အခန်း ၁၉
Vol. 2 Ch. 19
အခန်း (၁၉)
မြေအောက်ရှိ စုဝေးရာ ခန်းမကြီး
အခုအချိန်မှာ ဒန်ကန် က ဂူထဲကနေ ထွက်လာခါစတုန်းကအတိုင်း ပိန်ပိန်လှီလှီနဲ့ အဝတ်စုတ်တွေကို ပတ်ထားတုန်းပါပဲ။ ဒါပေမဲ့ သူက ထွက်မပြေးတဲ့အပြင် ပါးစပ်ကြီးဖြဲပြီး ပြုံးလျက်သား ရပ်နေတာကို မြင်တော့ ခေါင်းစွပ်ဝတ်ထားတဲ့လူတွေ အံ့ဩမှင်သက်သွားကြတယ်။
“ယဇ်ကောင်တစ်ကောင် ထွက်ပြေးသွားပြီ”
ခဏလောက် ကြောင်အသွားပြီးနောက် သူတို့ထဲက တစ်ယောက်က အော်လိုက်တယ်။
“မြန်မြန်။ သူ့ကိုတား။ အလွတ်မပေးနဲ့”
ဒန်ကန် ထွက်ပြေးတော့မယ်အထင်နဲ့ နောက်တစ်ယောက်က အော်ဟစ်ရင်း ပြေးလာပါတော့တယ်။
တစ်ဖက်လူက ခြေတစ်လှမ်းမှ မရွေ့ဘဲ ရပ်နေတာတောင် သူတို့ကတော့ “သူ့ကို ထွက်ပြေးခွင့်မပေးနဲ့။ ယဇ်ကောင် ထွက်ပြေးသွားပြီ” ဆိုပြီး ထပ်ခါတလဲလဲ အော်နေကြတုန်းပါပဲ။
ဒါကြောင့်မလို့ ဒန်ကန်က ပုခုံးတွန့်လိုက်မိတယ်။ ဥမင်လိုဏ်ခေါင်းအလယ်မှာ ရိုးရိုးသားသားကြီး မတ်တပ်ရပ်နေတဲ့ သူ့ပုံစံက ဒီအခြေအနေနဲ့ လုံးဝမအပ်စပ်ဘဲ ထူးဆန်းပြီး အနေရခက်စရာ ကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်သွားစေခဲ့တယ်။ သူ့ဆီပြေးလာတဲ့ လမ်းတစ်ဝက်လောက် ရောက်တဲ့အခါ တစ်ခုခု လွဲနေမှန်း ခေါင်းစွပ်သမားတွေလည်း သတိထားမိသွားကြတယ်။ ဒါပေမဲ့လည်း သူတို့က ပြေးလာတာကို မရပ်လိုက်ဘဲ ဒန်ကန် ကို ဝိုင်းလိုက်ကြတယ်။
“ငါ ထွက်ပြေးပေးသင့်တာလား။ အခြေအနေကြီးက တော်တော်ကို လွဲနေပြီ”
ဒန်ကန် က သူတို့ရဲ့ တက်ကြွမှုနဲ့ ကိုက်ညီအောင် တစ်ခုခု သရုပ်ဆောင်ပြသင့်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ နှာခေါင်းကို ကုတ်လိုက်မိတယ်။
ဝတ်ရုံနက်ဝတ်ထားတဲ့ လူနှစ်ယောက်က သူ့ကို သံသယစိတ်နဲ့ စိုက်ကြည့်ကာ တိုးတိုးတိတ်တိတ် စကားပြောလိုက်ကြတယ်။
“ယဇ်ကောင်တစ်ကောင်က ဘယ်လိုလုပ် လွတ်သွားရတာလဲ”
“ဘုရားကျောင်းရဲ့ အမဲလိုက်ခွေးတွေက ဒီပုန်းခိုရာနေရာကို ရှာတွေ့သွားလို့များလား… ဒါပေမဲ့ ဒီကောင်က လွှတ်ပေးလိုက်တဲ့ပုံစံမျိုးလည်း မဟုတ်ပါဘူး…”
“ဘာပဲဖြစ်ဖြစ် သူ့ကို အရင်ဆုံး ပြန်ခေါ်သွားရအောင်။ ဒီယဇ်ကောင်က တစ်မျိုးကြီးပဲ… မြန်မြန် ရှင်းပစ်မှ အေးမယ်”
“စေတမန်ကိုပဲ ဆုံးဖြတ်ခိုင်းလိုက်တာပေါ့”
