အခန်း ၇
Vol. 1 Ch. 7
အခန်း (၇)
အရုပ်
အန္တရဟိတဟာ အန္တရာယ်များတဲ့ ပင်လယ်ပြင်ကနေ ထွက်ခွာလာခဲ့ပြီး သူ့အလိုလို ဆက်ပြီး ရွက်လွှင့်နိုင်ပြီဆိုတာကို ဆိတ်ခေါင်းဆီကနေ အတည်ပြုပြီးတဲ့နောက်မှာတော့ ဒန်ကန် က မဲနက်ပြီး လေးလံလှတဲ့ ပဲ့ထိန်းဘီးကြီးပေါ်ကနေ လက်ကို ဖယ်လိုက်ပြီး သူ့ကိုယ်သူ ပြန်လည်စစ်ဆေးကြည့်လိုက်တယ်။ သူ့ရဲ့ ခန္ဓာကိုယ်မှာ အသားအရေတွေ ပြန်လည်ပြည့်ဖြိုးလာခဲ့ပြီး သင်္ဘောကုန်းပတ်ကလည်း စိမ်းဖန့်ဖန့် မီးတောက်တွေ မရှိတော့ဘဲ မူလအတိုင်း ပြန်ဖြစ်သွားခဲ့ပါပြီ။
ဒါပေမဲ့ ဆန်းကြယ်ပြီး ရှင်းပြရခက်တဲ့ ခံစားချက်က အခုချိန်မှာ အရာများစွာက ပြောင်းလဲသွားပြီဆိုတဲ့အကြောင်းကို သူ့ကိုပြောပြနေပါတယ်။
သူဟာ အန္တရဟိတ ရဲ့ ပဲ့ကိုင်နေရာကို ရယူလိုက်တဲ့ အချိန်ကစပြီး တစ်ခုခု ပြောင်းလဲသွားခဲ့တာကို သူ ခံစားမိတာပါ။ အဲဒီစိမ်းဖန့်ဖန့် မီးတောက်က သူ့ကို သင်္ဘောကြီးနဲ့တင်မကဘဲ ပင်လယ်ပြင်ကြီးနဲ့ပါ ချိတ်ဆက်ပေးလိုက်သလိုပါပဲ။ သူ့ခြေထောက်အောက်က ကြမ်းပြင်တွေဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလို၊ သူ့ခြေထောက်ရဲ့ အဆက်အစပ်တစ်ခုလို ဖြစ်နေခဲ့ပါပြီ။
ဒန်ကန် က မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပြီး သူ့ရဲ့ အာရုံသစ်တွေကို သုံးပြီး အခြေအနေကို လှမ်းအာရုံခံကြည့်လိုက်တယ်။ အန္တရဟိတ ရဲ့ ကိုယ်ထည်ထဲကနေ ထွက်ပေါ်နေတဲ့ ဗလာနတ္ထိလောကရဲ့ ခြောက်ခြားစရာ ညည်းတွားသံတွေ၊ ကပ္ပတိန်အခန်းထဲမှာ အသစ်တောက်လောင်နေတဲ့ ဖြူဖျော့ဖျော့ မီးလျှံပြာတွေနဲ့ သင်္ဘောကိုယ်ထည်ကို လာရိုက်ခတ်နေတဲ့ လှိုင်းတံပိုးသံတွေကို သူ ကြားနေရတုန်းပါပဲ။ ဒါပေမဲ့ အရင်ကမရှိခဲ့တဲ့ အရာတစ်ခုကိုပါ သူ ရှာဖွေတွေ့ရှိလိုက်တယ်။ အဲဒါကတော့ မှောင်မိုက်တဲ့ အရိပ်တချို့က သူ့ကို စိုက်ကြည့်နေသလို ခံစားချက်မျိုးပါ။ သူက ဒီအာရုံက ဘယ်ကလာတာလဲဆိုတာကို လိုက်ရှာဖို့ ကြိုးစားလိုက်တဲ့အချိန်မှာပဲ စိုက်ကြည့်နေတဲ့ အရာတွေက ချက်ချင်း နောက်ဆုတ်သွားပြီး ပျောက်ကွယ်သွားပါတော့တယ်။
