အခန်း ၁၇
Vol. 2 Ch. 17
အခန်း (၁၇)
ဂူ
အေးစက်စိုစွတ်ပြီး ပုပ်စော်နံလှတဲ့ အပုပ်နံ့တွေနဲ့အတူ ကြမ်းပြင်ပေါ်မှာ သံကြိုးတရွတ်တိုက်ဆွဲသံတွေ ရောပြွမ်းနေတဲ့ ထူးဆန်းတဲ့ အာရုံခံစားမှုများစွာက ဒန်ကန် ရဲ့ စိတ်ထဲကို တိုးဝင်လာခဲ့တယ်။ ဒါပေမဲ့ သူဟာ မျက်လုံးဖွင့်ဖို့ အားယူလို့မရသေးပါဘူး။ သူ့ရဲ့ ဝိညာဉ်က နှစ်ပိုင်း ကွဲထွက်သွားသလို ခံစားနေရပြီး တစ်ပိုင်းက အန္တရဟိတ ပေါ်မှာ ကျန်ရစ်ခဲ့ကာ ကျန်တဲ့တစ်ပိုင်းကတော့ ဟောင်းနွမ်းပျက်စီးနေတဲ့ တိပ်ခွေအသံဖမ်းစက်အိုကြီးတစ်ခုလိုမျိုး ထိန်းချုပ်ရ တကယ့်ကို ခက်ခဲလွန်းတဲ့ လုံးဝစိမ်းသက်တဲ့ ခန္ဓာကိုယ်အိမ်တစ်ခုထဲကို အတင်း ထိုးသွတ်ခံထားရသလို ဖြစ်နေတာပါ။ ကမောက်ကမ ဖြစ်နေတဲ့ အာရုံခံစားမှုတွေက အာရုံကြောတွေတစ်လျှောက် ပြေးလွှားဆူပူနေတာကြောင့် သူ့ရဲ့ ခြေလက်တွေက ထုံကျဉ်ပြီး ထိုင်းမှိုင်းနေပါတယ်။
ဒီလိုမသက်မသာ ဖြစ်နေတဲ့ ခံစားချက်က မိနစ်အနည်းငယ်လောက် ကြာသွားပြီးတဲ့နောက်မှာမှ တဖြည်းဖြည်း လျော့ပါးသွားခဲ့ပြီး ဒန်ကန်ဟာ အချိန်အတန်ကြာအောင် အိပ်ပျော်နေတဲ့ အခြေအနေကနေ နိုးထလာကာ အနည်းငယ် လှုပ်ရှားနိုင်လာပါတယ်။
မျက်လုံးကို အရင်ဆုံး အားယူဖွင့်ကြည့်လိုက်တဲ့အခါ ဒန်ကန်ဟာ ပတ်ဝန်းကျင်ကို မြင်လိုက်ရတယ်။
ဒီနေရာက မြေအောက်ဂူသင်္ချိုင်းလို နေရာမျိုးဖြစ်ပြီး အဝေးက ကျောက်နံရံတွေမှာ မီးတုတ်တွေကို ထိုးစိုက်ထားတာကြောင့် တုန်ရီနေတဲ့ မီးလျှံတွေက ဘေးပတ်လည်က ကြောက်မက်ဖွယ် မြင်ကွင်းကို ထင်ဟပ်နေပါတယ်။ ရွှံ့တွေ၊ ကျောက်တုံးတွေပေါ်မှာ အစုလိုက်အပုံလိုက် စုပုံပစ်ထားတဲ့ လူတွေ…. တိတိကျကျပြောရရင် လူသေအလောင်း အမြောက်အမြားကို ဒန်ကန် မြင်လိုက်ရတယ်။ အလောင်းအများစုက ခြေပြတ်လက်ပြတ်နဲ့ စုတ်ပြတ်သတ်နေပြီး ပုပ်ပွနေတဲ့ လက္ခဏာတွေ သိသိသာသာ ပြသနေတာကြောင့် တဝဲဝဲတလည်လည်ဖြစ်နေတဲ့ အပုပ်နံ့တွေက ဘယ်ကလာလဲဆိုတာ ရှင်းပြနေသလိုပါပဲ။
အမြင်အာရုံအပြင် သူ့ရဲ့ နားထဲမှာလည်း အသံဖျော့ဖျော့လေးတွေ ကြားနေရတယ်။ ဒီဂူရဲ့ အပေါ်ပိုင်းကနေ ရေစက်ကျသံတွေနဲ့ အဝေးက ရေမြောင်းထဲမှာ ရေဆိုးတွေ မြစ်တစ်စင်းလို စီးဆင်းနေသံတွေကို ကြားနေရတာပါ။ ဒီသဲလွန်စတွေကို ကြည့်ရင် ဒီဂူက တစ်စုံတစ်ရာသော ရေဆိုးထုတ် စနစ်တစ်ခုနဲ့ ဆက်သွယ်နေတာ သေချာပါတယ်။
