အခန်း ၁၂
Vol. 2 Ch. 12
အခန်း (၁၂)
သရဲကပ္ပတိန်နှင့် ကျိန်စာသင့်အရုပ်
သဘာဝလွန်ဖြစ်တည်မှု နှစ်ခုက ကြီးမားလှတဲ့ မြေပုံစားပွဲကြီးကို အလယ်မှာထားပြီး မျက်နှာချင်းဆိုင် ထိုင်နေကြတဲ့ အနေအထားဟာ တော်တော်လေးတော့ သဟဇာတဖြစ်နေတယ်လို့ ပြောရမှာပါ။
သူ့ကိုသူ "အဲလစ်" လို့ ခေါ်တဲ့ အရုပ်မလေးကတော့ နည်းနည်း စိုးရိမ်နေတုန်းပါပဲ။ သူ့ရှေ့က သရဲကပ္ပတိန်က လောလောဆယ် ဘေးကင်းပါတယ်လို့ ကတိပေးထားပေမဲ့လည်း ဒန်ကန်ရဲ့ ပင်ကိုယ်ကတည်းက ကြောက်စရာကောင်းနေတဲ့ မျက်နှာပေးကြောင့် ဒီကျိန်စာသင့်အရုပ်မအတွက် စိတ်မသက်မသာ ဖြစ်စေနေတာပါ။ သူ့ရဲ့ လက်ချောင်းလေးတွေရဲ့ လက်ဆစ်ကို တစ်ခုပြီးတစ်ခု ချိုးကြည့်နေတာနဲ့ ဂါဝန်စကို ဆုပ်ကိုင်ထားတာတွေက သူ့ရဲ့ စိုးရိမ်စိတ်ကို ဖော်ပြနေတာပဲလေ။
တခြားတစ်ဖက်မှာတော့ ဒန်ကန် က ခဏလောက် တိတ်ဆိတ်နေပြီး သူ့ရှေ့က "မိန်းမပျို" ကိုပဲ အကဲခတ် စိုက်ကြည့်နေမိတယ်။
အမည်မသိ အင်အားစုတစ်ခုခုကြောင့် လှုပ်ရှားနေတဲ့ အရုပ်မ၊ အသွေးအသား မရှိပေမဲ့ သာမန်လူတစ်ယောက်လို လမ်းလျှောက်နိုင်၊ စကားပြောနိုင်တဲ့ "သဘာဝလွန် ဖြစ်တည်မှု" တစ်ခု။ တကယ်လို့ သူ့ရဲ့ မွေးရပ်မြေမှာသာဆိုရင် အဲလစ်ဟာ တစ်စုံတစ်ယောက်ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး သုတေသနလုပ်ဖို့အတွက် ခွဲစိတ်စမ်းသပ်ခံရမှာ သေချာပါတယ်။
ဒန်ကန် အနေနဲ့ အဲလစ် လို အရုပ်မျိုးက ဒီကမ္ဘာမှာ ဘယ်လိုအမျိုးအစားထဲ ပါဝင်လဲဆိုတာ မသိပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒီကမ္ဘာအကြောင်း စူးစမ်းခဲ့တာတွေအရ ခန့်မှန်းကြည့်လို့တော့ ရပါတယ်။ ဒီဘက်ကမ္ဘာမှာတော့ တကယ့်ကို "သဘာဝလွန် ဖြစ်တည်မှုတွေ" ရှိနေပြီး သိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့ အရာတွေလည်း ရှိနေတာပါ။ သူ့ရှေ့မှာ ထိုင်နေတဲ့ အရုပ်မကတော့…
ဒီလို ထူးဆန်းခြောက်ခြားစရာကောင်းတဲ့ ကမ္ဘာကြီးထဲမှာတောင်မှ ပိုပြီး ထူးခြားဆန်းပြားတဲ့ အမျိုးအစားထဲမှာ ပါဝင်လိမ့်မယ်လို့ ဒန်ကန် ခန့်မှန်းမိတယ်။
