← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အခန်း (၈)

နေမင်းကြီး

အရုပ်လေးက တကယ့်ကို သေသပ်လှပလွန်းတာမလို့ ဒန်ကန် အနေနဲ့ ပထမဆုံးအကြိမ် လှမ်းကြည့်လိုက်တဲ့အချိန်မှာ လူသားအစစ်နဲ့ ခွဲခြားဖို့တောင် ခက်ခဲသွားခဲ့ရတာပါ။ တကယ်တော့ ဒီအရုပ်လေးဟာ အချိန်မရွေး အသက်ဝင်ရှင်သန်လာတော့မလို ခံစားရပေမဲ့ ဒါက သူ့ရဲ့ စိတ်ထင်မှု သက်သက်သာ ဖြစ်ပါတယ်။ အရုပ်က ပတ်ဝန်းကျင်ကို ဘာတုံ့ပြန်မှုမှမပြဘဲ ငြိမ်သက်နေဆဲပါ။

ဒါပေမဲ့ အကြာကြီး သေသေချာချာ စောင့်ကြည့်ပြီးတဲ့နောက်မှာတော့ သေတ္တာထဲက ထူးခြားဆန်းပြားတဲ့ အရုပ်လေးက သူ့ကို ထိတ်လန့်သွားအောင် ရုတ်တရက် ထခုန်တာမျိုး လုပ်မှာမဟုတ်ဘူးဆိုတာကို ဆုံးဖြတ်လိုက်နိုင်တာမလို့ နည်းနည်း စိတ်အေးသွားခဲ့ရတယ်။

အဲဒီနောက် သူဟာ မျက်မှောင်ကြုတ်လိုက်ပြီး ဆိတ်ခေါင်းကို ထပ်မေးလိုက်တယ်။

"ဒီအခြေအနေကို မင်း ဘယ်လိုထင်လဲ"

"ဒါက ဟိုသင်္ဘောက စောင့်ရှောက်သယ်ဆောင်လာတဲ့ အရေးကြီးကုန်စည် ဖြစ်ရမယ်"

ဆိတ်ခေါင်းက ချက်ချင်းပဲ ပြန်ဖြေပါတယ်။ သင်္ဘောကုန်းပတ်ပေါ်မှာ ရုတ်တရက် ပေါ်လာတဲ့ ထူးဆန်းတဲ့ သစ်သားခေါင်းတလား အကြောင်း အစက မသိဘူးလို့ ပြောခဲ့ပေမဲ့ သူက ဒန်ကန်ထက်စာရင် ပင်လယ်ပြင်ရဲ့ ကိစ္စတွေမှာ ပိုပြီး အတွေ့အကြုံရှိတာတော့ သေချာပါတယ်။

"နတ်ဘုရားတွေကို ညွှန်ပြတဲ့ သင်္ကေတတွေ ရှိနေတယ်။ ပြီးတော့ သေတ္တာပတ်ပတ်လည်မှာလည်း သံကြိုးတွေကို တင်ထားဖို့အတွက် သံမှိုတွေ ရိုက်ထားသေးတယ်။ ဒါတွေအားလုံးက ဒီအရာကို အရင်တုန်းက ပိတ်လှောင်ထားခဲ့တယ်ဆိုတာ ညွှန်ပြနေတာပဲ။ အဆုံးမဲ့ ပင်လယ်ပြင်ပေါ်မှာ အခုလို ပိတ်လှောင်ထားတဲ့အရာကို သယ်ဆောင်ဖို့ဆိုတာ အရမ်းကို အန္တရာယ်များတဲ့ ကိစ္စမလို့ အဲဒီလို စွန့်စားမှုကို လုပ်ရဲတဲ့အထိလုပ်ခဲ့တဲ့ ကျွန်တော်တို့နဲ့ ဆုံခဲ့တဲ့ သင်္ဘောက နောက်ခံတစ်ခုခု ရှိရမယ်လို့ ကျွန်တော် ယုံကြည်တယ်"

"ပိတ်လှောင်မှု ဟုတ်လား"

ဒန်ကန် ရဲ့ မျက်လုံးတွေက ဒီအတွေးကြောင့် အနည်းငယ် လှုပ်ခတ်သွားခဲ့ရတယ်။ တကယ်လို့ ဒီခေါင်းတလားက အန္တရဟိတ ပေါ်ကို မရောက်ခင်ကတည်းက ပိတ်လှောင်ခံထားရတာဆိုရင် အထဲက အရာဟာ အခုဆိုရင် ပိတ်လှောင်မှု ပျက်ပြယ်သွားပြီလို့ ပြောရမှာလား။ မဟုတ်ရင်တော့ သေတ္တာအဖုံးကို ဒီလောက်အလွယ်တကူနဲ့ သူဖွင့်နိုင်ခဲ့မှာ မဟုတ်ဘူးလေ။

