← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

အခန်း (၁၅)

မီးတောက်နှင့် ထိတွေ့ခြင်း

သူ သင်္ဘောကို စတင်ထိန်းချုပ်ကတည်းက ဒန်ကန်ဟာ အန္တရဟိတကို အပြည့်အဝထိန်းချုပ်နိုင်စွမ်းကိုရခဲ့ပြီး သင်္ဘောပေါ်က ဘယ်လိုလှုပ်ရှားမှုကိုမဆို အာရုံခံနိုင်စွမ်း ရှိနေတာပါ။ ဒါပေမဲ့လည်း သတိထားတဲ့အနေနဲ့ ကျိန်စာသင့်အရုပ်ကို အမြဲတမ်း စောင့်ကြည့်ထားဖို့ ဆိတ်ခေါင်းကို သူ အမိန့်ပေးထားခဲ့တယ်။

ဒန်ကန်ဟာ သူ့ဘာသာသူလည်း သဘာဝလွန် အစီအရင်တွေနဲ့ ပတ်သက်ရင် ကျွမ်းကျင်သူတစ်ယောက် မဟုတ်မှန်း ကောင်းကောင်းသိထားပြီး၊ လမ်းလျှောက်နိုင်၊ စကားပြောနိုင်တဲ့ အရုပ်ဆိုတာမျိုးက သူ့ရဲ့ အသိဉာဏ်ထက် ကျော်လွန်နေတဲ့ အရာမျိုးလေ။ အဲလစ် ရဲ့ အပြုအမူတွေက အခုထက်ထိတော့ အန္တရာယ်မရှိသေးပေမဲ့ တကယ်လို့ ဒီအရုပ်မလေးက သူ့ရဲ့ ပတ်ဝန်းကျင်အပေါ် မမြင်ရတဲ့ "သက်ရောက်မှု" တစ်ခုခု ပေးနေရင်ကော ဘယ်လိုလုပ်မလဲ။ ဒန်ကန် အနေနဲ့ အဲ့ဒီလို သက်ရောက်မှုမျိုးကို မြင်နိုင်ဖို့ မလွယ်တာကြောင့် ဒီလိုကိစ္စမျိုးမှာတော့ ဆိတ်ခေါင်းက ပိုပြီး ကျွမ်းကျင်လိမ့်မယ်လို့ ယူဆလိုက်တော့တယ်။

ပြီးတော့ ဒန်ကန်က အရာအားလုံးကို အချိန်ပြည့် စောင့်ကြည့်နေနိုင်မှာလည်း မဟုတ်ဘူးလေ။ အခု ရောက်နေတဲ့ "ဒီဘက်ကမ္ဘာ" မှာ ရှင်သန်ဖို့ သူဟာ ဆုံးဖြတ်ထားပေမဲ့လည်း အခြေအနေအရ လိုအပ်လာရင် တံခါးရဲ့ "ဟိုဘက်ခြမ်း" က ကမ္ဘာဆီကို ပြန်သွားရဦးမှာပါ။

ဒီအချက်ကို တွေးမိရင်း ဒန်ကန် က ဆိတ်ခေါင်း ထိုင်နေတဲ့ မြေပုံစားပွဲရဲ့ အစွန်းကို မျက်လုံးအနည်းငယ် ပင့်ပြီး လှမ်းကြည့်လိုက်တယ်။ ဆိတ်ခေါင်းရဲ့ ကျောက်မျက် မျက်လုံးအိမ်တွေက သူ့ကို ပြန်ကြည့်တဲ့အခါ ဘာမှမရှိတဲ့ ဗလာအမှောင်ထုကြီးကိုပဲ ပြသနေတာပါ။

ငါဟာ တံခါးကို ဖြတ်ပြီး ငါ့ရဲ့ တစ်ယောက်အိပ် တိုက်ခန်းဆီ ပြန်သွားရင် ဒီဆိတ်ခေါင်းက ရိပ်မိနေမှာလား။ ငါ မရှိတဲ့အချိန် အန္တရဟိတ ပေါ်မှာ ဘာတွေ ဖြစ်ပျက်နေမလဲ။

