစ်ခုလုံးကိုတော့ အနက်ရောင်သံထည်နဲ့ သွန်းလုပ်ထားပုံရပါတယ်။ တံခါးကို ဒီလို ပြင်ဆင်ထားတာက အထဲမှာ ရှိနေတဲ့ အရာမှန်သမျှကို အပြင်မထွက်နိုင်အောင် ပိတ်လှောင်ထားတဲ့ လှောင်အိမ်တစ်ခုလိုခံစားရပါတယ်။

လောရင့်က တံခါးပေါ်က သင်္ကေတတွေ ပျက်စီးသွားတာမျိုး မရှိဘူးဆိုတာကို အရင်ဆုံး အတည်ပြုလိုက်ပြီးမှ ဒီအခန်းရဲ့ အပေါ်တစ်ထပ်မှာရှိတဲ့ "အဆောင်လက်ဖွဲ့အခန်း" ဆီကို မော့ကြည့်လိုက်တယ်။ ဒီလို အစီအရင်တွေလုပ်ထားတာက ၀၉၉ကြောင့် သင်္ဘောရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေ မညစ်ညမ်းစေဖို့နဲ့ ၀၉၉က သူတို့ကို ပင်လယ်ရေနက်ပိုင်းထဲ ဆွဲမချသွားစေဖို့အတွက် ကာကွယ်တဲ့အနေနဲ့ လုပ်ထားတာပါ။

ဒါပေမဲ့ ဒီလို အကာအကွယ်တွေကော၊ အစီအရင်တွေပါ အကောင်းအတိုင်း ရှိနေတဲ့ အခြေအနေမျိုးမှာ ဝက်သစ်ချဖြူသင်္ဘောကြီး စောင့်ရှောက်သယ်ဆောင်လာတဲ့ အရေးကြီး ကုန်စည်ကြီးက ပျောက်ဆုံးသွားခဲ့ရတာလေ။

လောရင့်က အသက်ကို ပြင်းပြင်းရှူပြီး သော့ခလောက်ကို ဖွင့်လိုက်ကာ လေးလံလှတဲ့ သံတံခါးကြီးကို အားနဲ့ တွန်းဖွင့်လိုက်တယ်။

ပိတ်လှောင်ထားတဲ့ အခန်းထဲမှာတော့ အလင်းရောင်တွေက လင်းထိန်နေပြီး တိုင်လေးတိုင်မှာ ချိတ်ဆွဲထားတဲ့ ဂတ်စ်မီးအိမ်တွေက အခန်းထဲမှာ အမှောင်ရိပ်ကျနေတဲ့ နေရာမရှိအောင် သေသေချာချာ အလင်းပေးထားပါတယ်။ ဒါပေမဲ့ ဒီအခန်းထဲမှာ ရှိနေရမယ့် "ကုန်စည်" ကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ။ ဘေးပတ်ပတ်လည်က ကြမ်းပြင်ပေါ်မှာတော့ ရှုပ်ထွေးနေတဲ့ သံကြိုးတချို့နဲ့ မီးခိုးပြာရောင် ပြာစတချို့သာ ပျံ့ကျဲပြီးကျန်ရစ်နေတာပါ။

တာဝန်ကျ သင်္ဘောသားအဖွဲ့ခေါင်းဆောင်ရဲ့ အသံက အနောက်ကနေ ထွက်ပေါ်လာတယ်။

"မူမမှန်ပစ္စည်း ၀၉၉ကို ချိတ်ပိတ်ထားတဲ့ စည်းကမ်းချက်တွေအရ ဒီအခန်းက အမြဲတမ်း လင်းထိန်နေရမှာ ဖြစ်ပြီး နှစ်နာရီခြားတစ်ခါ သင်္ဘောသားတစ်ယောက်က ဝင်လာပြီး 'ခေါင်းတလား' ပတ်ပတ်လည်က သံကြိုးတွေကို ပြန်လည်တင်းကြပ်ကာ ကြမ်းပြင်ပေါ်ကို ပြာတွေ ကြဲပက်ရမှာပါ။ ဒါပေမဲ့ သရဲသင်္ဘောကြီး ပေါ်လာတဲ့အချိန်မှာတော့ ရုန်းရင်းဆန်ခတ် ဖြစ်သွားတာကြောင့် တာဝန်ကျတဲ့ သင်္ဘောသားက အခန်းထဲကို အချိန်မီ မဝင်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ၀၉၉ ပျောက်ဆုံးသွားတာကို သိလိုက်ရတဲ့အချိန်မှာ ခုနစ်မိနစ်လောက် နောက်ကျသွားခဲ့ပါပြီ…"

