← Chapters

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း (၂၃၇) - ကြီးမြတ်သောစုံလင်မှု (၁)

စနစ်မှပေးအပ်သော ဆုလာဘ်ဖြစ်သည့် အတွင်းအားကျင့်စဥ်မှာ နားလည်သဘောပေါက်ရန် အလွန်လျင်မြန်ပေသည်။

ရုတ်ချည်း ဉာဏ်အလင်းပွင့်သွားသည့် အဆင့်အထိပင် ရောက်ရှိလုနီးပါးဖြစ်၏။

ချူချင်းသည် ချက်ချင်းပင် ကျင့်စဉ်တစ်ခုလုံးကို နားလည်သဘောပေါက်သွားသော်လည်း ဤသိုင်းပညာကျင့်စဉ်အရ အားနည်းချက်ဟူ၍ လုံးဝမရှိကြောင်း တွေ့ရှိလိုက်ရလေသည်။

ချူချင်း၏ခေါင်းထဲသို့ ဝင်လာသည့် ပထမဆုံးအတွေးကား...

'ဒါက ငါထင်ထားတဲ့ သိုင်းပညာမဟုတ်ဘူး...'

သို့သော် နောက်တစ်ခဏတွင် သူက ထိုအတွေးကို ပယ်ဖျက်လိုက်ပြီး အဆင့်မြှင့်တင်နိုင်သည့် အခွင့်အရေးတစ်ခုကို တွေးတောမိလိုက်သည်။

'အဆင့်မြှင့်တယ်ဆိုတာ ပိုကောင်းတဲ့ သိုင်းပညာကိုရဖို့ မဟုတ်ဘူးလား... ဒါမှမဟုတ်... ရှိရင်းစွဲသိုင်းကိုမှ လိုတာပြန်ဖြည့်ပြီး ပိုကောင်းအောင် အဆင့်မြှင့်ပေးတာလို့ ပြောချင်တာလား...'

ချူချင်းသည် မသေမျိုးရွှေကိုယ်ထည်၏ မူလဇာစ်မြစ်ကို ကောင်းစွာသိရှိထား၏။ ၎င်းသည် မူလက ရွှေခေါင်းလောင်းအကာအကွယ်မှ ပြုပြင်မွမ်းမံထားသော နတ်သိုင်းတစ်ရပ်ဖြစ်သည်။

တစ်ကြိမ်အသုံးပြုလိုက်သည်နှင့် အလွန်ထက်မြက်သော နတ်လက်နက်များပင်လျှင် မထိုးဖောက်နိုင်သည့်အပြင် ပြိုင်ဘက်ကင်းသိုင်းပညာများဖြင့်ပင် ဖျက်ဆီးရန် ခက်ခဲပေသည်။

၎င်းသည် ခုခံကာကွယ်ရေး သိုင်းပညာရပ်တစ်ခုဖြစ်သော်လည်း ယင်းကိုအသုံးပြု၍ ရှုံးနိမ့်ခြင်းမရှိသည့် အခြေအနေတွင် ရပ်တည်နိုင်ပေသည်။

သို့သော်လည်း စကားကို ရဲတင်းစွာ မဆိုဝံ့ချေ။

ကျန်းဟူသိုင်းလောကသည် အလွန်ကျယ်ပြောနက်ရှိုင်းပြီး ထိပ်တန်းပညာရှင်အများအပြား ထွက်ပေါ်လာတတ်သည်။

ကောင်းကင်မိစ္ဆာဂိုဏ်းမှ သင်္ချိုင်းမင်းသား၏ သင်္ဂြိုဟ်ချိန်သီချင်းတစ်ပုဒ်သည်ပင် ထိုကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထား၏။ သူသည် သန့်ရှင်းသော မင်းသားဆယ့်နှစ်ပါးထဲမှ တစ်ပါးသာလျှင် ဖြစ်သေးသည်။

လျှို့ဝှက်ချက်ခုနစ်ခု၊ ရတနာသုံးပါးနှင့် ဂမ္ဘီရဂိုဏ်းခြောက်ခုတို့တွင် မည်ကဲ့သို့သော ပြိုင်ဘက်ကင်းသိုင်းပညာများ ရှိနေသေးသည်ကို မည်သူမျှ တိကျစွာမပြောနိုင်ပေ။