ဒီလို ရုတ်တရက် ပေါ်လာတဲ့ မေးခွန်းက ဒန်ကန် ကို နည်းနည်း စိတ်ရှုပ်သွားစေပေမဲ့ ဆိတ်ခေါင်းရဲ့ ဗလာဖြစ်နေတဲ့ အကြည့်တွေအောက်မှာတော့ သူဟာ စိတ်ရှုတ်ထွေးနေတဲ့ အရိပ်အယောင်မျိုးကို လုံးဝ ထုတ်မပြခဲ့ပါဘူး။ အဲဒီအစား သူ့ရဲ့ စိတ်အာရုံကို အဲလစ် ရဲ့ အခန်းဆီ ပို့လိုက်ပြီး အဲလစ် ဘာလုပ်နေလဲဆိုတာကို စူးစမ်းလိုက်တယ်။

သူက ချောင်းကြည့်တတ်တဲ့ တဏှာရူး စိတ်ဓာတ်မျိုး ရှိတာတော့ မဟုတ်ပါဘူး။ တစ်ဖက်လူက "လူသားမဟုတ်တဲ့အရာ" ဖြစ်နေရင်တောင် ဒါက မလုပ်သင့်တဲ့ ကိစ္စပဲလေ။ ဒါ့အပြင် သူက အဲလစ် ဘာလုပ်နေလဲဆိုတာကို တကယ့်မျက်စိနဲ့ မြင်နိုင်စွမ်း ရှိတာလည်း မဟုတ်ပါဘူး။ သင်္ဘောဆီကနေ ပြန်လာတဲ့ မရေမရာ အာရုံခံစားမှုအရ အဲလစ်ဟာ လှုပ်ရှားနေတာလား။ ဒါမှမဟုတ် အန္တရဟိတ ကို ဖျက်ဆီးမယ့်အရာတစ်ခုခု လုပ်နေသလားဆိုတာကိုပဲ သိနိုင်တာပါ။

ဘာပဲဖြစ်ဖြစ် အန္တရာယ်မရှိဘဲ တင့်တယ်လှပတဲ့ အသွင်အပြင်ရဲ့ အောက်မှာတော့ ဒီကမ္ဘာက သာမန်လူတွေက "မူမမှန်ပစ္စည်း ၀၉၉" လို့ ခေါ်တဲ့ အန္တရာယ်ရှိတဲ့ ကျိန်စာသင့်အရုပ်ဆိုတဲ့ ဖြစ်တည်မှုတစ်ခုက ရှိနေတာပဲလေ။

သူ အာရုံခံမိသလောက်တော့ အဲလစ် က အခန်းထဲမှာပဲ ရှိနေတုန်းဖြစ်ပြီး ပရိဘောဂတွေကို လေ့လာရင်း အနားယူဖို့ နေရာကိုပြင်ဆင်နေပုံရပါတယ်။

ဒါက ဒန်ကန် ကို စိတ်သက်သာရာရစေပေမဲ့ ဆိတ်ခေါင်းရဲ့ အသံကြောင့် သူ့အတွေးတွေ ထပ်ပြီး ပြတ်တောက်သွားခဲ့ရတယ်။

"ကပ္ပတိန်။ နောက်ထပ် ဘာတွေ စီစဉ်ထားလဲခင်ဗျာ။ တကယ်လို့ ပျင်းနေတယ်ဆိုရင် ကပ္ပတိန်ရဲ့ သစ္စာရှိတဲ့…"

"ပါးစပ်ပိတ်ထား"

ဒန်ကန်က ဆိတ်ခေါင်းကို တစ်ချက် စိုက်ကြည့်လိုက်ပြီး စားပွဲအစွန်းကို လက်နဲ့ ဖိလိုက်တယ်။ သူ့ရဲ့ စိတ်အာရုံနဲ့အတူ အပေါ်ထပ်က ပဲ့ထိန်းဘီးကြီးကို ကိုင်ထားတဲ့ ပုံရိပ်ကို ဖော်ဆောင်လိုက်ပြီး ခြောက်ခြားစရာ စိမ်းဖန့်ဖန့် မီးတောက်တွေကို ထွက်ပေါ်လာစေခဲ့တယ်။

မီးတောက်တွေ ဝုန်းခနဲ တောက်လောင်လာတာနဲ့အမျှ ဒန်ကန်ရဲ့ ခန္ဓာကိုယ်က ဝိညာဉ်ခန္ဓာအဖြစ် ပြန်ပြောင်းသွားတယ်။ လျှံထွက်လာတဲ့ မီးလျှံတွေက စားပွဲတစ်လျှောက်ကနေ တစ်ခန်းလုံးကို လွှမ်းခြုံသွားကာ အထက်ကုန်းပတ်အထိ ပျံ့နှံ့သွားပြီး နောက်ဆုံးမှာတော့ ရွက်တိုင်တွေကိုပါ ဖုံးလွှမ်းသွားကာ ရွက်ထည်ကြီးတစ်ခုအသွင် ပုံဖော်လိုက်တယ်။

