အခန်း ၂၃၂
Vol. 24 Ch. 232
အခန်း (၂၃၂) - ထျန်းကျီးအစိတ်စိတ်အမြွှာမြွှာကွဲခြင်း (၂)
ဤကောက်ချက်ချမှု ထွက်ပေါ်လာပြီးနောက် ထိုနေရာရှိသိုင်းပညာရှင်များစွာမှာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာကြသည်။ ထိုစဉ် လူတစ်ယောက်က စကားစပြောလိုက်၏။
"အိမ်တော်သခင်ဝမ်... ဒီနေရာက နောက်ဆုံးတော့ ထျန်းရှင်းတောင်ပါပဲ... ခင်များမှာ တခြားလမ်းကြောင်းတွေ ရှိသေးလား..."
ဝမ်ဖူစန်းမှာ ဆွံ့အသွားရသည်။
"ကျုပ်သာသိခဲ့ရင် ထျန်းကျီးတောင်ကြားက ဒီနေ့အထိ ဘယ်လိုလုပ်ဆက်ရှိနေနိုင်မှာလဲ... ထျန်းရှင်းတောင်က ဒီလောက်ကြီးမားကျယ်ပြန့်တာကို ကျုပ်က ဒီတောင်ကြီးကိုလိုက်ပြီး တိုင်းတာနေနိုင်မလား..."
"ဒါ... ဒါဆို ဘယ်လိုလုပ်ကြမလဲ... ကျုပ်တို့ ဒီနေရာမှာ ပိတ်မိနေတော့မှာလား..."
"ပိတ်မိတာက ပြဿနာမရှိပါဘူး၊ ထွက်ပေါက်ပြန်ရှာရုံပဲလေ... ပြဿနာက ထွက်ပေါက်ရှာမတွေ့ခင် ကျုပ်တို့ အရင်ဆုံးငတ်သေသွားမှာကိုပဲ စိုးရိမ်ရတာ..."
"အဲဒီလောက်လည်း မဆိုးလောက်ပါဘူး... ခုနက ထျန်းကျီးတောင်ကြားတည်ရှိတဲ့ သတင်းကိုကြားတုန်းကဆိုရင် ထျန်းကျီးတောင်ကြားထဲ ဝင်တဲ့လမ်းက တစ်လမ်းတည်းမဟုတ်ဘူးလို့ ပြောကြတယ်..."
ထိုသို့ပြောနေစဉ်မှာပင် အသားစားဘုန်းကြီးက ဗိုက်ကြီးရွှဲကာ ဂူပြင်ပမှဝင်လာသည်ကို တွေ့လိုက်ရသည်။ သို့သော် ယခုအခါ ဘုန်းကြီးအိုကြီး၏မျက်နှာပေါ်တွင် ကရုဏာတရားမရှိတော့ဘဲ စိတ်ပျက်လက်ပျက်ဖြစ်နေသည့်ပုံစံ ပေါက်နေ၏။
"မရှိတော့ဘူး... ဘာလမ်းကြောင်းမှ မရှိတော့ဘူး... ထျန်းကျီးတောင်ကြား ပြိုလဲသွားတာက ထျန်းကျီးရသေ့ရဲ့လက်ချက်ပဲ ဖြစ်ရမယ်... လမ်းကြောင်းဆယ့်သုံးခုလုံး ပြိုကျသွားပြီ... အခုတော့ ဒီနေရာက လမ်းပိတ်ကြီးဖြစ်သွားပြီ..."
