← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း (၂၀)

ယဇ်ကောင်

မြေအောက် ရေဆိုးထုတ်စနစ်ရဲ့ အကျယ်အဝန်းက တော်တော်လေးကို ကြီးမားတာပါ။ ဒန်ကန် ရဲ့ အမြင်မှာတော့ ဒါက သာမန် "မြို့ပြရေဆိုးထုတ်ဖို့" ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုထဲအတွက် ဆောက်ထားတာထက် အများကြီး ပိုနေပါတယ်။ နေရာအနှံ့မှာ တွေ့နေရတဲ့ ရှေးဟောင်းအက္ခရာတွေပါတဲ့ ဂတ်စ်မီးအိမ်တွေရယ်၊ ပြီးတော့ မိစ္ဆာဂိုဏ်းသားတွေ ခိုလှုံရာအဖြစ် သုံးနေတဲ့ ခိုင်ခံ့လွန်းတဲ့ မြေအောက်တည်ဆောက်ပုံတွေရယ်ကို ကြည့်ပြီး ဒီမြေအောက် အဆောက်အဦးကြီးကို ဘာအတွက် ဆောက်ခဲ့သလဲဆိုတာ သူ တော်တော်လေး စိတ်ဝင်စားမိသွားတယ်။

ဒါပေမဲ့ ဒီအဆောက်အဦးကို ဆောက်ခဲ့တဲ့လူတွေ စိတ်ထဲမှာ ဘာပဲရှိရှိ၊ ထင်ရှားတဲ့ အမှန်တရားတစ်ခုကတော့ ဒီလိုကျယ်ပြောလှတဲ့ မြေအောက်အဆောက်အဦးကြီးရဲ့ အမှောင်ထုနဲ့ အေးစက် စုတ်ပြတ်တဲ့ နေရာတွေဟာ အခုတော့ လူသူမသိဘဲ မကောင်းဆိုးဝါးတွေ ပေါက်ဖွားရာနေရာ ဖြစ်နေခဲ့ပြီဆိုတာပါပဲ။

မိစ္ဆာဂိုဏ်းသားတွေဟာ သူတို့ကိုသူတို့ နေမင်းကို ကိုးကွယ်သူတွေလို့ ပြောနေကြပေမဲ့ သူတို့လုပ်ရပ်တွေကတော့ ကျောချမ်းစရာ ကောင်းလွန်းပါတယ်။

တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဒီမြေအောက်ခန်းမကြီးထဲမှာ ဝတ်ရုံနက်ဝတ်ထားတဲ့လူတွေ အနည်းဆုံး ရာဂဏန်းလောက် စုဝေးနေကြတာကို မြင်ရမှာပါ။ အလယ်က ခပ်မြင့်မြင့် စင်မြင့်ပေါ်မှာတော့ အရပ်ရှည်ရှည်နဲ့ တည်ကြည်လှတဲ့ လူတစ်ယောက်က သူ့ရဲ့နောက်လိုက်တွေကို တရားဟောနေပါတယ်။ သူကတော့ တခြားလူတွေလို ခေါင်းစွပ်ဝတ်ထားတာ မဟုတ်ဘဲ ငရဲမီးတောက်တွေ တောက်လောင်နေသလိုမျိုး ရွှေရောင် မျက်နှာဖုံးကြီးကို စွပ်ထားတာပါ။ အဲဒီမျက်နှာဖုံးစွပ်ထားတဲ့လူရဲ့ နောက်ဘက်မှာတော့ ထိပ်ဖျားမှာ မီးလုံးကြီး တောက်လောင်နေတဲ့ သတ္တုတိုင်ကြီးတစ်ခု ရှိနေပါတယ်။

“ထွက်ပြေးသွားတဲ့ ယဇ်ကောင်ကို ကျွန်တော်တို့ ပြန်ဖမ်းမိလာပါပြီ”

ဒန်ကန်ကို ဖမ်းခေါ်လာတဲ့ ဝတ်ရုံနက်ထဲက တစ်ယောက်က ရှေ့ကိုတိုးပြီး သူ့ရဲ့ "ခေါင်းဆောင်" ဆီကို ဂုဏ်ယူဝံ့ကြွားတဲ့ လေသံနဲ့ သတင်းပို့လိုက်တယ်။