မသေမျိုးရွှေကိုယ်ထည်ကို ပိုင်ဆိုင်ထားခြင်းဖြင့် မိမိကိုယ်ကို အဆင့်မြှင့်တင်နိုင်သော်လည်း ဤမျှဖြင့် လောကတွင်ပြိုင်ဘက်ကင်းပြီဟု ဆိုပါက အလွန်မာနထောင်လွှားရာ ကျပေလိမ့်မည်။

ဤအတွေးအားလုံးကို သိမ်းဆည်းလိုက်ပြီးနောက် ချူချင်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများကိုသာ စတင်ပေါင်းစပ်ရန် အာရုံစိုက်လိုက်သည်။

မသေမျိုးရွှေကိုယ်ထည်၏ အခြေခံမှာ ရွှေခေါင်းလောင်းအကာအကွယ်ဖြစ်ပြီး ရွှေခေါင်းလောင်းအကာအကွယ်မှာ ဗုဒ္ဓဘာသာ၏သိုင်းပညာရပ်တစ်ခု ဖြစ်၏။

ထို့ကြောင့် ဤတစ်ကြိမ်တွင် ချူချင်းရရှိခဲ့သော အတွင်းအားမှာ အလွန်ကြီးမားကျယ်ပြန့်ပြီး တာအိုဂိုဏ်းများနှင့် ကွဲပြားသလို ကွန်ဖြူးရှပ်တို့၏ ဖြောင့်မတ်သောစွမ်းအင်မျိုးလည်း မဟုတ်ပေ။

သို့သော် ပြုပြင်မွမ်းမံထားသော မသေမျိုးရွှေကိုယ်ထည်မှာလည်း ဗုဒ္ဓဘာသာ၏ ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေခြင်းမျိုး မဟုတ်ချေ။

ယေဘုယျအားဖြင့် ၎င်းသည် အလွန်လွှမ်းမိုးနိုင်စွမ်းရှိပြီး ပြင်းထန်သော စစ်မှန်သည့်စွမ်းအင်တစ်ရပ်ကို ပြသနေသည်။

မင်ယွိကျမ်းစာ၏ ကျောက်စိမ်းကဲ့သို့တည်ငြိမ်ပြီး နှင်းခဲကဲ့သို့အေးစက်နေမှုနှင့် နှိုင်းယှဉ်ပါက အလွန်ကွာခြားပေသည်။

ချူချင်းသည် မင်ယွိကျမ်းစာကို ၎င်း၏အခြေခံအုတ်မြစ်အဖြစ် အသုံးပြုကာ မသေမျိုးရွှေကိုယ်ထည်၏ အတွင်းအားများကို အဆက်မပြတ်ဆွဲသွင်းပြီး မင်ယွိကျမ်းစာ၏ အတွင်းအားတိုးတက်မှုကို အထောက်အကူပြုစေခဲ့သည်။

အချိန်အတန်ကြာ ရပ်တန့်နေခဲ့သော နဝမအဆင့်မှာ တဖြည်းဖြည်း စတင်တိုးတက်လာလေသည်။

ဤအဆင့်သို့ရောက်သောအခါ ချူချင်း၏အဝတ်အစားများသည် လေမတိုက်ဘဲ လွင့်လူးနေပြီး သူ၏ခန္ဓာကိုယ်မှာ နှင်းခဲငွေ့များရောယှက်နေသော ရွှေရောင်အလင်းတန်းများ လွှမ်းခြုံခံရကာ ကုတင်ပေါ်မှ အထက်သို့ မျောလွင့်တက်လာ၏။

တဖြည်းဖြည်းနှင့် ပြင်းထန်သောအေးစိမ့်မှုကို ထုတ်လွှတ်နေသည့် အကာအကွယ်စွမ်းအင်တစ်ခုသည် ချူချင်း၏ပတ်လည်တွင် စတင်ပေါ်ထွက်လာလေသည်။

အတွင်းအားကျင့်စဉ်နှစ်ခုသည် ၎င်းတို့၏ ကနဦးပေါင်းစပ်မှုကို အောင်မြင်စွာပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