အသားစားဘုန်းကြီး၏စကားအဆုံးတွင် ကွင်းပြင်တစ်ခုလုံး ချက်ချင်း ဆူညံပွက်လောရိုက်သွားတော့သည်။ အချို့က ထျန်းကျီးရသေ့ကိုလူမဆန်ကြောင်း ဆဲရေးတိုင်းထွာနေကြသည်။
အတိတ်ကာလက နိုင်ငံတစ်ဝှမ်းရှိ ရှားပါးရတနာများကို လိုက်လံစုဆောင်းခဲ့သည်ကို ထားဦးတော့။ ယခုကဲ့သို့ ထျန်းကျီးတောင်ကြားသို့လာသူများကို သတ်ဖြတ်ရန် လျှို့ဝှက်ထောင်ချောက်များပါ ဆင်ထားခဲ့သည်မှာ အလွန်ပင် ရွံရှာစက်ဆုပ်ဖွယ်ကောင်းလှပေသည်။
အချို့ကလည်း ဝမ်ဖူစန်းကို အပြစ်တင်ကြသည်။ အကယ်၍ သူသာ ထျန်းကျီးအမိန့်တော်ပြားကိုထုတ်မပြဘဲ သူတို့ကို ထျန်းကျီးတောင်ကြားသို့ ခေါ်မလာခဲ့ပါက ဤကဲ့သို့ပိတ်မိနေမည် မဟုတ်ဟုဆိုကြသည်။
သို့သော် ထိုစကားများမှာ လုံးဝလူမဆန်လွန်းလှပေ။ ဝမ်ဖူစန်းစကားမပြောရသေးမီမှာပင် ကြည့်မရသော သိုင်းပညာရှင်အချို့က ပြန်လည်ဆဲဆိုလိုက်ကြသည်။
ပထမအချက်အနေဖြင့် ထျန်းကျီးအမိန့်တော်ပြားသတင်းကို ဝမ်ဖူစန်းကဖြန့်ဝေခဲ့ခြင်း မဟုတ်ဘဲ သူတို့ဘာသာဖိတ်ခေါ်စရာမလိုဘဲ ရောက်လာကြခြင်းဖြစ်သည်။
ဒုတိယအချက်အနေဖြင့် သူတို့ ဤနေရာသို့လာရခြင်းမှာ ဝမ်ဖူစန်းကို အတင်းအကျပ် ခေါ်လာခိုင်းသောကြောင့်ဖြစ်သည်။ မလာမီကလည်း ဝမ်ဖူစန်းက လာလိုသလောဟု မေးခဲ့သေးသည်။ ယခုကဲ့သို့အခြေအနေဆိုးနှင့် ရင်ဆိုင်ရချိန်မှ အိမ်တော်သခင်ဝမ်ကို မည်သို့အပြစ်တင်နိုင်မည်နည်း။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မြင်ကွင်းတစ်ခုလုံးမှာ ပရမ်းပတာဖြစ်သွားတော့၏။
ချူချင်းသည် ကျောက်နံရံကိုမှီထားပြီး ဝမ်ရိုက သူ့အနီးတွင် တိတ်ဆိတ်စွာထိုင်နေသည်။ ပျန်းချန်နှင့် မော့တူရှင်းတို့နှစ်ယောက်မှာ တစ်ယောက်က မေးစေ့ကိုပွတ်သပ်နေပြီး နောက်တစ်ယောက်က လက်ပိုက်ကာ သိုင်းလောကသားများ အချင်းချင်းငြင်းခုံနေကြသည်ကို ထိုင်ကြည့်နေကြ၏။
ဟွာကျင်နျန်းမှာ လူအုပ်ရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေပြီး အနည်းငယ်ဂနာမငြိမ်ဖြစ်နေပုံရသည်။ သို့သော် သူတို့နှင့် အနည်းငယ်လှမ်းသောနေရာတွင် ရှိနေသည့် ဇောင်ဝန်ချွမ်းမှာမူ တရားရသွားသော ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ အလွန်တည်ငြိမ်နေလေသည်။
ထို့ကြောင့်လည်း ချူချင်းအနေဖြင့် ဝူချန်းဟွမ်၏ဤအစ်ကိုကြီးအပေါ် အမြဲအထင်ကြီးလေးစားမိခြင်း ဖြစ်သည်။
ထျန်းကျီးတောင်ကြားအတွင်း၌ သူသည် မဟာနေမင်းကျင့်စဉ်ဖြင့် ဗုဒ္ဓကျမ်းစာများကိုရွတ်ဆိုကာ သင်္ချိုင်းမင်းသားကို ခုခံတိုက်ခိုက်ခဲ့သည်။ ဤလုပ်ရပ်မှာ မြင်းရထားကိုရပ်တန့်ရန် ကြိုးစားနေသည့် ပိုးကောင်ငယ်လေးတစ်ကောင်နှင့် တူနေသော်လည်း ရှင်းပြ၍မရနိုင်လောက်အောင် ရဲစွမ်းသတ္တိရှိလှပေသည်။
ယခုလို အသက်အန္တရာယ်ကြုံတွေ့နေရသည့် အခြေအနေတွင်ပင် ဤမျှတည်ငြိမ်အေးဆေးစွာ နေနိုင်စွမ်းရှိသည့် သူ၏စိတ်ထားမှာ သိုင်းလောကရှိ လူအများစုထက် သာလွန်နေပြီဖြစ်သည်။
ချူချင်းသည် သူထံမှအကြည့်ကို ရုပ်သိမ်းလိုက်ပြီး ဝမ်ရိုကို တိုးညင်းစွာပြောလိုက်၏။
"ငါ့ကို တစ်ခုလောက်ကူညီပါဦး... အဲဒီဘုန်းကြီးအိုကြီးရဲ့အနံ့ကို မှတ်ထားပေး... ခဏနေ အပြင်ရောက်ရင် သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်..."