သူ့ရဲ့ ခန့်မှန်းချက်က အထောက်အထားမရှိဘဲ တွေးတာတော့ မဟုတ်ပါဘူး။ ဥပမာ အန္တရဟိတ ကို လာတိုက်မိတဲ့ စက်ယန္တရားသုံး ရေနွေးငွေ့သင်္ဘောကြီးလိုမျိုးပေါ့။ သူ့အမြင်အရ အဲဒီသင်္ဘောက သင်္ဘောသားတွေဟာ ကောင်းကောင်း လေ့ကျင့်ထားပြီး အတွေ့အကြုံရှိတဲ့သူတွေပါ။ တအား ကြောက်လန့်နေရတဲ့ အခြေအနေမှာတောင် အများစုက သူတို့ရဲ့ တာဝန်တွေကို စွန့်ခွာမသွားခဲ့ကြပါဘူး။ ဒါ့အပြင် အဲဒီသင်္ဘောရဲ့ အတွင်းထဲမှာ အဲလစ်ရဲ့ ခေါင်းတလားပေါ်က ပုံစံမျိုးနဲ့ ဆင်တူတဲ့ ထူးဆန်းတဲ့ သင်္ကေတ အမှတ်အသားတွေကိုလည်း သူ သတိပြုမိခဲ့သေးတယ်။
ပြောရရင်တော့ အဲဒီလို ခေတ်မီတဲ့ သင်္ဘောကြီးရဲ့ ရည်ရွယ်ချက်က အဲလစ် ဆိုတဲ့ ကျိန်စာသင့်အရုပ်ကို စောင့်ကြပ်ဖို့… ဒါမှမဟုတ် "အစောင့်အရှောက်အနေနဲ့ ကျိန်စာသင့်အရုပ်ကို သယ်ဆောင်ပေးဖို့" ဖြစ်ဖို့များပါတယ်။
ဒန်ကန် က သူ့ရဲ့ ထိုင်ခုံအနေအထားကို ပြင်လိုက်ပြီး စိတ်မသက်မသာ ဖြစ်နေတဲ့ အဲလစ် ကို တည်ငြိမ်တဲ့ မျက်နှာပေးနဲ့ စိုက်ကြည့်လိုက်တယ်။ သူ့သင်္ဘောပေါ်ကို တကယ့်ကို ထူးခြားတဲ့ "ဧည့်သည်" တစ်ယောက် ရောက်နေတာကတော့ ငြင်းစရာမရှိပါဘူး။
ဒါပေမဲ့ တခြားတစ်ဖက်ကနေ ကြည့်ပြန်ရင်လည်း ဒီအရုပ်မလေးက ကြောက်စရာကောင်းတဲ့ စရိုက်မျိုး ရှိပုံမရဘဲ သတ္တိလည်း သိပ်ရှိပုံမပေါ်ပါဘူး။ အရုပ်မဟာ စကားတစ်ခွန်းမှတောင် မပြောရသေးခင်မှာတင် ကြောက်လန့်တကြားနဲ့ ခေါင်းပြုတ်ကျသွားခဲ့ တာလေ။ ဒါကိုမှ ကြောက်တတ်တဲ့ ယုန်သူငယ်လေးလို့ မခေါ်ရင် ဘာကိုခေါ်ရဦးမှာလဲ။
ရှည်လျားလှတဲ့ တိတ်ဆိတ်မှုနဲ့ အကြည့်တွေက ဖိအား တအားများလွန်းလို့ ထင်တယ်။ အဲလစ်ဟာ နောက်ဆုံးမှာတော့ မခံနိုင်တော့ဘဲ တိတ်ဆိတ်မှုကို စတင် ဖြတ်တောက်လိုက်တော့တယ်။
"ဟိုလေ…"
"မင်း ဘယ်ကလာတာလဲ"
ဒန်ကန် က သူ့ရဲ့ ဖိအားပေးထားတဲ့ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ပိုပြီး တည်ငြိမ်တဲ့ လေသံနဲ့ မေးလိုက်တယ်။
အဲလစ်ဟာ သိသိသာသာ ဆွံ့အသွားခဲ့ရတယ်။ ဒန်ကန်ရဲ့ မေးခွန်းကို အဓိပ္ပာယ်ဖော်ကြည့်နေသလိုမျိုး ခေါင်းတလားကို လက်ချောင်းလေးတွေနဲ့ တောက်ရင်း ပြန်ဖြေဖို့ စက္ကန့်အနည်းငယ်လောက် အချိန်ယူလိုက်တယ်။
