← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

အခန်း (၉)

ပြန်လည်ရောက်ရှိခြင်းနှင့် ထပ်မံရောက်ရှိခြင်း

ဒန်ကန်ဟာ ကောင်းကင်ကြီးကို ဘယ်လောက်ကြာကြာ စိုက်ကြည့်နေမိလဲတောင် မသိတော့ပါဘူး။ နောက်ဆုံးမှာတော့ မျက်လုံးတွေ တအားညောင်းညာကိုက်ခဲလာလို့ တိမ်တိုက်တွေဆီ ကနေ အကြည့်ကို လွှဲလိုက်ရတော့တယ်။ ဒါပေမဲ့ မျက်လုံးတွေကို မှိတ်လိုက်ရင်တောင် အဲဒီ "နေမင်းကြီး" ရဲ့ ပုံရိပ်က သူ့မျက်ကြည်လွှာပေါ်မှာ စွဲထင်ကျန်ရစ်နေဆဲပါ။

နေမင်းကြီးက ဒီလိုပုံစံမျိုး မဖြစ်သင့်ဘူးဆိုတာ သိပေမဲ့ အခုချိန်မှာတော့ သူက လက်တွေ့အရှိတရားကို လက်ခံရုံပဲ ရှိပါတော့တယ်။

သူက သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေထက် ပိုပြီး ဝေးကွာလှတဲ့ တိုင်းတပါးနယ်မြေတစ်ခုကို ရောက်နေခဲ့ပါပြီ။

ကပ္ပတိန်အခန်းတံခါးဆီကို အလိုလို နောက်ပြန်လှည့်ကြည့်လိုက် မိရင်း ဒန်ကန် က သူသာ အလိုရှိရင် သူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ တိုက်ခန်းလေးဆီကို ပြန်သွားလို့ရမှန်း သိနေပါတယ်။ ဒါပေမဲ့ အဲဒီဘက်မှာ သူ့အတွက် ဘာမှမရှိဘူးလေ။ ထူထပ်ပြီး မှိုင်းညို့နေတဲ့ မီးခိုးရောင်မြူထုတွေအပြင်၊ ပေသုံးဆယ်ပတ်လည်လောက်ပဲရှိတဲ့ နေရာကျဉ်းလေးထဲမှာ သူက ဘာများလုပ်နိုင်မှာမလို့လဲ။

တကယ်တော့ သူနဲ့ ရင်းနှီးပါတယ်ဆိုတဲ့ "အိမ်" ဆိုတာကလည်း တင်စားပြီးပြောရရင် တခြား အထီးကျန်လှေတစ်စင်းထက် မပိုပါဘူး။

ရှည်လျားလှတဲ့ တိတ်ဆိတ်မှုကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ သူ့ရဲ့ စိတ်မကောင်းဖြစ်နေမှုကို ဖြတ်တောက်လိုက်တဲ့ ဆိတ်ခေါင်းရဲ့ အသံက ထပ်ပေါ်လာပြန်တယ်။

"ကပ္ပတိန်။ ကျွန်တော်တို့ နောက်ထပ် ဘယ်ကို သွားကြမလဲ။ ရွက်လွှင့်ဖို့ စိတ်ကူးထားတဲ့ အစီအစဉ် ရှိလား"

ရွက်လွှင့်မယ့် အစီအစဉ် ဟုတ်လား။ ဒန်ကန် မှာ အဲဒီလိုအရာမျိုး ဘယ်လိုလုပ် ရှိမှာလဲ။ ကမ္ဘာကြီးကို စူးစမ်းလေ့လာဖို့နဲ့ နောက်ထပ်ခရီးစဉ်ကို အတည်ပြုဖို့အတွက် ပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခုကို ချက်ချင်း ဆွဲချင်စိတ်ရှိနေပေမဲ့ မြေပုံပေါ်မှာ လမ်းကြောင်းတစ်ခု ဆွဲဖို့အတွက် သူဟာ ဘာမှ မသိသလို ဗဟုသုတလည်း မရှိပါဘူး။

တကယ်တော့ အန္တရဟိတ ကို မောင်းနှင်တတ်တာတောင် လွန်ခဲ့တဲ့ နာရီပိုင်းကမှပါ။ ဒါပေမဲ့ သူက ခဏလောက် တွေးလိုက်ပြီးမှ ပြန်ဖြေလိုက်တယ်။

