← Chapters

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း (၂၃၆) - ရွေးချယ်မှုများနှင့် သေတ္တာဖွင့်ခြင်း (၂)

ထျယ်လင်ယွန်းက ၎င်းကိုမြင်သောအခါ ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ... ကောင်းပြီ... သမီး အနိုင်ကျင့်မခံရရင် ပြီးတာပါပဲ..."

ထိုသို့ပြောပြီးနောက် ဝမ်ဖူစန်းကို ကြည့်လိုက်သည်။

"မင်းတို့ပြောတဲ့ကိစ္စကို ငါသတိထားလိုက်မယ်..."

"ဒီနေ့ မင်းတို့လော့ချန်အိမ်တော်မှာ အလုပ်ရှုပ်နေတာဆိုတော့... ငါ ဒီမှာ ဆက်ပြီးမျက်စိနောက်မခံတော့ဘူး... အခုပဲ သမီးကိုခေါ်ပြီး ပြန်တော့မယ်..."

ထိုသို့ပြောပြီးနောက် ချူချင်းကို ထပ်ကြည့်လိုက်၏။

"အချိန်ရရင် ငါ့ရဲ့ထျယ်ရွှဲ့ခန်းမဆောင်ကို လာလည်လှည့်ပါဦး..."

"ကောင်းပါပြီ... အချိန်အားရင် သေချာပေါက်လာခဲ့ပါ့မယ်..."

ချူချင်းက လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးလိုက်လေသည်။

"ပြတ်သားတယ်..."

ထျယ်လင်ယွန်းက ဟားတိုက်ရယ်မောလိုက်ပြီး သူ၏ဝတ်ရုံလက်စကို ခါယမ်းလိုက်သည်။

"ငါတို့ သွားကြစို့..."

ချူချင်းနှင့်ဝမ်ဖူစန်းတို့က သူတို့ကို အိမ်တော်တံခါးဝအထိ လိုက်ပို့ပေးခဲ့ပြီး လူတစ်စုမြင်းစီးကာ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက်မှ လူအိုကြီးနှင့် လူငယ်လေးက အချင်းချင်းအပြန်အလှန် ကြည့်လိုက်ကြလေသည်။

ယခုအချိန်တွင် ဤကိစ္စ၏အဆုံးပိုင်းလေးသာ ကျန်တော့၏။

သူတို့နှစ်ယောက်လုံး စကားတစ်ခွန်းမျှမဆိုဘဲ ဆန်းချင်းကိုရှာရန် တိုက်ရိုက်ထွက်လာခဲ့ကြသည်။

စီယဲ့က ဤနေရာတွင် အစကတည်းက စောင့်ကြပ်နေခဲ့ပြီး ခြေတစ်လှမ်းမျှပင် မခွာခဲ့ပေ။

ချူချင်းနှင့် ဝမ်ဖူစန်းတို့နှစ်ယောက် အခန်းထဲသို့ဝင်သွားသည့်အချိန်မှာ မကြာလိုက်ချေ။ နံ့သာတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်မျှသာ ရှိသေးသော်လည်း သူတို့နှစ်ယောက်လုံး အခန်းထဲမှပြန်ထွက်လာခဲ့ကြသည်။

သို့သော် သူတို့နှစ်ဦးလုံး၏မျက်နှာအမူအရာက သိပ်မကောင်းလှပေ။

ချူချင်းက မျက်နှာပျက်စွာဖြင့် ပြောလိုက်၏။

"ခင်များရဲ့ ဝိညာဉ်ထိုးဖောက်လက်ချောင်းက လူသေနိုင်တယ်ဆိုတာကို တစ်ခါမှမပြောခဲ့ဘူးနော်..."

"...ဝိညာဉ်ထိုးဖောက်လက်ချောင်းက ဒီလောက်အထိ နာကျင်စေမှတော့ ဘယ်လိုလုပ် မထိခိုက်ဘဲနေမှာလဲ... လူတွေကိုရှင်လျက်နဲ့ ငရဲကျစေတဲ့သိုင်းပညာမျိုးကို တခြားဘယ်နေရာမှာ သွားရှာရမှာလဲ..."

