← Chapters

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း (၂၃၅) - ရွေးချယ်မှုများနှင့် သေတ္တာဖွင့်ခြင်း (၁)

ချူချင်း၏မေးခွန်းကို ပြန်မဖြေရသေးခင်မှာပင် မော့တူရှင်း၊ ပျန်းချန်နှင့် ချူဖန်တို့သုံးယောက် ဝင်လာသည်ကို မြင်လိုက်ရ၏။

"အိမ်တော်သခင်ဝမ်ကို ဂါရဝပြုပါတယ်..."

သုံးယောက်သား တစ်သံတည်းဖြင့် ပြောလိုက်ကြသည်။

သူတို့သည် ဝမ်ရို၏ဂိုဏ်းတူအစ်ကိုများဖြစ်ကြပြီး လော့ချန်အိမ်တော်နှင့် ဆက်ဆံရေးမှာ သာမန်မဟုတ်ပေ။

ချူချင်းတို့ ဤနေရာသို့ရောက်လာသည့် ပထမဆုံးနေ့မှာပင် မော့တူရှင်းနှင့်ပျန်းချန်တို့၏ အဆင့်အတန်းအရ ဝမ်ဖူစန်းကို အမြန်ဆုံးလာရောက်ဂါရဝပြုသင့်ခြင်းပင်။

သို့သော် ထိုစဉ်က ဝမ်ဖူစန်းမှာ လုပ်ကြံခံရထားသဖြင့် ဧည့်သည်လက်ခံတွေ့ဆုံရန် အဆင်မပြေသောကြောင့် ယခုအထိ ကြန့်ကြာသွားခဲ့ခြင်းဖြစ်လေသည်။

ချူချင်းက ယွီလုံကိုရှာရန် ဝမ်ရိုနှင့်အတူ ထွက်ခွာသွားခဲ့သည်။

ဝမ်ဖူစန်းနှင့်အခြားသူများ လော့ချန်အိမ်တော်သို့ ပြန်ရောက်လာပြီးနောက် ဤဘက်ရှိအခြေအနေများကို သိရှိသွားခဲ့ရာ ပျန်းချန်နှင့်မော့တူရှင်းတို့ကလည်း သူတို့၏ တတိယဂိုဏ်းတူညီလေးမှာ လော့ချန်အိမ်တော်သို့ ရောက်ရှိနေကြောင်း တွေ့ရှိသွားကြ၏။

အပြန်အလှန် နှုတ်ဆက်စကားပြောကြပြီးနောက်တွင်မှ ချူချင်း၏စေ့စပ်ထားသူသည် မြေကမ္ဘာစာလိပ်၏တည်နေရာကို မတော်တဆသိရှိသွားကာ ချူဖန်ထံ သတင်းပို့ခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

ထိုက်ရိဂိုဏ်း၏ တပည့်တစ်ယောက်အနေဖြင့် ချူဖန်မှာ သတင်းရသည်နှင့် ချက်ချင်းပြေးလာခဲ့လေသည်။

နှမြောစရာကောင်းသည်မှာ ထျန်းဝူမြို့က ဤနေရာနှင့်မနီးသဖြင့် တစ်လျှောက်လုံး အပြေးအလွှားလာခဲ့သော်လည်း နောက်ကျသွားခဲ့ဆဲပင်။

သူရောက်လာသည့်အချိန်တွင် လော့ချန်အိမ်တော်၏ ကမောက်ကမဖြစ်မှုများနှင့် အတိအကျကြုံကြိုက်သွားသဖြင့် ဝင်ရောက်ကူညီပေးခဲ့၏။

ထို့နောက် ထျန်းကျီးတောင်ကြားသို့သွားရန် ကြိုးစားခဲ့သော်လည်း လမ်းများပြိုကျနေခဲ့ပြီဖြစ်လေသည်။

မတတ်နိုင်သည့်အဆုံး အိမ်တော်သို့သာပြန်လှည့်လာခဲ့ပြီး ဝမ်ဖူစန်းနှင့်အခြားသူများ ပြန်အလာကို စောင့်ဆိုင်းနေခဲ့ရသည်။

ထို့နောက်တွင် ပျန်းချန်၊ မော့တူရှင်းတို့နှင့် ပြန်လည်ဆုံတွေ့ခဲ့ကာ ဝမ်ရိုအကြောင်း မေးမြန်းခဲ့သော်လည်း ပျန်းချန်က ရေရေရာရာမပြောပြဘဲ ဝမ်ဖူစန်းကိုဂါရဝပြုရန်သာ သူ့ကိုခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပေသည်။

ဝမ်ဖူစန်းက သူတို့သုံးယောက်ကိုမြင်သည်နှင့် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

"ချွေ့ဗျောက်အိုးကတော့ တကယ်ကို အားကျစရာပဲ... မင်းတို့လို တပည့်ကောင်းတွေ အများကြီးကို လက်ခံထားတာ..."