ဝမ်ရိုက အစပိုင်းတွင် ချူချင်းကို နားမလည်နိုင်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။ ချူချင်းက ဘုန်းကြီးအိုကြီးကို မည်သည့်အတွက်ကြောင့် ရိုက်နှက်လိုနေခြင်းကို သူမ မသိပေ။ သို့သော်လည်း သူမက ခေါင်းညိတ်ပြလိုက်ဆဲပင်…
"ကောင်းပြီလေ..."
လူအုပ်ကြားထဲတွင်ရှိနေသော အသားစားဘုန်းကြီးမှာ အကြောင်းပြချက်မရှိဘဲ တုန်ယင်သွားလေသည်။ အကြောင်းရင်းကို နားမလည်နိုင်ဖြစ်နေစဉ်မှာပင် ချူချင်း၏အသံကို ကြားလိုက်ရ၏။
"လူတိုင်း ငြိမ်ငြိမ်နေပေးကြပါ..."
အကယ်၍ အခြားတစ်ယောက်သာဆိုလျှင် ယခုအချိန်တွင် စကားပြော၍ သူတို့၏အသံများကို နှိမ်နှင်းရန် အလွန်ခက်ခဲပေမည်။ သို့သော် ယခုစကားပြောနေသူမှာ ချူချင်းဖြစ်နေလေရာ...
သိုင်းပြိုင်ပွဲနှင့်သမက်ရွေးပွဲ စတင်ကတည်းက ဤသခင်လေးသုံး၏နေရာမှာ လူတိုင်း၏ရင်ထဲတွင် ပို၍အရေးပါလာခဲ့သည်။ ပထမဆုံးအနေဖြင့် လူတစ်ယောက်ကို ဆယ်ပေကျော်အထိ လွင့်စင်သွားအောင် လက်ဝါးဖြင့်ရိုက်ထုတ်နိုင်ခဲ့ပြီး လော့ချန်အိမ်တော်ရှေ့တွင် လျန့်ပေချန်းကို ဓားဖြင့်ခုတ်သတ်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ထျန်းကျီးတောင်ကြားအတွင်း၌ သင်္ချိုင်းမင်းသားသုံးဦးကိုပါ ဆက်တိုက်သတ်ဖြတ်နိုင်ခဲ့သည်။
သင်္ချိုင်းမင်းသားကို ကောင်းကင်ယံမှနေ၍ ရိုက်ချလိုက်သော မြင်ကွင်းမှာ ပို၍ပင် အံ့မခန်းဖြစ်စေခဲ့သည်။
ယခု ချူချင်းစကားပြောလိုက်သည်နှင့် လူအားလုံး ချက်ချင်းပါးစပ်ပိတ်သွားကြသည်။ ချူချင်းက ဆက်ပြောလိုက်၏။
"ဒီတောင်ရဲ့အတွင်းပိုင်းက အခေါင်းပေါက်ကြီးဖြစ်ပြီး အထဲမှာ လမ်းကြောင်းပေါင်းသောင်းချီရှိတယ်... ထျန်းကျီးရသေ့ကိုယ်တိုင်တောင်မှ ဒီလမ်းကြောင်းတိုင်းကို အကုန်သိနိုင်မှာ မဟုတ်ဘူး..."
"ဒီမှာ လူအများကြီးရှိနေတာပဲ... အပေါ်တက်ပြီး ရှာကြည့်ကြတာပေါ့... ထွက်ပေါက်ရှာမတွေ့ရင်တောင် တောင်နံရံရဲ့ အားနည်းတဲ့နေရာတစ်ခုခုကိုတွေ့ခဲ့ရင် ခင်များတို့စွမ်းအားနဲ့ လမ်းကြောင်းတစ်ခုဖောက်လို့ မရနိုင်ဘူးလား..."
ဤစကားကိုကြားလိုက်ရသောအခါ လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဤသည်မှာ အကောင်းဆုံးဖြေရှင်းနည်းတစ်ခုတော့ မဟုတ်သော်ငြား ကံစမ်းကြည့်ရုံသာဖြစ်သည်။
သို့သော် ယခုအခါတွင် ကံစမ်းကြည့်ခြင်းက ဤနေရာ၌ထိုင်ကာ သေမည့်နေ့ကိုစောင့်နေခြင်းထက်တော့ ပိုကောင်းပေသည်။
ချက်ချင်းပင် လူတစ်ယောက်က ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ... ကျုပ်ကတော့ သခင်လေးသုံးနဲ့အတူ ထွက်ပေါက်ရှာဖို့ အသင့်ပဲ..."
