← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း (၁၀)

မတင့်တယ်တော့ပေ

"ခေါင်းတလား" ကြီးက ပြန်ရောက်လာပြန်ပါပြီ။

အန္တရဟိတ ရဲ့ သင်္ဘောပဲ့ပိုင်းမှာ ဒန်ကန် က သူ့ရှေ့တင် ငြိမ်သက်စွာ လဲလျောင်းနေတဲ့ အလှဆင်ထားတဲ့ သစ်သားသေတ္တာကြီးကို ဘာခံစားချက်မှမရှိတဲ့ မျက်နှာပေးနဲ့ စိုက်ကြည့်နေမိတယ်။ သူ့ခြေထောက်နားအထိ စီးကျနေတဲ့ ရေစက်ရေပေါက်တွေက ဒါဟာ အိပ်မက်မဟုတ်ဘူးဆိုတာကို ပြသနေပါတယ်။ သူ တကယ်ပဲ ဒီအရာကြီးကို ပင်လယ်ထဲ ပစ်ချခဲ့တာ မကြာသေးပါဘူး။

အခုလို ထူးဆန်းတဲ့ အခြေအနေမျိုးက ဘယ်သူ့ကိုမဆို ကြက်သီးထတုန်စေဖို့ လုံလောက်ပေမဲ့ ဒန်ကန်ရဲ့ လက်ရှိစိတ်ခံစားချက်က သူ ထင်ထားတာထက် ပိုပြီး တည်ငြိမ်နေခဲ့တယ်။

ဒီလိုဖြစ်ရတာက ခြောက်ခြားစရာ သရဲသင်္ဘောကြီးပေါ် ရောက်နေလို့ပဲလား၊ ဒါမှမဟုတ် မကြာသေးခင်ကမှ နာမ်လောကထဲကို ရောက်သွားတဲ့ ထိတ်လန့်စရာခရီးစဉ်နဲ့ ရေနွေးငွေ့သင်္ဘောနဲ့ တိုက်မိတာတွေကို ကြုံတွေ့ခဲ့ရလို့ပဲလား၊ ဒါမှမဟုတ် မကောင်းဆိုးဝါးပုံစံ ဆိတ်ခေါင်းနဲ့ ရက်အနည်းငယ်ကြာ နေထိုင်ခဲ့လို့ပဲလားတော့ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒန်ကန် ကတော့ ဒီကမ္ဘာရဲ့ ထူးဆန်းတဲ့ သဘာဝလွန်ဖြစ်ရပ်တွေအပေါ် တော်တော်လေး အသားကျနေပြီလို့ ပြောရမှာပါပဲ။

တကယ်တော့ ပြီးခဲ့တဲ့အကြိမ် ဒီ "ကျိန်စာသင့်အရုပ်" ကို ပင်လယ်ထဲ ပစ်ချကတည်းက ကိစ္စတွေက ဒီလောက်နဲ့တင် လွယ်လွယ်ကူကူ ပြီးဆုံးသွားမှာမဟုတ်ဘူးလို့ သူ စိတ်ထဲကနေ ခန့်မှန်းထားပြီးသားပါ။

သူ ခေါင်းငုံ့ကြည့်လိုက်တဲ့အခါ ထင်ထားတဲ့အတိုင်းပဲ သံမှိုတွေနဲ့ သံကြိုးတွေ လုံးဝ ပျောက်ကွယ်နေတာကို သတိပြုမိတယ်။ သူဟာ ဓားဖျားကို သုံးကာ အဖုံးကို ထပ်ပြီး တွန်းဖွင့်လိုက်တယ်။

လှပလှတဲ့ အရုပ်လေးက အနီရောင် ကတ္တီပါသားပေါ်မှာ လက်ကလေးနှစ်ဖက်ကို ပိုက်ပြီး အေးချမ်းတင့်တယ်စွာနဲ့ ငြိမ်သက်နေဆဲပါ။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အရုပ်ရဲ့ ဂါဝန်အစွန်းတွေမှာ ပင်လယ်ရေကြောင့် စိုစွတ်နေတဲ့ အမှတ်အသားတွေ ရှိနေပြီး ခေါင်းတလားထဲကနေ ပင်လယ်ရဲ့ ညှီစို့စို့အနံ့ လတ်လတ်ဆတ်ဆတ် ထွက်နေတာကို ဒန်ကန် အထင်အရှား သတိပြုမိလိုက်တယ်။

