← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

အခန်း (၁၁)

အဲလစ်

ဒန်ကန် အနေနဲ့ သူ့ဘဝတစ်လျှောက်လုံး ဒီမြင်ကွင်းကို ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ဘူးလို့တောင် ကျိန်ဆိုဝံ့ပါတယ်။ ခြောက်ခြားစရာကောင်းပြီး အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ကြီးထဲမှာ လှပတဲ့ ခေါင်းတလားကြီးတစ်ခုက လှိုင်းတွေထဲမှာ မျောပါနေပြီး ထူးဆန်းတဲ့ ဂေါသစ်ပုံစံ အရုပ်မလေးက သေတ္တာဘေးနှစ်ဖက်ကို လက်နဲ့ယက်ကာ လှိုင်းတံပိုးတွေကို လှိုင်းစီးသမားတစ်ယောက်လို ကျော်ဖြတ်နေတာပါ။

ပြီးတော့ ပိုပြီး အရေးကြီးတာက အဲဒီအရုပ်မလေးက သိပ်ပြီး ပျော်ရွှင်နေပုံမရတာပါပဲ။

ဒီမြင်ကွင်းက ဘယ်လိုပဲကြည့်ကြည့် တကယ့်ကို ကြောက်စရာကောင်းလွန်းလှပါတယ်။ ဒန်ကန် အနေနဲ့ အရုပ်မ လှုပ်ရှားနိုင်တာကိုပဲ အံ့ဩရမလို၊ ဒါမှမဟုတ် ခေါင်းတလားကို လှေလို၊ လှိုင်းစီးဘုတ်ပြားလို သုံးရဲတဲ့ အရုပ်မရဲ့ ရဲတင်းမှုကိုပဲ အားကျရမလို ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် သင်္ဘောပေါ် ပြန်ရောက်အောင် လာနိုင်တဲ့ အရုပ်မရဲ့ ဇွဲနဲ့ စိတ်ဓာတ်ကတော့ တကယ်ကို အသိအမှတ်ပြုရမှာပါ။ ဒါကိုတော့ သူ့အနေနဲ့ ချီးကျူးရပါလိမ့်မယ်။

အဲဒီနောက် ဒန်ကန် သတိမထားမိခင်မှာပဲ အရုပ်မက သင်္ဘောပေါ်ကို ပြန်တက်လာနိုင်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ သူ ဘယ်လိုတက်လာလဲဆိုတာကို အပြည့်အဝ မြင်လိုက်ရပါတယ်။ သင်္ဘောပဲ့ပိုင်းက ထွက်နေတဲ့ သစ်သားစွန်းတစ်ခုကို တွယ်ကပ်ပြီး အရုပ်မက သူ့ကိုသူ အပေါ်ကို ဆွဲတင်လိုက်တာဖြစ်ပြီး ခေါင်းတလားကြီးကလည်း သူ့ဘေးမှာ မျက်လှည့်ပြသလိုမျိုး အလိုလို မျောတက်လာခဲ့တာပါ။ အလေးချိန်ကို ထည့်မတွက်ရင်တောင် ဒီလိုလုပ်နိုင်ဖို့ လိုအပ်တဲ့ သွက်လက်ဖျတ်လတ်မှုကတော့ ဘယ်လို ကျွမ်းဘားသမားကိုမဆို စိန်ခေါ်နိုင်လောက်ပါတယ်။

ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ သူ ချက်ချင်းပဲ ကုန်းပတ်ပေါ်ကို အမြန်ပြေးသွားလိုက်တယ်။

ကြည့်ရတာတော့ အရုပ်မက အမိဖမ်းခံလိုက်ရတာကို မသိသေးဘဲ လုပ်စရာရှိတာကို ဆက်လုပ်နေတုန်းပါပဲ။ အရုပ်မက လက်ညှိုးလေးတစ်ချက် ဝေ့ယမ်းလိုက်ရုံနဲ့ ခေါင်းတလားကြီးက အရုပ်မရဲ့ခြေရင်းနားဆီ ဖြည်းဖြည်းချင်း မျောပြီး ရောက်လာခဲ့တယ်။ အဲ့ဒီနောက်တော့ အရုပ်မက စိုစွတ်နေတဲ့ ဂါဝန်ကို သေသေချာချာ ပြင်ဆင်ပြီး သေတ္တာထဲကို ခြေထောက်ကနေစပြီး ပြန်ဝင်ဖို့ လုပ်ပါတယ်။