ဒန်ကန်က ဇဝေဇဝါနဲ့ မျက်တောင်ခတ်ရင်း ဘာတွေဖြစ်နေလဲဆိုတာ စဉ်းစားဖို့ ကြိုးစားလိုက်တယ်။ ထူးဆန်းတဲ့ ပတ်ဝန်းကျင်ကို ခဏလျစ်လျူရှုထားလိုက်ပြီး ပထမဆုံးအနေနဲ့ ဒါက သူ့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ် ဟုတ်မဟုတ် အရင်ဆုံး အတည်ပြုဖို့ လုပ်လိုက်တယ်။ သူ့ရဲ့ ညာဘက်လက်ကို ငုံ့ကြည့်လိုက်တဲ့အခါ တွေ့လိုက်ရတာက ပိန်လှီခြောက်ကပ်နေပြီး ရင်းနှီးမှုမရှိတဲ့ လက်ချောင်းငါးချောင်းပါ။ သူ ကိုင်ထားခဲ့တဲ့ ကြေးဝါသံလိုက်အိမ်မြှောင်ကတော့ လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ။
အဲဒီနောက် ဘာဖြစ်ခဲ့လဲဆိုတာ ပြန်စဉ်းစားဖို့ ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တဲ့အခါ ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကြီးနဲ့ အလင်းမျှင်တန်းတွေရဲ့ ပုံရိပ်တွေက သူ့ခေါင်းထဲကို ဒီရေလို တိုးဝင်လာခဲ့တယ်။ သူ မှတ်မိသလောက်တော့ သူနောက်ဆုံး တွေ့လိုက်ရတဲ့ အရိပ်က ငှက်တစ်ကောင်ရဲ့ ပုံသဏ္ဌာန် ဖြစ်ဖို့များပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သူ့ဘေးမှာ အဲဒီလိုပုံသဏ္ဍာန်မျိုး ဘာမှ ရှိမနေပါဘူး။
ကြည့်ရတာ အဲဒီငှက်က သူ့လိုမျိုး လက်တွေ့လောကထဲကို ရောက်မလာနိုင်ခဲ့ဘူး ထင်တယ်။
ဒန်ကန်ဟာ စိုးရိမ်စိတ်တွေကို ဖိနှိပ်ဖို့အတွက် လက်ချောင်းတွေကို အသာအယာ စုလိုက်ပြီး လက်သီးဆုပ်လိုက်တယ်။ အဲဒီနောက် သူ့ရဲ့ လက်အသစ်ကို အမျိုးမျိုး လှုပ်ရှားကြည့်နေတုန်း သူ့ရဲ့ လက်ညှိုးထိပ်ကနေ စိမ်းဖန့်ဖန့် မီးတောက်လေး တစ်ပွင့် ထွက်ပေါ်လာခဲ့တယ်။
ဒီသရဲမီးတောက်က ဒန်ကန် အရင်က အသုံးပြုခဲ့တဲ့ မီးတောက်ထက် အများကြီး ပိုပြီး အားနည်းတယ်လို့ ဆိုရပါမယ်။ ဒါပေမဲ့လည်း သူ ကောင်းကောင်း မလေ့လာရသေးတဲ့ ဒီစွမ်းအားသစ် ဆုံးရှုံးမသွားတာကို သိလိုက်ရတာကြောင့် သူ့ရဲ့ ကြောက်ရွံ့မှုကိုတော့ ပြေပျောက်စေခဲ့တယ်။ ဒါ့အပြင် မီးတောက်နဲ့ ချိတ်ဆက်မှုကလည်း ထူးဆန်းတဲ့ခံစားချက်ကိုပေးစွမ်းနေတုန်းပါပဲ။ သူ့ရဲ့ ဝိညာဉ်နောက်တစ်ပိုင်းက ဒီနေရာမှာ ရှိမနေဘဲ အန္တရဟိတ ပေါ်က စာရေးစားပွဲမှာ ကြေးဝါသံလိုက်အိမ်မြှောင်ကို ကိုင်ပြီး ထိုင်နေတုန်းဆိုတာကို သူ ရှင်းရှင်းလင်းလင်း သတိပြုမိနေပါတယ်။