"ငါတို့ကို လာတိုက်မိတဲ့ သင်္ဘောက ဘယ်ကလာတာလဲ"

" မြို့ပြနိုင်ငံတွေကို သွားချင်လို့လား။ ကပ္ပတိန်က ဘယ်တစ်ခုကို သွားချင်လို့လဲ"

ဆိတ်ခေါင်းရဲ့ လေသံက အနည်းငယ် အံ့ဩသွားပုံရပြီး အဲဒီနောက်မှာတော့ သူ့ကို တားမြစ်ဖို့ ကြိုးစားပါတော့တယ်။

"ကျွန်တော့်အနေနဲ့တော့ ကပ္ပတိန်ကို အဲဒီမြို့ပြနိုင်ငံတွေက ထိန်းချုပ်ထားတဲ့ ရေပြင်နား မသွားဖို့ အကြံပြုချင်ပါတယ်။ အနည်းဆုံးတော့ အခုလောလောဆယ် မသွားပါနဲ့။ ကပ္ပတိန်က ကြီးမြတ်တဲ့ ကပ္ပတိန်ဒန်ကန် ဖြစ်ပေမဲ့လည်း အန္တရဟိတ ရဲ့ လက်ရှိအခြေအနေက… အရင်ကလောက် မကောင်းတော့ဘူးလေ။ အဲဒီရေပြင်ကို ကင်းလှည့်နေတဲ့ စစ်တပ်တွေက ကပ္ပတိန်ရဲ့ တိုက်ခိုက်မှုကို သေချာပေါက် ခုခံကြလိမ့်မယ်…"

ဒန်ကန် ကတော့ ခဏလောက် ဘာပြန်ပြောရမှန်း မသိဖြစ်သွားရတယ်။ တကယ့် "ကပ္ပတိန်ဒန်ကန်" က ဘာတွေလုပ်ခဲ့လို့ ဒီလောက်တောင် အမုန်းခံနေရတာလဲဆိုတာ သူ သိချင်လှပါပြီ။ ဒါ့အပြင် ဆိတ်ခေါင်းရဲ့ ယဉ်ယဉ်ကျေးကျေး သတိပေးစကားအရ သင်္ဘောကြီးက သူ အစက ထင်ထားသလိုမျိုး ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတာ မဟုတ်မှန်း ဒန်ကန် ရိပ်မိလိုက်တယ်။ ဒီသရဲသင်္ဘောကြီးဟာ ယဉ်ကျေးတဲ့ လူသားလောကရဲ့ ဆိပ်ကမ်းတွေဆီ ပြန်ဖို့ကို ကြောက်ရွံ့နေတာကြောင့်ပဲ ပင်လယ်ပြင်မှာ အကြာကြီး ရွက်လွှင့်နေရတာ ဖြစ်နိုင်ပါတယ်။

ဒန်ကန် နည်းနည်း စိတ်ညစ်သွားခဲ့ရတယ်။ ဒီကမ္ဘာကြီးကို နားလည်ဖို့ နည်းလမ်းတစ်ခုခု ရှာဖွေဖို့ သူ အရေးတကြီး လိုအပ်နေပြီး အပြင်က "ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း" နဲ့ ဆက်သွယ်နိုင်မယ့် နည်းလမ်းကိုလည်း ရှာဖွေဖို့လိုနေတာပါ။ ရေရှည်မှာ သူ့ရဲ့ ရှင်သန်မှုအတွက်ပဲဖြစ်ဖြစ်၊ "အိမ်" ပြန်မယ့်လမ်းကို ရှာဖွေဖို့ပဲဖြစ်ဖြစ် ဒီလို အဆုံးမရှိ လေလွင့်နေတာကို ရပ်တန့်ဖို့ နည်းလမ်းတစ်ခုခု သူ ရှာရပါလိမ့်မယ်။ ပြဿနာကတော့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက သူ့ကို ကြိုဆိုမယ့်ပုံမပေါ်ဘဲ သူ့ရဲ့ တည်ရှိမှုကတင် လူ့အဖွဲ့အစည်းရဲ့ စစ်တပ်က သူ့ကို ချောက်နက်ထဲ နှင်ထုတ်ဖို့အတွက် ရန်လိုလာစေဖို့ လုံလောက်နေတာပါ။

