အခန်း ၁၆
Vol. 2 Ch. 16
အခန်း (၁၆)
နာမ်လောကကို ဖြတ်သန်းခရီးနှင်ခြင်း
သူ့နောက်မှာ တံခါးပိတ်သွားတာနဲ့ ဆိတ်ခေါင်းရဲ့ ဗလာဖြစ်နေတဲ့ အကြည့်တွေကိုလည်း မမြင်ရတော့ပါဘူး။ ဒါပေမဲ့လည်း ဒန်ကန်ဟာက သူ့ရဲ့ စိတ်ထဲကနေ အန္တရဟိတ ရဲ့ အခြေအနေကို လှမ်းပြီး အာရုံခံလို့ ရနေတုန်းပါပဲ။ လှုပ်ရှားနေတဲ့ ပဲ့ထိန်းဘီးကြီး၊ လမ်းကြောင်းညှိနေတဲ့ ရွက်ထည်တွေနဲ့ ရေပြင်ပေါ်မှာ တည်ငြိမ်စွာ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောကြီးရဲ့ လှုပ်ရှားမှုတွေအထိပေါ့။
သူ ထင်ထားတဲ့အတိုင်းပဲ ဆိတ်ခေါင်းက ယာယီ ထိန်းချုပ်မှုကို လွှဲပြောင်းယူလိုက်ပြီး ဒုကပ္ပတိန် တစ်ယောက်အနေနဲ့ သူ့ရဲ့ တာဝန်တွေကို စတင်ထမ်းဆောင်နေပါပြီ။
ဒါပေမဲ့လည်း အန္တရဟိတ ရဲ့ လှုပ်ရှားမှု မြန်ဆန်သွက်လက်နှုန်းကတော့ ဒန်ကန် ကိုယ်တိုင် မောင်းနှင်တဲ့ အချိန်နဲ့ ယှဉ်ရင် အများကြီး ကွာခြားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အဓိက ရည်ရွယ်ချက်က မြေပုံပေါ်က မြူခိုးတွေကို ဖယ်ရှားဖို့ပဲ ဖြစ်တာကြောင့် နည်းနည်း နှေးကွေးနေလည်း ဘာမှ ပြဿနာတော့မရှိပါဘူး။
ဆိတ်ခေါင်းနဲ့ အရုပ်မလေးတို့ကြားမှာ ဘာအန္တရာယ်မှ ဖြစ်မလာနိုင်မှန်း သေချာသွားတဲ့အခါမှပဲ ဒန်ကန် က သက်ပြင်းတစ်ချက် အသာချလိုက်ပြီး သက်တောင့်သက်သာရှိတဲ့ ကပ္ပတိန်အခန်းကို အာရုံစိုက်လိုက်တယ်။
ဒီအခန်းက သင်္ဘောပေါ်မှာ သူ့အတွက် သီးသန့်နားခိုဖို့ ပြင်ဆင်ထားတဲ့ အခန်းဖြစ်ပြီး အခန်းအားလုံးထဲမှာ အသပ်ရပ်ဆုံး အခန်းလည်း ဖြစ်ပါတယ်။ အိပ်ရာအိအိလေးအပြင် တံခါးနဲ့ မျက်နှာချင်းဆိုင် နံရံဘက်မှာ ရှေးဟောင်းပုံစံ ဗီရိုကြီးနဲ့ စင်တစ်ခု ရှိနေပါတယ်။ စိတ်ပျက်စရာကောင်းတာက အဲဒီစင်ပေါ်မှာ စာအုပ်တစ်အုပ်မှ မရှိဘဲ ပြတင်းပေါက်အနားက စားပွဲပေါ်မှာတော့ စာရေးဖို့ သုံးတဲ့ ကလောင်တံတွေနဲ့ ကိရိယာတချို့ပဲ ရှိနေတာပါ။ အဲဒီစားပွဲနားမှာပဲ အရင်က ဒန်ကန် ရှာတွေ့ခဲ့တဲ့ သေနတ်နဲ့ ပင်လယ်ဓားပြ ဓားရှည်ကို ချိတ်ဆွဲဖို့အတွက် ချိတ်တွေလည်း ရှိနေပါတယ်။