ဒါပေမဲ့ ဝင်ခါနီး လမ်းတစ်ဝက်မှာပဲ သေနတ်မောင်းတင်လိုက်တဲ့ ဂျောက်ခနဲ အသံကြီးကို ကြားလိုက်ရပြီး အဲဒီနောက်မှာတော့ ဓါးရှည်တစ်လက်က အရုပ်မရဲ့ မေးစေ့နားကို ချက်ချင်း ရောက်လာခဲ့တာကြောင့် အရုပ်မ ရပ်တန့်သွားခဲ့ရတယ်။

အရုပ်မရဲ့ လှုပ်ရှားမှုတွေဟာ ချက်ချင်း တောင့်တင်းသွားခဲ့တာပါ။ အရုပ်မက ခေါင်းကို တောင့်တောင့်ကြီးနဲ့ လှည့်ကြည့်ဖို့ ကြိုးစားလိုက်တဲ့အခါ စိမ်းဖန့်ဖန့် မီးတောက်တွေ ဝန်းရံနေပြီး သူ့ကို အေးစက်စက် စိုက်ကြည့်နေတဲ့ သရဲကပ္ပတိန်ကြီးကို ရင်ဆိုင်လိုက်ရတော့တယ်။

"ဟက်… ငါ မင်းကို မိပြီနော်။ အရုပ်မလေး~"

အရုပ်မက ဒန်ကန်ရဲ့ မျက်စိရှေ့တင် သိသိသာသာ တုန်လှုပ်သွားပြီး သူ့ရဲ့ အကြည့်တွေကို ရှောင်ဖယ်ဖို့အတွက် နောက်ကို ဆုတ်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ကြောက်လွန်းလို့ မလှုပ်ရှားရဲတော့တဲ့အတွက် အရုပ်မရဲ့အဆစ်နေရာတွေဆီကနေပဲ တဂျောက်ဂျက်ဆိုတဲ့ အသံတွေပဲ ထွက်ပေါ်လာခဲ့ရတယ်။ အဲဒီနောက် အရုပ်မရဲ့ ခေါင်းက ပြုတ်ကျသွားတော့တယ်…

လှပတဲ့ ခေါင်းလေးက ဒန်ကန်ရဲ့ခြေရင်းနားကို လိမ့်ကျလာခဲ့ပြီး အရုပ်မရဲ့ ငွေဖြူရောင် ဆံနွယ်ရှည်ကြီးတွေက မျက်နှာပတ်ပတ်လည်မှာ ရှုပ်ထွေးသွားခဲ့ရတယ်။ ရယ်စရာကောင်းတာကတော့ အရုပ်မရဲ့ ခန္ဓာကိုယ်က ခေါင်းမရှိဘဲ လေထဲမှာ စမ်းတဝါးဝါးနဲ့ လှုပ်ရှားနေတုန်းပဲ ဖြစ်ပြီး "ကူညီပါ… ကူညီပါ… ကူညီပါ…" လို့ လှမ်းပြီး တောင်းပန်နေခဲ့တာပါ။

အခု ဒန်ကန်ရဲ့ မီးတောက်နေတဲ့ သရဲခန္ဓာကိုယ်ကြောင့် နှလုံး တကယ်ရှိရဲ့လားဆိုတာ သံသယရှိစရာ ဖြစ်နေပေမဲ့လည်း ဒန်ကန်ရဲ့ ရင်ဘတ်ထဲက နှလုံးခုန်သံဟာ ရပ်တန့်သွားသလိုပဲလို့ ပြောရင် လွန်မယ်မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ခေါင်းမရှိဘဲ လှုပ်ရှားနေတဲ့ အရုပ်မကို မြင်နေရတာ သူ့ကို တကယ်ပဲ ခြောက်ခြားစေပါတယ်။

