← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း (၁၄)

အန္တရာယ်မရှိသော သင်္ဘောသားသစ်

အန္တရဟိတ က ကြီးမားလွန်းလှပါတယ်။ တကယ်ကို မထင်မှတ်လောက်အောင် ကြီးမားတာပါ။ ရွက်လှေတစ်စင်းအနေနဲ့ ကြည့်ရင် သူ့ရဲ့ အရွယ်အစားက သာမန်ရွက်လှေထက် ပိုပြီး ကြီးမားနေသလိုပါပဲ။

ဒါပေမဲ့ ဒီလောက် ကြီးမားတဲ့ အရွယ်အစား ရှိတာကြောင့် ကုန်လှောင်ရုံတွေ ပိုကျယ်တာ၊ အမြောက်တွေ ပိုများတာ၊ တည်ဆောက်ပုံ ပိုခိုင်ခံ့တာနဲ့ လေပြင်းလှိုင်းတံပိုးတွေကြားမှာ ပိုပြီး တည်ငြိမ်တာ စတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒါတွေအားလုံးက ရှည်လျားတဲ့ ခရီးစဉ်တစ်ခုရဲ့ အခက်ခဲဆုံး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ လုံလောက်တယ်လို့ ဆိုလိုတာပါ။

ဒါပေမဲ့ လောလောဆယ်မှာတော့ ဒန်ကန်မှာ ခရီးစဉ်ဆိုတာကြီးအတွက် ဘာအစီအစဉ်မှ မရှိသေးပါဘူး။ ဒီလောက် ကြီးမားလွန်းတဲ့ သရဲသင်္ဘောကြီးက သူ့ကို အထီးကျန်တဲ့ ခံစားချက်ပဲ ပေးစွမ်းနိုင်ပါတယ်။ အခုတော့ စကားပြောဖော် သင်္ဘောသားအသစ်တစ်ယောက် ရလာပြီဆိုတော့ သိပ်ပြီး မဆိုးတော့ပါဘူးလေ။

ဘာပဲဖြစ်ဖြစ် သင်္ဘောက ကြီးတာကြောင့် အရုပ်လေး အသုံးပြုလို့ရမယ့် အားနေတဲ့ "ဧည့်သည်ခန်း" တွေကတော့ အများကြီး ရှိနေတာပါ။

ခြေသံတွေက ခြောက်ခြားစရာကောင်းတဲ့ စင်္ကြံလမ်းရဲ့ တိတ်ဆိတ်မှုကို ဖြိုခွင်းသွားပြီး ဒန်ကန် က ဂေါသစ်ပုံစံ အရုပ်မလေးကို ခေါ်ကာ ပဲ့ပိုင်းကုန်းပတ်ရဲ့ သစ်သားလှေကားကနေ ကပ္ပတိန်အခန်းရဲ့ ကပ်လျက်အောက်ထပ်မှာရှိတဲ့ အောက်ခန်းဆီကို ဆင်းလာခဲ့တယ်။ သင်္ဘော တည်ဆောက်ပုံအရဆိုရင် ဒီနေရာက ဒီသင်္ဘောကြီးရဲ့ "အထက်ပိုင်း လူနေဧရိယာ" လို့ ယူဆနိုင်ပြီး၊ အောက်ခြေကုန်းပတ်ရဲ့ မှောင်မိုက်ခြောက်ခြားစရာကောင်းတဲ့ နေရာတွေထက်စာရင် ပိုပြီး လင်းလင်းထင်းထင်းနဲ့ သပ်သပ်ရပ်ရပ် ရှိပါတယ်။

နောက်ဆုံးမှာတော့ ဒန်ကန် က သင်္ဘောသားအခန်းတစ်ခုရဲ့ ရှေ့မှာ ရပ်လိုက်ပြီး ခပ်ဟဟ ပိတ်ထားတဲ့ သစ်သားတံခါးကို အသာလေး တွန်းဖွင့်လိုက်တယ်။

သင်္ဘောပေါ်မှာ ရိုးရှင်းတဲ့ ပရိဘောဂတွေပဲ ရှိတဲ့ ဒီလို တစ်ယောက်အိပ်အခန်းလေးတွေ အများကြီး ရှိနေပေမဲ့ အကြာကြီး အသုံးမပြုဘဲ ပစ်ထားတာကြောင့် လူနေခဲ့တဲ့ အရိပ်အယောင်တောင် မရှိပါဘူး။