ဤဖြစ်စဉ်အတွင်း၌ အချိန်များ တဖြည်းဖြည်းကုန်ဆုံးသွားလေ၏။

ချူချင်း ဤနေရာတွင် တံခါးပိတ်ကျင့်ကြံနေသည်ကို အပြင်ဘက်မှ မည်သူမျှမသိရှိကြပေ။

ပျန်းချန်၏ခြံဝင်းအတွင်း၌ လူတစ်စု မျက်နှာချင်းဆိုင်ထိုင်နေကြသည်။

ချူဖန်သည် တစ်ယောက်ချင်းစီ လိုက်ကြည့်ပြီးနောက် နောက်ဆုံးတွင် စားပွဲပေါ်သို့ လက်ဝါးဖြင့်ရိုက်ချလိုက်ရာ ဝုန်းခနဲမြည်သံနှင့်အတူ ကျောက်စားပွဲမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေ၏။

ပျန်းချန်မှာ တုန်လှုပ်သွားပြီး ကျိုးပဲ့သွားသောစားပွဲကို တစ်ချက်ကြည့်ကာ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

ထို့နောက် မလှမ်းမကမ်းရှိ ဂိုဏ်းတူညီမငယ်လေးကိုကြည့်ပြီး ပြန်ပြောလိုက်၏။

"ဝမ်ရို... သူ့ကို တစ်ခုခုပြောလိုက်ဦး..."

ဝမ်ရို၏မျက်လုံးများက ရေပြင်ကဲ့သို့တည်ငြိမ်နေပြီး ချူဖန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"လျော်ကြေးပေး..."

"..."

ချူဖန်သည် ရင်ဘတ်ထဲမှ ငွေအနည်းငယ်ကိုထုတ်ယူကာ ဝမ်ရိုကိုကမ်းပေးရင်း မေးလိုက်၏။

"ဒါဆို... မင်းတို့အားလုံး သိနေကြတာပေါ့..."

"ဘာကိုသိရမှာလဲ..."

မော့တူရှင်း၏မျက်နှာပေါ်တွင် နားမလည်နိုင်ဖြစ်နေသည်မှာ ဟန်ဆောင်ထားခြင်း မဟုတ်ပေ။

ပျန်းချန်သည် မော့တူရှင်းကိုတွန်းဖယ်လိုက်ပြီး ချူဖန်အား မေးလိုက်သည်။

"အစ်ကိုကြီးက ဝင်မရှုပ်နဲ့လေ... ဒါဆို မင်းက တကယ်ဘာမှမသိတာလား..."

ချူဖန်မှာ မျက်လုံးများပြူးကျယ်သွား၏။

"ငါက ဘာကိုသိရမှာလဲ..."

ပျန်းချန်က ဝမ်ရိုကို တစ်ချက်ကြည့်လိုက်သည်။

"ကြည့်စမ်း... ညီမလေးတောင် သိနေတယ်..."

ချူဖန်သည် ဝမ်ရိုကိုကြည့်လိုက်၏။

"ညီမလေးဝမ်... မင်းက ဘာတွေသိထားလို့လဲ..."

ဝမ်ရိုက ခေတ္တမျှစဉ်းစားလိုက်သည်။

"ရှင်ကိုယ်တိုင်သွားမေးလိုက်တာ ပိုမကောင်းဘူးလား..."

ချူဖန်သည် သူ၏လက်မောင်းကို အားကုန်ခါရမ်းလိုက်၏။

"မင်းတို့သာ ငါ့ကိုဆွဲမထားရင် ငါသွားမေးနေတာကြာပေါ့... ဒုတိယအစ်ကို... လွှတ်စမ်းပါ..."

ပျန်းချန်က လက်ကိုလွှတ်ပေးလိုက်သည်။

"ကောင်းပြီလေ ကောင်းပြီ... ကိစ္စတွေက ဒီအထိရောက်နေမှတော့ ငါတို့ အတူတူသွားကြတာပေါ့... မင်းသတ္တိရှိလာအောင် ငါကူညီပေးမယ်..."

ချူဖန်အနေဖြင့် အဘယ်ကြောင့် သတ္တိမွေးရန် လိုအပ်ကြောင်းကို နားမလည်နိုင်သော်လည်း သူ၏ကိစ္စများကို မည်သူ့ကိုမျှ ဖုံးကွယ်ထားခြင်းမရှိသဖြင့် ခေါင်းညိတ်လိုက်လေသည်။

"သွားကြစို့..."

ထိုသို့ပြောပြီးနောက် ခြံဝင်းထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားတော့သည်။

ပျန်းချန်နှင့်အခြားသူများလည်း နောက်မှလိုက်သွားကြရာ ချူဖန်တစ်ယောက် တံခါးရှေ့တွင်ရပ်နေသည်ကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ မေးလိုက်ကြ၏။

"ဘာလို့ ဆက်မသွားတာလဲ..."