ဝမ်ဖူစန်းက နှုတ်ခမ်းမဲ့လိုက်လေသည်။

သူတို့နှစ်ယောက် ဆန်းချင်းကိုစစ်ဆေးမေးမြန်းရန် ဝင်သွားခဲ့ခြင်းမှာ အဓိကအားဖြင့် သင်္ချိုင်းမင်းသားနှင့် ကောင်းကင်မိစ္ဆာဂိုဏ်းအကြောင်းကို သိလို၍ဖြစ်သည်။

သို့သော် ဆန်းချင်းမှာ သင်္ချိုင်းမင်းသားအကြောင်းကို များများစားစားမသိသကဲ့သို့ ကောင်းကင်မိစ္ဆာဂိုဏ်းနှင့်ပတ်သက်၍မူ စကားတစ်ခွန်းမျှ ဟမလာခဲ့ချေ။

ဒေါသထွက်လာသဖြင့် ဝမ်ဖူစန်းက သူ့ကို ဝိညာဉ်ထိုးဖောက်လက်ချောင်း ထပ်သုံးလိုက်မိသည်။

ရလဒ်အနေဖြင့် ဆန်းချင်းမှာ မူလကတည်းက ဒဏ်ရာအပြင်းအထန်ရထားသူဖြစ်ပြီး ယခင်တစ်ကြိမ် ဝိညာဉ်ထိုးဖောက်လက်ချောင်းကြောင့် အရွတ်နှင့်အရိုးများပါ ပြင်းပြင်းထန်ထန်ထိခိုက်ထားခဲ့ရာ ယခု ထပ်အသုံးပြုလိုက်သည့်အခါတွင် တောင့်မခံနိုင်တော့ဘဲ ဒွါရခုနစ်ပေါက်မှ သွေးများထွက်ကာ သေဆုံးသွားခဲ့ရလေသည်။

ဤသို့ဖြင့် ချူချင်း၏သတ်ဖြတ်ခြင်းအမိန့်တာဝန်က ပြီးဆုံးသွားခဲ့သော်ငြား ဆန်းချင်း၏ပါးစပ်မှ ရရှိလိုက်သည်များမှာ အလွန်နည်းပါးလွန်းလှသည်။

ဆန်းချင်းသေဆုံးသွားပြီးနောက်တွင် ချူချင်းက ရွေးချယ်စရာသေတ္တာအသစ်တစ်ခုကို ထပ်မံရရှိခဲ့ပြီး ယင်းမှာ [လက်နက်ပုန်း ရတနာသေတ္တာ] ပင်။

ယင်းက ချူချင်းကို အကြီးအကျယ်စိတ်ပျက်သွားစေ၏။

ဤသတ်ဖြတ်ခြင်းအမိန့်တော်ကြောင့် အတွင်းအားကျင့်စဉ်တစ်ခု ရရှိလာနိုင်မည်ဟု သူထင်မှတ်ထားခဲ့သည်။

ရလဒ်အနေဖြင့် စုစုပေါင်းရတနာသေတ္တာ ငါးလုံးရသည့်အထဲတွင် အတွင်းအားကျင့်စဉ်တစ်ခုမှ ပါမလာခဲ့ချေ။

သို့သော် ကိစ္စများက ဤသို့ဖြစ်လာပြီဖြစ်ရာ အခြားအကြောင်းများကို ထပ်ပြောနေ၍လည်း အပိုပင်။

ထို့ကြောင့် ချူချင်းက ဝမ်ဖူစန်းကိုနှုတ်ဆက်လိုက်ပြီးနောက် သေတ္တာများအရင်သွားဖွင့်ရန် စီစဉ်လိုက်သည်။