သူ မျက်လုံးတွေကို ပြန်ဖွင့်လိုက်ပြီး သက်ပြင်း ဖွဖွချကာ ရွက်တိုင်ပေါ်က သရဲရွက်တွေကို လှမ်းခေါ်လိုက်တယ်။ ဒီအချိန်ကစပြီး သူဟာ ဒီသင်္ဘောရဲ့ ကပ္ပတိန်အစစ်အမှန် ဖြစ်သွားခဲ့ပါပြီ။ ပဲ့ထိန်းဘီးကို ကိုင်ဖို့ ဆုံးဖြတ်ချက်ချပြီးတဲ့ နောက်မှာတော့ သူ့အတွက် နောက်ပြန်လှည့်စရာ လမ်းမရှိတော့ပါဘူး။
"ကပ္ပတိန်။ ကျွန်တော်တို့တွေ နာမ်လောကရဲ့ အစွန်းကနေ အပေါ်ကို ဆန်တက်နေပြီး မကြာခင်မှာ လက်တွေ့လောကထဲကို ပြန်ရောက်တော့မှာပါ"
ဆိတ်ခေါင်းရဲ့ အသံက ဘေးကနေ ထွက်ပေါ်လာပါတယ်။ ဆိတ်ခေါင်းရဲ့အသံက သင်္ဘောပေါ်မှာ ဆက်သွယ်ဖို့သုံးတဲ့ ကြေးပိုက်ခေါင်းထဲကနေ ထွက်လာတာ မဟုတ်ဘဲ ဒန်ကန်ရဲ့ စိတ်ထဲကို တိုက်ရိုက် ရောက်လာတာပါ။ ကံကောင်းတာကတော့ ဆိတ်ခေါင်းက အရေးကြီးတဲ့ လုပ်ငန်းကိစ္စတွေကို ပြောတဲ့အချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းအောင် ဆက်ပြီး မပြောတော့တာပါပဲ။
"ကျွန်တော်တို့ ကံကောင်းတယ်လို့ ပြောရမယ်။ ကျွန်တော်တို့ အနက်ရှိုင်းဆုံး ရောက်ခဲ့တာက နာမ်လောကရဲ့ အောက်ခြေအထိလောက်ပဲမလို့ သင်္ဘောက ဘာသက်ရောက်မှုမှ မရှိခဲ့ပါဘူး"
လက်တွေ့လောက၊ ဝိညာဉ်ပင်လယ်၊ ပင်လယ်ရေနက်ပိုင်းနဲ့ ဒီသုံးခုထက် ပိုပြီး နက်ရှိုင်းပုံရတဲ့ အောက်ခြေလောက…
ဒန်ကန် က ထူးဆန်းတဲ့ ဒီစကားလုံးတွေက ဘာကို ဆိုလိုတာလဲဆိုတာ တိတိကျကျ မသိသလို၊ သူတို့ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကိုလည်း နားမလည်ပါဘူး။ ဒါပေမဲ့ ဒီစကားလုံးတွေက သူ့ရဲ့ ခေါင်းထဲမှာ ပေါ်လာတာဖြစ်ပြီး ဒီကမ္ဘာမှာ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို ညွှန်ပြနေတာပါ။
ဒန်ကန်ရဲ့ စိတ်ထဲမှာ သေချာနေတဲ့ အရာတစ်ခုတော့ ရှိပါတယ်။ သူ့ကိုသူ "ကပ္ပတိန်" လို့ ခေါ်လိုက်တိုင်း ဆိတ်ခေါင်း ဆိုတဲ့မကောင်းဆိုးဝါး ရုပ်တုကြီးရဲ့ သဘောထားက ပြောင်းလဲသွားတတ်တာပါပဲ။ သိသိသာသာ မဟုတ်ပေမဲ့ ပြောင်းလဲသွားတာတော့ အမှန်ပါ။ တကယ်တော့ အခုချိန်မှာ သူက တခြားကမ္ဘာကလာတဲ့ "ကျိုးမင်" ဖြစ်ပါတယ်လို့ ထုတ်ပြောလိုက်ရင်တောင် ဆိတ်ခေါင်းက အမှန်တရားကို ဂရုမစိုက်ဘဲ သူ့ရဲ့ အမိန့်တွေကို ဆက်ပြီး နာခံနေဦးမှာပဲလို့ ဒန်ကန် သေချာပေါက် ခံစားနေရပါတယ်။
