အခန်း ၂၃၃
Vol. 24 Ch. 233
အခန်း (၂၃၃) - ဆုလာဘ် (၁)
မနေ့က ချူချင်းသည် လော့ချန်အိမ်တော်သို့ ရောက်ရောက်ချင်းပင် ဝမ်ဖူစန်းပေးအပ်သော တာဝန်ကြီးကို ထမ်းဆောင်ခဲ့ရသည်။
ထို့နောက် ရှဝမ်ရွှမ်းကို လူဆိုးများက အနှောင့်အယှက်ပေးနေသဖြင့် သခင်မလေးထျယ်က ဝင်ရောက်ကူညီပေးသည့်မြင်ကွင်းနှင့် ကြုံတွေ့ခဲ့ရ၏။
ထို့နောက် သူတောင်းစားအိုကြီးနောက်သို့လိုက်သွားကာ ပတ်ဝန်းကျင်တစ်ဝိုက်ကို ရှာဖွေခဲ့သော်လည်း မည်သူ့ကိုမျှမတွေ့ရဘဲ တောင်နံရံရှိအက်ကြောင်းတစ်ခုကိုသာ တွေ့ရှိခဲ့လေသည်။
ထိုအချိန်က မည်သူမျှတိုးဝင်သွားနိုင်မည် မဟုတ်ဟုတွေးမိသော်လည်း တောင်နံရံကိုပေါက်ထွက်သွားမလားကို သိလိုသဖြင့် လက်ဝါးဖြင့် တစ်ချက်ရိုက်ကြည့်ခဲ့သည်။
ထိုစဉ် ဟွာမေရန်က ထျယ်ချူချင်ကိုသတ်ရန်ကြံစည်နေသဖြင့် ချူချင်း၏အာရုံပြောင်းသွားကာ ထိုတောင်နံရံကို ယာယီလျစ်လျူရှုထားလိုက်မိ၏။
ထို့နောက် ဆက်တိုက်ဆိုသလို ပြဿနာများပေါ်ပေါက်လာသဖြင့် ချူချင်းတစ်ယောက် ထိုကိစ္စကို လုံးဝမေ့သွားခဲ့တော့သည်။
မမျှော်လင့်ဘဲ ဤကျောက်နံရံကို ဖောက်ထွင်းပြီးနောက် ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ ဤနေရာသည် အက်ကြောင်းရှိနေခဲ့သော တောင်နံရံပင် ဖြစ်နေတော့၏။
'အပြင်ဘက်ကနေ လက်ဝါးတစ်ချက်ရိုက်တုန်းက တစ်ဝက်လောက် ပြိုသွားတယ်။ အခု အတွင်းဘက်ကနေ နောက်တစ်ချက် ထပ်ရိုက်လိုက်တော့... ပွင့်ထွက်သွားတာပဲ...'
'ငါ ဒီနေရာကိုရောက်ခဲ့တာ သုံးရက်မပြည့်သေးတော့ ဝမ်ရိုက အနံ့ခံနိုင်သေးလို့ တော်ရာကျတယ်… မဟုတ်ရင် နေရောင်ကို ပြန်မြင်ရဖို့ မလွယ်ဘူး...'
ချူချင်းက နေရောင်ကို မော့ကြည့်လိုက်သည်။ ယခုအချိန်သည် အရှေ့အရပ်မှ နေရောင်သန်းစပြုနေပြီ ဖြစ်၏။
သူသည် ချက်ချင်းနောက်လှည့်ကာ ဂူထဲသို့ သတင်းပေးလိုက်သည်။ အချိန်ခဏအကြာတွင် ဝမ်ဖူစန်း၊ ဝမ်ရိုနှင့် အခြားသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြတော့သည်။
လူအုပ်ကြီးသည် တစ်ဦးကိုတစ်ဦး ကူညီဖေးမကြပြီး နာရီဝက်ခန့်အကြာတွင် လူအားလုံး အပေါ်သို့ရောက်လာကြ၏။
နေရောင်ကို ပြန်လည်မြင်တွေ့ရသဖြင့် လူတိုင်းမှာ စိတ်လှုပ်ရှားဝမ်းသာနေကြသည်။
အခြေအနေကို အကဲခတ်တတ်သူများက ချူချင်းကို အလျင်အမြန် လာရောက်ကျေးဇူးတင်ကြရာ အခြားသူများကလည်း အတုခိုး၍ ကျေးဇူးတင်ကြလေ၏။
ဤသည်ကိုမြင်လျှင် ဝမ်ဖူစန်းက ဝင်ပြောလိုက်သည်။
"ကဲ... မိတ်ဆွေတို့၊ တစ်ညလုံး ပင်ပင်ပန်းပန်းတိုက်ခိုက်ခဲ့ရပြီး အခုတော့ ဘေးအန္တရာယ်ကနေ လွတ်မြောက်သွားကြပြီဆိုတော့ ကျုပ်နဲ့အတူ လော့ချန်အိမ်တော်ကိုပြန်ပြီး ခဏလောက်အနားယူကြရင် ဘယ်လိုလဲ..."
လူတိုင်းက ခေါင်းညိတ်သဘောတူလိုက်ကြသော်လည်း ဆွန်ရှောင်ရှန်းထံမှ စကားသံကို ရုတ်တရက်ကြားလိုက်ရ၏။
"ဆရာကြီးဝမ်ရဲ့စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မမှာကိစ္စရှိသေးလို့ အရင်သွားနှင့်ပါရစေ။ နောက်မှပြန်ဆုံကြတာပေါ့..."
ထိုသို့ပြောပြီးနောက် သူမသည် ကိုယ်ဖော့ကာ ခုန်ထွက်သွားလေသည်။
ဝမ်ဖူစန်းက သူမ ထွက်သွားသည့်ကျောပြင်ကိုကြည့်ရင်း စိတ်ထဲမှ ရေရွတ်လိုက်၏။
'တကယ်တော့ ပြန်မဆုံလည်း ရပါတယ်...'
တစ္ဆေဧကရာဇ်နှင့် ပတ်သက်နေသူများသည် လူကောင်း၊ လူဆိုးခွဲရခက်ပေသည်။
အဆက်အသွယ်မလုပ်ဘဲ နေနိုင်လျှင် အကောင်းဆုံးပင်။
ချူချင်းကမူ အကြည့်ကိုလွှဲလိုက်ပြီး ဝမ်ရိုကို တိုးတိုးလေးမေးလိုက်၏။
"အနံ့ခံပြီး အဲဒီဘုန်းကြီးကို ရှာလို့ရလား..."
"သူ့ခြေထောက်တွေကို သွားရိုက်ချိုးမလို့လား..."
ဝမ်ရို၏မျက်လုံးများက အရောင်လက်သွားသည်။
ချူချင်းက ခေါင်းညိတ်ပြလိုက်၏။
"သွားကြစို့..."
ဝမ်ရိုက ချူချင်း၏အင်္ကျီလက်စကိုဆွဲ၍ ထွက်သွားမည်ပြုရာ ဝမ်ဖူစန်းက ကမန်းကတန်းတားဆီးလိုက်လေသည်။
"မင်းတို့ ဘယ်သွားကြမလို့လဲ..."
"ကိစ္စလေးနည်းနည်းရှိလို့ပါ။ ပြီးတာနဲ့ မြန်မြန်ပြန်ခဲ့မယ်..."
ချူချင်းက အလျင်အမြန် ရှင်းပြလိုက်၏။
ဝမ်ဖူစန်းက သူ့ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။ ဤကောင်လေးသည် အပြစ်ကင်းစင်သော မိန်းကလေးကို ဖြားယောင်းသွေးဆောင်ရန် ကြိုးစားနေသည်ဟု သူသံသယဝင်မိခြင်း ဖြစ်၏။
သို့သော် စိတ်ပျက်စရာကောင်းသည်မှာ ထိုအပြစ်ကင်းစင်သော မိန်းကလေးကိုယ်တိုင်က ဖြားယောင်းခံလိုပုံရပြီး ချူချင်း၏စကားကို အတုခိုးကာ ဝမ်ဖူစန်းအား ပြောလိုက်ခြင်းပင်…
“ပြီးတာနဲ့ မြန်မြန်ပြန်လာမှာပါ..."
"..."
ဝမ်ဖူစန်းတစ်ယောက် ဆွံ့အသွားရသည်။ သူ စကားပင်မပြောရသေးခင် ချူချင်းသည် ဝမ်ရိုကိုဆွဲကာ အဝေးသို့ထွက်သွားလေပြီ။
"ခွေးကောင်လေး..."
ဝမ်ဖူစန်းက တိုးတိုးလေးဆဲရေးလိုက်သော်လည်း ထိုနေရာတွင် သိုင်းလောကမှ သိုင်းပညာရှင်များနှင့် လော့ချန်အိမ်တော်မှ တပည့်များစွာရှိနေသဖြင့် သူတို့ကိုပစ်ထားခဲ့၍ မရနိုင်သောကြောင့် လော့ချန်အိမ်တော်သို့ ဦးစွာခေါ်ဆောင်သွားရန်သာ တတ်နိုင်တော့သည်။
ချူချင်းတို့ဘက်တွင်မူ ဝမ်ရို၏ဦးဆောင်မှုဖြင့် ရှေ့သို့ အဆက်မပြတ်ပျံသန်းသွားကြပြီး တောင်များကို ကျော်ဖြတ်ပြီးနောက် တစ်ခဏအကြာတွင် ရေကန်တစ်ခုအနီးသို့ ရောက်ရှိသွားကြ၏။
ဆွန်ရှောင်ရှန်းက ရေကန်ဘေးတွင်ထိုင်၍ မျက်နှာသစ်နေသည်ကို တွေ့လိုက်ရသည်။
လှုပ်ရှားမှုအသံကို ကြားလိုက်ရသဖြင့် သူမက ရုတ်တရက်လှည့်ကြည့်လိုက်ရာ သူမ၏မျက်နှာပေါ်တွင် ဓားဒဏ်ရာများ ရှုပ်ယှက်ခတ်နေပြီး မေးရိုးတစ်ပိုင်းပြတ်တောက်နေကာ အမာရွတ်များဖြင့်ပြည့်နှက်နေသော ထိတ်လန့်ဖွယ်မြင်ကွင်းကို တွေ့လိုက်ရလေ၏။
သူမသည် အစိမ်းရောင်မျက်နှာဖုံးပဝါကို အလျင်အမြန်ပြန်တပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ဒီလောက်တောင် မြန်လှချည်လား..."
"စီနီယာက ကျုပ်တို့လာမယ်ဆိုတာ သိနေတာလား..."
ချူချင်းက ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်စဉ် ဝမ်ရိုက သူ၏နားနားသို့ကပ်၍ တိုးတိုးလေးပြောလိုက်၏။
"အဲဒီဘုန်းကြီးရဲ့အနံ့ ပျောက်သွားပြီ..."
"အဲဒီသူခိုးအိုကြီးကို ရှာနေတာလား..."
ဆွန်ရှောင်ရှန်းက ပြုံးလိုက်သည်။
"အလုပ်ရှုပ်မခံပါနဲ့တော့။ မင်းတို့ သူ့ကိုမီအောင်လိုက်နိုင်မှာ မဟုတ်ဘူး။ သိုင်းလောကမှာ ဧကရာဇ်သုံးပါးနဲ့ အရှင်သခင်ငါးပါးကို ထည့်တွက်ရင်တောင် သူ့ကို မီအောင်လိုက်နိုင်တဲ့သူက လက်ငါးချောင်းစာပဲ ရှိတယ်။ မင်းတို့ သူ့ကိုတွေ့နိုင်တယ်ဆိုရင်တော့ အကြောင်းပြချက်တစ်ခုတည်းပဲ ရှိတယ်... အဲဒါက သူက မင်းတို့ကိုတွေ့ချင်နေလို့ပဲ..."
"ကြည့်ရတာ သူက အသားစားဘုန်းကြီးမဟုတ်တာ သေချာသွားပြီ။ စီနီယာက ဒီလူဘယ်သူလဲဆိုတာ သိလို့လား..."
"ကောင်းကင်ကိုးလွှာက ကြယ်တွေအားလုံး သူ့လက်တစ်ဖက်တည်းမှာပဲ ရှိတယ်..."
ဆွန်ရှောင်ရှန်းက အေးတိအေးစက်ပြောလိုက်၏။
"ကမ္ဘာ့နံပါတ်တစ်သူခိုး... ယွီလုံ..."
"သူဖြစ်နေတာကိုး..."
ချူချင်း၏နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခုပေါ်လာသည်။
ဤမျှလျင်မြန်သော ကိုယ်ဖော့ပညာရှိသူမှာ သာမန်လူမဟုတ်ကြောင်း သေချာသွားပေပြီ။
လမ်းတစ်လျှောက်တွင် ဝမ်ဖူစန်းကအခွင့်အရေးရတိုင်း မနေ့ညကကိစ္စများကို ချူချင်းအားပြောပြခဲ့ပြီး၊ ချူချင်းကလည်း ဤဘုန်းကြီးအိုရောက်လာသည်မှာ အလွန်တိုက်ဆိုင်လွန်းပြီး ရုတ်တရက်ဆန်လွန်းသည်ဟု ခံစားခဲ့ရ၏။
ထို့အပြင် အသားစားဘုန်းကြီးကဲ့သို့ လူမျိုးမှာ ဖုံးကွယ်ထားရန် မလိုအပ်သကဲ့သို့ လော့ချန်အိမ်တော်သို့ခိုးဝင်ရန်လည်း ဂရုစိုက်မည်မဟုတ်ပေ။
သူသာ ရောက်လာခဲ့ပါက လော့ချန်အိမ်တော်အနေဖြင့် စောစောစီးစီးသိရှိနေမည်သာ ဖြစ်သည်။
သို့သော် မနေ့က အသားစားဘုန်းကြီးပေါ်လာပုံမှာ အလွန်ထူးဆန်းလှပြီး လေထဲမှ ရုတ်တရက်ပေါ်ပေါက်လာသကဲ့သို့ ဖြစ်နေ၏။
တစ်စုံတစ်ယောက်က ရုပ်ဖျက်ထားခြင်းဆိုလျှင်တော့ ယုတ္တိဆန်သွားပေမည်။
ထျန်းကျီးတောင်ကြားထဲတွင် ဆွန်ရှောင်ရှန်းအော်လိုက်စဉ်က ချူချင်းသည် သူမ၏အကြည့်ကို အကဲခတ်ခဲ့ရာ သူမ ကြည့်နေသည်မှာ အသားစားဘုန်းကြီးကိုပင်။
ထို့ကြောင့် အသားစားဘုန်းကြီးမှာ အစစ်မဟုတ်ကြောင်း သိသာထင်ရှားလှသည်။
နောက်ပိုင်း ဂူထဲတွင် လူအားလုံးစုဝေးနေချိန်တွင် အသားစားဘုန်းကြီးရောက်လာပြီး ထျန်းကျီးတောင်ကြားသို့သွားသော လမ်းဆယ့်သုံးသွယ်လုံး ပြိုကျပျက်စီးသွားပြီဟုပြောခဲ့၏။
ဤနေရာအကြောင်းကို ဤမျှသိကျွမ်းနားလည်သူမှာ ချူချင်းအသိတွင် သူတောင်းစားအိုကြီးတစ်ယောက်သာ ရှိသည်။
ထို့ကြောင့် အခြေအနေတစ်ခုလုံး ရှင်းလင်းသွားတော့၏။
သူတောင်းစားအိုကြီးပင် ဖြစ်သည်။
အသားစားဘုန်းကြီးအဖြစ် ရုပ်ဖျက်ကာ ဝမ်ဖူစန်းအား လူအများကိုထိန်းချုပ်နိုင်ရန် ကူညီပေးခဲ့ခြင်း ဖြစ်သည်။
သူသာ စောစောစီးစီးပေါ်လာပါက လူများ၏စိတ်ထိတ်လန့်သွားပြီး ပြဿနာတက်နိုင်သော်လည်း၊ မနေ့ညက အခြေအနေမျိုးတွင်မူ တစ်စုံတစ်ယောက်က သံသယရှိခဲ့လျှင်ပင် သူ့ကိုဖော်ထုတ်ရန် အချိန်မရှိခဲ့ပေ။
သူက လူအများကို ထျန်းကျီးတောင်ကြားထဲသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြင့် သူ၏တာဝန် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထိုသူသည်... ယွီဟူသော မျိုးရိုးနာမည်ရှိ၏။
ဤသို့ဖြင့် သူ၏အမှတ်အသားမှာ နေလိုလလို ထင်ရှားသွားတော့သည်။
ချူချင်းအနေဖြင့် အပိုမေးခွန်းထုတ်ရခြင်းမှာ တိကျသေချာသော အဖြေတစ်ခုကို လိုချင်သောကြောင့်သာ ဖြစ်၏။
သို့သော် ဤသူနှင့်ပတ်သက်၍ ချူချင်းသိထားသော နောက်ထပ်ကိစ္စတစ်ခု ရှိသေးသည်။
ထိုနေ့က နတ်ဘုရားဓားခန်းမဆောင်တွင် ကမောက်ကမနတ်ဘုရားဓားကို ခိုးယူသွားသော နွားကျောင်းသားလေးသည် ယွီလုံ၏တပည့်ဖြစ်ပြီး၊ ယွီလုံမှာမူ ထိုမိန်းကလေး၏ ဖခင်ဖမ်းဆီးခြင်းခံရကာ ခြေထောက်နှစ်ဖက်လုံး ရိုက်ချိုးခံရတော့မည့် အခြေအနေဖြစ်၏။
ဤလူသည် လော့ချန်အိမ်တော်သို့ ဤမျှလျင်မြန်စွာ မည်သို့ရောက်လာနိုင်သနည်း...
“မင်းသိထားပြီးသားဆိုတော့လည်း ပြောရလွယ်သွားတာပေါ့..."
ဆွန်ရှောင်ရှန်းက ရင်ခွင်ထဲမှ ပစ္စည်းတစ်ခုကိုထုတ်ကာ ချူချင်းထံ ပစ်ပေးလိုက်သည်။
"ကောင်းကင်မိစ္ဆာဝတ်ရုံကို သူယူသွားတယ်။ ဒါက မင်းဆီကို ပေးခိုင်းလိုက်တဲ့ပစ္စည်းပဲ... မင်းအတွက် ဆုလာဘ်တဲ့..."
ချူချင်းက မျက်ခုံးပင့်လိုက်၏။ အစောင့်နှစ်ဦးနှင့် မင်းသားတစ်ပါးကို သတ်ဖြတ်ရန်တာဝန်ကို ယွီလုံက ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က သူတောင်းစားအိုကြီးသည် ဆုလာဘ်အများအပြားကို ပေးမည်ဟုပြောခဲ့သည်။
သို့သော် ယခု လက်ထဲတွင် ကိုင်ထားရသောပစ္စည်းမှာ ကြီးကြီးမားမားမဟုတ်ပေ။
ထိုပစ္စည်းကို ထုပ်ပိုးထားသော အဝတ်ဖြူကိုဖွင့်ကြည့်လိုက်ရာ လက်ဖဝါးအရွယ်အစားရှိ ဓားပုံသဏ္ဌာန် အမိန့်တော်ပြားတစ်ခုကို တွေ့လိုက်ရ၏။
ချူချင်းက ၎င်းကိုကောက်ကိုင်၍ သေချာကြည့်လိုက်သည်။
"ဒါက ဘာပစ္စည်းလဲ..."
ကောင်းကင်မိစ္ဆာဝတ်ရုံနှင့်ပတ်သက်၍မူ ချူချင်းက အစကတည်းက ဂရုမစိုက်ခဲ့ပေ။
ကိုယ့်ကိုယ်ကိုသတ်သေရန်နှင့် တစ်ဖက်လူကိုပါ အတူခေါ်သွားရန် သုံးရမည့်ပစ္စည်းမျိုးကို သူယူသွားလည်း ယူသွားပါစေ။