တစ်ယောက်က ထောက်ခံလိုက်သည်နှင့် အများစုကပါ ဝိုင်းဝန်းထောက်ခံလာကြတော့သည်။
ဝမ်ဖူစန်းသည် ချူချင်းကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ထျန်းကျီးတောင်ကြားအတွင်းရှိ ဤတိုက်ပွဲတွင် ချူချင်းက သူ၏အရှိန်အဝါကို အပြည့်အဝထုတ်ဖော်ပြသနိုင်ခဲ့ကြောင်း သူ ကောင်းစွာသိထား၏။
အကယ်၍ ချူချင်းသာ ဤလူများကို အသက်ရှင်လျက် လွတ်မြောက်စေရန် ဦးဆောင်နိုင်ခဲ့မည်ဆိုပါက သူ၏နာမည်ဂုဏ်သတင်းမှာ အလွန်ကြီးမားလာမည်ဖြစ်ပြီး အနာဂတ်တွင်လည်း အကြွင်းမဲ့အောင်မြင်မှုများ ရရှိလာမည်ဖြစ်သည်။
သူက ချက်ချင်းပြုံးလိုက်၏။
"ကောင်းပြီ... ဒါဆိုရင် ကျုပ်တို့လည်း သခင်လေးသုံးနောက်ကိုလိုက်ပြီး ရှာကြည့်ကြတာပေါ့..."
ဝမ်ဖူစန်းပင်လျှင် သဘောတူလိုက်ပြီဖြစ်ရာ တွေဝေနေသူများမှာလည်း ထပ်မံ၍တွေဝေနေစရာ မလိုတော့ပေ။ ထို့ကြောင့် ချက်ချင်းပင် အဖွဲ့ထဲသို့ဝင်ရောက်လာကြပြီး တောင်စောင်းတစ်လျှောက် စတင်ရှာဖွေကြတော့သည်။
ဤရှာဖွေမှုသည် တကယ်ပင် အရာထင်လာခဲ့သည်။ ဂူအတွင်းပိုင်းမှာ အလွန်ရှုပ်ထွေးလွန်းလှပြီး လမ်းကြောင်းများယှက်နွှယ်ကာ တစ်ခုနှင့်တစ်ခုဆက်သွယ်နေသည်။ ထျန်းကျီးရသေ့က နေရာတစ်ခုကိုဖျက်ဆီးနိုင်သော်လည်း တောင်တစ်ခုလုံးကိုမူ မဖျက်ဆီးနိုင်ခဲ့ပေ။
ယနေ့ရောက်ရှိနေသော သိုင်းပညာရှင်များထဲတွင် အကျပ်အတည်းအခြေအနေများကို စူးစမ်းလေ့လာရာ၌ ကျွမ်းကျင်သူများလည်းပါဝင်ကြပြီး မြေမျက်နှာပြင်နှင့် လိုဏ်ဂူအလားအလာများကို ဆုံးဖြတ်နိုင်စွမ်းမှာ ချူချင်းထက်ပင် သာလွန်နေသေးသည်။
သူတို့အားလုံးပူးပေါင်း၍ ဉာဏ်ရည်ဉာဏ်သွေးများကို စုစည်းလိုက်သောအခါတွင် အပေါ်တက်ရန် လမ်းကြောင်းတစ်ခုကို တကယ်ပင်ရှာတွေ့သွားကြသည်။
ထိုလမ်းကြောင်းအတိုင်း လျှောက်လာခဲ့သည်မှာ တစ်နာရီကျော်ခန့်ပင်ရှိနေပြီဖြစ်သည်။ ကျန်ရှိနေသော မီးတုတ်အနည်းငယ်မှာလည်း ငြိမ်းသွားခဲ့သည်မှာကြာပြီဖြစ်ရာ ယခုအခါ အာရုံခံစားမှုများကိုသာအားကိုး၍ လမ်းလျှောက်နေကြရ၏။
သို့သော် ယခုအချိန်တွင် သူတို့၏ပတ်ဝန်းကျင်၌ ရှေ့ဆက်ရန်လမ်းမရှိတော့ချေ။ အမှောင်ထုဖုံးလွှမ်းကာ ကျဉ်းမြောင်းကျပ်တည်းနေသော ဤပတ်ဝန်းကျင်၌ စိတ်ပျက်အားငယ်မှုများက မလွဲမသွေပေါ်ပေါက်လာတော့သည်။
ချူချင်းပင်လျှင် မျက်မှောင်ကြုတ်သွားမိသည်။ ထိုစဉ် ဝမ်ရိုက ရုတ်တရက်အသံထွက်လာ၏။
"အစ်ကိုသုံး... ကျွန်မ အစ်ကို့အနံ့ကိုရတယ်..."