"ဒီထဲကလာတာလေ"
ဒန်ကန်ရဲ့ မျက်နှာပေးက ဆွံ့အသွားမှုကြောင့် ချက်ချင်း ကြက်သေ သေခဲ့ရတယ်။
"…"
"မင်း အရင်က ဒီသေတ္တာထဲမှာ လဲလျောင်းနေခဲ့မှန်း ငါ သေချာပေါက် သိတာပေါ့ဟ"
သူက နေရခက်စွာနဲ့ ချောင်းဆိုးလိုက်ရင်း ဆက်ပြောတယ်။
" ငါ မေးတဲ့ မင်း ဘယ်နေရာကနေ လာတာလဲဆိုတာ… ပြောရရင် တည်နေရာကို မေးတာ။ နားလည်လား။ မင်းမှာ မွေးရပ်မြေ ရှိလား။ ဒါမှမဟုတ် ခရီးစတင်ခဲ့တဲ့ နေရာလို့ ခေါ်နိုင်တဲ့ အရာမျိုး ရှိလား"
အဲလစ် က ထပ်စဉ်းစားကြည့်ပြီး ခေါင်းကို အေးအေးဆေးဆေး ခါယမ်းလိုက်တယ်။
"သေသေချာချာ မမှတ်မိတော့ဘူး"
"မမှတ်မိဘူး ဟုတ်လား"
"အရုပ်တစ်ရုပ်က ဘယ်ကနေ လာမယ်လို့ ရှင် ထင်လို့လဲ"
အဲလစ်ဟာ လက်ကလေးတွေကို ပိုက်ပြီး လေးလေးနက်နက် ပြောတယ်။
" သယ်ဆောင်ခံနေရတဲ့ အချိန်တွေမှာ ဒီသေတ္တာထဲမှာ လဲလျောင်းနေခဲ့တာပဲကို ကျွန်မ မှတ်မိတယ်။ တစ်ခါတစ်လေမှာတော့ သေတ္တာဘေးပတ်ပတ်လည်မှာ လူတွေ လမ်းလျှောက်နေတာ ဒါမှမဟုတ် စောင့်ကြပ်နေတာတွေကိုတော့ ဝေဝေဝါးဝါးခံစားမိခဲ့တယ်။ အာ… ပြီးတော့ ကျွန်မရဲ့သေတ္တာကို စောင့်ကြပ်နေတဲ့ လူတွေ တီးတိုးစကားပြောနေတာကို မတော်တဆ ကြားဖူးတာလည်း မှတ်မိသေးတယ်။ ကျွန်မ သိသလောက်တော့ သူတို့တွေက ဟိုနာမည်ကို ပြောပြီဆိုရင် ကြောက်လန့်ပြီး ပျာယာခတ်နေကြတာချည်းပဲ…"
ဒန်ကန် က မျက်ခုံးပင့်လိုက်တယ်။
"ဟိုနာမည်ကို ပြောတာ ဟုတ်လား။ သူတို့က မင်းဘေးမှာ ဘာတွေ ပြောတာမလို့လဲ"
"ပျင်းစရာကောင်းတဲ့ သာမန်ကိစ္စတွေပါ"
"ဒါပေမဲ့ ငါ သိချင်တယ်"
ဒန်ကန် က တည်တည်တံ့တံ့ ပြောလိုက်တယ်။ ဟိုသင်္ဘောပေါ်က လူတွေရဲ့ ပြောစကားတွေဟာ တကယ်ပဲ ပျင်းစရာကောင်းတဲ့ သာမန်ကိစ္စတွေပဲ ဖြစ်နိုင်ပေမဲ့ အဲ့ဒီစကားတွေက သူ အတိအကျကို လိုအပ်နေတဲ့အရာပဲလေ။ ဒီကမ္ဘာကြီးရဲ့ အခြေအနေကို ပိုပြီး နားလည်နိုင်ဖို့အတွက်ဆိုရင် ဘာအချက်အလက်မဆို အသုံးဝင်တာပဲ။