သူ့ရဲ့ ကံကြမ္မာဆိုးကို စိတ်ထဲကနေ သက်ပြင်းချရင်း ဒီအချိန်မှာ အန္တရဟိတ ပေါ်မှာ စာအုပ်တစ်အုပ်လောက်ပဲ ဖြစ်ဖြစ် ရှိနေရင် ကောင်းမှာပဲလို့ တွေးမိတယ်။ သူ့မှာ သတင်းအချက်အလက် လုံးဝ မရှိဘဲဖြစ်နေတာတဲ့အပြင် သတင်းအချက်အလက်ကို ရရှိနိုင်တဲ့ တစ်ခုထဲသော လမ်းကြောင်းကလည်း ဆိတ်ခေါင်း ဖြစ်နေတာလေ။

ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင်တော့… ဒီလောက် ကြီးမြတ်တဲ့ သင်္ဘောကြီးပေါ်မှာ စာအုပ်တစ်အုပ်တောင် မရှိရတာ ဘာဖြစ်လို့လဲ။

ပင်လယ်ပြင်မှာ အကြာကြီး ခရီးနှင်ရတာက စိတ်ဖိစီးစရာ ကောင်းတာမလို့ စာဖတ်တာ ဒါမှမဟုတ် ရုပ်ရှင်ကြည့်တာမျိုးလို စိတ်အပန်းဖြေစရာ နည်းလမ်းတချို့ အမြဲတမ်း ရှိတတ်ကြမှာပဲ။

"ဒန်ကန်အစစ်" က စာမတတ်တဲ့သူတစ်ယောက် ဖြစ်နေလို့များလား။

ဒန်ကန် က စိတ်ထဲမအောင့်နိုင်တော့တာကြောင့် ဒီအတိုင်းပဲ အပြင်ထုတ်မေးလိုက်တယ်။ မထင်မှတ်ဘဲ ဆိတ်ခေါင်းက ချက်ချင်း တုံ့ဆိုင်းမနေဘဲ ပြန်ဖြေတယ်။

"စာအုပ်တွေ ဟုတ်လား။ ပင်လယ်ပြင်မှာ စာဖတ်တာက အန္တရာယ်ရှိတဲ့ အရာပါ။ ပင်လယ်ရေနက်ပိုင်းက အရိပ်တွေနဲ့ အောက်ခြေလောကထဲမှာ ပုန်းအောင်းနေတဲ့ အရိပ်တွေအားလုံးက လူသားတွေရဲ့ စိတ်မှာ ဟာကွက်ပြလာမယ့်အချိန်ကို စောင့်ဆိုင်းနေကြတာပါ။ ဘုရားကျောင်းကလာတဲ့ 'ကျမ်းစာတွေ' ဆိုရင်တော့ ပင်လယ်ထဲ ဖတ်ဖို့အဆင်ပြေပါတယ်။ ဒါပေမဲ့ အဲဒီကျမ်းစာတွေက အရမ်းပျင်းစရာကောင်းလွန်းလို့ သင်္ဘောကုန်းပတ်ကို ဆေးကြောနေတာကမှ ပိုကောင်းဦးမယ်… ဒါပေမဲ့ ကပ္ပတိန်က ဘုရားကျောင်းက ပစ္စည်းတွေကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့တာမျိုးမရှိဘူး မဟုတ်လား"

ဒန်ကန်ဟာ ဒီစကားကြောင့် မျက်ခုံးပင့်သွားခဲ့ရတယ်။

ပင်လယ်ပြင်မှာ စာဖတ်တာက ဘယ်လိုလုပ် အသက်အန္တရာယ် ရှိနိုင်ရတာလဲ။ ဘုရားကျောင်းကလာတဲ့ ကျမ်းစာတွေပဲ ဖတ်ဖို့ အဆင်ပြေတယ် ဟုတ်လား။ အဆုံးမဲ့ ဒီပင်လယ်ပြင်ကြီးမှာ ဘယ်လိုမျိုး ထူးဆန်းတဲ့ ရောဂါဆိုးကြီး ရှိနေတာလဲ။

ဒီကမ္ဘာကြီးအကြောင်း ဗဟုသုတတချို့ သူ ထပ်ရလာပေမဲ့ တစ်ချိန်ထဲမှာပဲ ဒီကမ္ဘာကြီးရဲ့ တည်ဆောက်ပုံနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ပိုများလာခဲ့တယ်။ ထပ်မေးချင်တဲ့ စိတ်ကို ထိန်းချုပ်လိုက်ပြီး သူက သင်္ဘောနံဘေးကို သွားကာ အဝေးမှာရှိတဲ့ မိုးကုတ်စက်ဝိုင်းဆီကို စိုက်ကြည့်နေမိတယ်။

