← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း (၁၈)

မြေအောက် ရေဆိုးထုတ်စနစ်

ဂူထဲက ယာယီပုန်းခိုရာနေရာကနေ မထွက်ခွာခင်မှာ ဒန်ကန် က ဘေးနားက အလောင်းတွေဆီကနေ စုတ်ပြဲနေတဲ့ အဝတ်စတချို့ကို ဆွဲယူပြီး ခန္ဓာကိုယ်မှာ အဝတ်အစားလိုမျိုး ပတ်စည်းလိုက်တယ်။

ဒီလိုပတ်စည်းလိုက်ရတာက အေးစိမ့်တဲ့ ရာသီဥတုကို သူ မခံနိုင်လို့ မဟုတ်ပါဘူး။ ရင်ဘတ်က ဟာလာဟင်းလင်း ဖြစ်နေတဲ့ အပေါက်ကြီးကို ဖုံးကွယ်ဖို့အတွက်ကို ပိုပြီး ရည်ရွယ်တာပါ။ ရင်ဘတ်မှာ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အပေါက်ကြီး ရှိနေတာက ဒန်ကန် ရဲ့ "ရှင်သန်မှု" အပေါ် ဘာမှ သက်ရောက်မှုတော့ မရှိပါဘူး။ သာမန်လူတစ်ယောက်အနေနဲ့ အဝတ်ဗလာနဲ့ လျှောက်သွားနေရတာက တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်လေ။ အနည်းဆုံးတော့ သူ့ရဲ့ နှလုံးသားနေရာကနေ လေတိုးသံတွေ ထွက်ပေါ်မနေတာကပဲ စိတ်ပိုင်းဆိုင်ရာအရ အတော်လေး သက်သာရာရစေတာပေါ့။

ပြီးတော့ အသက်ရှင်နေတဲ့ လူတွေနဲ့ စကားပြောဖို့ဆိုရင်လည်း ရင်ဘတ်မှာ အပေါက်ကြီးနဲ့ သွားပြောလို့ ဘယ်ဖြစ်မလဲ။ မဟုတ်ရင် သူတို့က မသေကောင် လို့ ထင်ပြီး ခေါင်းဖြတ်ပစ်ကြမှာပေါ့။ ဖုတ်ကောင် ရုပ်ရှင်တွေထဲမှာလည်း ဒီလိုပဲ မဟုတ်လား။

"ဒဏ်ရာ" ကို ဒီလိုမျိုး အကြမ်းဖျင်း ဖုံးကွယ်ပြီးတဲ့နောက် ဒန်ကန် က မှောင်မှောင်မည်းမည်းနဲ့ စိုစွတ်နေတဲ့ ဂူထဲကနေ ရေဆိုးထုတ်စနစ်နဲ့ ချိတ်ဆက်ထားတဲ့ လမ်းဆီကို သတိထားပြီး ထွက်လာခဲ့တယ်။

ဥမင်လိုဏ်ခေါင်းက နက်ရှိုင်းပြီး စိုစွတ်မှောင်မိုက်နေပေမဲ့ အပေါ်ဘက်မှာတော့ လေဝင်လေထွက်ပေါက်တွေ တပ်ဆင်ထားပုံ ရတာကြောင့် ရံဖန်ရံခါ ဒီလှိုဏ်ခေါင်းထဲကို အလုပ်သမားတွေ ဆင်းလာတတ်ကြောင်း ပြသနေပါတယ်။

