အခန်း ၁၃
Vol. 2 Ch. 13
အခန်း (၁၃)
ညောင်းညာနေသော လည်ပင်း
ပင်လယ်ရေနက်ပိုင်းက တကယ်ကို ကြောက်စရာကောင်းတဲ့ အရာပါ။
အရုပ်တစ်ရုပ် ဖြစ်နေပေမဲ့လည်း အဲလစ် က ရှင်းပြရခက်တဲ့ နည်းလမ်းကိုသုံးပြီး သူ့ရဲ့ ခံစားချက်တွေကို မျက်နှာပေါ်မှာ ဖော်ပြနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ဒန်ကန် က အရုပ်မလေးရဲ့ မျက်လုံးထဲက ကြောက်ရွံ့မှုတွေကို သံသယမရှိဘဲ ရိပ်မိလိုက်တယ်။ ပင်လယ်ရေအောက်ထဲမှာ သူ့ထက် ပိုပြီး အန္တရာယ်များတဲ့ အရာတစ်ခုခု ပုန်းအောင်းနေတာ သေချာပါတယ်။
ဒီအချက်ကို ပြန်စဉ်းစားကြည့်ရင်းနဲ့ ပြင်ပလောကမှာ ဘာတွေရှိနေမလဲဆိုတာကို သူ ပိုပြီး စူးစမ်းချင်စိတ် ပြင်းပြလာခဲ့တယ်။ ကုန်းမြေကကော ဘယ်လိုပုံစံမျိုးလဲ။ ဒါမှမဟုတ် ဘယ်လိုအရာမျိုးကို သာမန်လို့ သတ်မှတ်ကြတာလဲ။
ဒါပေမဲ့ သူ့ရှေ့က အရုပ်မလေးဆီမှာတော့ အဖြေမရှိပါဘူး။ အဲလစ်ရဲ့ မှတ်ဉာဏ်တွေ ဝေဝါးနေတာက ခေါင်းတလားပေါ်မှာ ထားထားတဲ့ ချိပ်ပိတ်အစီအရင်ကြောင့် ဖြစ်ဖို့များပါတယ်။ ဒီသဲလွန်စအရဆိုရင် ဒီ "ကျိန်စာသင့်အရုပ်" ကို လူ့အဖွဲ့အစည်းက တော်တော်လေး ကြောက်လန့်နေကြတာ ဖြစ်လောက်မယ်ထင်တယ်။
"တစ်ခေါက်လောက် အတည်ပြုကြည့်ရအောင်။ မင်းက ဘယ်ကလာမှန်းလည်း မမှတ်မိဘူး၊ အတိတ်မှာ ဘာတွေကြုံခဲ့ရလဲဆိုတာလည်း မမှတ်မိဘူး၊ ဟုတ်တယ်မလား"
သူက သေချာအောင် ထပ်မေးလိုက်တယ်။
"မမှတ်မိပါဘူး"
အဲလစ်က အရမ်းကိုလေးနက်တဲ့ ပုံစံနဲ့ ပြန်ဖြေတယ်။
"ကျွန်မ မှတ်မိသလောက်တော့ ဒီသေတ္တာကြီးထဲမှာပဲ အမြဲတမ်း လဲလျောင်းနေခဲ့တာပါ။ အပြင်ကို ကျွန်မ ထွက်လာမှာကို ကျွန်မဘေးနားက လူတွေဟာ ဘာဖြစ်လို့ ပျာယာခတ်နေကြလောက်အောင် ကြောက်ကြတာလဲဆိုတာ မသိပေမဲ့ ရိုးရိုးသားသား ပြောရရင် ကျွန်မရဲ့သေတ္တာကို သံမှိုတွေနဲ့ ရှင် ရိုက်ပိတ်ခဲ့တာက တခြားလူတွေနဲ့ယှဉ်ရင် တော်တော်လေး သဘောကောင်းတယ်လို့ ပြောရမယ်။ ပြီးတော့ အမြောက်ဆံ ရှစ်လုံးနဲ့ ဖိထားခဲ့ပေမဲ့လည်း အနည်းဆုံးတော့ သေတ္တာထဲကို ခဲရေတွေ လောင်းမထည့်ခဲ့ဘူးလေ"