အခုအချိန်အထိတော့ ထူးဆန်းတဲ့ ဒီအရုပ်က အသွားအပြန် လုပ်နေတာကလွဲလို့ တခြား လွန်လွန်ကဲကဲ အန္တရာယ်ရှိတဲ့ အပြုအမူမျိုး မပြသေးပါဘူး။ ဒါပေမဲ့ ဒီလို "ထွက်သွားလိုက်၊ ပြန်လာလိုက်" လုပ်နေတာတင်ပဲ ဒီအရုပ်ကို "ကျိန်စာသင့်ပစ္စည်း" လို့ သတ်မှတ်ဖို့ လုံလောက်နေပါပြီ။

ဒန်ကန် က အရုပ်ကို အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ ရုတ်တရက် ခပ်ပြုံးပြုံးနဲ့ ပြောလိုက်တယ်။

"ငါ့ရဲ့ စူးစမ်းချင်စိတ်ကို ဖြည့်ဆည်းကြည့်ချင်လာပြီ…"

စကားဆုံးတာနဲ့ သူက လှည့်ထွက်ပြီး မလှမ်းမကမ်းမှာရှိတဲ့ အခန်းဝင်ပေါက်ဆီကို လျှောက်သွားကာ အရုပ်ကို ကုန်းပတ်ပေါ်မှာ တစ်ယောက်ထဲ ထားပစ်ခဲ့တော့တယ်။

အရုပ်ကို သတိထားနေပြီး သူ့ဘေးမှာ မထားချင်တာ မှန်ပေမဲ့လည်း ဒီသင်္ဘောပေါ်မှာ ရှိနေတဲ့ "သက်ရှိတွေ" က ဘာပဲဖြစ်လာဖြစ်လာ ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်လိမ့်မယ်လို့ ဒန်ကန်မှာ ယုံကြည်ချက် ရှိနေပါတယ်။

ပြီးတော့ သူ့မှာလုပ်စရာ "ပြင်ဆင်မှု" တချို့လည်း ရှိနေသေးတယ်လေ။

ဒန်ကန် က ကုန်းပတ်အနောက်ပိုင်းကို ဖြတ်ကျော်ပြီး အောက်ထပ်ကို ဆင်းမယ့် သစ်သားတံခါးကို ဖွင့်ကာ ဘယ်လောက်တောင် သက်တမ်းရင့်နေပြီလဲ မသိတဲ့ သစ်သားလှေကားထစ်တွေအတိုင်း ဆင်းလာခဲ့တယ်။ အဲ့ဒီနောက်မှာတော့ အမြောက်တွေ၊ ယမ်းပုံးတွေနဲ့ သံအမြောက်ကျည်ဆန်တွေ ထားရှိရာ ကုန်းပတ်အောက်က အခန်းဆီကို ရောက်လာခဲ့တယ်။

တစ်ချက်ကြည့်လိုက်တာနဲ့ ဟောင်းနွမ်းနေမှန်း သိသာတဲ့ အရာဝတ္ထုတွေကို ဝေ့ဝဲကြည့်လိုက်ပြီး သူ့ခေါင်းထဲမှာ အတွေးတစ်ခု ရုတ်တရက် ဝင်လာခဲ့တယ်။

ဒီအမြောက်တွေကကော သူ အလိုရှိရင် သူ့ဘာသာ ကျည်ပြန်ဖြည့်ပြီး ပစ်ခတ်နိုင်တာမျိုးလား။

သင်္ဘောပေါ်က ရေချိုကန်တွေကကော သူ့ဘာသာသူ ရေ ပြန်ပြည့်လာတာမျိုးလား။

တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေရာတွေကကော သူ့ဘာသာသူ ပြန်လည်ပြုပြင်မှာလား။ ဒါမှမဟုတ်… ဒီသင်္ဘောမှာ "ပျက်စီးခြင်း" ဆိုတဲ့ သဘောတရားကော ရှိရဲ့လား။