လှိုင်းထနေတဲ့ ရေမျက်နှာပြင်ပေါ်ကို ဖြာကျနေတဲ့ နေမင်းကြီးရဲ့ ခြောက်ခြားစရာ ပုံစံကို ထည့်မတွက်ဘူးဆိုရင်တော့ ဒီလို တောက်ပနေတဲ့ ပင်လယ်ပြင်ကြီးက တကယ့်ကို လှပတယ်လို့ ပြောရမှာပါပဲ။

"မင်းရဲ့ အကြံဉာဏ်ကို နားထောင်ချင်တယ်"

ဒန်ကန် က ဆိတ်ခေါင်းကို သတိကြီးကြီးထားပြီး ပြောလိုက်တယ်။

" ဒီလို ရည်ရွယ်ချက်မရှိဘဲ လေလွင့်နေရတဲ့ ခရီးစဉ်ကို ငါ နည်းနည်း ငြီးငွေ့လာပြီ။ ဒါကြောင့် ဖြစ်နိုင်ရင်…"

သူ့စကား မဆုံးသေးခင်မှာပဲ သူ့ရဲ့ စိတ်အောက်ခြေကနေ ထူးဆန်းတဲ့ "ခံစားချက်" တစ်ခု ရုတ်တရက် တက်လာခဲ့တယ်။ ဒီခံစားချက်က သူနဲ့ "အန္တရဟိတ" ကြားက ချိတ်ဆက်မှုကနေ လာတာပါ။ တစ်ခုခုက သင်္ဘောကို ရုတ်တရက် လာထိမိသလို ခံစားလိုက်ရပြီးတဲ့နောက် သင်္ဘောပဲ့ပိုင်းဆီကနေ "ဒုန်း" ဆိုတဲ့ အသံကြီးကို သူ ကြားလိုက်ရတော့တယ်။

ဒန်ကန် က မျက်မှောင်ကြုတ်လိုက်ပြီး သူ့ခါးမှာရှိတဲ့ မီးကျောက် သေနတ်နဲ့ ပင်လယ်ဓားပြဓါးရှည်ကို ဆွဲထုတ်လိုက်တယ်။ သူဟာ အချိန်ဆွဲမနေဘဲ လှမ်းမြင်နေရတဲ့ ကုန်းပတ်ပေါ်က ပစ္စည်းဆီကို အမြန်ပြေးသွားကြည့်လိုက်တယ်။ အဲဒီပစ္စည်းကတော့ ထူးဆန်းတဲ့ အရုပ်လေးကို ထည့်ထားတဲ့ အလှဆင်ထားတဲ့ သစ်သားခေါင်းတလားကြီးပါ။

ဒန်ကန် ရဲ့ ခေါင်းထဲမှာ ခြောက်ခြားစရာ ခံစားချက်ကြီးတစ်ခု တိုးဝင်လာခဲ့တယ်။ သေတ္တာကြီးက ပင်လယ်ရေထဲမှာ မျောပါလာတာမလို့ စိုစွတ်နေတုန်းပါပဲ။ ဒါပေမဲ့ အဖုံးကို သေသေချာချာ ပိတ်ထားဖို့ သူရိုက်ခဲ့တဲ့ သံမှိုတွေအားလုံးက ကွာကျနေခဲ့တာလေ။

မိနစ်အနည်းငယ်လောက် သတိကြီးကြီးနဲ့ စောင့်ကြည့်ပြီးတဲ့ နောက်မှာတော့ ဒန်ကန် က နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်တယ်။ လက်တစ်ဖက်မှာ သေနတ်၊ နောက်လက်တစ်ဖက်မှာ ဓားကို ကိုင်ထားရင်း ဓားဖျားကို သုံးပြီး ဟနေတဲ့ အဖုံးကို အားနဲ့ တွန်းဖယ်လိုက်တော့တယ်။

ကျွီခနဲ အသံနဲ့အတူ ထူးခြားဆန်းပြားတဲ့ အရုပ်လေးက မြင်ကွင်းထဲ ပေါ်လာခဲ့တယ်။ အရုပ်လေးက အရင်အတိုင်းပဲ အသက်မဲ့ပြီး လှပနေဆဲပါ။