လမ်းတစ်လျှောက် လျှောက်လာရင်း စိတ်ဝင်စားစရာကောင်းတဲ့ မြင်ကွင်းကို တွေ့လိုက်ရတယ်။ အဲဒါကတော့ အုတ်နံရံရဲ့ တစ်ဖက်တစ်ချက်စီမှာ အကွာအဝေး အတိအကျနဲ့ ချိတ်ဆွဲထားတဲ့ ဆီမီးခွက်တွေနဲ့ မီးတုတ်တွေပါပဲ။ ကောင်းတဲ့အချက်ကတော့ အဲ့ဒီမီးတုတ်တွေကို မကြာသေးခင်ကမှ အသုံးပြုထားတာဖြစ်လို့ ဒီနေရာက စွန့်ပစ်ထားတဲ့ မြေအောက်နေရာတစ်ခု မဟုတ်ကြောင်း သက်သေပြနေတာပါ။

လမ်းကြောင်းအတိုင်း တော်တော်ဝေးဝေး ဆက်လျှောက် လာပြီးတဲ့နောက် ဒန်ကန်ဟာ အောက်ဘက်ကို ဦးတည်နေတဲ့ လမ်းခွဲတစ်ခုဆီကို ရုတ်တရက် ရောက်ရှိသွားတော့တယ်။ ဒါ့အပြင် အထက်က ပိုက်လိုင်းတွေကနေ ရေဆိုးတွေကို ပင်မရေမြောင်းထဲကို အဆက်မပြတ် စီးဆင်းစေနေတာကြောင့် ဒီနေရာက လူနေအိမ်တွေနဲ့ ရေဆိုးမြောင်းတွေ ဆုံတဲ့နေရာ ဖြစ်လောက်မှာပါ။

ဘယ်လိုလူစားမျိုးကများ ဒီလို ညစ်ပတ်စုတ်ပြတ်နေတဲ့ ပတ်ဝန်းကျင်မှာ နေချင်တာပါလိမ့်လို့ သူ ခဏလောက် တွေးမိသွားတယ်။ အုတ်နံရံတွေနဲ့ ရေဆိုးတွေက နှာခေါင်းရှုံ့ချင်စရာ ကောင်းရုံတင်မကဘဲ ကျန်းမာရေးအတွက်လည်း လုံးဝ မကောင်းနိုင်ဘူးလေ။ ဒါပေမဲ့ ကောင်းတဲ့ဘက်က တွေးကြည့်ရင်တော့ လူတွေက ဒီလို ကြီးမားလှတဲ့ ရေဆိုးထုတ်စနစ်ကြီးကို တည်ဆောက်ထားနိုင်တယ်ဆိုတော့ နည်းပညာ တိုးတက်မှုရှိတဲ့ လူနေမှုအဖွဲ့အစည်းကြီးတစ်ခုရှိနေမှာ သေချာပါတယ်။

ဒီအချက်ကပဲ ဒန်ကန် ကို နှာခေါင်းထဲ တိုးဝင်နေတဲ့ အပုပ်နံ့တွေကို အောင့်အီးသည်းခံနိုင်စွမ်း ပေးစွမ်းနိုင်ခဲ့တာပါ။ သူက ဒီကမ္ဘာအကြောင်း သတင်းအချက်အလက်တွေကို လိုချင်နေတာဖြစ်ပြီး အခုတော့ အရေးကြီးတဲ့ အချက်အလက်တချို့ကို စတင်ရရှိနေပါပြီ။ ဒန်ကန် က ပိုပြီး တက်ကြွတဲ့ အရှိန်နဲ့ ရှေ့ကို ဆက်လျှောက်သွားပေမဲ့ မလှမ်းမကမ်းက နံရံထဲမှာ တပ်ဆင်ထားတဲ့ အရာတစ်ခုကြောင့် ခြေလှမ်းတွေ တန့်သွားခဲ့ရတယ်။

အဲဒါက ဖန်မီးအိမ်တစ်လုံး ဖြစ်ပါ။ ဒါပေမဲ့ အဲ့ဒီဖန်မီးအိမ်ကို စောစောက တွေ့ခဲ့တဲ့ ဆီမီးခွက်တွေထက် ပိုကောင်းပြီး ခိုင်ခံ့တဲ့ သတ္တုအိမ်ထဲမှာ ထည့်သွင်းကာ နံရံထဲ မြှုပ်ထားတာပါ။ ဒါ့အပြင် ထွက်ပေါ်လာတဲ့ အလင်းရောင်ကလည်း အရင်မီးခွက်တွေထက် သိသိသာသာ ပိုပြီး လင်းလက်နေပါတယ်။