မေးခွန်းတွေက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပေမဲ့ ဘယ်တစ်ခုကိုမှတော့ အဖြေမထုတ်နိုင်ခဲ့ပါဘူး။

ဒန်ကန် က သူ့အနေနဲ့ ဒီသင်္ဘောအကြောင်း သိတာ အရမ်းနည်းလွန်းသေးမှန်း သေသေချာချာ သိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အတိုင်းအတာတစ်ခုအထိ စူးစမ်းခဲ့ပေမဲ့ အပေါ်ယံ တည်ဆောက်ပုံလောက်ကိုပဲ ယေဘုယျ နားလည်ထားတာပါ။ ပိုပြီး နက်ရှိုင်းတဲ့ နေရာတွေကတော့ သူ ရရှိထားတဲ့ အချိန်အနည်းငယ်လေးနဲ့ သွားရောက်စူးစမ်းဖို့အတွက် အရမ်းကို ခြောက်ခြားစရာကောင်းပြီး အန္တရာယ်များလွန်းလှပါတယ်။

ဒါပေမဲ့ အခုတော့ ဖြစ်နိုင်ချေတွေက သူ့ရဲ့ စူးစမ်းချင်စိတ်နဲ့ သိလိုစိတ်ကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့ပါပြီ။

ဒါက သူ့ရဲ့ သင်္ဘောပဲလေ။ သူက အန္တရဟိတ အကြောင်းကို သိပိုင်ခွင့် ရှိတာပေ့ါ။

ဒီလိုခံစားချက်ရလာတာက သူဟာ သင်္ဘောမောင်းနှင်တဲ့ ပဲ့ကို ထိန်းချုပ်လိုက်နိုင်တာကြောင့် ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတစ်ခုလို့ ပြောလို့ရနိုင်ပေမဲ့ သူ ကိုယ်တိုင်လည်း သေချာတော့ မသိပါဘူး။ သူက ခေါင်းကို ခါယမ်းလိုက်ပြီး စူးစမ်းလေ့လာမယ့် အတွေးကို နောက်မှလုပ်ဖို့ ဘေးဖယ်ထားကာ သူ့ရဲ့ မူလအစီအစဉ်အတိုင်းပဲ ပြန်လုပ်လိုက်တယ်။

သံအမြောက်ဆံ အနည်းငယ်ကို သယ်ဆောင်ပြီး ဒန်ကန် က ကုန်းပတ်အနောက်ပိုင်းကို ပြန်ရောက်လာပါတယ်။ ပြီးတော့ ထူးဆန်းတဲ့ မျက်နှာပေးနဲ့ မေးလိုက်တယ်။

"ဒီအရုပ်မ လှုပ်ရှားသွားသေးလား"

"လုံးဝမလှုတ်ရှားပါဘူး"

ဆိတ်ခေါင်းရဲ့ အသံက အကြာကြီး ပါးစပ်ပိတ်ခံထားရတဲ့ လူတစ်ယောက်ရဲ့ အသံမျိုးနဲ့ ချက်ချင်းပဲ ထွက်ပေါ်လာတယ်။

"ဒီမိန်းမပျိုက မြင်နေရတဲ့အတိုင်းပဲ ငြိမ်သက်လှပါတယ်။ ကပ္ပတိန်အနေနဲ့ သူက ဘာမှ အန္တရာယ်မရှိဘူးဆိုတဲ့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်သင့်ပါတယ်။ သူက သင်္ဘောပေါ်ကို ခဏခဏ ပြန်ရောက်လာတာကို ကြည့်ရင် သူနဲ့ အန္တရဟိတ ကြားမှာ ဆက်နွယ်မှုတစ်ခုခု ရှိနေတာကို ညွှန်ပြနေတာ ဖြစ်နိုင်ပါတယ်။ ကြီးမြတ်တဲ့ ဥယျာဉ်မှူးတစ်ယောက် ပြောဖူးတာကတော့…"

"ပါးစပ်ပိတ်ထား"

"ဟုတ်ကဲ့"