ဒန်ကန် က အရုပ်လေးကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်ပြီးတဲ့နောက် (သူ့ဘာသာတော့ အမိန့်ပေးတဲ့ လေသံလို့ ထင်ရတဲ့) တည်ငြိမ်ပြီး လေးနက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။

"မင်း အသက်ရှင်နေတယ်ဆိုရင် ထပြီး ငါ့ကို စကားပြောစမ်း"

နှစ်ကြိမ်ဆက်တိုက် ပြောလိုက်ပေမဲ့ အရုပ်က ဘာမှ မလှုပ်ရှားပါဘူး။

ဒန်ကန် က မျက်မှောင်ကို အပြင်းအထန် ကြုတ်လိုက်ပြီး နောက်ဆုံးမှာတော့ လေသံကို လျှော့လိုက်တယ်။

"ကောင်းပြီလေ။ ဒါဆိုရင်တော့ မင်းကို ပင်လယ်ထဲ ပြန်ပစ်ချဖို့ပဲ ရှိတော့တာပေါ့"

ဒီလိုပြောပြီးတာနဲ့ သူဟာ ချက်ချင်းပဲ အဖုံးကို ပြန်ပိတ်လိုက်ပြီး အရင်ကထက် ပိုပြီး အားစိုက်ကာ သံမှိုတွေ အများကြီး သုံးပြီး ခေါင်းတလားကို သံရိုက်ပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ ပိုပြီး စိတ်ချရအောင် ဒေါင့်တစ်နေရာမှာ တွေ့တဲ့ သံကြိုးတချို့ကိုပါ ယူပြီး သေသေချာချာ ပတ်ချည်လိုက်သေးတယ်။

သေသေချာချာ ပိတ်ပြီးသွားတာကို အတည်ပြုပြီးတဲ့နောက် ဒန်ကန်က ကျေနပ်အားရစွာနဲ့ လက်ကို ခါလိုက်ပြီး သေတ္တာကို ပတ်ပတ်လည် လမ်းလျှောက်ကြည့်လိုက်တယ်။

"ဒီတစ်ကြိမ်လည်း မင်း ဘယ်လို ထွက်လာမလဲဆိုတာ ကြည့်ချင်သေးတယ်"

သူဟာ တုံ့ဆိုင်းမနေဘဲ သေတ္တာကို ပင်လယ်ထဲ ထပ်ပြီး ကန်ချလိုက်ပါတော့တယ်။

သေတ္တာကြီး မျောပါသွားတာကို ကြည့်ရင်း သူ စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်မိတယ်။ တစ်မိနစ်လောက် စောင့်ကြည့်ပြီးတဲ့နောက် လှည့်ထွက်ခါနီးမှာပဲ သူ့ခေါင်းကို ချက်ချင်း ပြန်လှည့်လိုက်မိပြန်တယ်။

"သူ့ကို အမြောက်ဆန်တစ်ခုခုနဲ့ တွဲချည်ပြီး ပစ်ချလိုက်ရမှာ …"

အဲ့လိုရေရွတ်လိုက်ပြီး ဒီတစ်ကြိမ်မှာတော့ ဒန်ကန်ဟာ တကယ်ပဲ လှည့်ထွက်ခဲ့ပါတယ်။

"ကပ္ပတိန်က အဲဒီမိန်းမပျိုလေးအပေါ် နည်းနည်းတော့ ရက်စက်လွန်းတယ်"

ဆိတ်ခေါင်းရဲ့ အသံက သူ့စိတ်ထဲမှာ ထွက်ပေါ်လာတယ်။

"ပါးစပ်ပိတ်ထားစမ်း။ ကျိန်စာသင့်နေတဲ့ အရုပ်ကို မင်းက ဘယ်လိုဖြစ်ပြီး 'မိန်းမပျို' လို့ ခေါ်နိုင်ရတာလဲ"

"သူက ကျိန်စာသင့်နေတဲ့ အရုပ်နဲ့ တူတာတော့ မှန်ပါတယ်… ဒါပေမဲ့ ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးမှာ ဘယ်ကျိန်စာကများ အန္တရဟိတ နဲ့ ကြီးမြတ်တဲ့ ကပ္ပတိန်ဒန်ကန်ကို ယှဉ်နိုင်မှာမလို့လဲ။ ကပ္ပတိန်။ တကယ်တော့ အဲဒီမိန်းမပျိုက တော်တော်လေး နူးညံ့ပြီး အန္တရာယ်မရှိတဲ့အရာပါ…"