ခဏလောက် စဉ်းစားပြီးတဲ့နောက်မှာတော့ သူဟာ ဆိတ်ခေါင်းက သူ့အမိန့်ကို လုံးဝနာခံလောက်တယ်ဆိုတဲ့ အယူအဆကို စမ်းသပ်ဖို့ မကြိုးစားဖို့ပဲ ဆုံးဖြတ်လိုက်တဲ့အပြင် နာမ်လောက၊ ပင်လယ်ရေနက်ပိုင်းနဲ့ အောက်ခြေလောကတွေအကြောင်း ဆိတ်ခေါင်းကို မမေးခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကဆိုရင် သူ ဒီနေရာကို ရောက်နေရတာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ပြီး စိတ်မသက်မသာ ဖြစ်ခဲ့ရပေမဲ့ လက်ရှိ အခြေအနေကတော့ သူ့ကို လုံခြုံမှုမရှိသလို ခံစားရတာတွေ၊ စိုးရိမ်ပူပန်မှုတွေကို မပေးတော့ပါဘူး။
ဒီကမ္ဘာမှာ တခြား "လူသားတွေ" ရှိနေပြီး၊ တခြားသင်္ဘောတွေနဲ့ တခြားယဉ်ကျေးမှုတွေ ရှိနေတာကြောင့် သူဟာ စိုးရိမ်ပူပန်မှု မရှိတော့တာလည်းဖြစ်နိုင်ပါတယ်။ တခြားလူတွေရှိနေတာက သူ့ကို မျှော်လင့်ချက် ပေးစွမ်းနိုင်ခဲ့ပြီး သူ့ရဲ့ အနာဂတ် အစီအစဉ်တွေအတွက် ဝေဝါးတဲ့ စိတ်ကူးတစ်ခုကိုပါ ပေးစွမ်းနိုင်ခဲ့တယ်လေ။
"စောနကတွေ့ခဲ့တဲ့ သင်္ဘောက စက်စွမ်းအားနဲ့ မောင်းနှင်တာ… ပြီးတော့ အန္တရဟိတ ကကျတော့ ဟိုးအရင်ခေတ်တုန်းက ရှေးဟောင်း ရွက်သင်္ဘောကြီးနဲ့ ပိုတူတယ်…"
ဒန်ကန် က ကိုယ့်ဘာသာကိုယ် ရေရွတ်ရင်း စိတ်ကူးတွေ ယှက်နွယ်ကာ စဉ်းစားနေမိတယ်။
"ဒါပေမဲ့ စက်သက်သက်ပဲလည်း မဟုတ်ပြန်ဘူး။ အဲဒီသင်္ဘောပေါ်မှာ ဘာအတွက်မှန်းမသိတဲ့ အခန်းတချို့ ရှိနေပြီး၊ အဲဒီအခန်းတွေက နံရံတွေပေါ်မှာ ထူးဆန်းတဲ့ ပုံစံတွေနဲ့ သင်္ကေတတွေ အများကြီး ထွင်းထုထားတာလေ။ ယဇ်ပူဇော်တဲ့ နေရာတစ်ခုလိုမျိုး စီစဉ်ထားတာ…"
"ဆိတ်ခေါင်း"
ဒန်ကန် က သူ့ရဲ့ စိတ်ထဲကနေ ရုတ်တရက် လှမ်းခေါ်လိုက်တယ်။ သူက ဆိတ်ခေါင်းရဲ့ နာမည်ကို မသိတာမလို့ စိတ်ထဲရှိတဲ့အတိုင်းပဲ ခေါ်လိုက်တာပါ။
" အဲဒီသင်္ဘောကို 'ဖြတ်သန်း' သွားတဲ့အချိန်တုန်းက ကပ္ပတိန်ပုံစံနဲ့ လူတစ်ယောက်က ငါ့ကို လှမ်းအော်ခဲ့သေးတယ်။ အဲ့ဒီကပ္ပတိန်ပုံစံနဲ့လူက ဘာပြောခဲ့တာလဲ"
ဆိတ်ခေါင်းက သူ့ကို ဆိတ်ခေါင်းလို့ပဲ ခေါ်ဝေါ်တာကို စိတ်ဆိုးပုံမရဘဲ ဆိတ်ခေါင်းဆိုတဲ့နာမည်ကို ဝမ်းမြောက်ဝမ်းသာပဲ လက်ခံလိုက်တယ်။
"လေနဲ့ လှိုင်းက အရမ်းကြီးနေတော့ သေသေချာချာ မကြားလိုက်ရပါဘူး"