သူသည် လော့ချန်အိမ်တော်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သဖြင့် ချူချင်း မည်သည့်နေရာတွင် နေထိုင်ကြောင်းကို မည်သို့သိနိုင်မည်နည်း။ ချူဖန်မှာ ဒေါသထွက်လွန်းသဖြင့် ခြေဆောင့်နင်းမိမတတ် ဖြစ်သွားရသည်။

"သူက ဘယ်မှာနေတာလဲ..."

ဝမ်ရိုက ဖြည်းညင်းစွာ ရှေ့မှလျှောက်သွားလိုက်သည်။

"ကျွန်မနောက်လိုက်ခဲ့ကြ..."

သူမက စကားပြောနေရင်း သူမလက်ထဲရှိ ငွေအိတ်လေးတစ်ခုကို ကစားနေခဲ့၏။

အထက်သို့ ပစ်မြှောက်လိုက်၊ ဖမ်းလိုက်လုပ်နေပြီးနောက် လက်ချောင်းများဖြင့်ချိတ်ကာ လှည့်ပတ်ကစားနေလေသည်။

ပျန်းချန်သည် အစပိုင်းတွင် သတိမထားမိသော်လည်း နောက်ပိုင်းတွင် တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိသွားသဖြင့် မေးလိုက်သည်။

"ကောက်ရလာတာလား..."

ဝမ်ရိုက ခေါင်းညိတ်ပြလိုက်၏။

"အနံ့ကိုမှတ်မိသွားပြီ... အထဲမှာ ငွေတွေပါတယ်... နောက်မှ ပိုင်ရှင်ရှာပြီး ပြန်ပေးလိုက်မယ်..."

ပျန်းချန်ကြည့်ရင်း အနည်းငယ်ပင် မနာလိုဖြစ်သွားရသည်။

"...အရမ်းကောင်းတာပဲ..."

ညီမလေးဝမ်သည် ငွေအပါအဝင် ထူးဆန်းအံ့သြဖွယ်ကောင်းသော အရာများကို နေ့စဉ်နှင့်အမျှ ကောက်ရလေ့ရှိသည်။

ထိုအုပ်စုသည် ဝမ်ရို၏ဦးဆောင်မှုအောက်တွင် ချူချင်း၏ခြံဝင်းဆီသို့ ရောက်ရှိသွားကြ၏။

ပျန်းချန်သည် မျက်ခုံးပေါ်လက်တင်ကာ ကြည့်လိုက်ရင်း ဆက်တိုက်လှောင်ပြုံးပြုံးလိုက်သည်။

"အိမ်တော်သခင်ဝမ်ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းနေတာပဲ..."

မော့တူရှင်းက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"အသေးစိတ် ရှင်းပြစမ်းပါဦး..."

ပျန်းချန်က လှောင်ပြုံးဖြင့် ဆက်ပြောလိုက်သည်။

"ဘေးကခြံဝင်းကိုကြည့်လိုက်... အဲဒါ ညီမလေးဝမ်ရဲ့နေရာဆိုတာ သေချာတယ်... ညီလေးသုံးရဲ့ခြံဝင်းနဲ့ ညီမလေးဝမ််ရဲ့ခြံဝင်းက နံရံတစ်ခုပဲ ခြားထားတာလေ... ငါတို့ရဲ့ ဧည့်သည်အခန်းတွေကျတော့ အောက်ဆုံးသုံးထပ်မှာ စီစဉ်ပေးထားတယ်... ဒါက ဘာရည်ရွယ်ချက်လဲ... ဘာအဓိပ္ပါယ်လဲ..."

ချူဖန်သည် မျက်မှောင်ကြုတ်လိုက်၏။

"ဒီလိုဆို မဖြစ်သေးပါဘူး..."

ပျန်းချန်က အဘယ်ကြောင့် မဖြစ်ရသနည်းဟု အသေးစိတ်မေးမြန်းလိုသော်လည်း ညည်းတွားသံတစ်သံကို ကြားလိုက်ရသည်။ ခေါင်းမော့ကြည့်လိုက်ရာ စီယဲ့တစ်ယောက် တုန်တုန်ယင်ယင်ဖြင့် ခြံဝင်းထဲမှဆုတ်ခွာလာသည်ကို မြင်လိုက်ရပြီး သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

ချူဖန်နှင့်အခြားသူများမှာ အလွန်အံ့အားသင့်သွားကြပြီး ချူချင်းဘက်တွင် တစ်ခုခုအရေးကြုံနေပြီဟု ထင်မှတ်ကာ အလျင်အမြန်ရှေ့တိုးသွားကြသည်။

"ဘာဖြစ်လို့လဲ..."