စိတ်ထဲကနေ ဒေါသထွက်စရာ စိတ်အနှောင့်အယှက်ဖြစ်မှုကို လျစ်လျူရှုရင်း ဒန်ကန် က ခေါင်းတလားထဲက အရုပ်ကို ဘာခံစားချက်မှမရှိဘဲ စိုက်ကြည့်နေမိတယ်။

ဒီအရုပ်မက တကယ်ပဲ မလှုပ်ရှားနိုင်တာလား။ ဒါမှမဟုတ် အိပ်ချင်ယောင်ဆောင်နေတာလား မသိပေမဲ့ ဘာပဲဖြစ်ဖြစ် ငါကတော့ သိအောင် လုပ်ရမှာပဲ။

သံအမြောက်ဆံဆိုတာက တော်တော်လေး လေးလံတာမလို့ သင်္ဘောပေါ်မှာ သစ္စာဖောက်တွေကို အပြစ်ပေးတဲ့အခါ ခြေထောက်မှာ အမြောက်ဆံတစ်လုံးနဲ့ ချည်ပြီး ပစ်ချလိုက်တာမျိုးက ဝါရင့်သင်္ဘောသားတစ်ယောက်ကို ငါးစာကျွေးဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။

ဒီလိုလုပ်ဖို့အတွက် ဒန်ကန်ဟာ အောက်ထပ်ကို နောက်ထပ်တစ်ခေါက် ပြန်ဆင်းပြီး အမြောက်ဆံကို လေးလုံးစီ နှစ်ခေါက် ယူလာခဲ့တာမလို့ စုစုပေါင်း ရှစ်လုံး ဖြစ်သွားပါတယ်။

အမြောက်ဆံ ရှစ်လုံးဆိုတာကတော့ တင့်တင့်တယ်တယ် အိပ်ပျော်နေတဲ့ အရုပ်မလေးရဲ့ ဘေးပတ်ပတ်လည်မှာရှိတဲ့ သစ်သားသေတ္တာထဲက ကျန်တဲ့နေရာလွတ်တွေကို ဖြည့်ဆည်းဖို့ လုံလောက်တာထက်ကို ပိုပါတယ်။ အင်း… အခုချိန်မှာတော့ တင့်တယ်တယ်လို့ ပြောဖို့ထက် ခြောက်ခြားစရာကောင်းတယ်လို့ ပြောတာက ပိုမှန်လိမ့်မယ်။

ဒန်ကန်ဟာ အားစိုက်ပြီး အဖုံးကို ပြန်ပိတ်လိုက်ကာ သစ်သားခေါင်းတလားကို သင်္ဘောကုန်းပတ်အစွန်းဆီ တွန်းထုတ်လိုက်တယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ အားကိုအကုန်သုံးပြီး ကန်ချက်တစ်ခုနဲ့အတူ သေတ္တာကို ပင်လယ်ထဲ တတိယအကြိမ်အဖြစ် တိုက်ရိုက် ကန်ချလိုက်ပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ ပင်လယ်ရေနက်ပိုင်းထဲကို နစ်မြုပ်သွားတာကို သူ့မျက်စိနဲ့တပ်အပ် သေချာအောင် စောင့်ကြည့်လိုက်တယ်။

အဲဒီနောက် ဆိတ်ခေါင်းရဲ့ အသံက သူ့စိတ်ထဲမှာ ထွက်ပေါ်လာပြန်တယ်။

"ကပ္ပတိန်။ ခင်ဗျား နောင်တရနေပြီလား။ တကယ်လို့ ရလိုက်တဲ့ ပစ္စည်းကို ပြန်စွန့်ပစ်မိလို့ နောင်တရတာဆိုရင် အန္တရဟိတ ရဲ့ ကျောက်ဆူးကို သုံးပြီး သေတ္တာကို ပြန်ဆယ်လို့ ရပါသေးတယ်။ ကျောက်ဆူးဆိုတာက သေတ္တာကိုပြန်ဆယ်ဖို့အတွက် သုံးရမှာ မဟုတ်ပေမဲ့ ကျောက်ဆူးကတော့ သူ ကြိုးစားကြည့်နိုင်တယ်လို့ ပြောနေပါတယ်…"