"ခုနစ်မိနစ်လောက် နောက်ကျရုံနဲ့တော့ အဲဒီအရာက ထိန်းချုပ်မှုအပြင်ဘက်ကို ရောက်သွားမှာ မဟုတ်ဘူး။ ဒီမှာ ငါတို့ ပြင်ဆင်ထားတဲ့ ပိတ်လှောင်မှုအစီအရင်တွေက အလှပြထားတာ မဟုတ်ဘူးလေ။ အဆိုးဆုံး ဖြစ်ခဲ့ရင်တောင် ခေါင်းတလားက ဒီအခန်းထဲမှာပဲ လှုပ်ရှားနိုင်မှာကွ"

လောရင့်က မျက်မှောင်ကြုတ်ပြီး ခေါင်းခါလိုက်တယ်။

"အခုလောလောဆယ်တော့ မူမမှန်ပစ္စည်း ၀၉၉ဟာ သေချာပေါက် ပျောက်ဆုံးသွားပြီး သင်္ဘောပေါ်မှာ မရှိတော့ဘူးဆိုတာကို သိလိုက်ရပြီ… ဒါက တာဝန်ကျ သင်္ဘောသားရဲ့ အပြစ်မဟုတ်ပါဘူးလေ"

သင်္ဘောသားခေါင်းဆောင်က နည်းနည်း စိုးရိမ်နေပုံရပါတယ်။

"ဒါဆို ကပ္ပတိန်ရဲ့ သဘောက…"

"မူမမှန်ပစ္စည်း ၀၉၉ပျောက်သွားတာက သေချာပေါက် အန္တရဟိတ ရဲ့ လက်ချက်ပဲ"

လောရင့်က လေသံအေးအေးနဲ့ ပြောလိုက်တယ်။

"ပြီးတော့ အန္တရဟိတရဲ့ 'ကပ္ပတိန်' က မူမမှန်ပစ္စည်း ၀၉၉ ကို တစ်ပါထဲ ယူဆောင်သွားခဲ့တာပဲ ဖြစ်ရမယ်…"

ဒီစကားကို ပြောရင်းနဲ့ သူ ခဏနားလိုက်ပြီး သက်ပြင်း ဖွဖွချလိုက်တယ်။

"ဖြစ်နိုင်တာကတော့ အန္တရဟိတ က မူမမှန်ပစ္စည်း ၀၉၉တစ်ခုထဲကိုပဲ လိုချင်ခဲ့တာဖြစ်ပြီး ငါတို့ရဲ့ အသက်တွေကို မယူသွားခဲ့တာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီ"

သင်္ဘောသားခေါင်းဆောင်က သူ့ကပ္ပတိန်ရဲ့ မျက်လုံးတွေကို လှမ်းကြည့်လိုက်ပြီးမှ အလွတ်ဖြစ်နေတဲ့ ပိတ်လှောင်ခန်း ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ကာ နောက်ဆုံးတော့ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ မေးလိုက်မိတယ်။

"ဒါပေမဲ့… အာဏာပိုင်တွေကို သူတို့ရဲ့ အရေးကြီး ကုန်စည်ကြီး ပျောက်ဆုံးသွားပြီဆိုတဲ့အကြောင်း ကျွန်တော်တို့က ဘယ်လို ပြောရမှာလဲ"

လောရင့်က အဲဒီစကားကြောင့် စိတ်အနှောင့်အယှက် မဖြစ်သွားဘဲ သင်္ဘောသားခေါင်းဆောင်ရဲ့ ပခုံးကို ပုတ်ပေးလိုက်တယ်။

"အန္တရဟိတ ဆိုတာ သဘာဝဘေးအန္တရာယ်တစ်ခုပဲလေ။ ပြီးတော့ ငါတို့မှာ ရေကြောင်းအာမခံလည်း ရှိတာပဲ"

"…… အာမခံကုမ္ပဏီက ဒီကိစ္စအတွက် လျော်ကြေးပေးမှာမလို့လား"

"တကယ်လို့ သူတို့က လျော်ကြေးမပေးရင်တော့ ငါတို့က စူးစမ်းရှာဖွေသူများအသင်းကို အန္တရဟိတ အတွက် ဆုကြေးအသစ်တစ်ခု ထုတ်ပြန်ခိုင်းရုံပေါ့ကွာ…"

"ကပ္ပတိန်။ ခင်ဗျားက နည်းနည်းတော့…"

"ပါးစပ်ပိတ်ထားစမ်း"

All Chapters