“ဒီယဇ်ကောင်က အမှောင်ထဲမှာ ကြာကြာနေမိသွားလို့ ထင်တယ်။ စိတ်အခြေအနေက နည်းနည်းရှုပ်ထွေးနေပါတယ်။ အရှင်သခင်ရဲ့ ကြီးမြတ်လှတဲ့ စွမ်းအားတော်နဲ့ သနားစရာကောင်းတဲ့ ဒီခန္ဓာကိုယ်ကို ကယ်တင်တော်မူပါ”

စင်ပေါ်က ရွှေရောင်မျက်နှာဖုံးစွပ်ထားတဲ့ ဂိုဏ်းခေါင်းဆောင်က ဒန်ကန်ကို လုံးဝကိုခန့်မှန်းလို့မရတဲ့ မျက်နှာပေးနဲ့ စိုက်ကြည့်လိုက်ပြီးမှ အံ့ဩတဲ့လေသံနဲ့ ပြောလိုက်တယ်။

“ယဇ်ကောင်က ထွက်ပြေးခဲ့တာတဲ့လား”

ဒန်ကန်ကတော့ လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံနေရတာတောင် ဘာမှမဖြစ်သလိုပဲ သူ့ကို ဖမ်းထားတဲ့လူတွေနဲ့ နောက်က ထူးဆန်းတဲ့ တိုင်ကြီးကို စိတ်ဝင်တစား လေ့လာနေတာပါ။

ဒီအပြင်အဆင်တွေက ဒီကမ္ဘာက သာမန်လူတွေအတွက်တော့ ထူးဆန်းပြီး ကြောက်စရာကောင်းချင် ကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ ဒန်ကန်အတွက်တော့ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ကောင်းကင်ပေါ်က နေမင်းကို အတုခိုးပြီး လုပ်ထားမှန်း သိသာတယ်လေ။ ပိုပြီး တိတိကျကျ ပြောရရင် အခု ကောင်းကင်ပေါ်မှာ ရှိနေတဲ့ ထူးဆန်းတဲ့ "အလင်းလုံးကြီး" ကို မဟုတ်ဘဲ ဒန်ကန် ရဲ့ မှတ်ဉာဏ်ထဲက ကမ္ဘာဟောင်းရဲ့ တကယ့်နေမင်းကြီးကို အတုခိုးထားတာပါ။

ဒန်ကန်ရဲ့ မျက်နှာသေကြီးကို ကြည့်ပြီး မိစ္ဆာဂိုဏ်းရဲ့ ဘုန်းတော်ကြီးက ယဇ်ကောင်က ဘာလို့ လန့်အော်ပြီး မကြောက်တာလဲဆိုတာကို သိပ်ပြီး ထူးဆန်းတယ်လို့တော့ မထင်ပါဘူး။ အမှောင်ထဲမှာ လမ်းပျောက်ပြီး ဝိညာဉ်လွင့်သွားတဲ့လူတွေက ဒီလိုပဲ အရူးလိုမျိုး ဖြစ်သွားတတ်တာမလို့လေ။

“ယဇ်ကောင်တွေကို ဖမ်းထားတဲ့နေရာကို သွားစစ်ဆေးလိုက်ဦး”

နောက်ဆုံးတော့ ဘုန်းတော်ကြီးက သူ့ဘေးနားက ဂိုဏ်းသားတစ်ယောက်ကို အမိန့်ပေးလိုက်တယ်။

အမိန့်ပေးပြီးတဲ့နောက် သူက ဒန်ကန်ကို ဖမ်းခေါ်လာတဲ့လူကို ခေါင်းညိတ်ပြပြီး ချီးကျူးစကား ပြောလိုက်တယ်။

“ကောင်းတယ်။ မင်းဟာ အရှင်သခင်အတွက် ကြီးမားတဲ့ ကောင်းမှုကုသိုလ်ကို ပြုလုပ်ခဲ့တာပဲ။ ကမ္ဘာကြီးကို အလင်းပြန်ရတဲ့အခါ ထာဝရ ဘုန်းကျက်သရေဟာ မင်းအပေါ် သက်ရောက်ပါစေ”

ဒါက ဘာမှမဟုတ်တဲ့ ချီးကျူးစကားလေးပဲ ဖြစ်ပေမဲ့ ခန်းမထဲက ကျန်တဲ့ ဝတ်ရုံနက်သမားတွေကိုတော့ သူတို့ရဲ့ နေမင်းနတ်ဘုရားကို ချီးမွမ်းတဲ့ ဂါထာတွေကို အော်ဟစ်ရွတ်ဆိုဖို့အတွက် လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားခဲ့တယ်။ သူတို့တွေ ရွတ်ဆိုနေကြတုန်း လူတချို့က ဒန်ကန် ကို မျက်နှာဖုံးစွပ်ဘုန်းတော်ကြီး ရပ်နေတဲ့ စင်မြင့်အလယ်ဆီကို တွန်းပို့လိုက်ကြတယ်။