ခန္ဓာကိုယ်နှစ်ခု ကွဲထွက်နေတဲ့ ခံစားချက်က တကယ့်ကို ထူးဆန်းလွန်းပါတယ်။ ဒါပေမဲ့ ဒန်ကန် အနေနဲ့ ဘာတွေဖြစ်ပျက်နေလဲဆိုတာကိုတော့ မရေမရာ သိရှိနေပါတယ်။ သူ့ရဲ့ ဝိညာဉ်အစိတ်အပိုင်းတစ်ခုက အဝေးတစ်နေရာက တခြားစိတ်ဝိညာဉ်တစ်ခုဆီကို ရောက်ရှိသွားပြီး ဒီထူးဆန်းတဲ့ ခန္ဓာကိုယ်ထဲမှာ ဝင်ရောက်ပူးကပ်သွားတာပါ။
ဒီဖြစ်ရပ်က အဲဒီကြေးဝါ သံလိုက်အိမ်မြှောင်နဲ့ သေချာပေါက် ပတ်သက်နေပါလိမ့်မယ်။
ဒါက အဲဒီ "ပစ္စည်း" ရဲ့ စွမ်းအားများလား။
ဒန်ကန် ရဲ့ စိတ်ထဲမှာ အတွေးတချို့ ရှိနေပေမဲ့ ထိုင်စဉ်းစားနေဖို့အတွက် အချိန်အများကြီး မပေးဖြစ်ခဲ့ပါဘူး။ အန္တရဟိတ ပေါ်က သူ့ရဲ့ ပင်မခန္ဓာကိုယ်က ဘာမှမဖြစ်ဘူးဆိုတာ သေချာသွားတဲ့အခါမှပဲ ဒီဒုတိယခန္ဓာကိုယ်က ဘာဖြစ်နေလဲဆိုတာကို သူ စတင်သုံးသပ်တော့တယ်။
ပထမဆုံးအနေနဲ့ပြောရရင် သူက ပင်လယ်ပြင်မှာ ရှိမနေတော့ဘဲ ကုန်းမြေပေါ်ကို ရောက်နေတာပါ။ ပြီးခဲ့တဲ့ အပတ်ကတည်းက သူ အသည်းအသန် ရှာဖွေနေခဲ့တဲ့ တကယ့် ကုန်းမြေကြီးဆီကိုပေါ့။
ဒုတိယအချက်ကတော့ ခြောက်ခြားစရာကောင်းတဲ့ ဒီဂူကြီးက လုံခြုံတဲ့နေရာ မဟုတ်မှန်း သိသာလှပြီး ပြန့်ကျဲနေတဲ့ အလောင်းတွေကလည်း ပုံမှန် "မြှုပ်နှံထားတဲ့" မြင်ကွင်းမျိုး မဟုတ်တာ သေချာပါတယ်။
အခု သူ ရောက်နေတဲ့ ဒီခန္ဓာကိုယ်က… ဘယ်လိုကံဆိုးမှုမျိုးနဲ့ ကြုံတွေ့ခဲ့လို့ ဒီလို ငရဲခန်းထဲမှာ ပိတ်မိနေခဲ့ရတာလဲ။
ထထိုင်ဖို့အတွက် အားယူရင်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်တဲ့အခါ ဒန်ကန် က ဒီခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်မှာ ထူးဆန်းတဲ့အရာတစ်ခုကို ရုတ်တရက် သတိပြုမိသွားတော့တယ်။ အဲဒီ ထူးဆန်းမှု ဘယ်ကလာလဲဆိုတာကို ကြည့်ဖို့ ငုံ့ကြည့်လိုက်တဲ့အခါ သူ့ရဲ့ ရင်ဘတ် နှလုံးရှိရမယ့် နေရာမှာ အပေါက်ကြီးတစ်ပေါက် ဖြစ်နေတာကို မြင်လိုက်ရပြီး မျက်လုံးပြူးသွားမိတယ်။
"လီးပဲ…… ဘာတွေလဲကွာ”
သူက ကိစ္စအတော်များများကို လျစ်လျူရှုတတ်သူ ဖြစ်နေရင်တောင် ဒီတွေ့ရှိချက်ကြောင့် ချွေးစေးတွေ ပြန်လာခဲ့ရတယ်။ ပိုပြီး ကြောက်စရာကောင်းတဲ့ အမှန်တရားတစ်ခုကို သူ သတိမပြုမိခင်အထိ သူ့ရဲ့ အရေပြားပေါ်မှာ ကြက်သီးမွေးညင်းတွေ ထလာခဲ့တယ်။ နှလုံးမရှိဘဲ သူ ဘယ်လိုလုပ် မတ်တပ်ရပ်နိုင်နေပြီး ဆဲဆိုနိုင်နေရတာလဲ။
"ဒါက… လူသေအလောင်းလား”
ခဏလောက် ကြာပြီးတဲ့နောက် ဒန်ကန် က အခြေအနေကို ကောင်းကောင်း နားလည်သွားပြီး စိတ်အေးသွားခဲ့တယ်။