ဒန်ကန် က အဲလစ်ရဲ့ အသုံးမဝင်တဲ့ စကားတွေကို ဂရုမစိုက်ဘဲ ဆက်မေးလိုက်တယ်။
"ဒါဆို မင်းရဲ့ နာမည်က ဘယ်ကနေ ရလာတာလဲ။ ဘယ်သူက မင်းကို ဒီနာမည် ပေးခဲ့တာလဲ။ မင်းက သေတ္တာထဲကနေ တကယ်ကို မထွက်ခဲ့ဖူးဘဲ တခြားဘယ်သူနဲ့မှ အဆက်အသွယ် မရှိခဲ့ဘူးဆိုရင် ဘာဖြစ်လို့ နာမည်ရှိနေရတာလဲ။ မင်းဘာသာမင်း ပေးခဲ့တာလား"
အဲလစ် က ရုတ်တရက် ဆွံ့အသွားခဲ့ရတယ်။
အဲလစ်ဟာ စဉ်းစားမရဖြစ်သွားပုံရပြီး ဆယ်စက္ကန့်ကျော်တဲ့အထိ ကြောင်အမ်းအမ်းကြီး ဖြစ်နေတာမလို့ အရုပ်ရဲ့ အတွင်းထဲမှာ ကိုယ့်ကိုကိုယ် ဖျက်ဆီးတဲ့ စနစ်တစ်ခုခုများ ပါနေမလားဆိုပြီး ဒန်ကန် စိုးတောင်ရိမ်သွားမိတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အဲလစ် က နောက်ဆုံးတော့ သတိပြန်ဝင်လာခဲ့တယ်။
"ကျွန်… ကျွန်မ မမှတ်မိဘူး။ ကျွန်မနာမည် အဲလစ် ဆိုတာတော့ သိတယ်။ ဒါပေမဲ့ ဒီနာမည်ကို ကျွန်မ ကိုယ်တိုင် ပေးခဲ့တာမဟုတ်ဘူး။ ကျွန်မ…"
သူက ဇဝေဇဝါနဲ့ တီးတိုးရေရွတ်ရင်း သူ့ရဲ့ လက်တွေနဲ့ ခေါင်းကို အလိုလို လှမ်းကိုင်လိုက်တာကြောင့် ဒန်ကန်ဟာ ပျာယာခတ်သွားခဲ့ရတယ်။ သူ အမြန်ပဲ လှမ်းအော်လိုက်တယ်။
"ရပြီ။ မမှတ်မိရင်လည်း ထားလိုက်တော့၊ ခေါင်းကြီးကို ဖြုတ်မချလိုက်နဲ့ဦး…"
"…"
အဲ့ဒီနောက်မှာတော့ ဒန်ကန် က မေးခွန်းတွေ အများကြီး ထပ်မေးခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ မေးခွန်းအများစုအတွက် အဖြေကိုမရခဲ့ပါဘူး။
အရုပ်မလေး ကိုယ်တိုင်ပြောခဲ့သလိုပဲ သူ့ရဲ့ သတိရှိနေတဲ့ အချိန်အများစုကို အဲဒီ "ခေါင်းတလား" ထဲမှာပဲ ကုန်ဆုံးခဲ့တာဖြစ်ပြီး၊ အိပ်ပျော်လိုက်၊ ပတ်ဝန်းကျင်ကို တစ်ဝက်တစ်ပျက် သတိပြုမိလိုက်နဲ့ပဲ နေခဲ့တာပါ။ အဆုံးမှာတော့ အရုပ်မလေး သိထားတဲ့ သာမန်ကိစ္စလေးတွေက ဒီကမ္ဘာကြီးရဲ့ ပုံသဏ္ဌာန်ကို ပုံဖော်ဖို့အတွက် မလုံလောက်ခဲ့ပါဘူး။
ဒါပေမဲ့လည်း ဒန်ကန် အနေနဲ့ ဘာမှမရခဲ့တာတော့ မဟုတ်ပါဘူး။ အဲလစ် နဲ့ စကားပြောရင်းနဲ့ အချက်အလက် တချို့ကိုတော့ သူဟာ ခွဲခြားနိုင်ခဲ့တယ်။