"ပါးစပ်ပိတ်ထား"

"ဒါပေမဲ့ ကပ္ပတိန် သင်္ဘောကုန်းပတ်အစွန်းမှာ ရပ်နေတာ တော်တော်ကြာနေပြီဆိုတာကို ကျွန်တော် မြင်နေရတယ်လေ…"

"ပါးစပ်ပိတ်ထားစမ်း"

"ဟုတ်ကဲ့"

ဒန်ကန် သက်ပြင်းအရှည်ကြီး ချလိုက်မိတယ်။ စောစောက အားကုန်ကန်လိုက်တဲ့ ကန်ချက်ကြောင့် သူ့ရဲ့ ခြေမက တအားနာကျင်နေတာကိုတော့ မြှောက်ပင့်တတ်တဲ့ ဒီဆိတ်ခေါင်းကို သူ လုံးဝပြောပြလို့မဖြစ်ဘူးလေ။

ဒါကြောင့် ဖိနပ်ထဲက နာကျင်မှုကို အောင့်ထားရင်းနဲ့ပဲ မိနစ်အတော်ကြာတဲ့အထိ ပင်လယ်ပြင်ကို စောင့်ကြည့်နေတဲ့ ကပ္ပတိန်တစ်ယောက်ရဲ့ တည်ငြိမ်ပြီး ခန့်ညားတဲ့ ပုံစံကို ဆက်ထိန်းထားလိုက်ရတယ်။ ဒန်ကန် က တကယ့် ကပ္ပတိန်အစစ်နဲ့ တူသလား၊ မတူဘူးလားဆိုတာကတော့ တစ်ပိုင်းပေါ့။ ဒါပေမဲ့ ဘယ်သူမှတော့ သူ့ကို လာပြီး လှောင်ပြောင်ရဲမှာမဟုတ်တာတော့ သေချာပါတယ်။

သူ့အခန်းထဲကို ပြန်ဝင်ပြီး မိနစ်အနည်းငယ်လောက် ငြိမ်ငြိမ်လေး စောင့်ဆိုင်းပြီးတဲ့နောက် အချိန်တန်လောက်ပြီလို့ ခန့်မှန်းပြီး ပြတင်းပေါက်တွေရှိတဲ့ နေရာဆီကို လျှောက်သွားလိုက်တယ်။ ဒီနေရာက သင်္ဘောပဲ့ပိုင်းရဲ့ အောက်ဘက်မှာ ရှိတာမလို့ ပြတင်းပေါက်ကနေတစ်ဆင့် သူ သိချင်တဲ့အရာကို လှမ်းမြင်နိုင်လောက်မှာပါ။

"ကပ္ပတိန်။ ခင်ဗျား ဘာလုပ်နေတာလဲ…"

အခုလို ထူးဆန်းတဲ့ အပြုအမူကို မြင်လိုက်ရပြီးတဲ့နောက် ဆိတ်ခေါင်းက မမေးဘဲ မနေနိုင်ဖြစ်သွားရတယ်။

ဒန်ကန် က ပင်လယ်ရေမျက်နှာပြင်ကို စိုက်ကြည့်ရင်း ခေါင်းမဖော်ဘဲ ပြန်ဖြေလိုက်တယ်။

"အဲဒီ 'ကျိန်စာသင့်အရုပ်' က ဘယ်လိုနည်းနဲ့ ခဏခဏ ပြန်ရောက်လာတာလဲဆိုတာ ငါ စဉ်းစားနေတာ"

"အင်း… သူက ကျိန်စာသင့်အရုပ် ဖြစ်နေလို့ ပြန်ပြန်ရောက်လာတာပေါ့။ မဟုတ်ဘူးလား"