ဒန်ကန် အနေနဲ့ တစ်ဖက်လူ ပြောနေတဲ့ “စေတမန်” ဆိုတာ ဘာကို ဆိုလိုမှန်း မသိသလို ဒီဂိုဏ်းရဲ့ နောက်ကြောင်းကိုလည်း လုံးဝ နားမလည်ပါဘူး။ ဒါပေမဲ့ လမ်းတစ်လျှောက် တွေ့ခဲ့ရတဲ့အရာတွေနဲ့ “ယဇ်ကောင်” ဆိုတဲ့ စကားလုံးကို စဉ်းစားကြည့်လိုက်တဲ့အခါ အမှန်တရားကို ခပ်ရေးရေးတော့ ခန့်မှန်းမိသွားတယ်။
“ပုံမှန်ယဇ်ကောင်” တစ်ယောက်အနေနဲ့ ဘယ်လို တုံ့ပြန်ရမလဲဆိုတာ သူ မသိသလို ဒီလူတွေရဲ့ “အပြုအမူတွေ”အတိုင်း လိုက်လျောညီထွေဖြစ်အောင် လိုက်လုပ်ပေးဖို့လည်း သူ့မှာ ဆန္ဒမရှိပါဘူး။ ဒါက ယာယီခန္ဓာကိုယ်တစ်ခုပဲမလို့ ဒန်ကန် အနေနဲ့ စိုးရိမ်စရာလည်း မရှိဘူးလေ။
“ခင်ဗျားတို့ ကျွန်တော့်ကို ဘယ်ခေါ်သွားမလို့လဲ”
အခြေအနေကို ခဏလောက် စောင့်ကြည့်ပြီးတဲ့နောက် သူက မေးလိုက်တယ်။
ယဇ်ကောင်ဆီကနေ အေးအေးဆေးဆေး စကားသံ ကြားလိုက်ရတဲ့အတွက် ခေါင်းစွပ်သမားတွေ သေချာပေါက် အံ့ဩသွားကြတယ်။ သူတို့မျက်နှာတစ်ခုလုံးကို အနက်ရောင်မျက်နှာဖုံးတွေနဲ့ ဖုံးအုပ်ထားပေမဲ့ သူတို့ ခံစားလိုက်ရတဲ့ အံ့ဩမှုကို ဒန်ကန် အလွယ်တကူပဲ ခန့်မှန်းလို့ ရနေပါတယ်။
“မင်းမှာ ငါတို့ကို မေးခွန်းမေးခွင့် မရှိဘူး။ သူ့ကို ခေါ်သွားစမ်း”
ခေါင်းစွပ်သမားတစ်ယောက်က ဒေါသတကြီးနဲ့ အော်ဟစ် လိုက်တယ်။
ဝတ်ရုံနက်ဝတ်ထားတဲ့ လူတချို့က ရှေ့ကို ချက်ချင်းတိုးလာပြီး သူ့ကို ဖမ်းဆီးဖို့ ပြင်ကြတယ်။ ဒါပေမဲ့ ဒန်ကန် က သူတို့ထက် လက်ဦးအောင် “မလိုပါဘူး။ ကျွန်တော် လိုက်ခဲ့မယ်” လို့ ပြောလိုက်တယ်။
ခေါင်းစွပ်ဝတ်ထားတဲ့ လူတွေ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြတယ်။ သူတို့ရှေ့က “ယဇ်ကောင်” က ပုံမှန်မဟုတ်ဘဲ အရမ်းအေးဆေးလွန်းနေတယ်လို့ ခံစားမိနေကြ တာလေ။ ဒါပေမဲ့လည်း ခေါင်းဆောင်ဖြစ်တဲ့ ဝတ်ရုံနက်က လက်ဝှေ့ယမ်းပြပြီး သူတို့ကို တိတ်တိတ်နေဖို့ အချက်ပြလိုက်ကာ ပြောလိုက်တယ်။
“မင်းလိုက်ခဲ့တာက အကောင်းဆုံးပဲ။ မင်းလည်း ဘယ်မှ ပြေးလို့ မလွတ်နိုင်ပါဘူးကွာ… ငါတို့နဲ့ လိုက်ခဲ့။ မင်းအတွက် ဂုဏ်သိက္ခာကိုတောင် ရနိုင်လောက်မှာပါ”
ဒန်ကန် ထွက်ပြေးဖို့ အခွင့်အရေး လုံးဝမရအောင် သူတို့ထဲက လူတချို့က သူ့ကို ဝိုင်းထားပြီး ရေဆိုးထုတ်စနစ်ရဲ့ ပိုပြီး နက်ရှိုင်းတဲ့ လမ်းကြောင်းတွေဆီ ခေါ်ဆောင်သွားကြတယ်။