"မင်းတို့ကို မိတ်ဆက်ပေးရဦးမယ်... ဒီပုဂ္ဂိုလ်က ထျယ်ရွှဲ့ခန်းမဆောင်က ခန်းမသခင်ထျယ်လင်ယွန်းပဲ..."

ပျန်းချန်တို့သုံးယောက်ကလည်း ထျယ်လင်ယွန်းကို ချက်ချင်းဂါရဝပြုလိုက်ကြ၏။

ထျယ်လင်ယွန်း၏မျက်နှာအမူအရာမှာ ထူးဆန်းသွားလေသည်။

"ချွေ့ဗျောက်အိုးရဲ့တပည့်တွေလား... မင်းတို့ဆရာက ဒီနှစ်တွေအတွင်း စိတ်အခြေအနေ ဘယ်လိုရှိလဲ..."

"ဆရာက စိတ်ကို သေချာထိန်းကျောင်းနေတာမို့ ဒေါသအတော်လေးလျော့သွားပါပြီ..."

ပျန်းချန်ကပြုံးကာ ပြန်ဖြေလိုက်၏။

"...မဖြစ်နိုင်တာ..."

ထျယ်လင်ယွန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ဒီလိုဖြစ်စရာအကြောင်းကို မရှိတာ..."

"..."

ပျန်းချန်မှာ တစ်ခဏမျှ စကားဆွံ့အသွားရသည်။ ကြည့်ရသည်မှာ သူတို့ဆရာ၏မိတ်ဆွေဟောင်းတစ်ဦး ဖြစ်ပုံရပေ၏။

သူတို့ဆရာအပေါ် နားလည်မှုမှာ သာမန်မဟုတ်ပေ။

ဝမ်ဖူစန်းက ပြုံးစိစိဖြင့် ပြောလိုက်လေသည်။

"တော်လိုက်ပါတော့... ငါတို့က မင်းတို့ဆရာနဲ့သိလာတာ တစ်ရက်နှစ်ရက်မှမဟုတ်တာ... သူ့စရိုက်ဘယ်လိုရှိလဲဆိုတာ ငါတို့က မသိဘဲနေပါ့မလား..."

"အင်း... ဒီပုဂ္ဂိုလ်ကိုတော့ မင်းတို့သိကြမှာပါ... ဓားရူးသခင်လေးသုံးလေ..."

"ဒီတစ်ကြိမ် အခြေအနေတွေကို ထိန်းသိမ်းပေးခဲ့တဲ့သူပေါ့... မင်းတို့နဲ့ရွယ်တူလောက်ပဲ မဟုတ်ရင်တောင် နည်းနည်း ပိုငယ်ချင်ငယ်နေဦးမယ်... ဒါပေမဲ့ သူ့ရဲ့သိုင်းပညာကတော့ မှန်းဆလို့မရအောင်ကို နက်နဲတယ်..."

"မင်းတို့အချင်းချင်းလည်း သိနေကြတာပဲဆိုတော့ ဒီအခွင့်အရေးကိုအသုံးချပြီး အကြံဉာဏ်တွေ အများကြီးတောင်းထားကြ... မင်းတို့အတွက် အကျိုးရှိရမယ်လို့ အာမခံတယ်..."