ဒန်ကန်ဟာ စာရေးစားပွဲဆီ လျှောက်သွားပြီး သေနတ်နဲ့ ဓားမြှောင်ကို တင်လိုက်ကာ ယမ်းမှုန့်နဲ့ ခဲကျည်ဆန်တွေ ထည့်ထားတဲ့ အောက်က အံဆွဲကို ဆွဲဖွင့်လိုက်တယ်။
အံဆွဲထဲမှာ တခြားပစ္စည်းတွေကြားထဲ သိမ်းထားတဲ့ ကြေးဝါ သံလိုက်အိမ်မြှောင်လေး တစ်ခုလည်း ရှိနေပါတယ်။ ထုံးစံအတိုင်းပဲ သံလိုက်အိမ်မြှောင်အပ်က တစ်စုံတစ်ရာသော ကမောက်ကမ စွမ်းအင်စက်ကွင်းကြောင့် သူ ကောက်ကိုင်လိုက်တာနဲ့ ရူးသွပ်စွာ လည်ပတ်နေပါတော့တယ်။ ဒါ့အပြင် သံလိုက်အိမ်မြှောင်ရဲ့ ကြေးဝါကိုယ်ထည် အောက်ခြေမှာ "ငါတို့အားလုံးက လမ်းပျောက်နေတဲ့ ဝိညာဉ်တွေပါ" ဆိုတဲ့ စာသားလေးကိုလည်း ထွင်းထုထားပါတယ်။
စားပွဲမှာ ထိုင်ရင်း သံလိုက်အိမ်မြှောင်လေးကို ကစားကာ ဒန်ကန် က ဒီနေ့ ရရှိခဲ့တဲ့ သတင်းအချက်အလက်အသစ်တွေကို စဉ်းစားသုံးသပ်နေမိတယ်။ စားပွဲဘေးမှာ တိတ်ဆိတ်မှုတွေ လွှမ်းမိုးနေပြီး သူ့ရဲ့ လက်ချောင်းထိပ်ကနေ စိမ်းဖန့်ဖန့် မီးတောက်လေး တစ်ခုကို အသာလေး တောက်လိုက်တဲ့အခါ မီးတောက်နဲ့ နီးစပ်တဲ့ လက်တစ်ပြင်လုံးက ဝိညာဉ်ခန္ဓာအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ဒါကို ကြည့်ရင် သူသာအလိုရှိရင် သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို စိတ်ကြိုက် ပြောင်းလဲလို့ ရတယ်ဆိုတဲ့ သီအိုရီက မှန်ကန်ကြောင်း အတည်ပြုနိုင်သွားတယ်။
အဲဒီနောက် သူ့ခေါင်းထဲကို နောက်ထပ် စိတ်ကူးတစ်ခု ရောက်လာခဲ့တယ်။ တကယ်လို့ သူက ဒီမီးတောက်တွေကို အန္တရဟိတ တစ်ခုလုံးဆီ ဖြန့်ကြက်နိုင်တယ်ဆိုရင်၊ သင်္ဘောနဲ့ တိုက်ရိုက် မပတ်သက်တဲ့ တခြားပစ္စည်းတွေအပေါ်မှာကော စမ်းသပ်လို့ ရမလား။ စားပွဲပေါ်က ရှေးဟောင်း ကလောင်တံတစ်ချောင်းကို အားတဲ့လက်နဲ့ လှမ်းယူလိုက်ပြီး စိမ်းဖန့်ဖန့် မီးတောက်ထဲကို ကလောင်တံထိပ်ဖျားလေးကို ဖြည်းဖြည်းချင်း နှစ်လိုက်တယ်။ ထင်ထားသလို မီးတောက်သွားတာမျိုး မရှိဘဲ ဗစ်တိုးရီးယားခေတ် လက်ရာ ကလောင်တံ မျက်နှာပြင်ပေါ်မှာ စိမ်းဖန့်ဖန့် အရိပ်အယောင်လေး ဖြန့်ကျက်သွားပြီး ထူးဆန်းတဲ့ အလင်းရောင်လေး တစ်ချက် ထွက်ပေါ်လာပါတယ်။