"သာမန်လူတွေနဲ့ အားနွဲ့တဲ့လူတွေအတွက်တော့ ဒီဟာက အန္တရာယ်ရှိနိုင်ပါတယ်။ ဒါပေမဲ့ အထူးစွမ်းရည်တချို့နဲ့ ပိတ်လှောင်ထားနိုင်တဲ့အရာမလို့ ကပ္ပတိန်အတွက်တော့ ဘာမှ ခြိမ်းခြောက်မှု မရှိပါဘူး။ ကပ္ပတိန်။ ခင်ဗျားက ထူးဆန်းတဲ့ဒီအရာထက်စာရင် အများကြီး ပိုပြီးတော့တောင် အန္တရာယ်များပါသေးတယ်"

ဒန်ကန် ကတော့ သင်္ဘောပေါ်က ခြောက်ခြားစရာ ခေါင်းတလားထက် သူဟာ ပိုပြီး အန္တရာယ်များတဲ့လူလို့ သတ်မှတ်ခံလိုက်ရတာကြောင့် ဘာပြန်ပြောရမှန်းမသိဘဲ စိတ်ထဲမှာတင် ရှုပ်ထွေးသွားခဲ့ရတယ်။ သူ့ကို မြှောက်ပင့်ပေးနေတဲ့အရာက ဆိတ်မျက်နှာနဲ့ မကောင်းဆိုးဝါး ရုပ်တုကြီး ဖြစ်နေတာကလည်း သူ့ကို ပိုပြီး စိတ်မသက်မသာ ဖြစ်စေပါတယ်။

ဗဟုသုတတွေ စုဆောင်းတဲ့နေရာမှာ သတိကြီးကြီးထားဖို့ လိုအပ်သေးတယ်လို့ စိတ်ထဲမှာ သက်ပြင်းချရင်းနဲ့ ဒန်ကန် က မျက်မှောင်ကို ပိုပြီး ကြုတ်လိုက်ကာ ဆုံးဖြတ်ချက်တစ်ခုမချခင် အရုပ်ကို နောက်ဆုံးအကြိမ်အနေနဲ့ လှမ်းကြည့်လိုက်တယ်။

"ဒါကို ပင်လယ်ထဲပဲ ပြန်ပစ်ချလိုက်ရအောင်"

ဒီစကားကို ပြောလိုက်တဲ့အချိန်မှာ သူ့ရဲ့ စိတ်ထဲမှာ တုံ့ဆိုင်းမှုတချို့ ရှိနေခဲ့ပါတယ်။ အထူးသဖြင့် အရုပ်လေးကို လှမ်းကြည့်လိုက်မိတဲ့ အချိန်မှာပေါ့။

အဲ့လိုတုံ့ဆိုင်းမိတာက အရုပ်လေးက အရမ်းလှလွန်းလို့ မဟုတ်ဘဲ လူသားတစ်ယောက်နဲ့ တူလွန်းနေလို့ပါ။ ပုံပြင်ထဲကမင်းသမီးလေး မနှင်းဖြူ လိုမျိုး ဒီအရုပ်လေးဟာ အိပ်ပျော်နေတဲ့ မိန်းမလှလေးတစ်ယောက်လိုပါပဲ။ ဘယ်သူကများ ဒီအရုပ်လေးကို ရက်ရက်စက်စက် လုပ်ရက်မှာလဲ။ ဒါပေမဲ့လည်း ဒီတုံ့ဆိုင်းမှုကပဲ နောက်ဆုံးမှာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပိုပြီး ခိုင်မာသွားစေခဲ့တယ်။

သူက ကျိုးကြောင်းဆင်ခြင်တတ်ပြီး သတိကြီးတဲ့လူတစ်ယောက် ဖြစ်တာမလို့ အထူးသဖြင့် သဘာဝလွန်နဲ့ ထူးဆန်းတဲ့အရာတွေ အများကြီးရှိနေတဲ့ ဒီကမ္ဘာမှာ အခုလို အန္တရာယ်ရှိနိုင်တဲ့အရာကို သူ့ဘေးမှာ အလွယ်တကူ မထားနိုင်ပါဘူး။ တကယ်လို့ ဒီအရုပ်က အဲ့လို ထူးဆန်းတဲ့အရာတွေထဲက တစ်ခု ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ဆိတ်ခေါင်းတစ်ခု ရှိနေတာတင် သူ့အတွက် လုံလောက်နေပါပြီ။ သူ့ရဲ့ ပြဿနာတွေထဲမှာ ဒုတိယမြောက် ထူးဆန်းတဲ့အရာတစ်ခု ထပ်ပြီး မတိုးချင်တော့ပါဘူး။