ဒီကမ္ဘာမှာ "မြို့ပြနိုင်ငံ" လို့ ခေါ်တဲ့ အာဏာပိုင် တည်ဆောက်ပုံစနစ်တစ်ခု ရှိနေပါတယ်။ အရုပ်မလေးရဲ့ ပြောပြချက်ထဲမှာ ခဏခဏ ပါဝင်နေပြီး သူ့ရဲ့ ခရီးစဉ်တစ်ခုလုံး နီးပါးကို လွှမ်းမိုးထားတဲ့ နေရာကတော့ ပလန်း လို့ ခေါ်တဲ့ နေရာပါ။
အဲဒီနေရာက တော်တော်လေး စည်ကားပုံရပြီး သင်္ဘောသားတွေရဲ့ ပြောစကားအရ "သင်္ဘောလမ်းကြောင်း အများအပြားအတွက် အရေးပါတဲ့ နေရာတစ်ခု" လို့ သိရပါတယ်။
ဒုတိယအချက်ကတော့ အဲလစ် မှာ မူမမှန်ပစ္စည်း ၀၉၉ ဆိုတဲ့ နာမည်လည်း ရှိနေပြီး အဲ့ဒီနာမည်က လူ့အဖွဲ့အစည်းက သူ့ကို ပေးထားတဲ့ "တရားဝင်" ဘွဲ့အမည် ဖြစ်ပုံရပါတယ်။ "အဲလစ်" ဆိုတဲ့ နာမည်ကိုတော့ အခု သူတို့နှစ်ယောက်ကလွဲရင် တခြားဘယ်သူမှ သိပုံမရပါဘူး။
နောက်ဆုံးအချက်ကတော့ အဲလစ် က မြို့ပြနိုင်ငံ တစ်ခုကနေ တစ်ခုကို ရွှေ့ပြောင်းသယ်ဆောင်ခံနေရတာဖြစ်ပြီး၊ သုံးသပ်ကြည့်ရသလောက်ဆိုရင် ဒီလိုနည်းနဲ့ သယ်ဆောင်ခံနေရတဲ့ "မူမမှန်ပစ္စည်း" က သူ တစ်ယောက်ထဲ ဟုတ်ပုံမရပါဘူး။ အစောင့်တွေက တခြား "ချိပ်ပိတ်အစီအရင်တွေ" အကြောင်းကိုလည်း ရံဖန်ရံခါ ထည့်ပြောခဲ့ကြတာပါ။ ဒန်ကန် အနေနဲ့ အဲဒီရေနွေးငွေ့သင်္ဘောရဲ့ နံရံတွေပေါ်မှာ ဆင်တူတဲ့ သင်္ကေတတွေ ရေးထွင်းထားတဲ့ တခြားသိုလှောင်ခန်းတွေကိုရှိနေခဲ့တာကိုလည်း အတည်ပြုလို့ရပါတယ်။
ဒီသဲလွန်စတွေအားလုံးကို ကြည့်ပြီး ဒန်ကန် က ဒီလိုမျိုး ရွှေ့ပြောင်းသယ်ယူတာတွေက ဒီကမ္ဘာမှာ မဖြစ်မနေလုပ်ဖို့ လိုအပ်တာမျိုး ဖြစ်လိမ့်မယ်လို့ ရဲရဲဝံ့ဝံ့ ခန့်မှန်းလိုက်တော့တယ်။ ဘာဖြစ်လို့ လိုအပ်တာလဲဆိုတာကိုတော့ သူ မသိပါဘူး။ ဒါပေမဲ့ အချက်တစ်ခုကတော့ ရှင်းပါတယ်။ ယဉ်ကျေးတဲ့ လူသားလောကဟာ အဲလစ် လို အရာမျိုးတွေ လွတ်မြောက်ပြီး သောင်းကျန်းသွားမှာကို မလိုလားကြပါဘူး။