ဒါပေမဲ့ သင်္ဘောရွက်ထည်တွေနဲ့ ပဲ့ထိန်းဘီးကြီးတွေကို စွမ်းအားနဲ့ ချိတ်ဆက်စဉ်ကလိုမျိုး ဒန်ကန် ရဲ့ စိတ်ထဲမှာ ဘာအာရုံခံစားမှုမှတော့ ပြန်မရခဲ့ပါဘူး။
ဒီတွေ့ရှိချက်ကို စိတ်ထဲမှာ မှတ်သားလိုက်ပြီး ဒန်ကန် က စိမ်းဖန့်ဖန့် မီးတောက်က သာမန်မီးတွေလို မလောင်ကျွမ်းနိုင်သလို၊ အပူချိန်လည်း မရှိဘဲ သာမန်ပစ္စည်းတွေအပေါ်မှာ ဘာသက်ရောက်မှုမှ မပေးနိုင်ဘူးလို့ ကောက်ချက်ချလိုက်တယ်။ ဒါဆိုရင် အန္တရဟိတ ရဲ့ အပြင်ဘက်က ပစ္စည်းတွေကို မီးရှို့ဖို့ ကြိုးစားရင် ဘာဖြစ်မလဲ။ မီးတောက်က တုံ့ပြန်မှု ရှိလောက်မလား။
ဒန်ကန် က ဒီအကြံကို ခဏလောက် တွေးတောပြီးတဲ့နောက် ဂေါသစ်ပုံစံ အရုပ်မလေးရဲ့ ပုံရိပ်ကို ပြေးမြင်မိသွားတယ်။ ပြောရရင် သူက အန္တရဟိတ နဲ့ ပတ်သက်တဲ့အရာ မဟုတ်ဘူးလေ။
အရုပ်မလေးကော ဒီသရဲမီးတောက်ရဲ့ သက်ရောက်မှုကို ခံရမလား။
ဒါပေမဲ့ အရုပ်မလေးကို မီးရှို့ကြည့်မယ့် အတွေးကိုတော့ ခေါင်းထဲကနေ ချက်ချင်းပဲ မောင်းထုတ်လိုက်ပါတယ်။ အဲလစ် က ကျိန်စာသင့်ရုပ်သေးရုပ် ဖြစ်နေပေမဲ့လည်း အဲလစ်က ကိုယ်ပိုင်အသိစိတ်နဲ့ ဆန္ဒရှိတဲ့ ဖြစ်တည်မှုတစ်ခုပဲလေ။ ဒီလို လူမဆန်တဲ့အလုပ်မျိုး လုပ်ဖို့က ဒန်ကန်ရဲ့ ကိုယ်ကျင့်တရား စံနှုန်းနဲ့ လုံးဝ မကိုက်ညီပါဘူး။
ဒီလိုနဲ့ပဲ ဒန်ကန် က အခန်းထဲက တခြားပစ္စည်းတွေမှာ သဘာဝလွန် စွမ်းအင်တွေ ရှိမလားဆိုပြီး ထပ်ခါထပ်ခါ စမ်းသပ်နေတုန်း ကြေးဝါ သံလိုက်အိမ်မြှောင်လေးဟာ သူ့လက်ထဲမှာ ရှိနေသေးတာကို သတိရသွားတယ်။
သံလိုက်အိမ်မြှောင်လေးက စားပွဲပေါ်မှာ ငြိမ်သက်စွာ ရှိနေပြီး သံလိုက်အိမ်မြှောင်အပ်ကတော့ ပုံမှန်အတိုင်း ရူးရူးမူးမူး လည်နေတုန်းပါပဲ။ ဒါပေမဲ့ သူ့စိတ်ထင်လို့ပဲလားတော့ မသိဘူး၊ သူက အဲဒီသံလိုက်အိမ်မြှောင်လေးကို "စိတ္တဇဆန်တဲ့"အကြည့်နဲ့ စိုက်ကြည့်လိုက်တဲ့အခါ သံလိုက်အိမ်မြှောင်အပ်က တစ်စက္ကန့်ရဲ့ အပုံတစ်ရာပုံလောက် ခဏလေး တန့်သွားတာကို တွေ့လိုက်ရတယ်။
“…..”