ဒန်ကန် က အနားကို တိုးပြီး သေချာ စူးစမ်းကြည့်လိုက်တယ်။ နောက်ဆုံးမှာတော့ ဒီမီးအိမ်ကို စွမ်းအင်ပေးနေတာက အပေါက်ထဲကနေ ထွက်ပေါ်လာတဲ့ ဓာတ်ငွေ့တွေဖြစ်မှန်း သိလိုက်ရပြီး ဒါက ဂက်စ်မီးအိမ်တစ်လုံး ဖြစ်နေတာကို ရှာဖွေတွေ့ရှိသွားခဲ့တယ်။

ဒါပေမဲ့ ဒါက ဒန်ကန်(ကျိုးမင်)ရဲ့ကမ္ဘာက ဂက်စ်မီးအိမ်တွေနဲ့တော့ ပုံစံချင်း မတူပါဘူး။ ဒီဇိုင်းပုံစံက ကွဲပြားပြီး ဖန်သားပြင်ပေါ်မှာလည်း အဲလစ် ရဲ့ ခေါင်းတလားပေါ်မှာ တွေ့ခဲ့ရတဲ့ သင်္ကေတတွေလိုမျိုး သေးသွယ်တဲ့ ရှေးဟောင်း စာလုံးသင်္ကေတတွေကို ရေးထွင်းထားပါတယ်။ သူ ခန့်မှန်းရသလောက်တော့ ဒီသင်္ကေတတွေကို နောက်မှ လာထွင်းထားတာ မဟုတ်ဘဲ စက်ရုံက ထုတ်လုပ်ကတည်းက တစ်ခါထဲ ထည့်သွင်းပြုလုပ်ထားတာ ဖြစ်ဖို့များပါတယ်။

ဒီစာလုံးသင်္ကေတတွေက နည်းနည်း ကွဲပြားနေပေမဲ့ ပေးစွမ်းတဲ့ ခံစားချက်ကတော့ တူညီနေဆဲပါ။ သန့်ရှင်းစင်ကြယ်ပြီး အခမ်းအနားဆန်တဲ့ ခံစားချက်မျိုးကို ရနေတာလေ။

ဒန်ကန်ဟာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး ရှေ့က ရေဆိုးမြောင်း ဥမင်လှိုဏ်ခေါင်းထဲကို လှမ်းကြည့်လိုက်တယ်။ ဒီနေရာကနေစပြီး ဆီမီးခွက်တွေနဲ့ မီးတုတ်တွေအစား ဂက်စ်မီးအိမ်တွေကိုပဲ ပုံမှန်အကွာအဝေးတစ်ခုစီ ခြားပြီး တပ်ဆင်ထားတာပါ။ ဒါက သူ့အမြင်အရတော့ လိုအပ်တာထက် ပိုလွန်းနေသလိုပါပဲ။ လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းရေးသမားတွေက လွဲလို့ ဘယ်သူမှ မလာတဲ့ မြေအောက်နေရာတစ်ခုအတွက် ဘာလို့ ဒီလောက်အထိ အကုန်အကျခံပြီး အများကြီး တပ်ဆင်ထားရတာလဲ။ ဒီမီးအိမ်တွေကို ထိန်းသိမ်းဖို့နဲ့ စရိတ်စကတွေက လုံးဝ မသက်သာလောက်ဘူးလေ။