ဝမ်ဖူစန်းကခေါင်းညိတ်ကာ ချူချင်းကို အရင်သွားခွင့်ပြုလိုက်ပြီး သူကမူ စီယဲ့နှင့် ပြောစရာစကား ရှိနေသေးလေသည်။

ချူချင်းက သူတို့နှစ်ယောက်ကို ဂရုမစိုက်တော့ဘဲ သူ၏ခြံဝင်းထဲသို့ ပြန်လာခဲ့ပြီးနောက် ကုတင်ပေါ်တွင်ထိုင်ကာ စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။

[တာဝန် - သတ်ဖြတ်ခြင်းအမိန့်တော်။]

[လက်ရှိတိုးတက်မှု - ၃။]

[တာဝန်ဆုလာဘ် ၁ - ရွေးချယ်နိုင်သော သိုင်းပညာရတနာသေတ္တာများထဲမှ တစ်ခုကိုရွေးချယ်ပါ။]

[တာဝန်ဆုလာဘ် ၂ - ရတနာသေတ္တာကို အဆင့်မြှင့်တင်ခွင့်တစ်ကြိမ်။]

[လက်ရှိ ရွေးချယ်နိုင်သော ရတနာသေတ္တာများ - အသံသိုင်းသေတ္တာ၊ ထူးဆန်းသောသိုင်းပညာသေတ္တာ၊ လက်ဝါးသိုင်းသေတ္တာ၊ ကာကွယ်ရေးသိုင်းသေတ္တာ၊ လက်နက်ပုန်းသေတ္တာ။]

ဤရွေးချယ်စရာငါးခုကို ကြည့်ပြီးနောက် ချူချင်းသည် လက်နက်ပုန်းသေတ္တာနှင့် လက်ဝါးသိုင်းသေတ္တာကို ဦးစွာဖယ်ရှားလိုက်သည်။

လက်ဝါးသိုင်းအတွက် သူက ဆယ့်ရှစ်ချက် နဂါးနှိမ်နှင်းလက်ဝါးသိုင်းကို ရရှိထားပြီးဖြစ်လေသည်။ လက်နက်ပုန်းနှင့်ပတ်သက်၍မူ... ရှောင်လီပျံလွှားဓားမြှောင်က ထင်ရှားသော လက်နက်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း အခြေခံအားဖြင့်တော့ ၎င်းမှာ ဓားပစ်သည့် အတတ်ပညာတစ်ခုသာ ဖြစ်နေဆဲပင်။

ဤသိုင်းပညာနှစ်ခုရှိနေခြင်းက လုံးဝလုံလောက်နေပြီဖြစ်သည်။

ကျန်နေသေးသော သုံးမျိုးအတွက်မူ... ချူချင်းမှာ အနည်းငယ်ရွေးရခက်နေလေ၏။

'ကာကွယ်ရေးသိုင်းသေတ္တာကနေ ကိုယ်ခံကာကွယ်ရေးနတ်သိုင်းတစ်မျိုးကို ဖွင့်နိုင်လောက်တယ်...'

'ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့ဆိုတာလည်း လိုအပ်တာပဲလေ...'

'ဒါဆို ထူးဆန်းတဲ့သိုင်းသေတ္တာကရော ဘယ်လိုပုံစံမျိုးလဲ... ဘယ်လိုမျိုး ထူးဆန်းတဲ့သိုင်းပညာတွေ ထွက်လာနိုင်မလဲ...'

'ဒီသေတ္တာက ရှီယဲဆီကနေ ရလာတာဖြစ်မယ်... ကြည့်ရတာ သတ်ဖြတ်ခြင်းအမိန့်တော်က ပစ်မှတ်နဲ့လိုက်ဖက်တဲ့ ရတနာသေတ္တာတွေကို ထုတ်ပေးတာပဲ...'

'သူ့ရဲ့ယူမင်ဝမ်ရှန်းကျင့်စဉ်က ထူးဆန်းတဲ့သိုင်းပညာလို့ သတ်မှတ်လို့ရတာပဲ...'