"…… ကောင်းပါပြီ။ အများဆုံး ကြားရတဲ့ နာမည်ကတော့ မူမမှန်ပစ္စည်း ၀၉၉ ဆိုတာပဲ။ သူတို့က ကျွန်မနဲ့ ကျွန်မရဲ့ သစ်သားသေတ္တာကို ရည်ညွှန်းတဲ့အခါ ဒီနာမည်ကို သုံးပုံရတယ်။ ဒါပေမဲ့ ကျွန်မကတော့ အဲဒီနာမည်ကို သဘောမကျဘူး။ ကျွန်မမှာ အဲလစ် ဆိုတဲ့ နာမည် ရှိပြီးသားပဲလေ။ ဘုရားကျောင်းရဲ့ အစီအရင်တွေနဲ့ ကျိန်စာတွေအကြောင်း ရံဖန်ရံခါ ပြောတာတွေကလွဲရင် ကျန်တဲ့စကားလုံးတွေကို ဝေဝေဝါးဝါးပဲ ကြားခဲ့တာပါ။ ကျွန်မက သေတ္တာထဲမှာ အမြဲတမ်း အိပ်ပျော်နေတာဆိုတော့ အပြင်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သိပ်ပြီး အာရုံမစိုက်မိဘူး"
အရုပ်မလေးဟာ အေးအေးဆေးဆေးပြောပြပြီးတဲ့နောက် ရုတ်တရက် တစ်ခုခုကို သတိရသွားသလိုမျိုး ထပ်ဖြည့်ပြောတယ်။
"ဒါပေမဲ့ မကြာသေးခင်က ကြားခဲ့ရတာတွေကိုတော့ ကျွန်မရဲ့ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်း ရှိနေတုန်းပဲ။ အဲ့ဒီစကားတွေကို ကြားခဲ့တဲ့အချိန်က ရှင့်သင်္ဘောပေါ် ကျွန်မ မရောက်ခင်က ဖြစ်မယ်ထင်တယ်။ သေတ္တာအပြင်ဘက်က လူတွေ ပြောနေတဲ့ အသံတွေထဲမှာ နေရာတစ်ခုကို ခဏခဏ ထည့်ပြောကြတာရှင့်။ ပလန်းဆိုတဲ့ မြို့ပြနိုင်ငံကိုပေါ့။ အဲဒီပလန်းဆိုတဲ့ နေရာက သူတို့ သွားမယ့်နေရာ ထင်တယ်… ကျွန်မ သွားရမယ့်နေရာလည်း ဖြစ်လောက်တယ်"
"ပလန်း မြို့ပြနိုင်ငံ ဟုတ်လား"
ဒန်ကန် က စဉ်းစားရင်းနဲ့ အဲ့ဒီနာမည်ကို သူ့စိတ်ထဲမှာ တိတ်တဆိတ် မှတ်သားထားလိုက်တယ်။
နောက်ဆုံးတော့ သူဟာ အသုံးဝင်မယ့် သတင်းအချက်အလက်တချို့ ထပ်ပြီး သိလိုက်ရပါပြီ။ ဒါပေမဲ့ ဒီအသုံးဝင်တဲ့ သတင်းအချက်အလက်က ဘယ်အချိန်မှာ အသုံးတည့်လာမလဲ ဆိုတာတော့ သူ မသိသေးပါဘူး။
အဲဒီနောက် သူဟာ ခေါင်းကို ပြန်မော့လိုက်ပြီး သူ့ရှေ့က အရုပ်မလေးကို ထပ်ပြီး စိုက်ကြည့်လိုက်တယ်။
"နောက်ထပ်ကော ဘာရှိသေးလဲ"
"ကျွန်မက အချိန်အများစုကို အိပ်စက်ရင်းပဲ ကုန်ဆုံးခဲ့တာပါ။ ကပ္ပတိန်ကြီး"
အရုပ်မလေးက တည်ငြိမ်တဲ့ မျက်နှာပေးနဲ့ ပြောတယ်။
" ခေါင်းတလားလို သေတ္တာကြီးတစ်ခုထဲမှာ အပိတ်ခံထားရပြီး ပတ်ပတ်လည်မှာ ဝေဝေဝါးဝါး တီးတိုးသံတွေပဲ ကြားနေရရင် အိပ်တာပဲလုပ်လို့ရမှာလေ။ ကျွန်မက သေတ္တာထဲမှာ ထိုင်ထလေ့ကျင့်ခန်းမျိုး လုပ်နေရမှာလား"
ဒန်ကန်ရဲ့ နှုတ်ခမ်းထောင့်တွေ တွန့်ကွေးသွားခဲ့ရတယ်။