"ငါ့အနံ့လား..."
ချူချင်းက ကြောင်အသွားသည်။
"ငါက မင်းဘေးမှာရှိနေတာလေ... ငါ့အနံ့ကိုရတာ သဘာဝပဲမဟုတ်ဘူးလား..."
"မဟုတ်ဘူး... အစ်ကို့အနံ့က အပေါ်ကနေလာတာ..."
သူမက ခေါင်းထက်သို့ လက်ညှိုးထိုးပြလိုက်၏။
ချူချင်းက အံ့သြသွားသည်။ ခေါင်းပေါ်တွင် ဧရာမကျောက်တုံးကြီးတစ်ခုရှိပြီး ရှေ့တွင်မူ အောက်ခြေမမြင်ရသော ချောက်ကမ်းပါးကြီးသာ ရှိလေသည်။ သူတို့မမြင်နိုင်သော နေရာတွင် နောက်ထပ်လမ်းကြောင်းတစ်ခု ရှိနေနိုင်သေးသည်လော။
သူ သေချာအကဲခတ်ကြည့်လိုက်ရာ တစ်ဖက်ရှိတောင်နံရံနှင့် ခေါင်းပေါ်ရှိကျောက်တုံးကြီးကြားတွင် အက်ကွဲကြောင်းငယ်လေးတစ်ခုရှိနေသည်ကို သတိပြုမိသွား၏။ ထိုအက်ကွဲကြောင်း၏ထောင့်ချိုးမှာ အလွန်တိမ်းစောင်းနေသဖြင့် အလင်းရောင် ကောင်းစွာရနေလျှင်ပင် ရှာဖွေတွေ့ရှိနိုင်ရန် အလွန်ခက်ခဲပေမည်။
ချက်ချင်းပင် သူက အပေါ်သို့ခုန်တက်လိုက်ပြီး တစ်ဖက်တောင်နံရံကို ခြေတစ်ဖက်ဖြင့်နင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ မြူခိုးငွေ့များအလား လှိုင်းထနေပြီး ထိုအက်ကွဲကြောင်းကြားမှဖြတ်သန်းကာ ဆယ်ပေခန့်အမြင့်သို့ ရောက်သွားပြီးနောက် အခြားစင်မြင့်တစ်ခုပေါ်သို့ ရောက်ရှိသွားလေသည်။
ထိုအက်ကွဲကြောင်းထဲမှနေ၍ အခန်းငယ်တစ်ခုအတွင်းသို့ အလင်းရောင်ဖျော့ဖျော့လေး ဝင်ရောက်နေသည်။ ချူချင်း၏ရင်ထဲတွင် ချက်ချင်းဝမ်းသာသွားပြီး ရှေ့သို့တစ်လှမ်းတိုးကာ လက်ဝါးဖြင့်ရိုက်ချလိုက်၏။ နဂါးပုံသဏ္ဌာန်စွမ်းအင်များက မိုးခြိမ်းသံကြီးအလား ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ထိုအက်ကွဲကြောင်းမှတစ်ဆင့် တောင်နံရံ၏အထူကို ခန့်မှန်းကြည့်မည်ဆိုလျှင် ယုတ္တိဆန်စွာဖြင့် ဤလက်ဝါးရိုက်ချက်က တောင်နံရံကို မဖြိုခွဲနိုင်သင့်ပေ။
သို့သော် မမျှော်လင့်ဘဲ နဂါးပုံသဏ္ဌာန်စွမ်းအင်က တောင်နံရံကို ထိုးဖောက်သွားရုံသာမက အပြင်ဘက်သို့တိုင်အောင် ဟိန်းဟောက်ထွက်ပေါ်သွားလေသည်။
ကျောက်နံရံကြီးပြိုကွဲသွားသံကို ကြားလိုက်ရပြီးနောက် သူ၏မျက်စိရှေ့တွင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာတော့၏။
ချူချင်းက ရှေ့သို့လှမ်းထွက်လိုက်ပြီး ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ရာ ချက်ချင်းပင် အံ့သြမှင်တက်သွားသည်။
"ဒီတော့... ဒီနေရာကို ရောက်လာတာကိုး…”