"မင်းလည်း မကြားလိုက်ဘူး ဟုတ်လား"
ဒန်ကန် မျက်မှောင်ကြုတ်လိုက်တယ်။
"… သူ့ရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ ငါနဲ့အတူ သေပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ပုံစံမျိုးလို့ ငါ ခံစားရတယ်။ အဲဒီအချိန်မှာ ငါ့ကို လှမ်းအော်ပြောတယ်ဆိုတာက သူ့အတွက် တကယ်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုကိုပြောခဲ့တာပဲဖြစ်ရမယ်"
"ကပ္ပတိန်ရဲ့ ရှေ့မှာ လူသားတွေက ဒီလိုမျိုး တုံ့ပြန်တတ်ကြတာ သဘာဝပါပဲ။ အဲလိုတုံ့ပြန်တာက သင်္ဘောသားတွေဆိုရင် ပိုပြီးတော့တောင် လုပ်တတ်တာမလို့ အံ့ဩစရာ မရှိပါဘူး။ စိတ်မပူပါနဲ့။ ကပ္ပတိန်။ သစ်ပင်ကြီးတစ်ပင်က နှံကောင်တစ်ကောင်ရဲ့ အော်ဟစ်သံကို ဂရုစိုက်နေဖို့ မလိုပါဘူး…"
ဆိတ်ခေါင်းက သာမန်ကိစ္စတစ်ခုလိုမျိုး ပြန်ဖြေလိုက်ပေမဲ့ ဒန်ကန် ကတော့ ဆိတ်ခေါင်းရဲ့ပြောစကားကြောင့် ခြေချော်မတတ် ဖြစ်သွားရတယ်။
'ငါနဲ့အတူ သေချင်တာက လူသားတွေအတွက် သာမန်တုံ့ပြန်မှုတစ်ခု တဲ့လား’
သူ ဒီစကားကို အပြင်ထုတ်ပြောပြီးပြီးချင်းမှာပဲ ချက်ချင်း နောင်တရသွားမိတယ်။ ဒီလိုပြောမိတာက မသင့်တော်တဲ့အပြင် "ကပ္ပတိန်" ဆိုတဲ့ သူ့ရဲ့ ဂုဏ်ပုဒ်နဲ့လည်း မလိုက်ဖက်ဘူးလေ။ ဒါပေမဲ့ ဒန်ကန်ရဲ့ ထူးဆန်းတဲ့ အပြုအမူကို သတိမထားမိသလိုမျိုး ဆိတ်ခေါင်းကတော့ ဆက်ပြီး ပြုမူနေခဲ့တယ်။
"သူတို့တွေ ကပ္ပတိန်ကို ကြောက်ကြတာက သဘာဝပါပဲ"
ဆိတ်ခေါင်းရဲ့ လေသံက အခုတော့ ဂုဏ်ယူဝင့်ကြွားနေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။
"အဆုံးမဲ့ ပင်လယ်ပြင်ပေါ်မှာ ရွက်လွှင့်နေတဲ့ ဘယ်သူမဆို ကပ္ပတိန်ကို ကြောက်ရမယ်။ ရှေးဟောင်းနတ်ဘုရားတွေနဲ့ အောက်ခြေလောကရဲ့ အရိပ်တွေကို ကြောက်ကြသလိုမျိုး ကပ္ပတိန်ကို ကြောက်ရမယ်လေ။ အရိပ်တွေအကြောင်း ပြောရရင် တကယ့်ကို ထက်မြက်တဲ့ အင်ဂျင်နီယာတစ်ယောက်လား… စိုက်ပျိုးရေးပညာရှင်တစ်ယောက်လား… ဒါမှမဟုတ် အစားအသောက် မက်တဲ့သူတစ်ယောက်လား သေချာတော့မမှတ်မိတော့ဘူး။ အဲဒီလူက တစ်ခါတုန်းက စကားတစ်ခွန်း ပြောခဲ့ဖူးတယ်…"