ခေါင်းကို သေသေချာချာ ပြန်တပ်ထားတဲ့အချိန်မှာတော့ ဒီအရုပ်မလေးဟာ မြင့်မြတ်ပြီး တင့်တယ်တဲ့ အရှိန်အဝါမျိုး ပေးစွမ်းနိုင်တာကို မငြင်းနိုင်ပေမဲ့ အရုပ်မလေး ပြောလိုက်တဲ့ စကားလုံးတွေကတော့ လှိုင်းတံပိုးတွေကို ဖြတ်ကျော်ပြီး လှိုင်းစီးလာခဲ့တဲ့ သူ့ရဲ့ ပုံစံအတိုင်းပဲ တည့်တိုးဆန်ပြီး အားပါလွန်းလှပါတယ်။
သူ့အနေနဲ့ အဲလစ်ရဲ့ စကားပြောပုံတွေကြောင့် ထပ်ပြီး အံ့ဩမသွားရအောင်ကြိုးစားဖို့ လိုအပ်နေပါပြီ။
ဒါပေမဲ့ အပေါ်ယံမှာတော့ သူက တည်ငြိမ်ပြီး ခန့်ညားတဲ့ ကပ္ပတိန်ဒန်ကန်ရဲ့ ပုံရိပ်ကို ဆက်ထိန်းထားဆဲပါပဲ။
"ဒါဆိုရင် မင်းက သစ်သားသေတ္တာထဲမှာ အိပ်ငိုက်နေတာကလွဲလို့ ပြင်ပလောကအကြောင်း ဘာမှမသိဘူးပေါ့လေ။ ဒီနေ့ခေတ်ရဲ့ ပြောင်းလဲမှုတွေကော၊ အဲဒီပလန်းဆိုတဲ့ ဆိပ်ကမ်းမြို့က ဘယ်မှာလဲဆိုတာကော မသိဘူးပေါ့"
"မသိဘူးလို့ပဲ ပြောရမှာပဲ။ ကပ္ပတိန်"
အရုပ်မလေးက ခေါင်းကို လေးလေးနက်နက်ညိတ်ပြတယ်။ အဲဒီနောက်မှာတော့ ကြောက်စရာကောင်းတဲ့ အရာတစ်ခုခုကို တွေးမိသွားသလိုမျိုး မျက်လုံးလေးတွေ အနည်းငယ် ဝိုင်းစက်သွားခဲ့ပြီး မျက်နှာတစ်ခုလုံး ကြောက်လန့်တကြား ပုံစံမျိုးနဲ့ ပြောလာတယ်။
"သိထားတာတွေ အကုန်ပြောပြလိုက်မိပြီဆိုတော့… ရှင်က ကျွန်မကို ပင်လယ်ထဲ ပြန်ပစ်ချတော့မှာလား။ ကျွန်မက ရှင့်အတွက် ဘာမှအသုံးမဝင်တော့ဘူးမလား"
ဒန်ကန် ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ အဲလစ်က စကားကိုဆက်ပြောလိုက်တယ်။
"ကောင်းပါပြီ။ ဒါက ရှင့်ရဲ့ သင်္ဘောပဲဆိုတာ ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သေတ္တာထဲကို အမြောက်ဆံတွေ ထည့်ပြီး မဖိထားဖို့ တောင်းပန်ပါရစေ။ တကယ်ပါ… သံအမြောက်ဆန် ရှစ်လုံးကြီးတောင်ဆိုတာ အရမ်းများလွန်းပါတယ်…"
ကြည့်ရတာတော့ အရုပ်မလေးက သူ့အပေါ် ပြုမူခဲ့တာတွေအပေါ် မကျေနပ်ဖြစ်နေပုံရပါတယ်။