ဒါတွေက ဒန်ကန် အန္တရဟိတ ရဲ့ အထက်ပိုင်းဧရိယာကို စတင်စူးစမ်းတုန်းက ပထမဆုံး တွေ့ရှိခဲ့တဲ့ အရာတချို့ပါပဲ။ အဲဒီတုန်းကတော့ သူဟာ သိပ်ပြီး မစဉ်းစားမိပေမဲ့ အခုတော့ သူကိုယ်တိုင် ဒီသရဲသင်္ဘောကို တာဝန်ယူထားရပြီး သင်္ဘောက ဘယ်သူမှမပါဘဲ အလိုလို ခရီးနှင်နိုင်တဲ့ လျှို့ဝှက်ချက်ကို သိထားပြီးပြီဖြစ်တဲ့အတွက် မေးခွန်းတစ်ခု ထွက်လာခဲ့တယ်။ ဒီသင်္ဘောက သင်္ဘောသား လုံးဝ မလိုအပ်ဘူးဆိုရင် ဒီသင်္ဘောသားခန်းတွေကို ဘယ်သူ့အတွက် လုပ်ထားတာလဲ။

အထက်ပိုင်းက တစ်ယောက်အိပ်အခန်းတွေကတော့ ဒုကပ္ပတိန်၊ လမ်းကြောင်းတာဝန်ခံ နဲ့ ကုန်းပတ်တာဝန်ခံ တို့လို ရာထူးမြင့် သင်္ဘောသားတွေအတွက် သေချာပေါက် ဖယ်ထားတာဖြစ်ပြီး အောက်ဘက် နေရာတွေမှာတော့ သာမန်သင်္ဘောသားတွေအတွက် နှစ်ထပ်ကုတင် အခန်းတွေ ရှိပါတယ်။ သင်္ဘောပေါ်မှာ လူအများကြီး စားသောက်နိုင်တဲ့ ထမင်းစားခန်းနဲ့ အပန်းဖြေခန်းတွေ ရှိနေတာကို ကြည့်ရင် ဒီအခန်းတွေရဲ့ တည်ရှိမှုကတင်ပဲ "လူသားတွေ" အတွက် ရည်ရွယ်ထားတယ်ဆိုတာ ထင်ရှားပါတယ်။

ဒန်ကန် မျက်မှောင်အနည်းငယ် တွန့်သွားမိတယ်။ ဒီသရဲသင်္ဘောကြီး ပင်လယ်ပြင်မှာ အလိုလို ခရီးမနှင်ခင် အတိတ်အချိန်တုန်းက သမိုင်းကြောင်း တချို့ ရှိခဲ့တာ သေချာပါတယ်။ အနည်းဆုံးတော့ ဟိုးအရင်အချိန်တုန်းကတော့ သင်္ဘောသားတွေ ရှိခဲ့ဖူးလောက်တယ်။

ဒါဆို အတိတ်တုန်းက ဘာတွေဖြစ်ပျက်ခဲ့လို့ သင်္ဘောက အခုလို ပုံစံမျိုး ဖြစ်သွားရတာလဲ။ မူလသင်္ဘောသားတွေကော ဘယ်ရောက်ကုန်ကြပြီလဲ။ တကယ့် "ကပ္ပတိန်ဒန်ကန်" ကော အစကတည်းက ဒီသင်္ဘောရဲ့ ပိုင်ရှင် ဟုတ်ရဲ့လား။ ထူးဆန်းတဲ့ ဆိတ်ခေါင်းကကော ဘာတွေ သိထားလဲ။

"ကပ္ပတိန်"

သူ့နောက်ကနေ ထွက်ပေါ်လာတဲ့ မေးခွန်းထုတ်သံကြောင့် သူ့ရဲ့ အတွေးစတွေ ပြတ်တောက်သွားခဲ့ရတယ်။

ဒန်ကန်ဟာ အချိန်အကြာကြီး တစ်ယောက်ထဲ နေရတာကို ကျင့်သားရနေတာကြောင့် အဲလစ်က သူ့နောက်မှာ ရှိနေသေးတယ်ဆိုတာကို ခဏလောက် မေ့သွားမိတာပါ။