ချူချင်းက တစ်ဖက်မှတွေးတောနေရင်း အသံသိုင်းသေတ္တာကို လှမ်းကြည့်လိုက်သည်။

'အသံသိုင်း... အသံနဲ့ သတ်ဖြတ်တဲ့နည်းလမ်း...'

'ဒီသေတ္တာကိုကျတော့ ပထမသင်္ချိုင်းမင်းသားဆီကနေ ရတာဖြစ်ရမယ်...'

'သူက မြန်မြန်ဆန်ဆန်သေသွားတော့ ဘာစွမ်းရည်တွေရှိလဲဆိုတာတောင် မသိလိုက်ရဘဲ ငါ့ဓားချက်နဲ့ ခေါင်းပြတ်သွားခဲ့တာလေ...'

ဤအသံသိုင်းကို ကြည့်ရင်းဖြင့် ချူချင်းမှာ ချောင်ချိုးဖူ၏ ခုနစ်သံစဉ် ကောင်းကင်ဂီတဓားသိုင်းကို ပြန်အမှတ်ရသွားမိသည်။

ဓားသိုင်းနှင့်ဂီတသံစဉ်ကို ပေါင်းစပ်ကာ အသံဖြင့် ဓားကိုထိန်းချုပ်ပြီး အသံနှင့်ဓား တစ်ပြိုင်တည်း ပဲ့တင်ထပ်စေခြင်းမှာ အလွန်မြင့်မားသည့် နည်းစနစ်တစ်ခုဟု ဆိုနိုင်ပေ၏။

သို့သော် နှမြောစရာကောင်းသည်မှာ ယခုအထိ ချူချင်းသည် ချောင်ချိုးဖူ အစွမ်းကုန်တိုက်ခိုက်သည်ကို တစ်ကြိမ်မျှမမြင်ဖူးသေးချေ။

ဤသေတ္တာသုံးခုကြားတွင် အချိန်အတော်ကြာအောင် တွေဝေနေပြီးနောက် ချူချင်းက ထူးဆန်းသောသိုင်းပညာသေတ္တာကိုသာ စွန့်လွှတ်လိုက်သည်။

ထူးဆန်းသောသိုင်းပညာကနေ ထွက်လာမည့်သိုင်းပညာကို သူစဉ်းစား၍မရပေ... အကယ်၍ ထူးဆန်းနက်နဲသည့် နည်းစနစ်တစ်ခု ထွက်လာလျှင်ပင် လက်ရှိမိမိကိုယ်ကို များစွာတိုးတက်စေမည်မဟုတ်ချေ။

ဤသေတ္တာကို စွန့်စားရွေးချယ်မည့်အစား ကာကွယ်ရေးသိုင်းသေတ္တာနှင့် အသံသိုင်းသေတ္တာနှစ်ခုထဲမှ တစ်ခုကိုရွေးချယ်ခြင်းက ပို၍ကောင်းမွန်ပေသည်။

အသံသိုင်းသေတ္တာကို မဖယ်ရှားရသည့်အကြောင်းရင်းမှာ အသံသိုင်းထဲတွင် အတွင်းအားကျင့်စဉ် ပါဝင်လာနိုင်မည်ကို ခန့်မှန်းရခက်သောကြောင့်ပင်။

အကယ်၍ ခြင်္သေ့ဟိန်းသံကဲ့သို့ သိုင်းမျိုးသာဆိုလျှင် သဘာဝကျကျပင် အင်အားထုတ်ဖော်သည့်နည်းလမ်းသာ ပါဝင်ပေမည်။

သို့သော် ကံကောင်းထောက်မစွာဖြင့်... ကောင်းကင်နဂါးအသံရှစ်သံလိုသိုင်းမျိုးသာ ထွက်လာမည်ဆိုပါက ၎င်းကို အထောက်အကူပြုရန် အတွင်းအားကျင့်စဉ်တစ်ခု ပါဝင်လာမည်မှာ သေချာလှ၏။