ဒီအရာက ငါ့အကြည့်ကို တုံ့ပြန်လိုက်တာပဲ။
တကယ်တော့ သူက ဒီသံလိုက်အိမ်မြှောင်ကို နည်းနည်းလေး ကြောက်နေမိတာပါ။ ဘာပဲဖြစ်ဖြစ် သံလိုက်အိမ်မြှောင်ပေါ်မှာ "တကယ့် ကပ္ပတိန်ဒန်ကန်" ချန်ထားခဲ့တဲ့ လက်ရေး ရှိနေတာမလို့ သေဆုံးသွားတဲ့ သရဲကပ္ပတိန်က သူခိုးတွေ မခိုးနိုင်အောင် တစ်ခုခု လုပ်ထားမလားဆိုပြီး စိုးရိမ်မိတာလေ။ ဒါပေမဲ့ အခုတော့ သူ့အကြည့်ကို တုံ့ပြန်တာ မြင်လိုက်ရတဲ့အတွက် ဘယ်လိုအန္တရာယ်ပဲ ရှိရှိ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။
အေးစက်နေတဲ့ ကြေးဝါကိုယ်ထည်ကို လှမ်းကိုင်လိုက်ပြီး စိမ်းဖန့်ဖန့် မီးတောက်လေး တောက်နေတဲ့ လက်ချောင်းနဲ့ တိုက်ရိုက် ထိတွေ့လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ သံလိုက်အိမ်မြှောင်လေးက သရဲမီးတောက်တွေ ဝုန်းခနဲ တောက်လောင်သွားပြီး မီးတောက်ထဲမှာ ပုံရိပ်ပေါင်းများစွာ ဖြတ်ခနဲ ဖြတ်ခနဲ ပေါ်လာပြီးမှ ပြန်ငြိမ်သက်သွားတယ်။ စဉ်ဆက်မပြတ် လည်ပတ်နေတဲ့ သံလိုက်အိမ်မြှောင်အပ်ကလည်း ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးရဲ့ လမ်းကြောင်းတစ်ခုဆီကို တည့်တည့်မတ်မတ် ညွှန်ပြသွားပါတော့တယ်။
ဒန်ကန် ရဲ့ ရင်တွေ တဒိန်းဒိန်း ခုန်သွားခဲ့ရတယ်။ ဒီအချိန်မှာတော့ သံလိုက်အိမ်မြှောင်ဆီက တုံ့ပြန်မှုကို ကောင်းကောင်း အာရုံခံမိလိုက်တာမလို့ ဒါက သူ့ရဲ့ သရဲမီးတောက်နဲ့ ထိန်းချုပ်လို့ရတဲ့ "သဘာဝလွန်ပစ္စည်း" တစ်ခု ဖြစ်မှန်း အတည်ပြုနိုင်သွားပါပြီ။ ဒါပေမဲ့ ဒီချိတ်ဆက်မှုရဲ့ အသေးစိတ်ကို သူ မစူးစမ်းရသေးခင်မှာပဲ ပြင်းထန်လွန်းတဲ့ "အား" တစ်ခုက သူ့ဆီကို ရုတ်တရက် ရိုက်ခတ်လာတော့တယ်။