"ငါ့နာမည်က ဒန်ကန်။ မင်း ငါ့ကို ကပ္ပတိန်ဒန်ကန် လို့ ခေါ်နိုင်တယ်။ ဒါမှမဟုတ် ကပ္ပတိန်လို့ ခေါ်ချင်လည်းရတယ်"

ဒန်ကန် က သူ့ရဲ့ မျက်နှာပေးကို အမြန် တည်ငြိမ်အောင် ပြင်လိုက်ပြီး အရုပ်မလေးရဲ့ အကြည့်ကို ရင်ဆိုင်ဖို့ လှည့်လိုက်တယ်။

"အားနေတဲ့ ဒီအခန်းက အခုကစပြီး မင်းရဲ့ အခန်းပဲ။ အထဲဝင်ပြီး ကြည့်လိုက်ဦး"

"အာ… ဟုတ်ကဲ့"

အဲလစ် က ခေါင်းညိတ်ပြတယ်။ အဲလစ်ဟာ ဒန်ကန်ရဲ့ ပခုံးပေါ်ကနေ ကျော်ပြီး အခန်းထဲမှာ ဘာတွေရှိလဲဆိုတာ ခေါင်းလေးပြူပြီး လှမ်းကြည့်လိုက်တယ်။ အဲဒီနောက် သူ့နောက်မှာ မျောနေတဲ့ သေတ္တာကြီးကို လှမ်းဆွဲပြီး အခန်းထဲကို ခြေလှမ်းကျဲကျဲနဲ့ ဝင်သွားတော့တယ်။

အဲလစ် ရဲ့ ကိုယ်နဲ့မကွာ အမြဲပါနေတဲ့ "ခေါင်းတလား" ကြီးကို ကြည့်ပြီး ဒန်ကန် က မှတ်ချက်မပေးဘဲ မနေနိုင်တော့ဘူး။

"မင်းက အဲဒီသေတ္တာကြီးကို အချိန်တိုင်း အမြဲ သယ်သွားနေတာလား"

"ဟုတ်တယ်လေ"

အဲလစ် က သဘာဝကျကျပဲ ပြန်ပြောတယ်။

"ဒါကို မသယ်ဘူးဆိုရင် ဘယ်မှာ သွားထားရမှာလဲ"

"ဒါပေမဲ့ ဒီသေတ္တာက မင်းကို ချိပ်ပိတ်ထားတဲ့ အရာပဲလေ။ မင်းက ဒီသေတ္တာနဲ့ဝေးဝေးမှာပဲ နေချင်မယ်လို့ ငါ ထင်ခဲ့တာ"

ဒန်ကန် မျက်မှောင်ကြုတ်လိုက်တယ်။

"အခုကြည့်ရသလောက် မင်းအတွက် ဒီသေတ္တာမရှိရင် မဖြစ်ဘူး ထင်တယ်"

"ကျွန်မကို ချိပ်ပိတ်ခဲ့တာက လူတွေလေ။ သေတ္တာရဲ့ အပြစ်မှ မဟုတ်တာ"

အဲလစ် က သူ့ရဲ့ ခေါင်းတလားပေါ်မှာ ထိုင်လိုက်ပြီး အဖုံးကို ပုတ်ရင်း ပြောတယ်။

"ရှင်ကော အထဲဝင်ပြီး ထိုင်ဦးမလား"

ဒန်ကန် က ခေါင်းခါလိုက်တယ်။

"မထိုင်တော့ဘူး။ အခန်းကို ဘယ်လိုသဘောရလဲ"

"အာ… တကယ့်ကို ကောင်းပါတယ်"

အဲလစ် က ရိုးရှင်းတဲ့ ပရိဘောဂတွေကို တန်ဖိုးကြီး အလှဆင်ပစ္စည်းတွေကိုမြင်နေရသလိုမျိုး ကျေနပ်အားရတဲ့ မျက်လုံးတွေနဲ့ လိုက်ကြည့်ရင်း ပြောတယ်။