အတွင်းထဲ ရောက်လေလေ ရေဆိုးတွေရဲ့ အပုပ်နံ့က ပိုပြီး ဆိုးရွားလာလေလေပါပဲ။ ဒါပေမဲ့ ဒီခေါင်းစွပ်သမားတွေကတော့ ညစ်ပတ်ပြီး မှိုတက်နေတဲ့ နံရံတွေကို လုံးဝ ဂရုစိုက်ပုံမပေါ်ပါဘူး။ တကယ်လို့ ဒန်ကန် သာ ဒီခန္ဓာကိုယ်ထဲက လူသေတစ်ယောက် မဟုတ်ခဲ့ရင် စေးကပ်ကပ်နဲ့ ပျော့စိစိအရာတစ်ခုခုကို နင်းမိတဲ့အချိန်မှာတင် လန့်အော်မိသွားလောက်ပါပြီ။
“ဒါက ပလန်း မြို့ပြနိုင်ငံလား”
နောက်ဆုံးတော့ ဒန်ကန်က လှမ်းမေးလိုက်တယ်။
“ဒါပေါ့…”
ဝတ်ရုံနက်တစ်ယောက်က အလိုလို လှမ်းဖြေလိုက်ပြီးမှ သတိပြန်ဝင်လာပြီး ဒန်ကန် ကို သရဲတစ်ကောင်လို စိုက်ကြည့်ကာ မေးလိုက်တယ်။
“မင်း တော်တော် အေးဆေးနေပါလား။ ကောင်လေး။ ခဏနေ ဘာဖြစ်တော့မလဲဆိုတာ မင်း သိလို့လား”
“ကျွန်တော် ခန့်မှန်းလို့ ရပါတယ်”
ဒန်ကန် က ပြုံးပြုံးကြီး ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်တယ်။
“တကယ့် နေမင်းနတ်ဘုရားရှေ့မှောက်ကိုပို့ဆောင်ပေးမလို့မလား”
အဲဒီအချိန်မှာ ဝတ်ရုံနက်တချို့ဟာ ခြေလှမ်းတွေ ရုတ်တရက် ရပ်တန့်သွားကြပါတယ်။ ယဇ်ကောင်က သူတို့ရဲ့ အရှင်သခင်အကြောင်းကို ဘာမဟုတ်သလို ပြောလိုက်တာကြောင့် ကြောင်အသွားတဲ့ ပုံစံမျိုးပါပဲ။
“နေဦး။ သူကော အရှင်သခင်ရဲ့ ယုံကြည်သူတစ်ယောက်လား”
“မဖြစ်နိုင်တာ။ သူက ထွက်ပြေးသွားတဲ့ ယဇ်ကောင်ဆိုတာ ထင်ရှားနေတာပဲလေ…”
နောက်ထပ် ဝတ်ရုံနက်ဝတ်ထားသူက တိုးတိုးလေး ပြန်ပြောလိုက်ပြီးမှ ဒန်ကန် ကို လှမ်းကြည့်ကာ ပြောလိုက်တယ်။
“မင်း တော်တော်လေး ပါးနပ်တာပဲ။ ဒါပေမဲ့ ဒီလိုပြောလိုက်ရုံနဲ့ မင်းကို ယဇ်ကောင်ဖြစ်ရမယ့် ဘဝကနေ ကယ်တင်ပေးနိုင်လိမ့်မယ်လို့ မထင်နဲ့… အရှင်သခင်က မင်းရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပြီးသားမလို့ မင်းအနေနဲ့ အသာတကြည်ပဲ လက်ခံလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်”
ဒန်ကန်က ပြန်မငြင်းတော့ပါဘူး။ သူက ဒီလောက်အထိ အေးအေးဆေးဆေး ရှိနေတာကြောင့် သူတို့တွေ ဒီလို တုံ့ပြန်လာမှန်း သူ သိနေတာပဲလေ။ သူတို့ကတော့ သူဟာ ယဇ်ကောင်အဖြစ်ကနေ လွတ်မြောက်ဖို့အတွက် ဟန်ဆောင်နေတယ်လို့ ထင်နေကြတာ ဖြစ်လောက်တယ်။ ဘာပဲဖြစ်ဖြစ် ဒန်ကန် ကတော့ သူတို့ ဘာထင်ထင် မျက်နှာတစ်ချက်မပျက်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ မျက်နှာကြွက်သားတွေက လှုပ်ရှားလို့ မရလို့ပါပဲ။ ဒီခန္ဓာကိုယ်က ပုပ်ဆွေးနေပြီမလို့ မျက်နှာကြွက်သားတွေ လှုတ်ရှားလို့မရဘဲ ဖြစ်နေတာက သဘာဝကျပါတယ်။