ဒန်ကန် ကတော့ ဆိတ်ခေါင်းက စကားကို ဆက်ပြောနေမှာကို စိုးရိမ်တာကြောင့် စိတ်မဝင်စားတဲ့ပုံပဲ နေလိုက်တယ်။ (ပြီးတော့ စိတ်မဝင်စားတဲ့ပုံနေရတာရဲ့ အဓိကအကျဆုံး အကြောင်းရင်း ကတော့ ဆိတ်ခေါင်းရဲ့ မပြီးဆုံးနိုင်အောင် လေပေါတတ်တဲ့အကျင့်ကြောင့်ပါ။ တကယ်လို့ သူကသာ ဆိတ်ခေါင်းနဲ့ စကားကိုရေလိုက်ငါးလိုက် လိုက်ပြောပေးမယ်ဆိုရင် စိတ်အနှောင့်အယှက်ဖြစ်စရာပဲ ပိုပြီး တိုးလာမှာလေ)
"နေဦး…… အဲ့ဒါက ဘာကြီးလဲ"
ဒန်ကန် က စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီး အံ့ဩတကြီး မေးလိုက်တယ်။ ကပ္ပတိန်အခန်းရဲ့ အပြင်ဘက်မှာ တစ်ခုခု ရှိနေလို့ပါ။
အဲဒါတော့က လူတစ်ကိုယ်စာထက် ပိုပြီး ရှည်လျားတဲ့ သစ်သားသေတ္တာကြီးတစ်လုံး ဖြစ်ပါတယ်။ လက်ရာက တကယ့်ကို ကောင်းမွန်လှပြီး သံမှိုတွေ ရိုက်နှက်ထားတဲ့အပြင် ရွှေပြားတွေနဲ့ အနားသတ်ကိုကွပ်ထားပါတယ်။ သေတ္တာရဲ့ မျက်နှာပြင်ပေါ်မှာလည်း ရှေးဟောင်းရုပ်ပုံစာလုံး သင်္ကေတတွေလိုမျိုး ဆန်းကြယ်တဲ့ ပုံစံတွေ ထွင်းထုထားပါတယ်။ သေချာတာကတော့ ဒီသေတ္တာကြီးက အရင်က အန္တရဟိတ ပေါ်မှာ လုံးဝ မရှိခဲ့ပါဘူး။
ဆိတ်ခေါင်းရဲ့ အသံက ခဏလောက် တိတ်ဆိတ်သွားပြီးမှ ပြန်ထွက်လာတယ်။
"… ကျွန်တော်လည်း မသိဘူး၊ ဒါပေမဲ့ ဒါက သိမ်းဆည်းရမိတဲ့ ပစ္စည်းတစ်ခု ဖြစ်မယ်ထင်တယ်…"
"သိမ်းဆည်းရမိတဲ့ပစ္စည်း ဟုတ်လား"
ဒန်ကန် က ဘာပြန်ပြောရမှန်း မသိတာမလို့ သေတ္တာဘေးပတ်ပတ်လည်ကို နှစ်ပတ်လောက် လမ်းလျှောက်ကြည့်လိုက်တယ်။
"ဒီအရာက ခေါင်းတလားတစ်ခုနဲ့ တူတယ်။ ဒါပေမဲ့ သာမန်ခေါင်းတလားထက် အများကြီး ပိုပြီး ဆန်းပြားတယ်… နေဦး၊ သိမ်းဆည်းရမိတဲ့ပစ္စည်းဆိုတော့ ဒီအရာက ဟိုသင်္ဘောဆီကနေ 'ပါလာတာ' လို့ ပြောချင်တာလား…"
"အောင်မြင်တဲ့သိမ်းဆည်းရမိမှုပါပဲ။ ကပ္ပတိန်"
ဆိတ်ခေါင်းက တည်ငြိမ်ပြီး ချီးကျူးဂုဏ်ပြုတဲ့ လေသံနဲ့ ပြောလိုက်တယ်။
"အန္တရဟိတဟာ ခရီးစဉ်တစ်ခုကနေ ပြန်လာတဲ့အခါတိုင်း သိမ်းဆည်းရမိတဲ့ပစ္စည်းတချို့ ပါလာတတ်တာက သဘာဝပါပဲ"
ဒန်ကန် ကတော့ အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရတယ်။ ဘာအောင်မြင်တာလဲ။ ကျွန်တော် အစကတည်းက ဟိုသင်္ဘောဆီကနေ ဘာကိုမှ ယူဖို့ စိတ်ကူးမရှိခဲ့ပါဘူး။