“လမ်းပျောက်နေတဲ့ သနားစရာ ကောင်းတဲ့ ဝိညာဉ်လေး… ဒီကမ္ဘာကြီးရဲ့ အက်ကွဲကြောင်းတွေကြားက အေးစက်စုတ်ပြတ်ပြီး နက်ရှိုင်းတဲ့ အမှောင်ထုကို ခံစားမိရဲ့လား”

ဒန်ကန် ကတော့ ဒီလူကြီး ဘာတွေလာပြီး ပြောနေမှန်း နားမလည်တာကြောင့် ငြိမ်ငြိမ်လေးပဲ ရပ်ကြည့်နေလိုက်တယ်။ အဲ့လိုကြည့်နေလိုက်တာကပဲ အလုပ်ဖြစ်သွားပုံရပါတယ်။ ဘာလို့လဲဆိုတော့ ဘုန်းတော်ကြီးက သူ့ကို စိတ်မဆိုးတဲ့အပြင် ပိုပြီးတော့တောင် စိတ်အားထက်သန်စွာနဲ့ ဆက်ပြောလာလို့ပါပဲ။

“အေးစက်မှုနဲ့ အမှောင်ထုဆိုတာ အတုအယောင် နေမင်းက ဒီကမ္ဘာပေါ်မှာ ချန်ထားခဲ့တဲ့ ဆင်းရဲဒုက္ခတွေပဲ။ အတုအယောင် နေမင်းရဲ့ အုပ်ချုပ်မှုအောက်မှာ မှောင်မိုက်တဲ့ သမုဒ္ဒရာတွေက အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး သက်ရှိတွေ အသက်ရှင် ရှင်သန်ဖို့အတွက် အပိုင်းပိုင်းပြတ်နေတဲ့ ကုန်းမြေလေးတွေကိုပဲ ချန်ထားခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာကြီးက ရက်စက်လွန်းတယ်။ ခေတ်ဟောင်းရဲ့ အရိပ်တွေဟာ မြေအောက်အမှောင်ထဲမှာ ပုန်းခိုနေပြီး အခွင့်အရေးရတာနဲ့ တိုက်ခိုက်ဖို့ စောင့်နေကြတယ်။ ဒီအတိုင်းဆိုရင် လူသားအားလုံးဟာ မကောင်းဆိုးဝါးတွေရဲ့ ညစ်ညမ်းမှုကို ခံရတော့မယ်…”

“ငါတို့က ဒီလို ဆင်းရဲဒုက္ခတွေကို ဘယ်လိုများ သည်းခံနိုင်မှာလဲ။ အတုအယောင် နေမင်းက ယူဆောင်လာတဲ့ ဒီလို ပုံပျက်ပန်းပျက်နဲ့ အဓိပ္ပာယ်မရှိတဲ့ ကမ္ဘာကြီးကို ဘယ်လို သည်းခံနေရမှာလဲ”

“ငါတို့ သည်းမခံနိုင်ဘူး။ ဒါကြောင့် ငါတို့က အရှင်သခင် ပြန်လာဖို့ပဲ ဆုတောင်းနေကြတာ။ တကယ့် နေမင်းနတ်ဘုရားက ငါတို့ မြေဆီလွှာပေါ်ကို တစ်ကျော့ပြန် သက်ဆင်းပါစေ။ နေမင်းနတ်ဘုရားအစစ်က အမှောင်ထုကို သွေးနဲ့ မီးတောက်တွေသုံးပြီး ရှို့မြှိုက်ပစ်ပါစေ။ ငါတို့ ကမ္ဘာကြီးဆီကို စနစ်တကျရှိမှုနဲ့ သာယာဝပြောမှုတွေကို ပြန်ယူဆောင်လာပေးပါစေ”

မျက်နှာဖုံးစွပ်ဘုန်းတော်ကြီးရဲ့ စိတ်အားထက်သန်စရာ ဟောပြောချက်ကြောင့် မြေအောက်ခန်းမကြီးထဲက အငွေ့အသက်က ရုတ်တရက် ပြောင်းလဲသွားတာကို ဒန်ကန် သိသိသာသာ ခံစားလိုက်ရတယ်။ အစပိုင်းမှာတော့ သဘောတူတဲ့ လေသံလေးတွေပဲ ထွက်လာပေမဲ့ နောက်ပိုင်းမှာတော့ ဝိုင်းပြီး အော်ဟစ်ကြတော့တာပဲ။