“ဒါဆို ခင်ဗျားတို့က ကောင်းကင်ပေါ်က လက်ရှိ ‘နေမင်း’ ကို အတုအယောင်လို့ ထင်နေကြတာလား။ တစ်နေ့မဟုတ် တစ်နေ့ ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာလိမ့်မယ်လို့ကော ယုံကြည်နေကြတာလား”
ဒန်ကန်က သတင်းအချက်အလက် စုဆောင်းဖို့အတွက် မေးခွန်းစမေးလိုက်တယ်။
“သေချာတာပေါ့။ အတုအယောင် နေမင်းက ပြုတ်ကျလာမှာပဲ”
ဒီအကြောင်းအရာက ဒီမိစ္ဆာဂိုဏ်းသားတွေရဲ့ စိတ်ကို ဆွပေးလိုက်သလို ဖြစ်သွားတာကြောင့် သူတို့က စိတ်အားထက်သန်စွာနဲ့ ပြန်ပြီးအော်ပြောကြတယ်။
“ဘုရားကျောင်းရဲ့ လက်ပါးစေတွေတောင်မှ သမိုင်းမှတ်တမ်းတွေထဲမှာ ကောင်းကင်ပေါ်က နေမင်းက မဟာကပ်ဘေးကြီးပြီးမှ ပေါ်လာတဲ့ ပုံပျက်ပန်းပျက် အရာတစ်ခုဆိုတာ ဝန်ခံထားရတယ်။ ဒီကမ္ဘာပေါ်က သက်ရှိအားလုံးဆီကို အသက်ဓာတ်နဲ့ စနစ်တကျ ရှိမှုတွေကို တကယ် ယူဆောင်ပေးတာက နေမင်းနတ်ဘုရားပဲ။ ဒါပေမဲ့ အဲဒီစက်ဆုပ်စရာကောင်းတဲ့ အတုအယောင်ကြီးက ငါတို့ရဲ့ အရှင်သခင်ကို ဖယ်ရှားပြီး နေရာလုခဲ့တာကွ။ တစ်နေ့မဟုတ် တစ်နေ့ အဲဒီ စက်ဆုပ်စရာကောင်းတဲ့ ပစ္စည်းကြီးက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာရမယ်”
ချက်ချင်းဆိုသလိုပဲ ပတ်ပတ်လည်က ဂိုဏ်းသားတွေကလည်း သူတို့ခေါင်းဆောင်ရဲ့ စကားကို ထောက်ခံတဲ့အနေနဲ့ ဝိုင်းအော်ကြတော့တယ်။
“မကြာခင်မှာ အတုအယောင် နေမင်းက ပျက်သုဉ်းပြီး တကယ့် နေမင်းနတ်ဘုရားက သွေးနဲ့ မီးတောက်တွေကြားကနေ ပြန်လည်နိုးထလာလိမ့်မယ်။ ငါတို့ အရှင်သခင်ရဲ့ စွမ်းအားတော်နဲ့ ကမ္ဘာပေါ်က ပိုလျှံနေတဲ့ ပင်လယ်ရေတွေကို ဟာလာဟင်းလင်း ပြင်ပလောကဆီ မောင်းထုတ်ပစ်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ကမ္ဘာမြေကြီးက မြေဆီလွှာကောင်းမွန်ပြီး တည်ငြိမ်တဲ့ ခေတ်ကြီးဟာ ပြန်ရောက်လာလိမ့်မယ်”
ဒီဂိုဏ်းသားတွေရဲ့ ရွတ်ဆိုသံကို နားထောင်ရင်း ဒန်ကန် ရဲ့ ခေါင်းထဲမှာ အတွေးတွေ အရှိန်အဟုန်နဲ့ ပြေးလွှားနေပါတယ်။ ဒီလို အစွန်းရောက်နေတဲ့ ဂိုဏ်းသားတွေကို အကျိုးသင့်အကြောင်းသင့် ပြောလို့မရမှန်း သူ သိထားတယ်လေ။ ရရှိတဲ့ သတင်းအချက်အလက်တွေက အစီအစဉ်တကျဖြစ်မနေဘဲ မှားယွင်းတဲ့ အချက်အလက်တွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း အသုံးချနိုင်ပြီး အမှန်လို့ ယူဆနိုင်တဲ့ အသေးစိတ်အချက်တချို့တော့ ရှိနေပါသေးတယ်။