သေတ္တာကို အဖုံးနဲ့ ပြန်ပိတ်ပြီးတဲ့နောက်မှာတော့ ဒန်ကန် က စိတ်ချရအောင် တူတစ်ချောင်းကို ရှာပြီး သေသေချာချာ သံမှိုတွေ ရိုက်နှက်လိုက်တယ်။

နောက်ဆုံးမှာတော့ သူက အရုပ် ရှိနေတဲ့ "ခေါင်းတလား" ကို သင်္ဘောကုန်းပတ်ရဲ့ အစွန်းဆီကို တွန်းထုတ်လိုက်တယ်။

"ရလာတဲ့ သိမ်းဆည်းရမိတဲ့ပစ္စည်းကို စိတ်ကြိုက် စီမံနိုင်ပါတယ်။ ကပ္ပတိန်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့တော့ ရိုသေလေးစားစွာနဲ့ အကြံပြုချက်တစ်ခု ပေးချင်ပါတယ်။ အဲဒါကတော့ ကပ္ပတိန် ဒီလောက်အထိ သတိကြီးနေဖို့ မလိုဘူးဆိုတာပါပဲ။ အန္တရဟိတ က သူ့ရဲ့ ရတနာသိုက်ထဲကို သိမ်းဆည်းရမိတဲ့ပစ္စည်းတွေနဲ့ မဖြည့်ရတာ တော်တော်လေး ကြာနေပြီမလို့ပါ…"

ဆိတ်ခေါင်းရဲ့ အသံက သူ့စိတ်ထဲမှာ ထွက်ပေါ်လာခဲ့တယ်။

"ပါးစပ်ပိတ်ထား"

ဒန်ကန် က စိတ်အနှောင့်အယှက်ဖြစ်စရာအသံကို ချက်ချင်းပဲ ဖြတ်ပြောပစ်လိုက်ပြီး ခေါင်းတလားကို အားကုန် ကန်ချလိုက်တော့တယ်။

လေးလံလှတဲ့ သေတ္တာကြီးက သင်္ဘောကုန်းပတ်အစွန်းမှာ ခဏလောက် တင်သွားပြီးမှ မူလအတိုင်း ပုံမှန် ပြာလဲ့လဲ့အရောင် ပြန်ဖြစ်နေတဲ့ ပင်လယ်ပြင်ထဲကို တိုက်ရိုက် ပြုတ်ကျသွားပြီး ပြင်းထန်တဲ့ ရေပြင်နဲ့ရိုက်ခတ်သံကြီး ထွက်ပေါ်လာခဲ့တယ်။ စိတ်မအေးနိုင်သေးတာကြောင့် ဒန်ကန် က သေတ္တာကြီး သူ့မျက်စိရှေ့ကနေ လုံးဝ ပျောက်ကွယ်သွားတဲ့အထိ သေချာအောင် စောင့်ကြည့်ပြီးမှပဲ သက်ပြင်းအရှည်ကြီး ချလိုက်နိုင်တော့တယ်။ အဲဒီနောက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တဲ့အခါ မြူထုတွေကလည်း အတော်များများ ကွယ်ပျောက်သွားပြီဆိုတာကို သူ သတိထားမိလိုက်တယ်။ ဒါက အန္တရဟိတဟာ "နာမ်လောက" ထဲကနေ ရုန်းထွက်ပြီး လက်တွေ့လောကထဲကို ပြန်ရောက်လာပြီဆိုတာကို ညွှန်ပြနေတာပဲ ဖြစ်ပါတယ်။

ဒန်ကန် က ရေနွေးငွေ့သင်္ဘောကြီးရဲ့ အရိပ်အယောင်ကို ပတ်ဝန်းကျင်မှာ ချက်ချင်း ရှာဖွေကြည့်လိုက်တယ်။ သူ့ရဲ့ ခန့်မှန်းချက်အရ သင်္ဘောနှစ်စင်း ဆုံခဲ့တာ မကြာသေးတာမလို့ မျက်စိတဆုံး မြင်ကွင်းထဲမှာ ရှိနေသင့်သေးတာပါ။ ဒါပေမဲ့ သူ ဘာကိုမှ ရှာမတွေ့ခဲ့ပါဘူး။ ရေနွေးငွေ့သင်္ဘောရဲ့ မှေးမှိန်တဲ့ ပုံရိပ်ကိုတောင် မမြင်ရတော့ပါဘူး။