ဒန်ကန် လည်း နောက်ဆုံးစကားကြောင့် တော်တော်လေး နေရခက်သွားခဲ့တယ်။ အဓိကကတော့ သူက အဲလစ် ကို ထိတ်လန့်စရာ ရုပ်ရှင်တွေထဲကလို ကျိန်စာသင့်ပစ္စည်းတစ်ခုလို့ ထင်မှတ်ခဲ့မိလို့ပါ။ တကယ်လို့ အဲလစ်သာ သာမန်လူတစ်ယောက်လို စကားပြောနိုင်မှန်းသာ ကြိုသိခဲ့ရင် သေတ္တာထဲကို အမြောက်ဆံ ရှစ်လုံးကြီးတောင် ထည့်ပိတ်တဲ့အထိ ရိုင်းစိုင်းတဲ့ အပြုအမူမျိုးကို လုံးဝ လုပ်ဖြစ်မှာမဟုတ်ဘူးလို့ ဒန်ကန် ကျိန်ဆိုဝံ့ပါတယ်။
ဒါပေမဲ့လည်း ဒန်ကန် က အရေထူတဲ့လူတစ်ယောက် ဖြစ်တာကြောင့် မျက်နှာပြောင်တိုက်ပြီး အပြစ်တင်စကားတွေကို လျစ်လျူရှုကာ စကားကိုဆက်ပြောလိုက်တယ်။
"မင်းကို ပင်လယ်ထဲ ပြန်ပစ်ချမလား၊ မချဘူးလားဆိုတာ ငါ မဆုံးဖြတ်ရသေးဘူး။ ပြီးတော့ ဘယ်လိုပဲ ပစ်ချ ပစ်ချ အဆုံးမှာတော့ မင်းက သင်္ဘောပေါ် ပြန်ရောက်လာမယ့် နည်းလမ်းကို အမြဲတမ်း ရှာတွေ့နေတာပဲလေ။ ဒါပေမဲ့ ငါ သိချင်တာက မင်းဟာ ဘာဖြစ်လို့ အန္တရဟိတ ပေါ်ကို ပြန်လာဖို့ ဒီလောက်တောင် ကြိုးစားနေရတာလဲ ဆိုတာပဲ။ မင်းဟာ ငါ့ကို ကြောက်နေတဲ့အပြင် ဒီသင်္ဘောကိုလည်း ကြောက်နေမှန်း ငါ သိတယ်။ ဒါနဲ့တောင် ဘာဖြစ်လို့ ကိုယ်ကြောက်တဲ့အရာနဲ့ ဝေးဝေးမှာ မနေရတာလဲ"
"ဒီသင်္ဘောရဲ့ နာမည်က အန္တရဟိတ လို့ ခေါ်တာလား။ ကောင်းပါပြီ။ ရှင် ရိပ်မိသွားတာပဲ။ ကျွန်မက ရှင့်ကိုကော၊ ဒီသင်္ဘောကိုကော နည်းနည်း ကြောက်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ရှင့်ကို ကြောက်တာနဲ့ ယှဉ်ရင် ပင်လယ်ပြင်ကြီးရဲ့ အောက်ခြေက ပိုပြီး အန္တရာယ် များတယ်လေ"
အဲလစ် က သရဲကပ္ပတိန်ရဲ့ အကြည့်ကို တိတ်တဆိတ် ရင်ဆိုင်လိုက်တယ်။
သူ့ရဲ့ ရှုထောင့်ကနေ ကြည့်ရင်တော့ အရပ်ရှည်ပြီး ခန့်ညားလှတဲ့ ဒီလူကြီးဟာ အဆုံးမရှိ မှောင်မိုက်လှတဲ့ ခြောက်ခြားစရာ အမှောင်ထုကြီးနဲ့ ဝန်းရံထားပြီး၊ အဲဒီအမှောင်ထုက ကပ္ပတိန်အခန်းရဲ့ တကယ့်မြင်ကွင်းနဲ့ ထပ်တူကျနေကာ အမှန်တရား နှစ်ခု ထပ်နေသလိုမျိုး လိမ်ဖည်နေတဲ့ မြင်ကွင်းကြီးကို ဖန်တီးနေတာပါ။ ဒါပေမဲ့လည်း အဆုံးမဲ့ ပင်လယ်ပြင်ကြီးရဲ့ "အောက်ခြေ" မှာ ပုန်းအောင်းနေတဲ့ ကြောက်စရာကောင်းတဲ့ အရာတွေနဲ့ ယှဉ်ရင်တော့ ဒီသရဲကပ္ပတိန်ကိုပဲ ရွေးချယ်ချင်ပါတော့တယ်။
"ဒီကမ္ဘာမှာ ပင်လယ်ရေနက်ပိုင်းထက် ပိုပြီး ကြောက်စရာကောင်းတဲ့အရာ ရှိလို့လား"