ရွက်ထည်ငယ်၊ ရွက်ထည်ကြီး အမြောက်အမြားက ပင်လယ်လေညင်းနဲ့အတူ သူတို့ရဲ့ လမ်းကြောင်းတွေကို လိုက်လျောညီထွေ ပြောင်းလဲလိုက်တာကြောင့် ကြီးမားလှတဲ့ ရွက်တိုင်သုံးခုပါ သင်္ဘောကြီးက ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးထဲမှာ ဖြည်းဖြည်းချင်း အရှိန်မြှင့်ကာ ခရီးနှင်ပါတော့တယ်။

ဒန်ကန်က သူ့ရဲ့လုပ်ရပ်အတွက် ကျေနပ်သွားမိတယ်။ အဲဒီနောက် သူ့ရှေ့က မြေပုံစာမျက်နှာပေါ်ကို အကြည့်ရွှေ့လိုက်တော့ စာရွက်ပေါ်မှာက မီးခိုးရောင် မြူခိုးတွေ ပတ်ခွေနေတုန်းပါပဲ။ ဒါပေမဲ့ အန္တရဟိတကို ကိုယ်စားပြုတဲ့ ပုံရိပ်ကတော့ ရှင်းရှင်းလင်းလင်း ရွေ့လျားနေပြီး မှောင်မိုက်မှုတွေကို တွန်းဖယ်နေပါတယ်။

ခဏလောက် တွေးတောပြီးတဲ့နောက်မှာ သူက မြေပုံပေါ်မှာပဲ အာရုံစိုက်ဖို့ ကြိုးစားလိုက်တယ်။ အဲဒီနောက် စိမ်းဖန့်ဖန့် မီးတောက်ကို သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလို အသုံးပြုပြီး ဒီမြေပုံနဲ့ "ချိတ်ဆက်မှု" တစ်ခုကို ချက်ချင်း တည်ဆောက်လိုက်တဲ့အခါမှာတော့ မြေပုံက ထူးခြားတဲ့ ပစ္စည်းတစ်ခုဖြစ်သွားတော့တယ်။ သူ ထင်ထားတာထက် မြေပုံဆီမှာ လုပ်ဆောင်ချက်တွေအများကြီးရှိနေမှန်း နားလည်သွားခဲ့ရတယ်။

စမ်းသပ်ကြည့်တဲ့အနေနဲ့ သူက မြေပုံပေါ်က ပုံရိပ်ကို အန္တရဟိတ ရဲ့ ဘေးပတ်ပတ်လည်မှာ ချဲ့ကြည့်လိုက်၊ ကျုံ့ကြည့်လိုက် လုပ်ကြည့်တယ်။ ဒါက ရိုးရိုးမြေပုံတစ်ခုထက်စာရင် ရေဒါဖန်သားပြင်တစ်ခုနဲ့ ပိုတူကြောင်း သက်သေပြနေတာပါ။ အားနည်းချက်တစ်ခုကတော့ မြေပုံဟာ အန္တရဟိတ အရင်က ရောက်ဖူး၊ စူးစမ်းဖူးတဲ့ နေရာတွေကိုပဲ ပြသနိုင်ပြီး ကျန်တဲ့နေရာတွေကတော့ မှောင်မိုက်တဲ့ မြူခိုးဖြူတွေပဲ ဖုံးလွှမ်းနေဆဲဖြစ်နေတာလေ။

သူ့စိတ်ထဲက ဝမ်းသာမှုကို ထုတ်မပြဘဲ တည်ငြိမ်တဲ့ မျက်နှာပေးကို ဆက်ထိန်းထားရင်း ဒန်ကန်က စိမ်းဖန့်ဖန့် မီးတောက်တွေကို သူ ထိန်းချုပ်နိုင်သမျှ အဝေးဆုံးအထိ ဖြန့်ကြက်လိုက်တယ်။ အဲဒီကနေတစ်ဆင့် သူ့ရဲ့ အသိစိတ်က သင်္ဘောကြီးနဲ့ တစ်သားထဲ ဖြစ်သွားသလိုမျိုး သင်္ဘောကိုယ်ထည်နဲ့ ကုန်းပတ်ရဲ့ အစိတ်အပိုင်းတိုင်းကို ခံစားလာရတယ်။