"ဟိုဟာက ဗီရိုလား။ ကျွန်မမှာ လဲစရာ အဝတ်အစားလည်း မရှိတော့ အဲ့ဒီဗီရိုကို သုံးဖြစ်မှာ မဟုတ်ဘူး ထင်တယ်… ဒါပေမဲ့ ဗီရိုရှိတော့လည်း ကောင်းတာပေါ့။ အို… ပြီးတော့ စားပွဲလည်း ရှိသေးတယ်နော်။ နောင်ကျရင် ပစ္စည်းတွေ တင်ထားလို့ရတာပေါ့။ ဒါပေမဲ့ ကျွန်မမှာ တင်စရာ ပစ္စည်းလည်း ဘာမှမရှိပါဘူးလေ… ဆံပင်ဖြီးတဲ့အခါ ကျွန်မရဲ့ ခေါင်းကို ဖြုတ်ပြီး အဲ့ဒီစားပွဲပေါ်မှာ တင်ထားလို့ရမယ်ထင်တယ်။ အဲ့လိုတင်ထားလိုက်မယ်ဆိုရင် ဘယ်ဘက်ကပဲဖြစ်ဖြစ် သေသေချာချာ မြင်ရတော့ ပိုပြီး အဆင်ပြေတာပေါ့…"

"မင်း စိတ်တိုင်းကျတယ်ဆိုရင်လည်း ပြီးတာပါပဲ"

ဂေါသစ်ပုံစံ အရုပ်မလေးတစ်ရုပ်က သူ့ရဲ့ အနာဂတ် လူနေမှုဘဝ အစီအစဉ်တွေကို ဒီလိုမျိုး တွေးတောနေတာကို ကြည့်ရတာ တကယ့်ကို ထူးဆန်းလွန်းပါတယ်။

"မင်း ခဏလောက် နားပြီး ပတ်ဝန်းကျင်ကို ကျင့်သားရအောင် လုပ်လိုက်ဦး။ ငါ အပေါ်ထပ်ကို အရင် ပြန်တက်နှင့်မယ်။ ပြီးတော့ အောက်ခြေကုန်းပတ်ဆီကိုတော့ ဆင်းမသွားနဲ့။ ဒီအထပ်နဲ့ အပေါ်ထပ်တွေမှာပဲ မင်းဟာ လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။ တစ်ခုခုလိုရင် ကပ္ပတိန်အခန်းဆီ လာရှာလိုက်။ ငါ မရှိရင် စားပွဲပေါ်က ဆိတ်ခေါင်းနဲ့ စကားပြောလို့လည်းရတယ်။ သူက ငါ့ရဲ့ လက်ထောက်ကပ္ပတိန်ပဲ"

အဲလစ် က နားထောင်ရင်း ခေါင်းညိတ်ပြပေမဲ့ နောက်ဆုံး စာကြောင်းနှစ်ကြောင်းကို ကြားလိုက်ရတဲ့အခါမှာတော့ မျက်လုံးလေးတွေ ရုတ်တရက် ဝိုင်းစက်သွားခဲ့ရတယ်။

"ဆိတ်ခေါင်း ဟုတ်လား။ အဲဒီ သစ်သားနဲ့ လုပ်ထားတဲ့ အနက်ရောင် ရုပ်တုကြီးလား"

"မင်း သတိထားမိသားပဲ"

"သတိထားမိတာပေါ့… ဒါပေမဲ့ အဲဒါကြီးက စကားပြောနိုင်တယ် ဟုတ်လား။ ပြီးတော့ ရှင့်ရဲ့ လက်ထောက်ကပ္ပတိန်လည်း ဖြစ်နေသေးတယ်နော်"

အဲလစ် က အံ့ဩတုန်လှုပ်တဲ့ မျက်နှာပေးနဲ့ ဆက်ပြောတယ်။

"ကျွန်မကတော့ အဲ့ဒါကြီးကို ဒီအတိုင်းရုပ်တုသက်သက်လို့ပဲ ထင်နေတာ… တကယ့်ကို မယုံနိုင်စရာပဲ"

"…… မင်း ကိုယ်တိုင်လည်း စကားပြောနိုင်၊ လှုပ်ရှားနိုင်တဲ့ အရုပ်ပဲလေ "

ဒန်ကန် က အရုပ်မလေးကို အမူအရာမပျက် စိုက်ကြည့်ရင်း ဆက်ပြောလိုက်တယ်။

"စကားပြောတတ်တဲ့ ဆိတ်ခေါင်းကို မယုံနိုင်စရာလို့ ထင်နေတုန်းပဲလား"

အဲလစ် က အဲဒီစကားကြောင့် ကြောင်အမ်းသွားပုံရပါတယ်။ သူ့ရဲ့ လက်ကလေးတွေကို ငုံ့ကြည့်ရင်း အခုမှပဲ ဒီအမှန်တရားကို သတိထားမိသလိုမျိုး တီးတိုးရေရွတ်လိုက်တယ်။

"အာ… ရှင် ပြောခါမှပဲ…."