သို့သော် အနီးကပ်ကြည့်လိုက်သောအခါ ခြံဝင်းတစ်ခုလုံးမှာ အေးချမ်းငြိမ်သက်နေပြီး လူဆိုးများ၏ အရိပ်အယောင်ကို လုံးဝမတွေ့ရချေ။

ဝမ်ရိုက မေးလိုက်၏။ သူမ၏မျက်လုံးများက လှည့်ပတ်ကြည့်ရှုနေပြီး နှာခေါင်းကိုပင့်ကာ အနံ့ခံကြည့်လိုက်သော်လည်း ပတ်ဝန်းကျင်တွင် မည်သူ့အနံ့ကိုမျှ မရရှိခဲ့ပေ။

"စီယဲ့... ဘာတွေဖြစ်နေတာလဲ..."

စီယဲ့က ပြန်ဖြေလေသည်။

"သခင်မလေး... သခင်လေးသုံးက အခန်းထဲမှာ တံခါးပိတ်ကျင့်ကြံနေပုံပဲ... ကျွန်တော်က သူ့အတွက် ထမင်းလာပို့တာပါ... ဒါပေမဲ့ တံခါးကို လက်နဲ့ထိလိုက်တာနဲ့ ထူးထူးဆန်းဆန်း အေးလာပြီး အတွင်းအားတစ်ခုခုက ကျွန်တော့်ကို လွင့်ထွက်သွားအောင် လုပ်လိုက်တယ်..."

ပျန်းချန်က ရှေ့သို့တက်သွားပြီး စီယဲ့၏သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ရာ သူ၏ခန္ဓာကိုယ်ထဲတွင် အေးစက်သောစွမ်းအင်အချို့ ကျန်ရစ်နေသေးကြောင်း တွေ့ရှိလိုက်ရ၏။

ဤအေးစိမ့်မှုသည် အလွန်အစွမ်းထက်ပြီး ဖယ်ရှားပစ်ရန် မဖြစ်နိုင်ပေ။

ထိုလူတစ်စုမှာ တစ်ယောက်ကိုတစ်ယောက် အံ့ဩတကြီးကြည့်လိုက်ကြပြီး ချူဖန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"သူ... သူက အမြဲတမ်း ဒီလိုပဲလား..."

ပျန်းချန်က ပြုံးလိုက်၏။

"ဘယ်လိုမျိုးလဲ... နက်နဲခက်ခဲတာကို ပြောတာလား... နက်နဲခက်ခဲတာထက်ကို ပိုသေးတယ်... ထားပါတော့... သူ့ကို စသိတဲ့အချိန်ကစပြီး အခုထိ ဖြစ်ပျက်ခဲ့တာတွေကို ငါပြောပြမယ်..."

အခန်းတံခါးကို မထိနိုင်သော်လည်း ခြံဝင်းအတွင်း၌ အပူချိန် အနည်းငယ်ကျဆင်းနေသည်မှလွဲ၍ အခြားအန္တရာယ်မရှိပေ။ ထို့ကြောင့် သူတို့အားလုံး ခြံဝင်းထဲသို့ ဝင်သွားလိုက်ကြသည်။

အကယ်၍ ချူချင်းသာ တံခါးပိတ်ကျင့်ကြံနေပါက သူတို့အနေဖြင့် သူ့ကိုစောင့်ရှောက်ပေးရန် အခွင့်ကောင်းပင် ဖြစ်၏။

ဤအခွင့်အရေးကိုအသုံးချကာ ပျန်းချန်သည် သူတို့တွေ့ဆုံချိန်မှစ၍ ချူချင်းနှင့် မည်သို့သိကျွမ်းခဲ့ကြောင်း အသေးစိတ်ပြန်လည်ပြောပြလေသည်။ ၎င်းတွင် သူက ချူချင်း၏သရုပ်မှန်ကို သိရှိသွားခြင်းနှင့် ညဧကရာဇ်ဟူသော ဖုံးကွယ်ထားသည့် သရုပ်မှန်အကြောင်းတို့မူ မပါဝင်ပေ။

All Chapters