မဟုတ်မှလွဲရော…… ဒါက "ကပ္ပတိန်" တစ်ယောက်ရဲ့ စွမ်းအားများလား။

ဒန်ကန်က ဒီစွမ်းအားနဲ့ တခြား ဘာတွေ လုပ်နိုင်ဦးမလဲဆိုတာကို တွေးတောနေမိတယ်။

ပထမဆုံးအနေနဲ့ ငါ ဒီဘက်မှာ ရှင်သန်ချင်ရင် ဒီစိမ်းဖန့်ဖန့် မီးတောက်တွေကို ကောင်းကောင်း ကျွမ်းကျင်အောင် လုပ်ရမယ်။

ဆိတ်ခေါင်း ခုနက ပြောခဲ့တဲ့ "နောက်ထပ် အစီအစဉ်" နဲ့ ပတ်သက်ရင်တော့…

မြေပုံကို ငုံ့ကြည့်လိုက်တဲ့အခါ သူ့အနေနဲ့ နောက်ထပ် ဘာလုပ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိသွားခဲ့ပါပြီ။

ငါက ဒီကမ္ဘာအကြောင်း သိပ်မသိသေးဘူးဆိုတော့ ဒီမြေပုံပွင့်လာအောင် အန္တရဟိတနဲ့ နည်းနည်းလောက် လှည့်လည်စူးစမ်းရမယ်။

ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ ဓားပြတိုက်ခံရမှာကို စိုးရိမ်စရာ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ "ကပ္ပတိန်ဒန်ကန်" ဆိုတဲ့ ပုံရိပ်က ဒီကမ္ဘာမှာ တကယ့် ကမ္ဘာ့အဆင့် လူဆိုးဆရာကြီးတစ်ယောက်လို ဖြစ်နေလို့ပါ။ တခြားသင်္ဘောတွေက သူ့ဆီ လာမယ့်အစား သူ့ကိုမြင်ရင် ထွက်ပြေးကြမှာဖြစ်လို့ သူကပဲ လိုက်ဖမ်းရမယ့် အခြေအနေမျိုး ဖြစ်နေတာလေ။

မီးတောက်တွေကို သူ့ခန္ဓာကိုယ်ထဲ ပြန်ရုပ်သိမ်းလိုက်ပြီးနောက် ဒန်ကန်က မြေပုံစားပွဲကနေ ထရပ်ပြီး သူ့ရဲ့ ပထမဆုံး စမ်းသပ်မှုကို လုပ်လိုက်တယ်။ သူက သရဲတစ္ဆေ ပုံစံမျိုး မဟုတ်တော့ပေမဲ့လည်း ကုန်းပတ်ပေါ်က စိမ်းဖန့်ဖန့် သရဲမီးတောက် ရွက်ထည်ကြီးကတော့ သူ အမိန့်မပေးမချင်း ပျောက်ကွယ်မသွားပါဘူး။ ကြည့်ရတာ သူက ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကို ဝိညာဉ်ခန္ဓာအဖြစ် ပြောင်းမလဲဆိုတာ စိတ်ကြိုက် ရွေးချယ်လို့ ရပုံပေါ်ပါတယ်။ အပြင်က စိမ်းဖန့်ဖန့် မီးတောက်တွေရဲ့ စွမ်းအင်အရင်းအမြစ်ကလည်း သူ့ဆီက မဟုတ်ဘဲ အန္တရဟိတ ဆီက ဖြစ်နေတာကြောင့်၊ သူနဲ့ သင်္ဘောက သီးခြားစီ ဖြစ်တည်မှုတွေ ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်တယ်။

ဒန်ကန်က မြေပုံစားပွဲကနေ ထွက်လာပြီး ဟိုဘက်ကမ္ဘာက သူ့ရဲ့ ကိုယ်ပိုင်တိုက်ခန်းဆီကို ဦးတည်နေတဲ့ တံခါးကို အာရုံစိုက်လိုက်တယ်။ သူ့ရဲ့ စွမ်းအားအသစ်တွေကို လေ့လာဖို့ဆိုရင် ပိုပြီး တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်နေပြီလေ။ ဒါပေမဲ့ အဲဒီလို မလုပ်ခင်မှာ သင်္ဘောက နယ်မြေအသစ်တွေကို မြေပုံဖော်ရင်း ဆက်ပြီး ခရီးနှင်နိုင်ဖို့ တစ်စုံတစ်ယောက်ကို သင်္ဘောမောင်းခိုင်း ထားဖို့ လိုပါတယ်။

သူ့ရဲ့ အကြည့်ကို ဆိတ်ခေါင်းဆီ ပို့လိုက်ရင်း ပြောလိုက်တယ်။

" သင်္ဘောကို မင်း ထိန်းကျောင်းထားလိုက်"