"…… ရေနေးငွေ့သင်္ဘောကို မမြင်ရတော့တာကလည်း ထူးဆန်းတဲ့ ဒီပင်လယ်ပြင်ကြောင့်ပဲလား။ ဒါမှမဟုတ် 'နာမ်လောက ရွက်လွှင့်ခြင်း' နဲ့ သက်ဆိုင်နေတာလား"

ဒန်ကန် က စိတ်ထဲကနေ ရေရွတ်နေမိပေမဲ့ မကြာခင်မှာပဲ သူ့ရဲ့ အာရုံက တခြားအရာတစ်ခုဆီကို ရောက်သွားခဲ့ရတယ်။ အရင်က တစ်ခါမှ ကွယ်ပျောက်မသွားဖူးတဲ့ ပင်လယ်ပြင်အထက်က တိမ်တိုက်တွေရဲ့ အနက်ရှိုင်းဆုံးနေရာမှာ လင်းလက်နေတဲ့ အလင်းတန်းတစ်ခုကို သူ မြင်လိုက်ရလို့ပါ။

သူ့ရဲ့ ကမ္ဘာကြီးပေါ်ကနေ ထူထပ်တဲ့ လိုက်ကာကြီးတစ်ခုကို ဖယ်ရှားလိုက်သလိုမျိုး ပင်လယ်ရေမျက်နှာပြင်က အခုတော့ နံနက်ခင်း နေထွက်ချိန်မှာ မြင်တွေ့ရမယ့် ပုံစံမျိုးအတိုင်း တောက်ပနေခဲ့တယ်။ ဒီမြင်ကွင်းက ဒန်ကန်ရဲ့ စိတ်ကို တုန်လှုပ်သွားစေခဲ့တယ်။ "ဒီဘက်ကမ္ဘာ" ရဲ့ တည်ရှိမှုကို သူ သိရှိခဲ့ရကတည်းက သူ့ရဲ့ တိုက်ခန်းထဲမှာပဲ ပိတ်မိနေခဲ့တာမလို့ နေရောင်ခြည်ကို မမြင်ခဲ့ရတာ ကြာပါပြီ။ အခုတော့ သူဟာ နောက်ဆုံးမှာ နေမင်းကြီးကို လက်ကမ်းကြိုဆိုခွင့် ရတော့မှာပါ။

ဒါပေမဲ့ သူ ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။ နံနက်ခင်း နေထွက်ချိန်ရဲ့ နွေးထွေးမှုမျိုး ရောက်မလာခဲ့ဘဲ အဲဒီအစား သူ့ကို နေရာမှာတင် ကြက်သေသေသွားစေတဲ့ လုံးဝန်းတဲ့ ရွှေရောင် အရာကြီးတစ်ခုကိုသာ မြင်လိုက်ရပါတယ်။

အလင်းရောင်က သူ ထင်ထားသလိုမျိုး လုံးဝ စူးရှမနေပါဘူး။ နေမင်းကြီးက ဝါကျင်ကျင် တောက်ပနေတဲ့ အဝိုင်းပုံသဏ္ဌာန် ဖြစ်ပေမဲ့ အဲဒီအဝိုင်းကို ပတ်ပတ်လည် ဝိုင်းရံထားတာကတော့ အကျဉ်းသားတစ်ယောက်ကို တုပ်နှောင်ထားတဲ့ သံခြေချင်းတွေလိုမျိုး ခံစားချက်ကို ပေးစွမ်းနေတဲ့ ရှုပ်ထွေးလှတဲ့ စာလုံးသင်္ကေတ ကွင်းနှစ်ကွင်း ဖြစ်နေတာပါ။

"အဲဒါက ဘာကြီးလဲ"

သူက တိုးညှင်းပြီး အေးစက်စက်နိုင်တဲ့ လေသံနဲ့ ရေရွတ်လိုက်မိတယ်။

"အဲ့ဒါက နေမင်းကြီးလေ။ ကပ္ပတိန်။ သဘာဝအတိုင်းပါပဲ"

ဆိတ်ခေါင်းရဲ့ အသံကတော့ အမြဲတမ်းလိုပဲ တည်ငြိမ်နေဆဲပါ။

All Chapters