အဲလစ်က ဘာတွေများ ကြောက်စရာကောင်းနေလို့ သူတို့တွေက ဒီလောက်အထိ အားစိုက်ထုတ်နေကြတာလဲဆိုတာ ဒန်ကန် သိချင်မိတယ်။ အဲလစ်က ကျိန်စာသင့်အရုပ် ဖြစ်တာတော့ သေချာပါတယ်။ ဒါပေမဲ့ အဲလစ်က ဘာတွေများ အဲလောက်တောင် အန္တရာယ်ရှိနေလို့လဲ။ ပြောရရင် အဲလစ်က တကယ့်ကို ကြောက်တတ်တဲ့လူပဲလေ။
ရိုးရိုးသားသား ပြောရရင် ဒန်ကန် က အဲလစ်ကို စစ်မေးကြည့်ရာကနေ သတင်းအချက်အလက်တွေ အများကြီး မရရှိခဲ့တဲ့အတွက် တော်တော်လေး စိတ်ပျက်သွားမိတယ်။
ဒီကမ္ဘာကြီးကို နားလည်ဖို့အတွက် လမ်းစတစ်ခု နောက်ဆုံးတော့ ရှာတွေ့ပြီလို့ သူ ထင်ခဲ့တာပါ။ ခေါင်းတလားထဲက မိန်းမကလည်း သူ့လိုပဲ ဇဝေဇဝါဖြစ်နေလိမ့်မယ်လို့ သူ မျှော်လင့်မထားခဲ့ပါဘူး။
ဒါပေမဲ့ သစ်သားသေတ္တာပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေတုန်းဖြစ်တဲ့ အဲလစ် ဆီကို သူ့ရဲ့ အကြည့်တွေ ရောက်သွားတဲ့အခါမှာတော့ စိတ်ပျက်မှုတွေက နည်းနည်း လျော့ပါးသွားခဲ့တယ်။
အနည်းဆုံးတော့ သူ့မှာ အန္တရဟိတပေါ်မှာ စကားပြောဖော် နောက်တစ်ယောက် ရလာပြီလေ။ သူက အရုပ်တစ်ရုပ် ဖြစ်နေပြီး ကြောက်လန့်တဲ့အခါတိုင်း ခေါင်းပြုတ်ကျသွားတတ်တာရယ်၊ ပြီးတော့ သူ ကိုယ်တိုင်တောင် မသိတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာရယ်ကလွဲလို့ပေါ့။ ဒါပေမဲ့လည်း မြေပုံစားပွဲပေါ်မှာ ထိုင်နေတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ ဆိတ်ခေါင်းနဲ့ စကားပြောရတာထက်စာရင်တော့ အဆပေါင်းများစွာ ပိုကောင်းပါတယ်။
ပြီးတော့ ခြောက်ခြားစရာ အန္တရာယ်တွေအကြောင်း ပြောရရင်… အဆုံးမဲ့ ပင်လယ်ပြင်ကရော၊ အန္တရဟိတပေါ်မှာရော ဘယ်နေရာမှာများ ဘေးကင်းတယ်လို့ ခံစားရလို့လဲ။
တခြားလူတွေရဲ့ အမြင်ကနေ ကြည့်ရင်တောင်မှ သူ့ရဲ့ "ကပ္ပတိန်ဒန်ကန်" ဆိုတဲ့ ဂုဏ်ပုဒ်ဟာ သာမန် သရဲတစ္ဆေတွေထက် ပိုပြီး အန္တရာယ်များပုံရပါတယ်။
ဒန်ကန် က သက်ပြင်းချလိုက်ပြီး သူ့ရဲ့ တင်းမာနေတဲ့ မျက်နှာပေးကို ပိုပြီး ရင်းနှီးတဲ့ ပုံစံမျိုး အလိုလို ပြောင်းလဲလိုက်မိတယ်။
"တကယ်လို့ ငါက မင်းကို သင်္ဘောပေါ်ကနေ ထပ်ပြီး ပစ်ချလိုက်ရင် မင်း ဘာလုပ်မလဲဆိုတာ ငါ သိချင်မိတယ်"