“တကယ့် နေမင်းနတ်ဘုရားက ကမ္ဘာမြေပေါ်ကို တစ်ကျော့ပြန် သက်ဆင်းပါစေ။ နေမင်းနတ်ဘုရားအစစ်ဟာ သွေးနဲ့ မီးတောက်တွေကြားကနေ ထွက်ပေါ်လာလိမ့်မယ်။ သူ့ရဲ့ အလင်းတော်နဲ့ ငါတို့ ကမ္ဘာကြီးရဲ့ အမှောင်ထုကို သန့်စင်ပေးလိမ့်မယ်”

“တကယ့် နေမင်းနတ်ဘုရားက ကမ္ဘာမြေပေါ်ကို တစ်ကျော့ပြန် သက်ဆင်းပါစေ”

စင်ပေါ်က ဘုန်းတော်ကြီးက ပြောရင်းနဲ့ ဒန်ကန် ဆီကို လက်ကမ်းလိုက်တယ်။

“ဒီနေ့မှာတော့ ငါတို့ရဲ့ အရှင်သခင်က သူ့ရဲ့ အိပ်စက်ခြင်းကနေ ပိုပြီး နိုးထလာတော့မယ်။ လမ်းပျောက်နေတဲ့ ဝိညာဉ်ရဲ့ သွေးက အရှင်သခင်ရဲ့ ဒဏ်ရာတွေကို သက်သာစေပြီး အတုအယောင် နေမင်းရဲ့ ပျက်သုဉ်းခြင်းဆီကို ငါတို့ကို တစ်လှမ်း ပိုနီးစေလိမ့်မယ်”

“ယဇ်ကောင်ကို ရှေ့ကို ခေါ်လာခဲ့”

ဝတ်ရုံနက်ဝတ်ထားတဲ့ လူတချို့က ဒန်ကန် ကို စင်ပေါ်တွန်းတင်ဖို့ ပြေးလာကြတယ်။ ဒါပေမဲ့ ဒန်ကန်ကတော့ သူတို့ တွန်းစရာမလိုဘဲ စင်ပေါ်ကို ကိုယ်တိုင်ပဲ တက်သွားလိုက်ပါတယ်။ ဒီခန္ဓာကိုယ်က လှုတ်ရှားဖို့ သိပ်ပြီး အဆင်မပြေပေမဲ့ ခြေလက်တွေကို လှုပ်ရှားပြီး အမြန်တက်ဖို့ကတော့ ဖြစ်နိုင်ပါသေးတယ်။

စင်ပေါ်ရောက်တဲ့အခါ သူက လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံစံဖမ်းနေတုန်းဖြစ်တဲ့ မျက်နှာဖုံးစွပ်ဘုန်းတော်ကြီးနဲ့ မျက်နှာချင်းဆိုင် ဖြစ်သွားပါတယ်။ ဒါပေမဲ့ ယဇ်ကောင်ရဲ့ ဒီလို ထူးဆန်းတဲ့ လုပ်ရပ်ကြောင့် ဘုန်းတော်ကြီးလည်း အံ့ဩသွားပြီး ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့တယ်။

ဒန်ကန်ကတော့ ပတ်ဝန်းကျင်အငွေ့အသက် ပြောင်းလဲသွားတာကို လုံးဝ သတိမထားမိပုံပါပဲ။ သူက ဒီကမ္ဘာအကြောင်း သတင်းအချက်အလက်တချို့ကို ရလိုက်ပြီဖြစ်လို့ ဒီခန္ဓာကိုယ် ပျက်စီးမသွားခင် စိတ်ဝင်စားစရာ မြင်ကွင်းတွေကို ထပ်ပြီး ကြည့်ချင်နေတာပါ။

“ကဲ… အခု ဘာဆက်လုပ်ရမှာလဲ”

ဒန်ကန် က စိတ်ဝင်တစားနဲ့ လက်နှစ်ဖက်ကို ပွတ်သပ်ရင်း မေးလိုက်တယ်။

မျက်နှာဖုံးစွပ်ဘုန်းတော်ကြီးကတော့ ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားတော့တယ်။

“ပြောနေတာ မကြားဘူးလား”