ဒီမြင်ကွင်းက ဒန်ကန် ကို အတွေးတစ်ခု ဝင်စေပါတယ်။

အမှောင်ထုထဲမှာ ပုန်းအောင်းနေပြီး လူ့အဖွဲ့အစည်းကို ရန်မူတတ်တဲ့ အရာတစ်ခုခုကို မောင်းထုတ်ဖို့အတွက် ဒီကလူတွေက ဒီလို လုပ်ထားတာပဲ ဖြစ်ရမယ်။

ဒီလို အတွေးနဲ့အတူ သူက ခြေလှမ်းတိုင်းကို သတိထားပြီး ရှေ့ဆက်စူးစမ်းလာခဲ့ရာကနေ ထူးဆန်းတဲ့ အရာတစ်ခုကို ထပ်ပြီး တွေ့လိုက်ရပြန်တယ်။

အဲဒါကတော့ မီးအိမ်နှစ်လုံးကြားက နံရံပေါ်မှာ ရေးဆွဲထားတဲ့ မှောင်မိုက်တဲ့ အနီရောင် ပန်းချီကားတစ်ချပ်ပါပဲ။ ဒီနေရာက တခြားနေရာတွေထက် ပိုပြီး မှောင်နေပေမဲ့ ဒန်ကန် အနေနဲ့ ပန်းချီပုံကိုတော့ ကောင်းကောင်း မြင်နိုင်ပါသေးတယ်။ ပန်းချီပုံက အထက်မှာရှိတဲ့ စက်ဝိုင်းပုံစံ အလုံးကြီးတစ်ခုကို ဦးညွှတ်ကိုးကွယ်နေတဲ့ ပင့်မြှောက်ထားတဲ့ လက်နှစ်ဖက် ပုံစံပါ။

"အတုအယောင် နေမင်းက နောက်ဆုံးမှာ ပျက်သုဉ်းသွားလိမ့်မယ်။ တကယ့် နေမင်းနတ်ဘုရားကတော့ သွေးနဲ့ မီးတောက်တွေကြားကနေ ပြန်လည် နိုးထလာလိမ့်မယ်။ သက်ရှိအားလုံးရဲ့ ရှင်သန်မှုက နေမင်းဆီမှာ ရှိပြီး အရာအားလုံးရဲ့ စနစ်တကျ ရှိမှုကလည်း နေမင်းဆီမှာပဲ ရှိတယ်"

ဒန်ကန် က ငြိမ်သက်စွာ မတ်တပ်ရပ်ရင်း ခြောက်ခြားစရာကောင်းတဲ့ အဲ့ဒီပန်းချီကားရဲ့ အောက်ခြေမှာ ရေးထားတဲ့ စာသားတွေကို ဖတ်လိုက်တယ်။

သူ ဒီလိုနဲ့ အတော်ကြာအောင် မတ်တပ်ရပ်နေမိတုန်း အသံတစ်ခုက သူ့ရဲ့ အာရုံကို ထပ်ပြီး ဖမ်းစားလိုက်ပြန်ပါတယ်။ အဲဒါက ခြေသံတွေပါပဲ။

မကြာခင်မှာပဲ ဝတ်ရုံရှည်ကြီးတွေ ဝတ်ဆင်ထားတဲ့ လူတချို့ သူ့ဆီကို ဦးတည်လျှောက်လှမ်းလာတာကို မြင်လိုက်ရတယ်။ သူတို့က ခေါင်းစွပ်တွေ ဆောင်းထားတာကြောင့် ဒန်ကန် အနေနဲ့ မျက်နှာတွေကို သေသေချာချာ မမြင်ရပါဘူး။ ဒါပေမဲ့လည်း ကျဉ်းမြောင်းလှတဲ့ ဒီဥမင်လိုဏ်ခေါင်းထဲမှာ ဒီလို သံသယဖြစ်စရာကောင်းတဲ့ လူတွေဆီကနေ ပုန်းကွယ်ဖို့ကို သူ စိတ်မကူးခဲ့သလို ပုန်းစရာ နေရာလည်း မရှိဘူးလေ။

All Chapters