"ဗျာ"

သစ်သားရုပ်တုက ခဏလောက် ကြောင်အမ်းသွားပုံရတယ်။

"ဒါပေမဲ့ ကပ္ပတိန်။ ခင်ဗျားက…"

"ငါ လုပ်စရာ ကိစ္စရှိသေးတယ်။ ဒီအချိန်အတွင်း ငါ့ကို လာမနှောင့်ယှက်နဲ့"

ဒန်ကန် က ဆိတ်ခေါင်း ဘာပြောမလဲဆိုတာ ဂရုမစိုက်ဘဲ အမိန့်ပေးလိုက်တယ်။

သူ သိရသလောက်တော့ အန္တရဟိတ တစ်စင်းလုံးက နှလုံးသားနဲ့ သွေးကြောတွေလိုမျိုး ကပ္ပတိန်အခန်းနဲ့ ချိတ်ဆက်နေတာပါ။ ဆိတ်ခေါင်းလည်း အပါအဝင်ပေါ့။ ဒါကြောင့် ဆိတ်ခေါင်းကလည်း သူ့လိုပဲ သင်္ဘောပေါ်မှာ ဘာဖြစ်နေလဲဆိုတာ သိနိုင်စရာ ရှိပါတယ်။ တကယ်တော့ ဒန်ကန်က ဒီသစ်သားရုပ်တုဟာ သရဲသင်္ဘောရဲ့ "ထိန်းချုပ်မှုစနစ်" တစ်ခုခု ဖြစ်လိမ့်မယ်လို့ သံသယရှိနေတာပါ။ ခေတ်မီသင်္ဘောတွေပေါ်က အရေးပေါ်အခြေအနေမှာ အလိုအလျောက် မောင်းနှင်ပေးတဲ့ AI စနစ်လိုမျိုးပေါ့။

ဒန်ကန်က ဒီသင်္ဘောကို ကိုယ်တိုင်ဆောက်ခဲ့တာ မဟုတ်တာမလို့ သင်္ဘောက ဘယ်လိုအလုပ်လုပ်လဲဆိုတာ သေသေချာချာ မသိပါဘူး။ ဒါပေမဲ့ ဒါက လောလောဆယ် သူ ခန့်မှန်းနိုင်တဲ့ အကောင်းဆုံး အဖြေပါပဲ။ တခြားတစ်ဖက်မှာလည်း ဆိတ်ခေါင်းက သူ့ကိုသူ ဒုကပ္ပတိန်၊ လမ်းကြောင်းတာဝန်ခံ၊ ကုန်းပတ်တာဝန်ခံ ဆိုပြီး အမြဲ ပြောနေတာပဲလေ။ တကယ်လို့ ဒီလောက်အကူအညီတောင် မပေးနိုင်ရင် သူ့ကို ဘာအတွက် သုံးရမှာလဲ။ ဘာမှသုံးမရရင် ဒန်ကန် အနေနဲ့ စိတ်ရှုပ်စရာ ဆိတ်ခေါင်းကို ပင်လယ်ထဲ ပစ်ချပြီး အဲလစ် ကိုပဲ ရာထူး တိုးပေးလိုက်တာ ပိုကောင်းမှာပေါ့။

တစ်မိနစ်လောက် ကြာပြီးတဲ့နောက်မှာတော့ ဆိတ်ခေါင်းက နောက်ဆုံးမှာတော့ စိတ်အနှောင့်အယှက်ဖြစ်စရာ ပျော်ရွှင်မြူးထူးတဲ့ လေသံနဲ့ ပြန်ဖြေလာခဲ့တယ်။

"အာ… ကောင်းပါပြီ ကပ္ပတိန်ကြီး။ ကပ္ပတိန်ရဲ့ သစ္စာရှိတဲ့…"

ဒန်ကန် က သူ့စကားတွေကို လျစ်လျူရှုပြီး လက်ကာပြလိုက်တယ်။ သူ့ရဲ့ တိုက်ခန်းဆီ ပြန်မယ့် တံခါးဘက်ကို လှည့်ကာ မရေမရာဖြစ်နေတဲ့ မြူခိုးတွေထဲကို သာမန်အတိုင်း လှမ်းဝင်လိုက်ပြီး သူ့နောက်က တံခါးကို ပိတ်လိုက်တာကြောင့် ဒီနေ့အတွက် သူ့ရဲ့ စူးစမ်းမှုကတော့ ပြီးဆုံးသွားပါတော့တယ်။

All Chapters