အဲလစ်က မျက်တောင်ခတ်ပြီး ပြောလိုက်တယ်။
"ရှင်က ကျွန်မရဲ့သေတ္တာထဲကို အမြောက်ဆံတွေ ထပ်ပြီး ထည့်ဦးမှာလား"
"မထည့်တော့ဘူး"
"သံမှိုတွေကော ရိုက်ဦးမှာလား"
"အင်း… မရိုက်တော့ဘူး"
"ဒါဆို ခဲရေကော လောင်းထည့်မှာလား"
"မလောင်းဘူး… အဟမ်း။ နေဦး။ ငါပြောတာက ငါသာ မင်းကို သင်္ဘောပေါ်မှာ နေခွင့်မပြုရင်လို့ ပြောတာနော်…"
"ဒါဆိုလည်း ကျွန်မဘာသာကျွန်မ ပြန်ပြီး ရေထဲကနေ တက်လာမှာပေါ့"
အဲလစ် က တည်ငြိမ်တဲ့ မျက်နှာပေးနဲ့ ယဉ်ယဉ်ကျေးကျေး ထိုင်ရင်း ပြောလိုက်တယ်။
"ကျွန်မက ပင်လယ်ကြီးရဲ့ ဝါးမြိုတာကို မခံချင်ဘူး။ ပြီးတော့ ဒီသင်္ဘောပေါ်မှာက အနည်းဆုံးတော့ ခြေချစရာ နေရာရှိသေးတယ်လေ"
ဒန်ကန် က အရုပ်မလေးရဲ့ ပွင့်လင်းလွန်းမှုကို တော်တော်လေး အံ့ဩသွားရတယ်။ အရုပ်မလေးကို ရိုးသားတယ်လို့ ပြောရမလား၊ ဒါမှမဟုတ် အရေထူတယ်လို့ ပြောရမလား မသိဖြစ်သွားရတယ်။ သေချာတွေးကြည့်ပြီးတဲ့နောက်မှာတော့ သူ ပြန်ဖြေလိုက်တယ်။
"နောက်တစ်ခါကျရင် အဲ့လိုဒဲ့ဒိုးကြီးမဖြေဘဲနဲ့ နည်းနည်းလောက် ဝေ့ဝိုက်ပြီး ဖြေပေးပါလား…"
"ဘာပဲဖြစ်ဖြစ် ရှင်က အဖြေကို သိပြီးသားပဲလေ။ မဟုတ်ဘူးလား"
အဲလစ် က ပြုံးပြီး ပြောလိုက်တယ်။
"ဒါပေမဲ့ ကျွန်မ တကယ် ထပ်ပြီးပစ်ချခံရလို့ ပြန်လာဖြစ်ရင် ရှင့်ရန်ကနေ လွတ်အောင် သင်္ဘောခန်းထဲက တစ်နေရာရာမှာ ပုန်းလို့ရမယ့် နည်းလမ်းကို ရှာရလိမ့်မယ်။ ကုန်းပတ်ပေါ်ကို မိုက်မိုက်မဲမဲ ပြေးတက်တာမျိုး မလုပ်တော့ဘူး။ ကျွန်မ နိုးနေတာ နည်းနည်း ကြာပြီဆိုတော့ အတွေ့အကြုံ ရနေပြီလေ…"
ဒန်ကန် က သူ့စကားကို ဖြတ်ပြောလိုက်တယ်။
"ငါ့ရဲ့ အာရုံခံစားမှုက သင်္ဘောတစ်စင်းလုံးကို ဖြန့်ကြက်ထားတာ။ သင်္ဘောကိုယ်ထည်ကို လာရိုက်တဲ့ လှိုင်းလုံးတွေအထိ ငါအာရုံခံလို့ရတယ်။ သင်္ဘောပေါ်မှာဆိုရင် မင်း ဘယ်အချိန်မှာ ဘယ်နေရာမှာ ရှိနေလဲဆိုတာ ငါ ချက်ချင်း သိနိုင်တယ်"
အဲလစ်ဟာ ရုတ်တရက် စွံ့အသွားခဲ့ရတယ်။
"အယ်…"