နောက်ဆုံးမှာတော့ စိတ်ကို အပြင်းအထန် ထိန်းချုပ်ပြီး စိတ်အေးအောင်လုပ်လိုက်ပြီးတဲ့နောက် ဒန်ကန် က အခြေအနေကို သုံးသပ်ကြည့်လိုက်တယ်။ သူ သတိထားမိလိုက်တာကတော့ အရုပ်မက သူ့ကို ကြောက်နေတာက သူက အရုပ်မကို ကြောက်တာထက် ပိုများနေတယ်ဆိုတာပါပဲ။ ဒီအချက်ကို သိလိုက်ရတဲ့အတွက် သူ့ရဲ့ တောင့်တင်းနေတဲ့ ပုံစံက ချက်ချင်း လျော့ကျသွားခဲ့တယ်။ "ကြီးမြတ်တဲ့ ကပ္ပတိန်ဒန်ကန်" ရဲ့ နာမည်က ကျိန်စာသင့်ပစ္စည်းတွေအပေါ်မှာ သက်ရောက်မှုရှိနေဆဲပဲဆိုတာ သိလိုက်ရတော့တယ်။

ဓားကို ကိုင်ထားတုန်းပဲ ဖြစ်ပေမဲ့ သေနတ်ကိုတော့ ပြန်သိမ်းလိုက်ပြီး ဒန်ကန် က အားနေတဲ့ လက်တစ်ဖက်နဲ့ အရုပ်မရဲ့ ခေါင်းကို ကောက်ကိုင်လိုက်တယ်။ အရုပ်မရဲ့ခေါင်းက တကယ်တော့ အသက်ရှိတဲ့အရာ မဟုတ်မှန်း သိနေပေမဲ့ စကားပြောနေတဲ့ ခေါင်းတစ်ခုကို လက်နဲ့ကိုင်ထားရတာကတော့ သူ့ကို ကြက်သီးထစေဖို့ လုံလောက်ပါတယ်။ သူ့ကိုသူ ဘယ်လိုပဲ အားပေးအားပေး ဒါကြီးက အရမ်းကို ထူးဆန်းလွန်းနေတာပဲလေ။

ဒါပေမဲ့လည်း ခေါင်းကို ပင်လယ်ထဲ ပြန်ပစ်ချချင်တဲ့ ဆန္ဒကို သူဟာ ထိန်းချုပ်လိုက်ပြီး အရုပ်မရဲ့မျက်လုံးတွေကို စိုက်ကြည့်ကာ မေးလိုက်တယ်။

"ဒီခေါင်းကို သူ့နေရာမှာသူ ပြန်တပ်ပေးစေချင်လား"

"ဟုတ်ကဲ့… ဟုတ်ကဲ့… ဟုတ်ကဲ့…"

"ကောင်းပြီ။ မင်းဘာသာမင်း ပြန်တပ်လိုက်"

ဒန်ကန် က ခေါင်းညိတ်လိုက်ပြီး လေထဲမှာ စမ်းတဝါးဝါး လုပ်နေတုန်းဖြစ်တဲ့ အရုပ်မ ခန္ဓာကိုယ်ရဲ့ လက်ထဲကို ခေါင်းကို ဒီအတိုင်းပဲ လှမ်းပစ်ပေးလိုက်တယ်။

မထင်မှတ်ဘဲ အဲဒီလက်တွေက ခေါင်းကို ဖမ်းတဲ့နေရာမှာ တကယ့်ကို ကျွမ်းကျင်ပြီး သွက်လက်တာပါ။ ခေါင်းက အရုပ်မလက်ထဲ ရောက်သွားတာနဲ့ ဂေါသစ်ပုံစံ အရုပ်မလေးက ရှုပ်ပွနေတဲ့ ငွေဖြူရောင် ဆံနွယ်တွေကို အရင်ဆုံး သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်တယ်။ အဲဒီနောက်မှာတော့ ခေါင်းကို လည်ပင်းပေါ်မှာ ဂျောက်ခနဲ အသံနဲ့အတူ အံဝင်တကျဖြစ်အောင် ပြန်တပ်လိုက်ပါတော့တယ်။