ထိုသို့ဆိုလျှင် သူ၏စွမ်းရည်က အလွန်သိသာထင်ရှားစွာ တိုးတက်လာမည်မှာ အသေအချာပင်။

ကာကွယ်ရေးသိုင်းသေတ္တာမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့်ပတ်သက်၍မူ ပို၍ပင် သိသာထင်ရှားလှသည်။

ထို့ပြင် အကြောင်းပြချက်မှာ အသံသိုင်းသေတ္တာနှင့် အတူတူပင်ဖြစ်ကာ မည်သည့်အဆင့်မြင့် ကိုယ်ခံကာကွယ်ရေးနတ်သိုင်းမဆို အတွင်းနှင့်အပြင် နှစ်မျိုးလုံးကို လေ့ကျင့်ရမြဲဖြစ်သည်။

'ဘယ်လို ရွေးချယ်ရမလဲ...'

ချူချင်းက ထိုနှစ်ခုကြားတွင် ဆုံးဖြတ်ရခက်နေလေ၏။

အချိန်အတော်ကြာတွေဝေနေပြီးနောက် နောက်ဆုံးတွင် မတ်တတ်ထရပ်ကာ စာရွက်နှစ်ရွက်ပေါ်တွင် စာရေးပြီး စက္ကူလုံးကာ ခွက်တစ်ခွက်ထဲထည့်၍ လှုပ်ခါလိုက်သည်။ သို့သော် နှစ်ကြိမ်ခန့်လှုပ်ခါပြီးနောက်တွင် သူလက်လျှော့လိုက်သည်။

သူ၏အတွင်းအားမှာ အလွန်နက်ရှိုင်းလှသဖြင့် စက္ကူလုံးများ မည်သို့လည်ပတ်နေသည်ကို အသံကြားရုံဖြင့် သိနေလေသည်။

ကံတရားအပေါ်မူတည်သည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် စာအုပ်ဖွင့်ဖြေရသည့်စာမေးပွဲနှင့် မကွာခြားလှပေ။

'ထားလိုက်ပါတော့... အခုချိန်မှာ ငါက တိုက်ခိုက်ရေးသိုင်းတွေမလိုပေမဲ့ ကိုယ်ခံကာကွယ်ရေးနတ်သိုင်းတော့ မရှိသေးဘူး...'

'အခုလိုအခွင့်အရေးမျိုး ရနေမှတော့... ကာကွယ်ရေးသိုင်းသေတ္တာကိုပဲ ရွေးလိုက်တော့မယ်...'

ချူချင်းက ရေဇလုံအရှေ့တွင် လက်ဆေးလိုက်ပြီး ကုတင်ပေါ်သို့ ပြန်လာထိုင်လိုက်၏။

သူက ဆုံးဖြတ်ချက်ချလိုက်ပြီး ကာကွယ်ရေးသိုင်းသေတ္တာကို ရွေးချယ်လိုက်သည်။

[သင့်တွင် ရတနာသေတ္တာ အဆင့်မြှင့်တင်ခွင့်တစ်ကြိမ်ရှိပါသည်။ အသုံးပြုမည်လား။]

'သုံးမယ်...'

ညအိပ်သည်အထိချန်ထားရန် မလိုပေလော။

ချူချင်းက မည်သို့မျှတွန့်ဆုတ်မနေဘဲ တိုက်ရိုက်ရွေးချယ်လိုက်လေသည်။

[အသုံးပြုခြင်း အောင်မြင်ပါသည်။]

[မဖွင့်ရသေးသော ကာကွယ်ရေးသိုင်းသေတ္တာ တစ်ခုရှိပါသည်။ ဖွင့်မည်လား။]

'ဒါပဲလား...'

ချူချင်းမှာ အံ့အားသင့်သွားပြီး တွေးလိုက်သည်။

'အဆင့်မြှင့်တင်ထားတဲ့ အကျိုးသက်ရောက်မှုက ဘယ်မှာလဲ...'