သူ့ရဲ့ ခန္ဓာကိုယ်က တစ်ချက် တုန်ခါသွားသလို ခံစားလိုက်ရပြီး နောက်တစ်စက္ကန့်မှာတော့ အမြင်တွေအားလုံး ဝေဝါးသွားခဲ့တယ်။ အခန်းထဲက ပရိဘောဂတွေက ဘာမှမရှိတဲ့ ဗလာနယ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ဘေးပတ်ပတ်လည်က နံရံတွေနဲ့ မျက်နှာကျက်တွေကလည်း ဆောင်းရာသီရဲ့ နေ့တိုလေးမှာ ကျဆင်းလာတဲ့ နှင်းပွင့်တွေလိုမျိုး ပျော်ကျပျက်စီးသွားခဲ့ပါပြီ။ အခုတော့ အဆုံးမရှိတဲ့ မှောင်မိုက်မှုကြီးပဲ ကျန်ရစ်ပါတော့တယ်။
ဒန်ကန်က ဗလာထုဖြစ်နေတဲ့ ဒီအမှောင်ထုကြီးထဲမှာ အံ့ဩတုန်လှုပ်စွာနဲ့ မတ်တပ်ရပ်နေမိတယ်။ စိုးရိမ်စိတ်တွေနဲ့အတူ သူ့ရဲ့ ပထမဆုံး တုံ့ပြန်မှုက ဘေးနားမှာ တင်ထားခဲ့တဲ့ သေနတ်နဲ့ ဓားမြှောင်ကို လှမ်းရှာဖို့ပါပဲ။ ဒါပေမဲ့ ထိတ်လန့်စရာကောင်းတာက သူ့ရဲ့ လက်နက်တွေ မရှိတော့ဘဲ လက်ထဲမှာတော့ ကြေးဝါ သံလိုက်အိမ်မြှောင်လေးကိုပဲ ဆုပ်ကိုင်ထားမိတာကို တွေ့လိုက်ရတယ်။
သူ ဇဝေဇဝါနဲ့ မျက်တောင်ခတ်နေတုန်း သံလိုက်အိမ်မြှောင် ဘေးပတ်လည်ကနေ မရေမတွက်နိုင်တဲ့ အလင်းမျှင်တန်းလေးတွေ ထွက်ပေါ်လာပြီး အမှောင်ထုကြီးနဲ့ ရောယှက်သွားတော့တယ်။ မကြာခင်မှာပဲ ကောင်းကင်က ကြယ်စင်စုတွေလိုမျိုး လင်းလက်တောက်ပနေတဲ့ အလင်းစက်လေးတွေက စကြဝဠာထဲက ဂလက်ဆီတစ်ခုလို ဘေးပတ်ပတ်လည်မှာ ပြန့်ကျဲထွက်ပေါ်လာပါတယ်။
ဒါက တကယ်ကို ခမ်းနားလွန်းလှတဲ့ မြင်ကွင်းတစ်ခုဖြစ်ပြီး ဂလက်ဆီတစ်ခု စတင်မွေးဖွားလာသလိုမျိုး တင်စားရလောက်အောင်ပါပဲ။
ဒီအချိန်မှာ ဒန်ကန်ရဲ့ စိတ်ထဲမှာ စိုးရိမ်စိတ်၊ မလုံခြုံမှု စတဲ့ ခံစားချက်ပေါင်းစုံ ပေါ်လာပေမဲ့ အန္တရာယ်ရှိတယ်ဆိုတဲ့ ခံစားချက်မျိုးတော့ လုံးဝ မရှိခဲ့ပါဘူး… တကယ်တော့ ထူးဆန်းတဲ့ ဒီကမ္ဘာထဲမှာ ပိတ်မိနေကတည်းက မရရှိခဲ့ဖူးတဲ့ တည်ငြိမ်အေးချမ်းမှုကို ဒီနေရာမှာ သူ ခံစားလိုက်ရတာပါ။
နောက်တစ်စက္ကန့်မှာတော့ ဒန်ကန်ရဲ့ အကြည့်က အထက်က ကြယ်တစ်စင်းဆီကို အလိုလိုလှမ်းကြည့်မိသွားတယ်။ အဲဒီကြယ်က မတည်မငြိမ် ဖြစ်နေပြီး အမှောင်ထုထဲကို လုံးဝ ပျောက်ကွယ်တော့မယ့် ပုံစံမျိုး ဖြစ်နေတာပါ။