ဒါပေမဲ့ သူ့ရဲ့ စိတ်ထဲက အတွေးတွေကို ထုတ်ပြောလိုက်ရင် "ကပ္ပတိန်" ဆိုတဲ့ ပုံရိပ်နဲ့ ကိုက်ညီမှာ မဟုတ်ဘူးလေ။ ပိုပြီး အရေးကြီးတာက အဲဒီစက်သင်္ဘောကြီးကလည်း ထူထပ်တဲ့ မြူထုထဲမှာ ပျောက်ကွယ်သွားခဲ့ပါပြီ။ ပြီးတော့ မှုန်မှိုင်းနေတဲ့ မျက်လုံးတွေနဲ့ သူ့ကို ကြည့်နေခဲ့တဲ့ နှုတ်ခမ်းမွှေးဖြူဖြူ ကပ္ပတိန်ရဲ့ အကြည့်နဲ့ သူနဲ့အတူ သေပွဲဝင်ဖို့ ပြောခဲ့တာတွေကို ပြန်တွေးမိပြီး၊ ဒန်ကန်ဟာ ဒီသေတ္တာကြီးကိုပဲ စွန့်စားပြီး လေ့လာကြည့်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
သံသယဖြစ်စရာကောင်းတဲ့ ခေါင်းတလားကြီးနားကို ချဉ်းကပ်လိုက်တဲ့အခါမှာတော့ သေတ္တာအဖုံးကို သူ သတိထားမိလိုက်တယ်။ အဲ့ဒီသေတ္တာအဖုံးက တစ်ခုခုကြောင့် လျော့ရဲနေပြီး အရင်ကတည်းက ပွင့်နေခဲ့တာပါ။
သူဟာ တုံ့ဆိုင်းနေပေမဲ့လည်း သစ်သားသေတ္တာပေါ်ကို လက်တင်လိုက်တယ်။ အဲဒီဝိညာဉ်လောကက သင်္ဘောဟာ ဒီပစ္စည်းကို ဘယ်လိုနည်းနဲ့ ဒီနေရာကို ပို့ပေးလိုက်တာလဲဆိုတာကို အနည်းဆုံးတော့ သူ သိချင်လို့လေ။
သူ ထင်ထားတာထက် ပိုပြီးတော့ အားစိုက်စရာမလိုဘဲ သူ နည်းနည်းလေး တွန်းလိုက်တာနဲ့ သေတ္တာအဖုံးက အလွယ်တကူပဲ ပွင့်သွားခဲ့တယ်။ သေတ္တာအထဲမှာ လဲလျောင်းနေတဲ့ အရာကို မြင်လိုက်ရတဲ့အခါ သူ ဆွံ့အသွားခဲ့ရတယ်။
"လူတစ်ယောက်ပါလား"
သစ်သားသေတ္တာထဲမှာ လှပတဲ့ မိန်းမပျိုလေးတစ်ယောက်က ငြိမ်သက်စွာ လဲလျောင်းနေပါတယ်။ ရှည်လျားလှတဲ့ ငွေဖြူရောင် ဆံပင်တွေက သေတ္တာထဲမှာ ပြဒါးရည်တွေလိုမျိုး ဖြန့်ကျက်နေခဲ့တာပါ။ အဲ့ဒီမိန်းမပျိုရဲ့ ရုပ်ရည်က တကယ့်ကို အပြစ်ပြောစရာမရှိအောင် လှပဆန်းပြားလှပြီး ခရမ်းပုပ်ရောင် နန်းတွင်းဝတ်စုံလှလှလေးကိုဝတ်ထားပါတယ်။ မြင့်မြတ်ပြီး အေးစက်စက်နိုင်တဲ့ စရိုက်လက္ခဏာမျိုးကိုလည်း အနည်းငယ် ပိုင်ဆိုင်ထားပါတယ်။
အိပ်ပျော်နေတဲ့ အရုပ်လေးတစ်ရုပ်လိုပါပဲ…
"နေဦး၊ ဒါက တကယ့်ကို အရုပ်ကြီးပဲ"
သေသေချာချာ ထပ်ပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ အဲ့ဒီမိန်းမပျိုလေးရဲ့ လူသားမဟုတ်တဲ့ လက်ဆစ်၊ ခြေဆစ် တည်ဆောက်ပုံတွေကို ဒန်ကန် ရုတ်တရက် သတိပြုမိသွားတော့တယ်။