သူသည် ဤစာကြောင်းများကို အချိန်အတော်ကြာအောင် ကြည့်နေခဲ့သော်လည်း ဤအဆင့်မြှင့်တင်ထားသော ရတနာသေတ္တာတွင် ကွာခြားချက်များကို မမြင်တွေ့ရပေ။

ဤအတုအယောင်စနစ်က သူ့ကို ထပ်ပြီးဒုက္ခပေးလိုက်ပြီဟု ခံစားနေရ၏။

သို့သော် ယခုအချိန်တွင် ဒုက္ခပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အရေးမကြီးတော့ချေ။ ရွေးချယ်မှုပြုလုပ်ပြီးပြီဖြစ်ရာ တိုက်ရိုက်သာဖွင့်လိုက်တော့သည်။

[ဖွင့်လှစ်ခြင်း အောင်မြင်ပါသည်။ ကိုယ်ခံကာကွယ်ရေးနတ်သိုင်းဖြစ်သည့် မသေမျိုးရွှေကိုယ်ထည်ကို ရရှိပါသည်။]

ချူချင်း၏ရင်ထဲတွင် လှုပ်ရှားသွားကာ တစ်ခဏအတွင်းမှာပင် ကာကွယ်ရေးစွမ်းအင်များဖြင့် တစ်ကိုယ်လုံးကို ကာကွယ်ပေးသည့်သိုင်းပညာတစ်ခုကို စဉ်းစားမိသွားလေသည်။

သို့သော် ဤသိုင်းပညာတွင် ချိုင်းအောက်၌ အားနည်းချက်တစ်ခုရှိသည်ကို သူမှတ်မိနေ၏။

စိတ်ထဲမှတွေးတောနေစဉ်မှာပင် နောက်တစ်ခဏ၌ အတွင်းအားကျင့်စဉ်များက သူ၏ခေါင်းထဲသို့ ဝင်ရောက်လာတော့သည်။

ချက်ချင်းပင် သူက တင်ပျဉ်ခွေထိုင်လိုက်ရာ တန်ထျန်းထဲမှ ကြီးမားသောစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မင်ယွိကျင့်စဉ်၏အတွင်းအားများနှင့် ပေါင်းစပ်သွားသည်ကို ခံစားလိုက်ရသည်။

ချူချင်းမှာ မျက်မှောင်အနည်းငယ်ကြုတ်သွားလေ၏။ ဤစစ်မှန်သောစွမ်းအင်နှစ်ခုမှာ လုံးဝတူညီခြင်းမရှိရာ ယခုပေါင်းစပ်သွားသည့်အခါ နေရာတိုင်း၌ သဟဇာတမဖြစ်လှပေ။

မသေမျိုးရွှေကိုယ်ထည်တွင်လည်း ၎င်းနှင့်လိုက်ဖက်သည့် အတွင်းအားကျင့်စဉ် ရှိနေလေသည်။

ချူချင်းမှာ ဆန္ဒရှိသည့်အတိုင်း အတွင်းအားကျင့်စဉ်ရရှိပြီးနောက်တွင် နာကျင်မှုနှင့်ပျော်ရွှင်မှု ရောပြွမ်းနေသည့် ခံစားချက်မျိုးကို နောက်တစ်ကြိမ်ခံစားလိုက်ရတော့သည်။

ပထမဦးစွာ အတွင်းအားကျင့်စဉ်တစ်ခုလုံးကို နားလည်သဘောပေါက်အောင် လုပ်ဆောင်လိုက်ပြီး မင်ယွိကျင့်စဉ်နှင့်ပေါင်းစပ်နိုင်ရန်အတွက် နည်းလမ်းရှာရန် ပြင်လိုက်၏။

သို့သော် ရုတ်တရက်အံ့အားသင့်သွားပြီး...

'နေပါဦး... အားနည်းချက်က ဘယ်မှာလဲ…’

All Chapters