← Chapters

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း (၂၃၈) - ကြီးမြတ်သောစုံလင်မှု (၂)

သူသည် ချူချင်းနှင့်သိကျွမ်းခဲ့ချိန်မှစ၍ ဖြစ်ပျက်ခဲ့သမျှကို တတိယလူ၏ရှုထောင့်မှနေ၍ ရှင်းပြနေခြင်းသာ ဖြစ်သည်။

ရှင်တောက်အန်းဂိုဏ်း၏ သိုင်းပြိုင်ပွဲကြီးတွင် ဓားတစ်ချက်တည်းဖြင့် တုန်ရှင်းကျီကို သတ်ဖြတ်ခဲ့ကာ ဓားရူးဟူသော ဘွဲ့အမည်ကို ရရှိခဲ့သည်။

လော့ချန်အိမ်တော်သို့သွားရာလမ်းတွင် ထျယ်ရွှဲ့ခန်းမဆောင်မှ ချန်ထျယ်ရှန်းက လာရောက်တားဆီးခဲ့ရာ ချန်ထျယ်ရှန်းကို လက်သီးတစ်ချက်တည်းဖြင့် ကြောက်လန့်ထွက်ပြေးစေခဲ့သည်။

လော့ချန်အိမ်တော်ရှေ့တွင် လျန့်ပေချန်းကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့၏။ ထို့နောက် သိုင်းပြိုင်ပွဲတွင် သူ၏နတ်လက်ဝါးသိုင်းဖြင့် သူရဲကောင်းများအားလုံးကို ခြိမ်းခြောက်နိုင်ခဲ့သည်။

အထူးသဖြင့် မနေ့ညက သင်္ချိုင်းမင်းသားနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲပင်ဖြစ်သည်။ ထိုကဲ့သို့သောဖိအားမျိုး၊ ထိုကဲ့သို့ပြင်းထန်သော တိုက်ပွဲမျိုးကို ပျန်းချန်နှင့်အခြားသူများ၏ တစ်သက်တာတွင် တစ်ကြိမ်တစ်ခါမျှ မတွေ့မြင်ခဲ့ဖူးချေ။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက ထျန်းရှင်းတောင်ခြေတွင် လုံယန်တောင်မှ တပည့်အနည်းငယ်ကို သတ်ဖြတ်ခဲ့ခြင်းမှာ ထည့်သွင်းပြောဆိုရန်ပင် မလိုတော့ပေ။

ကျောက်စိမ်းနဂါးတာအိုဆရာသမ္ဘာရင့်ကြီးမှာ ချူချင်း၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ဟူသောကိစ္စကိုမူ ပျန်းချန်တို့သိရှိထားခြင်း မရှိသေးပေ။

အစပိုင်းတွင် ချူဖန်သည် အေးအေးဆေးဆေး နားထောင်နိုင်ခဲ့သော်လည်း နားထောင်လေ ပို၍နေမထိထိုင်မသာဖြစ်လာလေပင်...

သူသည် အထင်အမြင်လွဲမှားနေခြင်း ဖြစ်ရမည်ဟုပင် ခံစားလာရ၏။

သူ၏ညီငယ်လေးမှာ ငယ်ရွယ်စဉ်ကတည်းက အိမ်မှထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သူသည် အခွင့်အရေးအချို့နှင့် ကြုံတွေ့ခဲ့ရလျှင်ပင် ဤအဆင့်အထိ ရောက်ရှိလာရန် မဖြစ်နိုင်ပေ။

ဒုတိယအစ်ကို ပြောနေသောသူမှာ သူ၏ညီငယ်လေး မည်သို့ဖြစ်နိုင်မည်နည်း။ ထိုသူမှာ အမှန်တကယ် ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦးပင် ဖြစ်ပေသည်။

ချူဖန်သည် သူ၏ညီအရင်းကို တမင်အထင်သေးနေခြင်း မဟုတ်ပေ။ အဓိကအကြောင်းရင်းမှာ... ယခင်က ချူချင်းသည် မည်သည့် အံ့မခန်းစွမ်းရည်မျိုးကိုမျှ မပြသခဲ့ဖူးခြင်းကြောင့် ဖြစ်၏။

ဤမျှကြီးမားသော အပြောင်းအလဲများ မည်သို့ဖြစ်ပေါ်လာနိုင်မည်နည်း...

“မင်းသိချင်တယ်ဆိုရင် သူတံခါးပိတ်ကျင့်ကြံတာပြီးလို့ ထွက်လာတဲ့အထိစောင့်ပြီး ကိုယ်တိုင်သာ သွားမေးလိုက်တော့..."