ဒန်ကန် က တည်ငြိမ်တဲ့ မျက်နှာပေးနဲ့ ဆက်ပြောလိုက်တယ်။
"ပြီးတော့ ငါနဲ့ ငါ့ရဲ့ အန္တရဟိတကို မင်းဘက်က ဆက်ပြီး လာမနှောင့်ယှက်နိုင်အောင် မင်းကို တိုက်ရိုက် ဖျက်ဆီးပစ်ဖို့ ပိုပြီး ပြတ်သားတဲ့ နည်းလမ်းကိုလည်း ငါ ရွေးချယ်လို့ ရသေးတယ်"
အရုပ်မလေးက ဒီလိုမျိုး ဖြစ်နိုင်ချေကို မတွေးထားပုံပါပဲ။ သူ့ရဲ့ လည်ပင်းကနေ ဂျောက်ခနဲ အသံကြီး ထွက်လာတဲ့အထိ မျက်လုံးလေးတွေ ဝိုင်းစက်သွားတော့တယ်…
ခေါင်းမရှိတော့တဲ့ အရုပ်က ပြုတ်ကျလုဆဲဆဲ ဖြစ်နေတဲ့ သူ့ရဲ့ ခေါင်းကို ပျာပျာသလဲ ဖမ်းလိုက်ပြီး၊ အဲဒီနောက် စိတ်တိုတိုနဲ့ ခေါင်းကို ပြန်တပ်လိုက်ပြီးမှ ဒန်ကန်က စကားကို ဆက်ပြောတယ်။
"ဒါပေမဲ့လည်း ဒီသင်္ဘောပေါ်မှာ သင်္ဘောသားအသစ်တစ်ယောက် ထပ်တိုးလာတာက မဆိုးဘူးလို့ ငါ ရုတ်တရက် ထင်မိတယ်။ မင်းအတွက် နားနေဖို့ နေရာတစ်ခု ငါ စီစဉ်ပေးနိုင်ပါတယ်"
"ရှင်ကလည်း အစကတည်းက အဲလိုပဲ ပြောစမ်းပါ။ ကျွန်မမှာ ကြောက်လွန်းလို့ ခေါင်းတောင် ပြန်ပြုတ်ကျသွားရတာရှင့်"
"ဒါနဲ့ မင်းရဲ့ လည်ပင်းက ဘာဖြစ်နေတာလဲ"
အဲလစ်က အပြစ်ကင်းတဲ့ မျက်နှာပေးလေး လုပ်လိုက်တယ်။
"ကျွန်မလည်း မသိဘူးလေ။ ကျွန်မက အရင်တုန်းကဆိုရင် အပြင်ထွက်ပြီး လှုပ်လှုပ်ရှားရှား လုပ်ဖို့ အခွင့်အရေး ဒီလောက်အများကြီး မရခဲ့ဖူးဘူး။ ကျွန်မခန္ဓာကိုယ်မှာ ဒီလို ပြဿနာရှိနေမှန်း ကျွန်မလည်း မသိခဲ့ဘူး…"
ဒန်ကန်က အဲလစ် ကို စက္ကန့်အနည်းငယ်လောက် ငြိမ်ပြီး စိုက်ကြည့်လိုက်ပြီးမှ သူ့စကားတွေထဲမှာ မုသားမပါမှန်း အတည်ပြုလိုက်နိုင်တယ်။
"ကြည့်ရတာ အကြာကြီး လဲလျောင်းနေတာက မင်းရဲ့ ကျောရိုးနဲ့ လည်ပင်းအတွက် မကောင်းဘူး ထင်တယ်"
"…"
အရုပ်မလေးကို စကားအမ်းသွားအောင် လုပ်နိုင်လိုက်တာကို မြင်တော့ ဒန်ကန်ရဲ့ စိတ်ခံစားချက်က ရုတ်တရက် ပိုကောင်းလာခဲ့တယ်။
"ကဲ… ဘာပဲဖြစ်ဖြစ် အခုတော့ ငါတို့ အန္တရဟိတပေါ်မှာ သင်္ဘောသားအသစ်တစ်ယောက် ရပြီပေါ့။ ငါ့နောက်ကို လိုက်ခဲ့။ မင်း နားခိုဖို့ အခန်းတစ်ခု စီစဉ်ပေးမယ်"