သူ စိုးရိမ်ထိတ်လန့်နေစရာ အကြောင်းမရှိဘူးလေ။ စောနကတော့ အလိုလို တုံ့ပြန်မိသွားတာပါ။ ဘာပဲဖြစ်ဖြစ် သူက ပျက်စီးနေတဲ့ သရဲသင်္ဘောပေါ်က ဆိုးယုတ်တဲ့ ဆိတ်ခေါင်းနဲ့အတူ ရှိနေတဲ့ သရဲကပ္ပတိန်ပဲလေ။ အဲဒီအရာတွေက သူ့ကို မခြောက်လှန့်နိုင်ရင် ဒီလောက်ကိစ္စကလည်း သူ့အတွက် ဆန်းကြယ်တယ်လို့ ပြောလို့ မရပါဘူး။ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုခု ပျောက်ဆုံးနေတဲ့ လူကို တွေ့ဖူးတာ ဒါပထမဆုံးအကြိမ်မှ မဟုတ်ပဲ။ အဲလစ် ဆိုရင်လည်း သူ့ရဲ့ ခေါင်းကို ခဏခဏ ဖြုတ်ချနေတာပဲလေ။
ဒီလိုရှုပ်ထွေးနေတဲ့ အတွေးတွေ ခေါင်းထဲမှာ ပြည့်နေမိပေမဲ့ ဒန်ကန်ဟာ စိတ်ကို ပြန်ပြီး တည်ငြိမ်အောင် အမြန်ဆုံး ထိန်းလိုက်တယ်။ ခန္ဓာကိုယ်အသစ်ကို ကျင့်သားရအောင် ခြေလက်တွေကို လှုပ်ရှားကြည့်ပြီးတဲ့နောက် သူက ဂူထဲမှာ ပြန့်ကျဲနေတဲ့ အလောင်းတွေဆီကို လျှောက်သွားလိုက်တယ်။
"ငါ ထင်တဲ့အတိုင်းပဲ…"
ဒီအလောင်းတွေရဲ့ ရင်ဘတ်တွေကလည်း အပေါက်ကြီးတွေ ဖြစ်နေပြီး နှလုံးတွေ မရှိကြတော့မှန်း ဒန်ကန် တွေ့လိုက်ရတာပါ။
သူနဲ့ အနီးဆုံးက အလောင်းဆိုရင် ပါးတွေ ခွက်ဝင်နေတဲ့ မျက်နှာနဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။ မျက်အိမ်တွေ ခွက်ဝင်နေပုံနဲ့ ပုပ်ပွနေတဲ့ အသားအရည်ကို ကြည့်ရင် လမ်းဘေးက သူတောင်းစားတစ်ယောက်ဖြစ်ပြီး သေဆုံးနေတာ အတော်ကြာပြီဖြစ်ကြောင်း သိသာပါတယ်။ အလောင်းရဲ့ မျက်နှာပေါ်က မျှော်လင့်ချက်ကင်းမဲ့မှုနဲ့ ရုန်းကန်ခဲ့ရတဲ့ ပုံစံကတော့ ဒီအလောင်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံက ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲဆိုတာ သက်သေပြနေပါတယ်။
ရှေ့ကို ဆက်လျှောက်သွားတဲ့အခါ သူ့ရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ နောက်ထပ် အလောင်းနှစ်လောင်းကို တွေ့လိုက်ရပြန်ပါတယ်။ အဲ့ဒီအလောင်းတွေကတော့ တခြားလူတွေလို နှလုံးအထုတ်ခံရရုံတင် မကဘဲ ကျောက်တုံးနဲ့ ခေါင်းကို ပြင်းပြင်းထန်ထန် အထုခံထားရတာပါ။
ဒီမြင်ကွင်းကိုကြည့်ပြီး ဒန်ကန် ရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာခဲ့တယ်။
မဟုတ်မှလွဲရော ဒီနှစ်ယောက်က နှလုံးအထုတ်ခံရမယ့် နာကျင်မှုကို မခံစားချင်တာကြောင့် ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ကြတာ ထင်တယ်။