ပျန်းချန်သည် လက်ဖက်ရည်တစ်ခွက်ငဲ့ထည့်လိုက်စဉ် လက်ဖက်ရည်အိုးပေါ်တွင် နှင်းခဲလွှာများ ဖုံးလွှမ်းနေကြောင်းကို ရုတ်တရက် သတိပြုမိလိုက်သည်။

အခန်းအတွင်းရှိ ချူချင်း၏အတွင်းအား လွှမ်းမိုးမှုအတိုင်းအတာမှာ ပို၍ကျယ်ပြန့်လာခဲ့ပြီ ဖြစ်၏။

ညီအစ်ကိုလေးယောက်မှာ နေဝင်ချိန်အထိ ခြံဝင်းအတွင်း၌ ထိုင်စောင့်နေခဲ့ကြသည်။ ခြံဝင်းတစ်ခုလုံးမှာ နှင်းများကျဆင်းထားပြီး နှင်းခဲရိုက်ခတ်မှုဒဏ်ကို ခံစားထားရသည့်အလား ဖြစ်နေ၏။

ထိုအေးစိမ့်မှုများ တဖြည်းဖြည်းပြန်လည်စုစည်းသွားကာ ပျောက်ကွယ်သွားချိန်တွင်မူ နေဝင်ဆည်းဆာအချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ချူချင်း၏ကျင့်ကြံမှု ပြီးစီးတော့မည်ကို သိရှိလိုက်ရသဖြင့် သူတို့အားလုံး စိတ်အားထက်သန်သွားကြ၏။

သူတို့က အခန်းတံခါးဘက်သို့ မော့ကြည့်လိုက်ကြသည်။ တစ်ခဏအကြာတွင် တံခါးပွင့်လာသံကိုကြားလိုက်ရပြီး ချူချင်းထွက်လာလေသည်။

သို့သော် သူတို့ရှေ့ရှိချူချင်းကို မြင်လိုက်ရသောအခါ ပြောလိုသော စကားများမှာ လည်ချောင်းဝတွင် တစ်ဆို့သွားပြီး မည်သူမျှ စကားမဆိုနိုင်ဘဲ ဖြစ်သွားကြ၏။

သူသည် အပြာရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး လက်ကိုနောက်ပစ်ကာ ရပ်နေ၏။ သူ့တစ်ကိုယ်လုံးတွင် အေးစိမ့်သော အငွေ့အသက်များ ပြည့်နှက်နေသည်။

သူသည် နှင်းကဲ့သို့အထီးကျန်ပြီး မာနကြီးကာ လောကီလူသားတို့၏ခံစားချက်များနှင့် ကင်းကွာနေသယောင်ရှိ၏။ ကောင်းကင်ဘုံကိုးလွှာအထက်မှ မျောလွင့်လာကာ လူ့ပြည်သို့ ပြည်နှင်ဒဏ်ခံရသော နတ်ဘုရားတစ်ပါးနှင့်ပင် တူနေပေသည်။

ကောင်းကင်နန်းတော်မှ သယ်ဆောင်လာသော နတ်ဘုရားအငွေ့အသက်များကို ထိန်းချုပ်ရန် အချိန်မရလိုက်ပုံရ၏။ ဤလောက၊ ဤလူ့ပြည်နှင့်... လုံးဝဆန့်ကျင်ဘက်ဖြစ်ကာ သဟဇာတမဖြစ်ချေ။

သို့သော် နောက်တစ်ခဏတွင် သူ၏မျက်နှာကို ပွတ်သပ်လိုက်ရာ ထိုအေးစိမ့်မှုများမှာ နွေဦးရာသီ၏ နွေးထွေးသော နေရောင်ခြည်ကို တွေ့လိုက်ရသည့်အလား လုံးဝပျောက်ကွယ်သွားလေသည်။

သူ၏အရှိန်အဝါမှာ အေးစက်နေဆဲဖြစ်သော်လည်း မျက်ခုံးနှစ်ခုကြားတွင်မူ လူသားဆန်သည့် အငွေ့အသက်များ ပြန်လည်ပြည့်နှက်လာ၏။

သူသည် ဦးစွာ မလှမ်းမကမ်းတွင်စောင့်ကြပ်နေသော စီယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး လက်ယပ်ခေါ်လိုက်သည်။

စီယဲ့က အလျင်အမြန် ရှေ့သို့တိုးလာ၏။ ချူချင်းက သူ၏လက်ကောက်ဝတ်ကို ကိုင်ကာ အတွင်းအားတစ်ချက် လှည့်ပတ်လိုက်သောအခါ စီယဲ့၏ခန္ဓာကိုယ်ထဲမှ ထိုအေးစက်သည့်စွမ်းအင်များမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။

ဤသည်မှာ ချူချင်း၏အတွင်းအားများ အလျင်အမြန် မြင့်တက်နေချိန်နှင့် တိုက်ဆိုင်သွားသောကြောင့် စီယဲ့ကံဆိုးသွားခြင်းသာ ဖြစ်၏။