ဒန်ကန် က ခေါင်းခါလိုက်ပြီး လှည့်ထွက်ခဲ့တယ်။

"ဟုတ်ပြီလေ။ မင်း ဒီမှာပဲ အချိန်ယူလိုက်ဦး။ တစ်ခုခုလိုရင် ငါ့ကို လာရှာလိုက်"

"ဟုတ်ကဲ့ပါ။ ကပ္ပတိန်"

ထွက်လာပြီးတဲ့နောက် ဒန်ကန် က တခြားနေရာကို မသွားဘဲ ကပ္ပတိန်အခန်းဆီကို တန်းတန်းမတ်မတ် ပြန်လာခဲ့ပြီး မြေပုံစားပွဲရဲ့ ရှေ့မှာ ထိုင်လိုက်တယ်။

ဆိတ်ခေါင်းက ပြောတယ်။

"အာ… ကပ္ပတိန်ကြီးပါလား။ ကြည့်ရတာ ဟိုမိန်းမပျိုလေးကို ကောင်းကောင်း နေရာချပေးခဲ့ပုံရတယ်။ တွေ့လား။ ကျွန်တော် ပြောသားပဲ။ သဘောကောင်းပြီး အန္တရာယ်မရှိတဲ့ မိန်းမပျိုလေးပါဆို။ သူရှိနေရင် ခရီးစဉ်အတွက်လည်း ဘာမှ အနှောင့်အယှက် မဖြစ်စေဘဲ စကားပြောဖော်အနေနဲ့ထားပြီး အပျင်းပြေစေနိုင်တယ်လေ။ သူ့ကို သင်္ဘောပေါ်မှာ ထားဖို့ ဆုံးဖြတ်လိုက်တာကို မြင်ရတာ ဝမ်းသာပါတယ်။ သူ့ကို လုပ်စရာ အလုပ်တစ်ခုခု ပေးဖို့ စဉ်းစားထားလား။ အန္တရဟိတ ပေါ်မှာ လူအများကြီး မလိုပါဘူး။ ကုန်းပတ်က သူ့ဘာသာသူ သန့်ရှင်းရေးလုပ်တဲ့အပြင်၊ အမြောက်တွေက သူ့ဘာသာသူ ဆေးကြောတာကို လုပ်တာလေ။ ရေတိုင်ကီလည်း သူ့ဘာသာသူ ထိန်းသိမ်းပြီးသားပဲ… ဒါမှမဟုတ် သူ့ကို မီးဖိုချောင်ကို တာဝန်ယူခိုင်းလိုက်ပါလား။ ကပ္ပတိန်က သင်္ဘောပေါ်က စားစရာတွေကို သိပ်ပြီး သဘောမကျသလို ဖြစ်နေတာဆိုတော့… အာ… စားစရာအကြောင်း ပြောရရင်… ကျွန်တော်တို့ အရင်ဆုံး ရိက္ခာတချို့ ဖြည့်တင်းဖို့ လိုအပ်မယ် ထင်တယ်။ ကုန်လှောင်ရုံထဲက အမဲခြောက်တွေနဲ့ ဒိန်ခဲအမာတွေက နည်းနည်း ​ကြာနေပြီဗျ။ ကြမ်းတမ်းတဲ့ သင်္ဘောသားတစ်ယောက်အနေနဲ့ ပင်လယ်ပြင်က စားစရာကို ဂျီးများမှာ မဟုတ်ပေမဲ့ ကြီးမြတ်တဲ့ ကပ္ပတိန်ဒန်ကန် အနေနဲ့ကတော့…"