ခေါင်းကိုပြန်တပ်ဆင်တဲ့လုပ်ငန်းစဉ်တစ်ခုလုံးက ချောမွေ့ပြေပြစ်ပြီး အပြစ်ပြောစရာ မရှိတာမလို့ အရုပ်မအနေနဲ့ ဒီလိုမျိုး လုပ်တာ ဒါပထမဆုံးအကြိမ် မဟုတ်မှန်း သိသာပါတယ်။

အဲဒီနောက်ချက်ချင်းဆိုသလို အရုပ်မရဲ့ တောင့်တင်းနေတဲ့ မျက်နှာက အသက်ဝင်လာပြီး၊ မျက်တောင်ရှည်ကြီးတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ သက်ပြင်းအရှည်ကြီး ချလိုက်တော့တယ်။

"ဟူး~ ငါ ပြန်ပြီး အသက်ရှင်လာပြီ…."

“….”

ဒန်ကန် အနေနဲ့ ဆဲရေးတိုင်းထွာပြီး ညည်းညူလိုက်ချင်ပေမဲ့ သူ့ရဲ့ "ကပ္ပတိန်ဒန်ကန်" ဆိုတဲ့ ဂုဏ်ပုဒ်ကို သတိရသွားပြီးတဲ့နောက် ဆဲချင်တဲ့စိတ်ကို ချက်ချင်းဖျောက်လိုက်ရတယ်။ ဒီအရုပ်ရှေ့မှာ အားနည်းချက် ပြမိရင် သူ့အတွက် မကောင်းတဲ့ ခံစားချက်တွေပဲ ရနိုင်တယ်လေ။

"ကောင်းပြီ။ အခု ငါ့နောက်ကို လိုက်ခဲ့။ မင်း ဘာဖြစ်လို့ ငါ့သင်္ဘောပေါ်ကို ခဏခဏ ပြန်လာနေရလဲဆိုတာကို စကားပြောကြရအောင်"

သူဟာ ပြောရင်းနဲ့ သူ့ခန္ဓာကိုယ်ကို ဝန်းရံထားတဲ့ သရဲမီးတောက်တွေကို ဖယ်ရှားလိုက်ပြီး မူလလူသားပုံစံအတိုင်း ပြန်ပြောင်းလိုက်တယ်။

သူ့ရဲ့ "သရဲပုံစံ" ကို လိုသလို ပြောင်းလဲတာကို အခုအချိန်မှာတော့ သူဟာ လွယ်လွယ်ကူကူ လုပ်လို့ရနေပါပြီ။ ဒါပေမဲ့လည်း အန္တရဟိတ ကို မောင်းနှင်တာကလွဲရင် ဒါက သူ အကောင်းဆုံး လုပ်နိုင်တဲ့ တစ်ခုထဲသောအရာ ဖြစ်တာမလို့ ကျွမ်းကျင်တယ်လို့ ပြောဖို့တော့ အလှမ်းဝေးပါသေးတယ်။

ကျိန်စာသင့်အရုပ်မလေးက ခေါင်းတလားထဲကနေ နာခံစွာနဲ့ ထရပ်လိုက်တယ်။ ဒန်ကန် လူသားပုံစံ ပြန်ပြောင်းသွားတာကို မြင်တော့ အရုပ်မဟာ ချက်ချင်းပဲ အံ့ဩသွားခဲ့ရတယ်။

"ရှင်… ရှင်က သရဲမဟုတ်ဘူးလား"

ဒန်ကန် က သူ့ကို စောင်းငဲ့ကြည့်လိုက်တယ်။

"လိုအပ်ရင်တော့ ငါ သရဲဖြစ်ပေးလို့ရတယ်"

အရုပ်က ဘာမှ ပြန်မပြောဘဲ သူ့ရဲ့ ခေါင်းကိုသာ လက်နဲ့ ကိုင်ထားမိတယ်။ ကြည့်ရတာ အရုပ်မဟာ သူ့မျက်လုံးထဲက အံ့ဩတုန်လှုပ်မှုတွေကြောင့် ခေါင်းကြီး ပြန်ပြုတ်ကျသွားမှာကို စိုးရိမ်နေပုံရပါတယ်။