မော့တူရှင်းက ထိုစကားကိုကြားသောအခါ နှာမှုတ်လိုက်ပြီး ပျန်းချန်ကမူ ချူဖန်ကို ပြုံးစိစိဖြင့် လှမ်းကြည့်လိုက်လေ၏။

အစပိုင်းတွင် ချူဖန်သည် ဤဘက်၌ ချူချင်းထိုင်နေသည်ကို သတိမထားမိခဲ့ချေ။ အကြောင်းမှာ သူ အထဲသို့ဝင်လာကတည်းက ချူချင်းက လက်တစ်ဖက်ဖြင့် မျက်နှာကိုကွယ်ထားသောကြောင့်ပင်။

ယခု ဝမ်ဖူစန်း ထိုသို့ပြောလိုက်သည်ကို ကြားလိုက်ရသဖြင့် သူ၏စိတ်ထဲတွင် အနိုင်မခံအရှုံးမပေးလိုစိတ်များ ပေါ်ပေါက်လာတော့သည်။

ထို့နောက် ချူချင်းကို ချက်ချင်းလှည့်ကြည့်လိုက်၏။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ချူဖန်၏ရင်ထဲတွင် တုန်လှုပ်သွားရသည်။ သူစကားပြောရန် ပြင်လိုက်ချိန်မှာပင် ချူချင်းက ရှေ့တစ်လှမ်းတိုးလာကာ သူ၏အနီးသို့ရောက်လာပြီး ပခုံးကိုဖိကိုင်လိုက်သည်ကို မြင်လိုက်ရသည်။

ချူဖန်သည် မွေးရာပါခွန်အားကြီးမားသူဖြစ်ရာ သာမန်လူများ ယှဉ်နိုင်မည်မဟုတ်ပေ။

အကယ်၍ တခြားသူတစ်ယောက်သာ ဤမျှရိုင်းစိုင်းစွာပြုမူပါက ပဋိပက္ခဖြစ်ရန် အသေအချာပင်။

သို့သော် ချူချင်း၏လှုပ်ရှားမှုက မြန်ဆန်လွန်းလှသည်။ ပထမအချက်အနေဖြင့် သူ အချိန်မီတုံ့ပြန်နိုင်ခြင်းမရှိခဲ့‌ချေ။ ဒုတိယအချက်အနေဖြင့် ထိုအကြည့်တစ်ချက်ကြောင့်ပင် သူ၏ရင်ထဲ၌ ခံစားချက်များ ကမောက်ကမဖြစ်သွားကာ မတုံ့ပြန်နိုင်တော့ချေ။

ထိုစဉ် ချူချင်းပြောလိုက်သည်ကို ကြားလိုက်ရ၏။

"ကျုပ်က စီနီယာချွေ့ကို အမြဲလေးစားလာခဲ့တာ... အစ်ကိုချူက စီနီယာချွေ့ရဲ့တပည့်ဆိုတော့ သိုင်းပညာက သာမန်ထက်ထူးခြားမှာ အသေအချာပဲ..."

"ခဏနေကျရင် ကျုပ်တို့ သေချာလေးစကားပြောပြီး ဆွေးနွေးကြတာပေါ့..."

"မင်း..."

ချူဖန်၏မျက်လုံးများ နီရဲလာသော်လည်း သူစကားပြော၍မဆုံးခင်မှာပင် ပျန်းချန်က သူ့ကိုဆွဲခေါ်သွားလေသည်။

"တတိယညီလေး... သခင်လေးသုံးက သာမန်လူမဟုတ်ဘူးကွ... အခု သူတို့မှာ ကိစ္စရှိနေမှတော့ ဒီမှာ အနှောင့်အယှက်မပေးဘဲ နေရအောင်..."

"အိမ်တော်သခင်ဝမ်၊ ခန်းမသခင်ထျယ်... ကျွန်တော်တို့သုံးယောက်ကို အရင်ခွင့်ပြုပါဦး..."

ဝမ်ဖူစန်းက ချူချင်းကို တွေးတောနေဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် လက်ဝှေ့ယမ်းပြလိုက်သည်။

"သွားကြ..."

ချက်ချင်းပင် ပျန်းချန်က ချူဖန်ကိုဖက်ထားကာ ပါးစပ်ကိုပိတ်ပြီး ဆွဲခေါ်သွားတော့၏။

မော့တူရှင်းက ပျန်းချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချူချင်းကိုပါ ထပ်ကြည့်လိုက်သည်။ ထို့နောက် လှည့်ထွက်သွားကာ သူ၏ဝတ်ရုံဖြူက လေထဲတွင်လွင့်ခါနေပြီး ပျန်းချန်၏အနောက်သို့ ဖြည်းဖြည်းမှန်မှန် လျှောက်သွားလေသည်။

ချူချင်းက သူတို့ထွက်သွားသည်ကို မြင်ပြီးနောက်မှ နေရာတွင် ပြန်ထိုင်လိုက်၏။

ထို့နောက် ဝမ်ဖူစန်းကိုကြည့်ကာ မေးလိုက်သည်။

"စောစောက ကျုပ်တို့ ဘယ်ရောက်သွားပြီလဲ..."