"…… မင်းရဲ့ ရိုးရှင်းလွန်းတဲ့ အတွေးအခေါ်ကိုတော့ ချီးကျူးပါတယ်။ ဒါပေမဲ့ သူက ကျိန်စာသင့်အရုပ် ဖြစ်နေရင်တောင် သင်္ဘောပေါ်ကို ပြန်ရောက်လာဖို့အတွက် လုပ်ငန်းစဉ်တစ်ခုခုတော့ ရှိရမယ်လို့ ငါ ထင်တယ်။ သူက ဆက်သွယ်ပြောဆိုနိုင်စွမ်း ရှိပေမဲ့ ပြောဖို့ ငြင်းဆန်နေတာလို့ ငါ သံသယရှိတယ်။ တကယ်လို့ ငါက သူဘာလို့ စကားပြောဖို့ငြင်းဆန်နေရတာလဲဆိုတာရဲ့ အကြောင်းပြချက်ကို သိနိုင်ရင် အခုလို သရုပ်ဆောင်နေတာကို ရပ်တန့်ခိုင်းပြီး စကားတချို့ မေးမြန်းနိုင်မှာပဲလေ"

ဒန်ကန် ရဲ့ ရှင်းပြချက်ကို ကြားပြီးတဲ့နောက် ဆိတ်ခေါင်းက စဉ်းစားနေသလိုမျိုး စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့တယ်။

"ကပ္ပတိန်။ ခင်ဗျားရဲ့ အင်းအင်တွေက… ပိုပြီး တက်ကြွလာသလိုပဲ။ ဒီလိုတက်ကြွတာက ကောင်းပါတယ်။ အိပ်စက်ခြင်းကနေ ကပ္ပတိန် နိုးထလာကတည်းက စိတ်ခံစားချက် သိပ်မကောင်းခဲ့ဘူးလေ။ ကပ္ပတိန်ရဲ့ သစ္စာရှိလှတဲ့ ဒုကပ္ပတိန်အနေနဲ့ရော၊ လမ်းကြောင်းတာဝန်အနေနဲ့ပါ…"

"ပါးစပ်ပိတ်ထား"

"ဟုတ်ကဲ့"

ဆိတ်ခေါင်း ငြိမ်သွားပြီးတဲ့နောက် ဒန်ကန် က ပင်လယ်ရေမျက်နှာပြင်ဆီကိုပဲ အာရုံပြန်စိုက်လိုက်တယ်။

"ခေါင်းတလား" ကြီးက တကယ်ပဲ ပင်လယ်ရေနက်ပိုင်းထဲကို နစ်မြုပ်သွားပုံရပါတယ်…

ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ကြိမ်ရဲ့ အတွေ့အကြုံကြောင့် ဒန်ကန် က ဒီတစ်ကြိမ်မှာတော့ ပိုပြီး စိတ်ရှည်ရှည်ထားလိုက်တယ်။ စိတ်ထဲကနေ အချိန်ကို တွက်ချက်ရင်း ငြိမ်ငြိမ်လေး စောင့်ကြည့်နေမိတယ်။ အဲဒီနောက် သူ မျှော်လင့်ထားတဲ့အတိုင်းပဲ ဖြစ်ပျက်လာခဲ့တယ်။ အရုပ်လေးက သူ့ရဲ့ မြင်ကွင်းထဲကို ထပ်ပြီး ပေါ်လာခဲ့ပြန်ပါပြီ။

လှိုင်းလုံးကြီးတွေကြားထဲမှာ ခေါင်းတလားနဲ့တူတဲ့ သေသပ်လှပတဲ့ သစ်သားသေတ္တာကြီးက ယာယီလှေငယ်လေးတစ်ခု ဖြစ်နေပြီး ဂေါသစ်ပုံစံ အရုပ်လေးကတော့ သေတ္တာဘေးနှစ်ဖက်ကို သူ့ရဲ့ လက်လေးတွေနဲ့ ရေကို ယက်ပြီး လှော်ခတ်နေခဲ့တာပါ။ အခုလို လှိုင်းတံပိုးတွေကြားထဲမှာ အဲဒီလိုမျိုး လုပ်ဆောင်နိုင်တာက တကယ့်ကို အံ့ဩမှင်သက်စရာ မြင်ကွင်းကြီး ဖြစ်နေတာပါ။

ထင်မှတ်မထားတဲ့ ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အချိန်မှာတော့ ဒန်ကန်လည်း ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားခဲ့ရတော့တယ်။

All Chapters