ဒန်ကန် လည်း ဒီကျိန်စာသင့်အရုပ်မက ဘာဖြစ်လို့ ဒီလို မျက်နှာပေးမျိုး လုပ်နေလဲဆိုတာ မသိပေမဲ့ အထင်လွဲနေတာကိုတော့ ရှင်းပြမနေချင်ပါဘူး။ အဆုံးမဲ့ ပင်လယ်ပြင်ကြီးကို စိုးမိုးထားတဲ့ နာမည်ကျော် သရဲကပ္ပတိန်ကြီးအဖြစ် သူ့ရဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် အခုလိုအထင်လွဲနေတာက ပိုကောင်းတယ်လေ။

သူက နောက်ပြန်မကြည့်ဘဲ လှည့်ထွက်ခဲ့ပြီး ကပ္ပတိန်အခန်းဆီကို ဦးတည်လျှောက်လှမ်းခဲ့တယ်။ ကျောပေးထားတာဆိုပေမဲ့ အန္တရဟိတ နဲ့ ချိတ်ဆက်ထားတဲ့ ခံစားချက်ကနေတစ်ဆင့် သူ့နောက်ဘက်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကိုတော့ သိရှိနေပါတယ်။ ဂေါသစ်ပုံစံ အရုပ်မလေးက အစကတော့ လိုက်ဖို့ တုံ့ဆိုင်းနေတာပါ။ ဒါပေမဲ့ ကြမ်းပြင်ပေါ်ကနေ "ခေါင်းတလား" ကြီးက အလိုလို မျောတက်လာပြီး ဒန်ကန်ရဲ့နောက်ကနေ လိုက်ပါလာတာကြောင့် အကြာကြီးတော့ တုံ့ဆိုင်းမနေပါဘူး။

သစ်သားဆိတ်ခေါင်းရဲ့ မှောင်မိုက်တဲ့ အကြည့်အောက်မှာ သရဲကပ္ပတိန်နဲ့ ကျိန်စာသင့်အရုပ်မက မြေပုံစားပွဲခုံရဲ့ တစ်ဖက်တစ်ချက်စီမှာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြတယ်။ ဒန်ကန်ဟာ သူ့ရဲ့ ထိုင်ခုံကို အနောက်ဘက်ကိုမှီကာ သက်တောင့်သက်သာ ထိုင်နေပြီး၊ အရုပ်မလေးကတော့ သူ့နောက်မှာ မျောနေတဲ့ ခေါင်းတလားကြီးကြောင့် စိတ်မသက်မသာနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့တယ်။

အပေါ်ယံ ကြည့်လိုက်ရင်တော့ ဒီဂေါသစ်အရုပ်မလေးက တကယ့်ကို အလှနတ်သမီးလေးတစ်ပါးလို လှပတာ ငြင်းစရာမရှိပါဘူး။ ဒါပေမဲ့ ဒန်ကန် က အဲဒီလှပတဲ့ပုံသဏ္ဌာန်ကို ကြည့်လိုက်တိုင်း ခေါင်းတလားကြီးကို သုံးပြီး လှိုင်းစီးလာခဲ့တဲ့ အံ့ဩစရာ မြင်ကွင်းကြီးကိုပဲ မြင်ယောင်နေမိတော့တယ်။

သူဟာ စိတ်ထဲကနေ သက်ပြင်းချရင်း သူ့ရဲ့ အေးစက်ပြီး ခန့်ညားတဲ့ ပုံစံကို ပြန်ထိန်းလိုက်တယ်။

"နာမည်ပြော"

"အဲလစ်"

"လူမျိုးပြော"

"ကြိုးဆွဲအရုပ်"

"အလုပ်အကိုင်ပြော"

"အရုပ်ပါဆို… ဘာတွေလာမေးနေတာလဲ"

ဒန်ကန် က ခဏလောက် တွေးပြီးမှ ပြောလိုက်တယ်။

"အခြေခံကျတဲ့ သိထားရမှာတွေသိထားရအောင်လို့မေးတာပါ"

All Chapters