"သင်္ချိုင်းမင်းသားအကြောင်းလေ..."

ဝမ်ဖူစန်းက သတိပေးလိုက်၏။

ချူချင်းက ခေါင်းညိတ်လိုက်သည်။

"ဒီလူက တကယ်ကို ပြဿနာတစ်ခုပဲ..."

"ဒါနဲ့ ခန်းမသခင်ထျယ် ကောင်းကင်မိစ္ဆာဂိုဏ်းအကြောင်း ကြားဖူးလား..."

ထျယ်လင်ယွန်းမှာ မျက်မှောင် အနည်းငယ်ကြုတ်သွားလေသည်။

"ကောင်းကင်မိစ္ဆာဂိုဏ်းဆိုတော့ ကြားဖူးတာပေါ့..."

"ကျုပ်သိသလောက်တော့ လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက ကောင်းကင်မိစ္ဆာဂိုဏ်းက သိုင်းလောကကို ပြဿနာရှာဖို့ ကြံစည်နေခဲ့တာပဲ..."

"ပထမဆုံးက ထျန်းဝူမြို့၊ ပြီးတော့ ရှင်တောက်အန်းခန်းမဆောင်... အခု ထျန်းကျီးအမိန့်တော်ပြားနဲ့ ထျန်းကျီးတောင်ကြားကိစ္စတွေကိုလည်း သူတို့ကပဲ ဖန်တီးခဲ့တာ..."

"ဒီလူတွေက မယုံနိုင်လောက်အောင် စွမ်းအားကြီးမားပြီး သူတို့လက်ခွဲတွေက သိုင်းလောကမှာ ပျံ့နှံ့နေပြီ..."

"သခင်ထျယ်ရဲ့ထျယ်ရွှဲ့ခန်းမဆောင်က အင်အားကြီးမားပြီး တပည့်တွေကလည်း အများကြီးဆိုပေမဲ့... ဒီကောင်းကင်မိစ္ဆာဂိုဏ်းကို သတိမထားဘဲ နေလို့မရဘူး..."

ချူချင်းက ထိုသို့ပြောလိုက်ပြီးနောက် ဘေးရှိလက်ဖက်ရည်ပန်းကန်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်သည်။

သို့သော် သူ၏စိတ်ထဲတွင်မူ ချူဖန်၏ကိစ္စကို တွေးတောနေမိ၏။

ချူဖန်သည် မဆင်မခြင်ပြုမူတတ်သော်လည်း ယခုကဲ့သို့တွေ့ဆုံမှုမျိုးတွင် အခြားသူများက အရွယ်ရောက်လာပြီး ရုပ်သွင်ပြောင်းလဲသွားသောသူ့ကို မှတ်မိချင်မှ မှတ်မိမည်ဖြစ်သော်လည်း ချူဖန်ကမူ သေချာပေါက်မှတ်မိနိုင်ပေသည်။ သူ့ကို ရှင်းပြရဦးမည်ဖြစ်သည်။

ထျယ်လင်ယွန်းက ထိုစကားကိုကြားသောအခါ ဝမ်ဖူစန်းကို တစ်ချက်ကြည့်လိုက်ရာ အဘိုးကြီးက ဘာမှမဖြစ်သကဲ့သို့ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်ကို မြင်လိုက်ရသည်။

"ဒီကိစ္စက ဧကရာဇ်သုံးပါး၊ အရှင်ငါးပါးနဲ့တောင် ပတ်သက်နေနိုင်တယ်... ဆံခြည်တစ်မျှင်လှုပ်တာနဲ့ တစ်ကိုယ်လုံးတုန်ခါသွားနိုင်တဲ့ အခြေအနေမျိုးပဲ... မင်းကို သတိပေးတာက သူများထောင်ချောက်ထဲ မတော်တဆဝင်မိသွားပြီး ဘာဖြစ်လို့ဖြစ်မှန်း မသိဘဲ နေမှာစိုးလို့..."

"ဟားဟား..."