ကောင်းကင်မှာ ရှိနေတဲ့ ‘နေမင်း’ က အတုဖြစ်ပြီး… တကယ့် နေမင်းကတော့ ဖယ်ရှားခံလိုက်ရတယ်…
သူတို့က တကယ့်နေမင်းက ကျဆုံးသွားတဲ့ နတ်ဘုရားတစ်ပါးဖြစ်ပြီး အဲဒီနတ်ဘုရားက ‘သွေးနဲ့ မီးတောက်တွေကြားကနေ ပြန်လည်နိုးထလာမယ်’ လို့ အခိုင်အမာ ယုံကြည်နေကြတာပါ…
ကမ္ဘာပေါ်က ပိုလျှံနေတဲ့ ပင်လယ်ရေတွေ ဆုတ်ယုတ်သွားပြီး မြေဆီလွှာကောင်းမွန်ပြီး တည်ငြိမ်တဲ့ ခေတ်ကြီး ပြန်ရောက်လာမယ်လို့လည်း ပြောကြသေးတယ်… ဒါတွေက တကယ်ပဲ ဘာကို ဆိုလိုတာပါလိမ့်။
ဂိုဏ်းသားတွေက သူတို့ရဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဂါထာတွေကို ရွတ်ဆိုပြီးနောက် ချက်ချင်းဆိုသလို စိတ်ပြန်ငြိမ်သွားကြတယ်။ ဘာပဲဖြစ်ဖြစ် သူတို့မှာ လိုက်ပို့ရမယ့် ယဇ်ကောင် ရှိနေသေးတာလေ။
“ဒီ ‘ယဇ်ကောင်’ က တစ်မျိုးကြီးဖြစ်ပြီး ကြောက်စရာ ကောင်းနေတာကို သတိထားမိလား”
ဂိုဏ်းသားတစ်ယောက်က ခေါင်းဆောင်ကို မေးလိုက်တယ်။
“သူက တစ်ခုခု လွဲနေသလိုပဲ… သိပ်တော့သိပ်မသေချာဘူး”
“သူ ထွက်ပြေးတုန်းက အလင်းရောင်မရှိတဲ့ မြေအောက်ထဲကို အကြာကြီးရောက်သွားလို့ ခေါင်းထဲကို တစ်ခုခု ပူးဝင်သွားတာများလား…”
“ဒါဆိုရင် ပိုတောင် ကောင်းသေးတာပေါ့။ အရှင်သခင်ရဲ့ စွမ်းအားတော်က သူ့ကို သန့်စင်ပေးလိမ့်မယ်”
ဒန်ကန်က သူတို့ တိုးတိုးတိတ်တိတ် စကားပြောနေတာကို သေချာ နားထောင်နေမိတယ်။ အထူးသဖြင့် “အလင်းရောင်မရှိတဲ့ မြေအောက်” ဆိုတဲ့ အပိုင်းကို ပိုပြီး သတိထားမိလိုက်ပါတယ်။ ဒါပေမဲ့ သူတို့ဆီကနေ သတင်းအချက်အလက်တွေ ထပ်ပြီး စုဆောင်းချင်နေတုန်းမှာပဲ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဝတ်ရုံနက်က ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။
“ရောက်ပြီ”
ဝတ်ရုံနက်ဝတ်ထားတဲ့ ဂိုဏ်းသားက အေးစက်တဲ့ အသံနဲ့ တိုးတိုးလေး ပြောလိုက်တယ်။
စောစောက အကြောင်းအရာကို ဆက်ပြီး မမေးလိုက်ရတာကို ဒန်ကန် နှမြောမိသွားပေမဲ့ မျက်စိရှေ့မှာ ပေါ်လာတဲ့ မြင်ကွင်းက သူ့ရဲ့ အာရုံကို ပိုပြီး ဆွဲဆောင်သွားခဲ့တယ်။
ရှေ့မှာတော့ ရေဆိုးထုတ်စနစ်ရဲ့ အချက်အချာကျတဲ့ နေရာဖြစ်ပြီး ကျယ်ပြောလှတဲ့ မြေအောက်ခန်းမကြီးဆီကို ဦးတည်နေတဲ့ ဆုံမှတ်နေရာတစ်ခု ရှိနေတာပါ။ အဲဒီနေရာမှာတော့ ဝတ်ရုံနက်ဝတ်ထားတဲ့ ဂိုဏ်းသားတွေ အများကြီး ရှိနေပါတယ်။