ဒန်ကန် ကတော့ ဘာမှ ပြန်မပြောတော့ပါဘူး။

ဒီဆိတ်ခေါင်းဟာ အန္တရဟိတ နဲ့ ကပ္ပတိန်ဒန်ကန်ရဲ့ ကျိန်စာနဲ့ နာမည်ဆိုးအကြောင်း ပြောလိုက်တိုင်း ဘာဖြစ်လို့ ဒီလောက်တောင် ဂုဏ်ယူဝင့်ကြွားနေတဲ့ပုံစံဖြစ်ဖြစ်သွားရတာလဲ။

ဒန်ကန် စိတ်မကြည်မလင် ဖြစ်နေတာကို ရိပ်မိပုံရတာကြောင့် ဆိတ်ခေါင်းက ချက်ချင်းပဲ စကားလမ်းကြောင်းကို ပြောင်းလိုက်တယ်။

"ကပ္ပတိန်။ ခင်ဗျား စောစောက ကျွန်တော့်ရဲ့ အကြံဉာဏ်ကို နားထောင်ချင်တယ်လို့ ပြောခဲ့တယ်နော်။ အဲဒါက ဘာကိုဆိုလို…"

"နောက်မှပဲ အဲဒီအကြောင်း ပြောကြစို့။ ငါ ခဏလောက် နားဖို့ လိုနေပြီ။ စောစောက အန္တရဟိတ ကို နာမ်လောကထဲမှာ မောင်းနှင်ခဲ့ရလို့ အားအင်တွေ ကုန်ခမ်းနေပြီကွ။ ဒါကြောင့် မင်း ငြိမ်ငြိမ်နေပေးပါ"

"ဟုတ်ကဲ့ပါ။ ကပ္ပတိန်"

ဒန်ကန် က ကပ္ပတိန်အခန်းထဲကို ပြန်ဝင်လာပြီး မြေပုံတွေ ရှိနေဆဲဖြစ်တဲ့ စားပွဲခုံရှေ့မှာ ထိုင်လိုက်တယ်။

နောက်တစ်စက္ကန့်အကြာမှာပဲ သူ့ရဲ့ အကြည့်တွေက ရုတ်တရက် ကြက်သေသေသွားခဲ့ရတော့တယ်။

မြေပုံမှာ သိမ်မွေ့တဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေတာပါ။ အစက မြေပုံတစ်ပြင်လုံးကို ဖုံးလွှမ်းထားပြီး အမြဲတမ်း လှုပ်ရှားနေသလို ဖြစ်နေတဲ့ မီးခိုးဖြူရောင် အကွက်တွေက အခုတော့ နည်းနည်း ကွယ်ပျောက်သွားပုံရပြီး အန္တရဟိတ ရဲ့ ပတ်ပတ်လည်က ပင်လယ်ပြင် မြင်ကွင်းက ပိုပြီး ရှင်းလင်းလာခဲ့ပါပြီ။

ဒီမြေပုံက အန္တရဟိတ ရွက်လွှင့်နေတဲ့အချိန်မှာ ပတ်ဝန်းကျင် ရေပြင်ရဲ့ သတင်းအချက်အလက်တွေကို တိုက်ရိုက် Update လုပ်ပေးနေတာများလား။

ဒီပြောင်းလဲမှုက ဒန်ကန်ရဲ့ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားစေခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ အာရုံစိုက်မှုက မကြာခင်မှာပဲ နှောင့်ယှက်ခြင်း ခံလိုက်ရပြန်တယ်။

သူ့ရဲ့ စိတ်အောက်ခြေကနေ အန္တရဟိတဟာ "ပြင်ပအရာတစ်ခုခုနဲ့ ထိမိတယ်" ဆိုတဲ့ အချက်ပြမှုကို ထပ်ပြီး ပေးပို့လာခဲ့ပြီး၊ အဲဒီနောက်မှာတော့ ကုန်းပတ်ပေါ်ကနေ ကျယ်လောင်လှတဲ့ "ဒုန်း" ဆိုတဲ့ အသံကြီးကို သူ့ရဲ့ နားထဲမှာ ထပ်ပြီး ကြားလိုက်ရပါတော့တယ်။

All Chapters