ဘာကြောင့်လဲ၊ ဘာက သူ့ကို တွန်းအားပေးလိုက်လဲဆိုတာ ဒန်ကန် မသိပေမဲ့ သူ့ရဲ့ လက်တွေကို ဆန့်ထုတ်ပြီး အဲဒီကြယ်လေးကို လှမ်းဖမ်းချင်စိတ် ပေါ်လာမိတယ်။
အဲဒီနောက်မှာတော့ ပြင်းထန်လွန်းတဲ့ ဆွဲအားတစ်ခုက သူ့ကို ဆွဲခေါ်သွားတော့တယ်။ ဒန်ကန်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အရှိန်အဟုန်နဲ့ ပျံသန်းသွားပြီး အဲဒီကြယ်လေးဆီကို အလွန်မြန်တဲ့ အရှိန်နဲ့ ဦးတည်သွားတာကြောင့် သံလိုက်အိမ်မြှောင်ဘေးက အလင်းမျှင်တန်းတွေက နောက်မှာ ကျန်ရစ်ခဲ့ပြီး ကြယ်စင်တန်းတွေကလည်း သူ့မျက်စိထဲမှာ ဝေဝါးသွားခဲ့ပါတယ်။
ဒီလို မြန်ဆန်လှတဲ့ ပျံသန်းမှုကြားထဲမှာ သူက ဒီအရာအားလုံးကို ဖြစ်ပေါ်စေတဲ့ သံလိုက်အိမ်မြှောင်ကို မသိစိတ်ကနေ ပိုပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဖို့ ကြိုးစားလိုက်ပေမဲ့ အခုအချိန်မှာတော့ လက်ထဲမှာ ဘာမှမရှိတော့မှန်း သိလိုက်ရတယ်။ ဒါပေမဲ့ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ အဲဒီကြယ်ဆီကို မလွှဲမရှောင်သာ တိုးဝင်နေတုန်းမှာပဲ သူ့မျက်လုံးထောင့်ကနေ အရိပ်တစ်ခုကို ရုတ်တရက် သတိပြုမိလိုက်တယ်။
အဲ့ဒီအရိပ်က သူ့အနားမှာ ပေါ်လာတဲ့ အရိပ်တစ်ခုပါ။ ဒီအရိပ်က တကယ့်ကို သဘာဝကျလွန်းတယ်လို့ပဲ သူခံစားမိနေတယ်။ အဲဒီနောက်မှတော့ အဲဒီပုံရိပ်ကို သူ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့တယ်။ ပြောရရင်တော့ အတောင်ပံတွေကို ဖြန့်ပြီး ပျံသန်းနေတဲ့ ငှက်တစ်ကောင်ရဲ့ ပုံသဏ္ဌာန်နဲ့ တူပါတယ်။ ဒါပေမဲ့ အသေးစိတ်ကို ထပ်ပြီး မမြင်ရခင်မှာပဲ သူ့ရဲ့ အမြင်အာရုံတွေ အားလုံး မှောင်မိုက်သွားတော့တယ်…
ဒန်ကန် တစ်ယောက် သူ့ရဲ့ အသိစိတ်တွေ ပြန်လည်ရရှိလာတဲ့ အချိန်မှာတော့ လက်တွေ့လောကရဲ့ ကြမ်းပြင်ပေါ်မှာ ပြန်ရောက်နေပါပြီ။ အခုလေးတင် ဖြတ်သန်းခဲ့ရတဲ့ သဘာဝလွန် ခရီးစဉ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးလည်း အေးစက်ပြီး လေးလံနေပါတော့တယ်။