ထျယ်လင်ယွန်းက ရုတ်တရက် ဟားတိုက်ရယ်မောလိုက်သည်။

"ဒီလိုကိစ္စမျိုးရှိနေတာလား... ကောင်းပြီ... ကျုပ်မှတ်ထားလိုက်မယ်... ပြန်ရောက်ရင် သေချာစစ်ဆေးရမှာပေါ့... ကောင်းကင်မိစ္ဆာဂိုဏ်းကလူတွေ ငါတို့ထျယ်ရွှဲ့ထဲကို တကယ်ဝင်ရောက်လာတယ်ဆိုရင် ငါတို့လက်စွမ်းကို ပြရသေးတာပေါ့..."

"မင်းတို့ မြေခွေးအိုကြီးနဲ့မြေခွေးလေးနှစ်ကောင်က ငါ့ကို ဒီလာဖို့လှည့်စားပြီး နွားတစ်ကောင်၊ မြင်းတစ်ကောင်လို အသုံးချခဲ့တာကိုလည်း ခွင့်လွှတ်ပေးလိုက်မယ်..."

ထိုသို့ပြောနေစဉ်မှာပင် အတွင်းခန်းမဆောင်ဘက်မှ ခြေသံများထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။

ထို့နောက် ထျယ်ချူချင်၏အသံက ထွက်ပေါ်လာသည်။

"အဖေ..."

ထျယ်လင်းယွန်သည် ချက်ချင်းဆိုသလို မတ်တတ်ရပ်လိုက်ရာ တောထဲသို့ပြန်လာသော ပျံလွှားငှက်ငယ်ပမာ သူ၏ရင်ခွင်ထဲသို့ ပြေးဝင်လာသော ထျယ်ချူချင်ကို မြင်လိုက်ရ၏။

"သမီးလေး... ဒုက္ခများခဲ့ရပြီမလား..."

ထျယ်လင်ယွန်းက သမီးဖြစ်သူကို ဂရုတစိုက်ပွေ့ဖက်ကာ ပခုံးကိုပုတ်ပေးပြီးနောက် ပြန်လွှတ်လိုက်ပြီး သေချာအကဲခတ်ကြည့်လိုက်သည်။

"ဒီကျိန်စာသင့်နေတဲ့ အဘိုးကြီးဝမ်က သမီးကိုအနိုင်ကျင့်သေးလား..."

သူသည် ထျယ်ချူချင်၌ ဒဏ်ရာများရှိနေသည်ကို မြင်လိုက်သော်လည်း အစောပိုင်းက ထျယ်ချူချင်ကို ဟွာမေရန်က သတ်လုနီးပါးဖြစ်ခဲ့သည်ဟု ချူချင်းပြောခဲ့သည်ကို ပြန်အမှတ်ရလိုက်သဖြင့် ယခုဒဏ်ရာများနှင့် ကိုက်ညီနေသည်ဟု မှတ်ယူလိုက်၏။

"အနိုင်ကျင့်တာမျိုးတော့... မရှိပါဘူး..."

ထျယ်ချူချင်ကလည်း အမှန်အတိုင်းပြောလိုက်သည်။ ထျန်းကျီးပိုက်ကွန်အင်းကွက်ထဲတွင် စီယဲ့က သူမကိုနှုတ်ပိတ်ရန် သတ်ဖြတ်ချင်ခဲ့သော်လည်း နောက်ဆုံးတွင်မူ ချူချင်းက တားဆီးပေးခဲ့လေသည်။

ထိုအချိန်မှစ၍ ဆက်ဆံရေးမှာ အတော်လေးကောင်းမွန်လာခဲ့ပြီး... မနေ့ညကဲ့သို့ ရှုပ်ထွေးနေသည့် အခြေအနေမျိုးတွင်ပင် ကောင်းစွာ ကာကွယ်ပေးထားခဲ့၏။

ယခု ဖခင်ဖြစ်သူကိုမြင်လိုက်ရသဖြင့် ရင်ထဲတွင် ဝမ်းနည်းသွားသော်လည်း ဤနေရာက လော့ချန်အိမ်တော်ဖြစ်နေသေးသည်ကို သိထားသောကြောင့် ဝမ်ဖူစန်း၏ရှေ့တွင် တိုင်တောရန် မသင့်တော်ဟု တွေးလိုက်မိတော့သည်။

All Chapters