အမှန်အတိုင်း ပြောရရင် ဒီဂူထဲက အရာတွေက သာမန်လူတွေအတွက်တော့ တကယ့်ကို တုန်လှုပ်စရာ ကောင်းလွန်းလှပြီး ဒန်ကန် ကိုယ်တိုင်တောင် မြင်တွေ့လိုက်ရတဲ့အရာတွေကြောင့် ရင်မောမိသွားတယ်။
အလောင်းအားလုံးကို စစ်ဆေးပြီးတဲ့နောက် သူဟာ အနည်းငယ် သန့်ရှင်းတဲ့ ကျောက်တုံးတစ်တုံးကို ရှာတွေ့ခဲ့တာကြောင့် ထိုင်ချလိုက်တယ်။ သူ့ရဲ့ အတွေးစတွေကို ပြန်ပြီး သပ်သပ်ရပ်ရပ် စုစည်းဖို့ အချိန်ရအောင်လို့ ထိုင်လိုက်တာပါ။
ဒီနေရာက တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ လူသတ်မှုတွေ ဖြစ်ပွားရာ နေရာတစ်ခုပါပဲ။ ဒါပေမဲ့ အလွန်သွေးအေးပြီး တစ်သမတ်ထဲ သတ်ဖြတ်သွားတဲ့ ပုံစံကို ကြည့်ရင် လူသတ်သမားက တစ်ယောက်ထဲ မဟုတ်ဘဲ မိစ္ဆာဂိုဏ်းတစ်ခုခုရဲ့ ယုတ်ညံ့တဲ့ ယဇ်ပူဇော်ပွဲ အစီအစဉ်တစ်ခု ဖြစ်လောက်မယ်ထင်တယ်။
ဒန်ကန်က သရဲမီးတောက်ကို ထပ်ပြီး တောက်လိုက်ရင်း သင်္ဘောပေါ်က သူ့ရဲ့ "ပင်မခန္ဓာကိုယ်" နဲ့ ချိတ်ဆက်မှုကို ပြန်လည် ခံစားကြည့်လိုက်တယ်။ သူ ဘယ်လိုလုပ်ရမလဲ တိတိကျကျ မသိသေးပေမဲ့ ဝိညာဉ်လွှင့်ထားတဲ့ ဒီအခြေအနေကို သူ ကြိုက်တဲ့ အချိန်မှာ ဖြတ်တောက်လို့ ရမှန်းတော့ ကောင်းကောင်း သိနေပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ မဖြတ်တောက်ချင်သေးပါဘူး။ ဒီကမ္ဘာက ကုန်းမြေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်လေး အနည်းငယ်ပဲ ရရင်တောင်မှ တန်ဖိုးရှိတာပဲလေ။
ခဏလောက် နားလိုက်ပြီးနောက် သူ့ရဲ့ ရင်ဘတ်က အပေါက်ကြီးထဲကနေ လေတွေ ဝင်ထွက်နေတာကို တွေ့လိုက်ရတဲ့ အခိုက်အတန့်မှာတော့ အနည်းငယ် အနေရခက်သွားပေမဲ့ ဒန်ကန် က ခန္ဓာကိုယ်ကို အမြန်ပဲ ထူမတ်လိုက်ပြီး ဂူရဲ့ ပိုပြီး မှောင်မိုက်တဲ့ နေရာတွေဆီကို စူးစမ်းဖို့ လျှောက်လှမ်းသွားတော့တယ်။ သူ စောစောက ကြားခဲ့ရတဲ့ သံကြိုးတရွတ်တိုက်ဆွဲတဲ့အသံဟာ ဘယ်ကလာလဲဆိုတာကို အခုထိ ရှာမတွေ့သေးပါဘူး။ အဲ့ဒီအသံက ဂူထဲမှာ လှုပ်ရှားနေတဲ့ အသက်ရှင်သူတွေ ရှိနေသေးတယ်ဆိုတဲ့ လက္ခဏာပဲလေ။ အနည်းဆုံးတော့ အကျဉ်းသားတွေ ရှိလောက်ဦးမှာပေါ့…
တကယ်တော့ ဘာမှန်းမသိရတဲ့ အခြေအနေကို စူးစမ်းကြည့်ဖို့အတွက် ဇွတ်တိုးသွားတာမျိုးက လုံးဝ ဘေးမကင်းပါဘူး။ ဒါပေမဲ့လည်း ဒန်ကန်ကတော့ သိပ်ပြီး ဂရုမစိုက်ဘူးလေ။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ရင်ဘတ်ထဲမှာလည်း နှလုံးသားမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေတာပဲ။