← Chapters

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း (၂၃၄) - ဆုလာဘ် (၂)

“သူ့လက်ထဲမှာ ထူးထူးဆန်းဆန်း ပစ္စည်းအများကြီးရှိတာ၊ ငါက ဘာပစ္စည်းလဲဆိုတာ ဘယ်လိုလုပ်သိမှာလဲ..."

ဆွန်ရှောင်ရှန်းက ခေါင်းခါလိုက်၏။

"ကဲ... ကတိပေးထားတဲ့ကိစ္စတွေကို လုပ်ပြီးသွားပြီဆိုတော့ သွားခွင့်ပြုပါဦး..."

ချူချင်းတွင် မေးလိုသောမေးခွန်းအချို့ ရှိနေသေးသော်လည်း အနည်းငယ်စဉ်းစားပြီးနောက် လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။

"ကောင်းပါပြီ..."

စကားဆုံးသည်နှင့်တစ်ပြိုင်နက် ဆွန်ရှောင်ရှန်းသည် နောက်တစ်ကြိမ်ကိုယ်ဖော့၍ ထွက်ခွာသွားလေ၏။

ချူချင်းနှင့်ဝမ်ရိုတို့ နှစ်ယောက်သား ရေကန်ဘေးတွင်ရပ်လျက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေမိကြသည်။

ယွီလုံသည် မိမိ၏အနံ့အသက်နှင့် သဲလွန်စများကို ဖျောက်ဖျက်နိုင်စွမ်းရှိသည်မှာ နားလည်ရခက်သောကိစ္စမဟုတ်ပေ။ သူသည် ကမ္ဘာ့နံပါတ်တစ်သူခိုးကြီး မဟုတ်ပါလော။

ဆွန်ရှောင်ရှန်းထံမှ ပစ္စည်းတစ်ခုရလိုက်သည်ဖြစ်၍ အချည်းနှီးသွားရခြင်းတော့ မဟုတ်ပေ။

သို့သော် ချူချင်းက တစ်ခဏမျှတွေးတောပြီးနောက် မေးလိုက်၏။

"နောက်တစ်ခါ ဒီလူကြီးနဲ့တွေ့ရင် မင်း သူ့ကိုမှတ်မိနိုင်ပါ့မလား..."

ဝမ်ရို၏အဖြေသည် ယခင်ကဲ့သို့ မသေချာတော့ဘဲ အလေးအနက်ထား၍ ပြန်ဖြေလေသည်။

"...သေချာစဉ်းစားကြည့်ရင်တော့ ရနိုင်ပါတယ်..."

ချူချင်း အနည်းငယ် အံ့အားသင့်သွား၏။

"ယုတ္တိမဆန်တာတွေရော ရှိသေးလို့လား..."

ဝမ်ရိုက ခံစားချက်မဲ့နေသော မျက်နှာဖြင့် ပြောလိုက်သည်။

"ရှင်လေ..."

"..."

ချူချင်းတစ်ယောက် ဆွံ့အသွားရ၏။ မိမိ၏အခြေအနေမျိုးသည် သိုင်းလောကတစ်ခွင်၌ပင် အလွန်ရှားပါးလှသည် မဟုတ်ပါလော။

ထို့ကြောင့် သူက ခေါင်းခါလိုက်သည်။

"ထားလိုက်ပါတော့။ ယွီလုံပဲဟာ၊ မီအောင်မလိုက်နိုင်တာလည်း သဘာဝကျပါတယ်။ မဟုတ်ရင် သူ့ရဲ့ ကမ္ဘာ့နံပါတ်တစ်သူခိုးဆိုတဲ့ နာမည်က အလကားဖြစ်နေမှာပေါ့... သွားကြစို့၊ လော့ချန်အိမ်တော်ကို အရင်ပြန်ကြမယ်..."

သူတို့နှစ်ယောက် ဆက်မပြောကြတော့ဘဲ လော့ချန်အိမ်တော်ဆီသို့ ခုန်လွှားပျံသန်းသွားကြတော့၏။

သို့သော် အိမ်တော်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော သဲလွန်စများစွာကို တွေ့လိုက်ရသည်။

ပတ်ဝန်းကျင်ရှိ လော့ချန်အိမ်တော်မှတပည့်များသည် ချူချင်းနှင့်ဝမ်ရိုတို့ကို မြင်သောအခါ အားလုံးကအရိုအသေပေးရန် အနားသို့ရောက်လာကြ၏။

သူတို့ကို မေးခွန်းအချို့ မေးကြည့်ပြီးနောက် မနေ့ညက ဤနေရာတွင်ဖြစ်ပျက်ခဲ့သည်များကို သိရှိသွားကြလေသည်။

ဤရှုပ်ထွေးမှုများမှာ ဝမ်ဖူစန်းတို့ ထျန်းကျီးတောင်ကြားသို့ ထွက်သွားချိန်မှစတင်ခဲ့ပြီး... ထျယ်လင်ယွန်းက လူများနှင့်အတူ ရောက်ရှိလာချိန်တွင် ပြီးဆုံးသွားခြင်း ဖြစ်၏။

ထျယ်လင်ယွန်းကိုယ်တိုင် ဝင်ရောက်စွက်ဖက်လိုက်သောကြောင့် ဤအရှုပ်အထွေးကို ဖြေရှင်းရန်မှာ လက်တစ်ဖဝါးလှန်သကဲ့သို့ လွယ်ကူသွားခဲ့သည်။

သူခေါ်လာသော လူအရေအတွက် မများသော်လည်း တစ်ယောက်ချင်းစီတိုင်းက လက်ရွေးစင်များဖြစ်ကြ၏။ သူတို့ဝင်ရောက်တိုက်ခိုက်လိုက်သည်နှင့် လော့ချန်အိမ်တော်၏ပြဿနာမှာ ချက်ချင်းဆိုသလို ငြိမ်းချမ်းသွားတော့သည်။

ချူချင်းသည် ထိုစကားများကိုကြားရသောအခါ အနည်းငယ်အံ့အားသင့်သွား၏။ အဓိကအားဖြင့် ထျယ်လင်ယွန်း ဤမျှလျင်မြန်စွာ ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားသောကြောင့်ပင်။

သူတို့နှစ်ယောက် အခြေအနေကို အနည်းငယ်စုံစမ်းပြီးနောက် လော့ချန်အိမ်တော်၏ဧည့်ခံခန်းမဖြစ်သော ကြယ်ဆွတ်ခန်းမဆောင်ဆီသို့ ထွက်လာခဲ့ကြသည်။

အနားသို့ပင် မရောက်သေးမီ မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်လှသော အသံတစ်သံကို ကြားလိုက်ရ၏။

"ခွေးကောင်... ငါ့သမီးကို အခုချက်ချင်းထုတ်ပေးစမ်း။ မဟုတ်လို့ကတော့ မင်းရဲ့ထျန်းရှင်းတောင်ကို ဖြိုချပစ်မယ်။ ကြယ်ဆွတ်အိုင်ကိုလည်း မြေဖို့ပစ်မယ်။ ပြီးတော့ မင်းရဲ့ လော့ချန်အိမ်တော်ကိုလည်း မြေလှန်ပစ်မယ်ကွ..."

ထို့နောက် ဝမ်ဖူစန်း၏အသံက ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။

"ဒီကိစ္စကို ကျုပ်ဆုံးဖြတ်လို့မရဘူးလို့ ပြောပြီးပြီလေ... ခင်များ ဖြိုချင်ရင်လည်း ဖြိုချလိုက်ပါ။ တကယ်လို့ အဆင်မပြေဘူးဆိုရင်တောင် ကျုပ်က ဝင်ကူပေးလိုက်ဦးမယ်။ ဒါမှ နောက်ပိုင်းပြန်ဆောက်တဲ့အခါ ပိုလွယ်သွားမှာ..."

"အရှက်မရှိတဲ့ အဘိုးကြီး... တော်တော်လွန်လွန်းနေပြီ။ ဒီလော့ချန်အိမ်တော်တစ်ခုလုံးမှာ ခင်များကို အကြီးအကဲအဖြစ် သတ်မှတ်ထားတာကို ခင်များက ဆုံးဖြတ်လို့မရဘူးဆိုတော့ ငါ့ကို ဆုံးဖြတ်ခိုင်းမလို့လား..."

"ခင်များလည်း ဆုံးဖြတ်လို့မရပါဘူး... ခဏစောင့်ပါဦး။ သူကိစ္စလေးတစ်ခု သွားရှင်းနေလို့၊ ခဏနေရင် ပြန်ရောက်လာတော့မှာပါ..."

သူတို့စကားပြောနေကြစဉ် တပည့်တစ်ယောက်က ချူချင်းနှင့်ဝမ်ရိုတို့ လာနေသည်ကိုမြင်သွားသဖြင့် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။

"သခင်လေးသုံးနဲ့ သခင်မလေး ရောက်လာပါပြီ..."

ထိုအခါ ဝမ်ဖူစန်းက ချက်ချင်းဝင်ပြောလိုက်သည်။

"ဆုံးဖြတ်ချက်ချနိုင်တဲ့သူ ရောက်လာပြီဟေ့..."

ချူချင်းနှင့်ဝမ်ရိုတို့ အထဲသို့ဝင်သွားချိန်တွင် ရိုးသားဖြောင့်မတ်ပုံရသော လူတစ်ယောက်က ဒေါသတကြီးဖြင့် မျက်နှာကြီးနီရဲကာ အံကြိတ်ထားသည်ကို တွေ့လိုက်ရ၏။

"မင်းလိုခွေးကောင်က လူကောင်းမဟုတ်ဘူးလို့ ပြောသားပဲ... ဆုံးဖြတ်ချက်ချနိုင်တယ်ဆိုတာ မင်း သမီးကိုပြောတာလား... မင်းအိမ်တော်မှာ ဘယ်အချိန်တည်းက သခင်လေးသုံးဆိုတာ ရှိသွားတာလဲ။ မင်း နောက်ထပ်ကလေးနှစ်ယောက် ထပ်ရပြန်ပြီလား..."

"ဖူး..."

ဘေးမှပွဲထိုင်ကြည့်နေသော ချန်ထျယ်ရှန်းသည် တံခါးပေါက်ဆီသို့ အကြည့်ရောက်သွားရာ ချူချင်းနှင့်ဝမ်ရိုတို့ကို ချက်ချင်းမြင်လိုက်ရသည်။

သူသည် သောက်လက်စလက်ဖက်ရည်များကို ထွေးထုတ်လိုက်မိပြီး အဆက်မပြတ်ချောင်းဆိုးကာ ထျယ်လင်ယွန်း၏အင်္ကျီလက်စကို ကမန်းကတန်းဆွဲလိုက်၏။

"ခန်းမသခင်ကြီး... စကားကို ဆင်ခြင်ပြောပါ... ဆင်ခြင်ပြောပါဦး..."

"မင်းက ဘာဖြစ်နေတာလဲ။ ဘာကို ဆင်ခြင်ပြောရမှာလဲ..."

ထျယ်လင်ယွန်းက ဒေါသတကြီးဖြင့် လှည့်ကြည့်လိုက်ရာ ချန်ထျယ်ရှန်းက ချူချင်းကိုလက်ညိုးထိုးကာ ပြောလိုက်လေသည်။

"အဲဒါ ဓားရူးသခင်လေးသုံးလေ... အဘိုးကြီးဝမ် ထပ်မွေးထားတဲ့ ကလေးနှစ်ယောက် မဟုတ်ဘူး..."

ထိုစကားကိုကြားလိုက်ရသောအခါ ထျယ်လင်ယွန်းမှာ ရုတ်တရက်တည်ငြိမ်သွားပြီး ဝင်လာသောချူချင်းကို မျက်လုံးများကျဉ်းမြောင်းကာ စိုက်ကြည့်လိုက်၏။

"မင်းက အဲဒီသခင်လေးသုံးဆိုတဲ့ ကောင်လေးကိုး... ငါ့လူတွေကို မင်းက ရိုက်နှက်ထားတယ်ဆို..."

ချူချင်းက ပြုံးလိုက်သည်။

"ခန်းမသခင်ကြီးက နောက်နေပြန်ပါပြီ။ ကျုပ်က စီနီယာချန်နဲ့ သိုင်းပညာဖလှယ်ရုံလေးပါပဲ... ပြောရရင် ကတိတစ်ခုတောင် တောင်းထားသေးတယ်။ ကျုပ် ထျယ်ရွှဲ့ခန်းမဆောင်ကို လာလည်တဲ့အခါ စီနီယာချန်နဲ့ ထပ်ဖလှယ်ဖို့ ကတိတောင်းထားပါတယ်..."

ချန်ထျယ်ရှန်း၏မျက်နှာကြီးမှာ ချက်ချင်းမည်းမှောင်သွားပြီး ထျယ်လင်ယွန်းကိုဆွဲကာ အော်ပြောလိုက်၏။

"သူ ကျွန်တော့်ကို သတ်ချင်တဲ့စိတ် မကုန်သေးဘူးလို့ ပြောသားပဲ။ ကြည့်... အခုကြည့်စမ်းပါဦး..."

"...အရှက်ခွဲနေတဲ့ ကောင်..."

ထျယ်လင်ယွန်းက နှာမှုတ်လိုက်ပြီး ချန်ထျယ်ရှန်းကို ခါချလိုက်သည်။ ထို့နောက် ချူချင်းကိုတစ်ချက်၊ ဝမ်ဖူစန်းကို တစ်ချက်ကြည့်ပြီး ရုတ်တရက် သဘောပေါက်သွားလေ၏။

"အဘိုးကြီးဝမ်... ခင်များပြောတဲ့ ဆုံးဖြတ်ချက်ချပေးနိုင်မဲ့သူဆိုတာ ဒီကောင်လေးကို ပြောတာလား..."

"ဒါပေါ့..."

ဝမ်ဖူစန်းက ပြုံးလိုက်၏။

"ခင်များသမီးကို ဖမ်းထားတာလည်းသူပဲ။ အဲဒီစာကို ရေးတာလည်းသူပဲ။ ခင်များကို လာခိုင်းတာလည်းသူပဲ။ ခင်များ သမီးဖြစ်သူကို ခေါ်သွားခွင့်ပေးမပေးဆိုတာလည်း သူ့အပေါ်မှာပဲ မူတည်တယ်။ ကျုပ်ကတော့ သူ့အစား ဆုံးဖြတ်ချက်ဝင်မချရဲပါဘူး..."

ထျယ်လင်ယွန်း၏နဖူးပေါ်မှ သွေးကြောများထောင်ထလာပြီး စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

"ငါ့သမီးကို ဖမ်းထားတာ မင်းကိုး..."

ချူချင်းက ဝမ်ဖူစန်းကို စိုက်ကြည့်လိုက်၏။ ဤအဘိုးကြီးသည် ပြဿနာတက်အောင် တမင်သွေးထိုးပေးနေခြင်း ဖြစ်ပေသည်။

ထို့ကြောင့် သူပြုံးလိုက်ပြီး ထိုင်ခုံတစ်လုံးတွင်ဝင်ထိုင်ကာ လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီးမှ စကားစလိုက်သည်။

"ခန်းမသခင်ကြီး စိတ်လျော့ပါဦး... ခင်များသမီးကို ဖမ်းထားတယ်ဆိုတဲ့ စကားကတော့ မဟုတ်သေးပါဘူး... သခင်မလေးထျယ်က သမက်ရွေးပွဲကို ရုပ်ဖျက်ပြီးလာပြိုင်ခဲ့ပေမဲ့ လူဆိုးတွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတယ်။”

“ကျုပ်က ဝင်ကူညီပေးခဲ့တာပါ... အဲဒီနောက်မှာ သခင်မလေးထျယ် ထပ်ပြီးအန္တရာယ်ပြုမခံရအောင် အိမ်တော်ထဲမှာပဲ ပေးနေပြီး ကျုပ်လူတွေကိုပါ သေချာကာကွယ်ခိုင်းထားပါသေးတယ်…”

“ထျယ်ရွှဲ့ခန်းမဆောင်က သခင်မလေးကို တစ်ခုခုဖြစ်သွားမှာ စိုးရိမ်လို့ပါ။ ကျုပ်ဖက်က ရိုးသားပါတယ်... ခန်းမသခင်ကြီးဆီကို စာရေးလိုက်တာကလည်း ခရီးအရမ်းဝေးတော့ သခင်မလေးထျယ် တစ်ယောက်တည်း အိမ်ပြန်ရင် လမ်းမှာ အန္တရာယ်ကြုံရမှာ စိုးရိမ်လို့ပါ။ အဲဒါကြောင့်မလို့ လူကိုယ်တိုင် လာခေါ်ခိုင်းရတာပါ..."

ထျယ်လင်ယွန်း၏မျက်နှာက ချက်ချင်းတင်းမာသွား၏။

"ဘယ်သူက ငါ့သမီးကို အန္တရာယ်ပြုရဲတာလဲ..."

"နျဲ့ကျင့်ထိုင်ရဲ့ မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းဝင် ခုနစ်ဆယ့်နှစ်ယောက်မှာပါတဲ့... ပန်းအလှမယ် ဟွာမေရန်ပါပဲ..."

ချူချင်းက တိုးညင်းစွာ ပြောလိုက်သည်။

"ခင်များသမီးက ဟွာမေရန် လူတစ်ယောက်နဲ့ လျှို့ဝှက်တွေ့ဆုံနေတာကို မတော်တဆမြင်သွားတယ်။ သူတို့ကသိသွားတော့ နှုတ်ပိတ်ချင်နေတာ... ကျုပ်က အချိန်ကိုက်ရောက်သွားလို့ ဝင်ကယ်လိုက်တာပါ။ ဒီလောက်ပါပဲ..."

"ဒီလိုဆိုရင်တော့ ငါက မင်းကို ကျေးဇူးတင်ရမှာပေါ့..."

ထျယ်လင်ယွန်းက ချူချင်းကိုကြည့်ရင်း ရုတ်တရက် ဟားတိုက်ရယ်မောလိုက်လေသည်။

"ဒါဆိုရင်တော့ တကယ်ကို ကျေးဇူးတင်ပါတယ်ကွာ..."

ဤစကားကိုနားထောင်ရသည်မှာ သွယ်ဝိုက်ပြောဆိုနေခြင်းနှင့် မတူသောကြောင့် ချူချင်း အနည်းငယ်ကြောင်အမ်းသွား၏။

"ခန်းမသခင်ကြီးက တကယ် ကျေးဇူးတင်နေတာလား..."

"ဒါပေါ့ကွ..."

ထျယ်လင်ယွန်းက ဆက်လက်၍ ရယ်မောလိုက်သည်။

"မင်းဆီမှာ ဘယ်လိုပဲ အကြံဆိုးရှိရှိ... အဓိကအချက်က မင်းက ငါ့သမီးလေးကို တကယ် ကယ်တင်ပေးခဲ့တာပဲ။ မင်း ဘာပဲလုပ်ချင်လုပ်ချင်၊ ဒီအသက်ကယ်ကျေးဇူးကို ဦးစား‌ပေးထားတာမလို့ ကျေးဇူးတင်စကားမပြောဘဲ နေလို့မရဘူး..."

ဝမ်ဖူစန်းက နှုတ်ခမ်းမဲ့လိုက်၏။

"လူလည်ကြီး..."

"ဘယ်သူ့ကို ပြောနေတာလဲ..."

ထျယ်လင်ယွန်းက ဝမ်ဖူစန်းကို မခံချင်စိတ်ဖြင့် စိုက်ကြည့်လိုက်သော်လည်း၊ ချူချင်းကိုပြန်ကြည့်သောအခါ မျက်နှာထားက ချိုသာသွားလေသည်။

"အခု ငါ့သမီးလေးကို တွေ့လို့ရပြီလား..."

"ရတာပေါ့..."

ချူချင်းက ဝမ်ဖူစန်းကို ခေါင်းညိတ်ပြလိုက်၏။

ဝမ်ဖူစန်းက လက်ကို အနည်းငယ်ဝှေ့ယမ်းလိုက်ရာ လော့ချန်အိမ်တော်၏ တပည့်တစ်ယောက် ချက်ချင်းထွက်သွားလေသည်။

ထိုကိစ္စပြီးနောက် ဝမ်ဖူစန်းက ချူချင်းကိုကြည့်လိုက်၏။

"သင်္ချိုင်းမင်းသားနဲ့ကိစ္စက ပြီးသေးပုံမရဘူး..."

ချူချင်းက ထျယ်လင်ယွန်းကို အတွေးများစွာဖြင့် ကြည့်လိုက်သည်။ ဝမ်ဖူစန်းသည် ထျယ်လင်ယွန်းရှေ့တွင် ဤကိစ္စကို ရုတ်တရက်ထုတ်ပြောလိုက်ခြင်း ဖြစ်၏။

တမင်လုပ်နေခြင်းမှာ သိသာလှပေသည်။

ကောင်းကင်မိစ္ဆာဂိုဏ်း၏ကိစ္စသည် တစ်မိသားစု၊ တစ်နေရာတည်းနှင့် သက်ဆိုင်သည် မဟုတ်ပေ။ ၎င်းမှာ ထျယ်လင်ယွန်းကို သတိပေးနေခြင်းလော။

ကြည့်ရသည်မှာ ဤမိသားစုနှစ်ခုကြားရှိဆက်ဆံရေးမှာ ထင်ထားသကဲ့သို့ တင်းမာနေပုံမရပေ။

စဉ်းစားနေစဉ်အတွင်း စကားပြောရန်ပြင်လိုက်သော်လည်း ရုတ်တရက် တံခါးပေါက်မှ လူတစ်ယောက်၏အော်သံကို ထပ်မံကြားလိုက်ရ၏။

"ထိုက်ရိဂိုဏ်းက သခင်လေးမော့၊ သခင်လေးပျန်းနဲ့ သခင်လေးချူတို့ရောက်လာပါပြီ..."

ချူချင်းမှာ ကြားလိုက်စဉ်က မည်သည်ကိုမျှမခံစားရသော်လည်း သေချာစဉ်းစားကြည့်ပြီးနောက် ရုတ်တရက် ကြောင်အမ်းသွားလေသည်။

"ဘယ်သူတွေ လာတယ်…”

All Chapters