ဒန်ကန် အနေနဲ့ သူ့ဦးနှောက်တွေ ပွက်ပွက်ဆူလာသလို ခံစားလိုက်ရပြီး အချက်တစ်ခုကို ထပ်ပြီး အသေအချာ ယုံကြည်သွားတော့တယ်။ အနားမှာ ဒီလို ပွစိပွစိ လုပ်တတ်တဲ့ ဆိတ်ခေါင်း ရှိနေတာကြောင့် သူ့အနေနဲ့ အဲလစ် လိုမျိုး "သာမန် စကားပြောဖော်" တစ်ယောက်ကို တကယ်ပဲ လိုအပ်နေတယ်ဆိုတာကိုပါ။

"ပါးစပ်ပိတ်ထားစမ်း"

သူက ဆိတ်ခေါင်းကို စိုက်ကြည့်လိုက်တယ်။ ဆိတ်​ခေါင်း ပါးစပ်ပိတ်သွားပြီးတဲ့နောက်မှပဲ စကားကို ဆက်ပြောလိုက်တယ်။

"အဲလစ် ရှိနေတုန်းကတော့ မင်းဟာ တော်တော်လေး ငြိမ်ပြခဲ့တာနော်။ မင်းဟာ နောက်ဆုံးတော့ ငြိမ်ငြိမ်လေးနေနိုင်သွားပြီလို့ ငါ ထင်ခဲ့တာ"

"ကပ္ပတိန်ဖြစ်သူက သင်္ဘောသားသစ်ကို လူတွေ့စစ်ဆေးနေတဲ့ အချိန်မှာ ဘယ်သူမှ ကြားဖြတ် မပြောရဘူးလေ။ ဒါက ပင်လယ်ပြင်ရဲ့ စည်းကမ်းပဲ။ ကျွန်တော်က ကပ္ပတိန်ရဲ့ သစ္စာရှိတဲ့ ဒုကပ္ပတိန်၊ လမ်းကြောင်းတာဝန်ခံ နဲ့ ကုန်းပတ်တာဝန်ခံ ဖြစ်နေရင်တောင်မှပေါ့…."

ဒန်ကန် က ဆိတ်ခေါင်း စကားကိုဆုံးအောင်အထိ မစောင့်တော့ပါဘူး။ (တကယ်တော့ သူသာ ဖြတ်မပြောရင် ဆိတ်ခေါင်းက ဘယ်တော့မှ စကားဆုံးမှာ မဟုတ်ဘူးလေ)

"နောက်ရက်တွေအတွင်း အဲဒီအရုပ်မရဲ့ လှုပ်ရှားမှုတွေကို သတိထားပြီး စောင့်ကြည့်ထားပါ"

"အာ… ဟုတ်ကဲ့။ မိန်းမပျိုလေးကို စောင့်ကြည့်ခိုင်းတာလား။ ကပ္ပတိန်က သူ့ကို စိတ်မချသေးဘူးပေါ့လေ။ ကျွန်တော် နားလည်ပါတယ်။ ကြိုတင်ကာကွယ်တာက ထူးချွန်တဲ့ ကပ္ပတိန်တစ်ယောက်ရဲ့ မရှိမဖြစ် အရည်အချင်းပါပဲ…"

"သူ့မှာ ထုတ်မပြောရသေးတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေသေးတယ်။ သူ ကိုယ်တိုင်လည်း မသိသေးတာ ဖြစ်နိုင်သလို၊ သူက ငါ့ကို တမင်တကာ ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် သူက 'မူမမှန်ပစ္စည်း ၀၉၉' ဆိုတဲ့ ကုဒ်နံပါတ်ရှိတဲ့ ကျိန်စာသင့်အရုပ် ဖြစ်တာကတော့ သေချာတယ်"

ဒန်ကန် က ခပ်ပေါ့ပေါ့ပဲ ဆက်ပြောလိုက်တယ်။

"ဟိုဘက်သင်္ဘောက လူတွေက အဲလစ် ကို လွတ်လွတ်လပ်လပ် သွားလာခွင့်မရအောင် အစွမ်းကုန်လုပ်ခဲ့ကြတာကွ။ အခု သူက ငါတို့ရဲ့ သင်္ဘောသား ဖြစ်လာပြီဆိုတော့ အန္တရဟိတ အတွက်တင်မကဘဲ ငါတို့အားလုံးအတွက်ပါ အန္တရာယ်မရှိဘူးဆိုတာ သေချာအောင် အတည်​ပြုဖို့ နည်းနည်း အချိန်ယူဖို့ လိုအပ်လိမ့်မယ်"

All Chapters