ဒန်ကန် က မျက်နှာကြွက်သားတွေ တောင့်တင်းနေတာကြောင့် ခက်ခက်ခဲခဲနဲ့ မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။

“အခု ဘာဆက်လုပ်ရမှာလဲလို့ပြောနေတယ်လေကွာ”

ဒီအချိန်ကျမှ ဘုန်းတော်ကြီးက သတိပြန်ဝင်လာပါတယ်။ မျက်နှာဖုံးနောက်ကွယ်မှာ ရှိနေပေမဲ့ သူ့မျက်လုံးထဲမှာ ခဏလောက် ဇဝေဇဝါဖြစ်သွားတာတော့ အသိသာကြီးပါ။ သူက လေသံနှိမ့်ပြီး ပြောလိုက်တယ်။

“အမှောင်ထဲက အရိပ်က မင်းရဲ့ စိတ်ကို တကယ်ပဲ ထိခိုက်စေခဲ့တာပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ မြင့်မြတ်သန့်စင်လှတဲ့ နေမင်းက မင်းရဲ့ ဆင်းရဲဒုက္ခတွေကို အဆုံးသတ်ပေးပါလိမ့်မယ်… ယဇ်ကောင်ကို တိုင်ကြီးဆီ ခေါ်သွားလိုက်”

ချက်ချင်းပဲ ဘေးကနေ ဝတ်ရုံနက်နှစ်ယောက်က တက်လာပြီး ဒန်ကန်ရဲ့ လက်မောင်းနှစ်ဖက်ကို ဖမ်းဆွဲကာ ထိပ်မှာ မီးလုံးကြီး တောက်လောင်နေတဲ့ တိုင်ကြီးဆီကို ဆွဲခေါ်သွားကြတယ်။

ဒန်ကန်က ရုန်းကန်တာမျိုး မလုပ်ပေမဲ့ ဖမ်းထားတဲ့လူတွေကတော့ သူ့ပုခုံးရိုးတွေ ပြုတ်ထွက်လုမတတ် အင်အားသုံးပြီး ဖိညှစ်ထားကြတာပါ။ ဒါပေမဲ့လည်း ဘုန်းတော်ကြီးက သူ့ဆီ လျှောက်လာတဲ့အခါ သူ့ရဲ့ အာရုံက ဘုန်းတော်ကြီးဆီကိုပဲ ချက်ချင်း ရောက်သွားခဲ့တယ်။

မျက်နှာဖုံးစွပ်ဘုန်းတော်ကြီးက ခြောက်သွေ့ပြီး ကောက်ကွေးနေတဲ့ သစ်ကိုင်းခြောက်ပုံစံ ထူးဆန်းတဲ့ ဓားမြှောင်တစ်လက်ကို ထုတ်လိုက်တယ်။ အဲဒီဓားမြှောင်ဆီကနေ အန္တရဟိတ သင်္ဘောပေါ်က ဆိတ်ခေါင်းရဲ့ မျက်လုံးတွေမှာ သုံးထားတဲ့ အနက်ရောင် သလင်းကျောက်လိုမျိုး အနက်ရောင် အလင်းတောက်တွေ ထွက်နေပါတယ်။

ရွတ်ဆိုသံတွေ စတင်ထွက်ပေါ်လာတာနဲ့အမျှ ဒန်ကန် လည်း အချိန်တန်ပြီဆိုတာ သိလိုက်ပြီး သူ့ရဲ့ "ဝိညာဉ်ကူးပြောင်း" ထားတဲ့ အခြေအနေကို ဖြတ်တောက်ဖို့ ပြင်ဆင်လိုက်တယ်။

“အို… မြင့်မြတ်သန့်စင်လှတဲ့ နေမင်းနတ်ဘုရား။ ဒီပူဇော်ရာ စင်မြင့်ပေါ်က ယဇ်ကောင်ကို လက်ခံတော်မူပါ။ ဒီယဇ်ကောင်ရဲ့ နှလုံးသားကို အရှင်သခင်ဆီ ဆက်သမှာမလို့ အရှင်သခင်ဟာ သွေးနဲ့ မီးတောက်တွေကြားကနေ ကျွန်ုပ်တို့ကမ္ဘာဆီ ပြန်လည် သက်ဆင်းတော်မူပါစေ”

ဒန်ကန် ကတော့ ချက်ချင်းပဲ လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ဘုန်းတော်ကြီးကို ငတုံးတစ်ယောက်ကို ကြည့်နေမိသလိုမျိုး စိုက်ကြည့်နေမိ တော့တယ်။

All Chapters