သူသည် မင်ယွိကျမ်းစာနှင့် မသေမျိုးရွှေကိုယ်ထည်၏ အတွင်းအားကို ပေါင်းစပ်လိုက်ပြီး မသေမျိုးရွှေကိုယ်ထည်၏ အတွင်းအားကို အသုံးချကာ မင်ယွိကျမ်းစာကို အမြင့်ဆုံးပြီးပြည့်စုံအဆင့်ဖြစ်သည့် ဒသမအဆင့်အထိ မြှင့်တင်နိုင်ခဲ့ပြီ ဖြစ်သည်။

အတွင်းအားများ ပြည့်စုံသွားသောအခါ အေးစိမ့်မှုသည် ပို၍အားကောင်းလာကာ ပို၍ရင်ဆိုင်ရ ခက်ခဲလာ၏။

မသေမျိုးရွှေကိုယ်ထည်မှာလည်း ဤအပြောင်းအလဲကြောင့် အားနည်းချက်များစွာကို ဖယ်ရှားနိုင်ခဲ့သည်။ ၎င်းသည် ခန္ဓာကိုယ်ကို ခုခံကာကွယ်နိုင်ရုံသာမက မင်ယွိကျမ်းစာ၏အေးစိမ့်မှုနှင့် နှင်းခဲလက်သီး၏နှင်းခဲစွမ်းအင်များကို အသုံးပြုထားသဖြင့် ဤအကာအကွယ်စွမ်းအင်အတွင်း၌ နှင်းခဲများပျံ့နှံ့နေပေသည်။

ထိုအေးစိမ့်မှုများသည် ရန်သူ၏သွေးကြောများအတိုင်း ဝင်ရောက်ကာ ခန္ဓာကိုယ်ကို ပြန်လည်ထိခိုက်စေနိုင်စွမ်း ရှိလေသည်။

သေချာပေါက်ပင် အကျိုးကျေးဇူးများမှာ ဤမျှသာမကသေးပေ။ သို့သော် ပိုမိုများပြားလှသော အံ့ဖွယ်အသုံးဝင်မှုများကိုမူ နောက်ပိုင်းလက်တွေ့တိုက်ပွဲများတွင် တစ်ခုချင်းစီ လေ့လာခံစားရဦးမည် ဖြစ်သည်။

စီယဲ့ကိုနောက်ဆုတ်ခိုင်းလိုက်ပြီးနောက် ချူချင်းသည် ချူဖန်ကို လှည့်ကြည့်လိုက်၏။

"ညီလေးသုံး..."

ချူဖန်က စမ်းခေါ်ကြည့်လိုက်သည်။

"ဒုတိယအစ်ကို... အထဲဝင်ပြီး စကားပြောကြတာပေါ့..."

ချူချင်းက အပြုံးတစ်ခုကို ဖော်ပြလိုက်၏။

ချူချင်းက 'ဒုတိယအစ်ကို'ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ ချူဖန်၏ စိုးရိမ်ပူပန်နေသောစိတ်မှာ နောက်ဆုံးတွင် လုံးဝတည်ငြိမ်သွားတော့သည်။

သူသည် ဝမ်းသာရမည်လား၊ ဒေါသထွက်ရမည်လား မသိဖြစ်သွားရ၏။ ချူချင်းက တံခါးဝမှ ဖယ်ပေးလိုက်သည်ကို မြင်သောအခါ ချူဖန်သည် အလျင်အမြန်ပင် အခန်းထဲသို့ ဝင်သွားလေသည်။

ပျန်းချန်၊ ဝမ်ရိုနှင့် မော့တူရှင်းတို့ သုံးယောက်မှာလည်း အားနာခြင်းမရှိဘဲ တန်းစီဝင်လာကြသည်။

လူတစ်စုလုံး အခန်းထဲတွင် စုဝေးရောက်ရှိသွားကြပြီး ချူချင်းမှာ ထိုနေရာတွင်ထိုင်လျက် တစ်ယောက်ချင်းစီကို လိုက်ကြည့်နေရင်း အတန်ကြာသည်အထိ စကားမဆိုဘဲ ဖြစ်နေ၏။

နောက်ဆုံးတွင် ပထမဆုံး စတင်စကားပြောလာသူမှာ မော့တူရှင်းပင်ဖြစ်သည်။

"ဒါဆို... မင်းက တကယ်ချူချင်းလား... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်ပြောင်းလဲသွားနိုင်မှာလဲ..."

ပျန်းချန်က လှောင်ပြုံးပြုံးလိုက်၏။

"ဆရာ့ရဲ့သိုင်းပညာကိုတော့ မင်း မသင်ယူနိုင်ခဲ့ပေမဲ့ ဆရာကြီးရဲ့အမူအကျင့်တွေကိုတော့ မင်း တော်တော်များများ သင်ယူထားနိုင်သားပဲ..."

ဝမ်ရိုသည် ထိုစကားကိုကြားပြီးသည်နှင့် ချက်ချင်းပင် စုတ်တံကိုကိုင်ကာ စတင်ရေးသားလိုက်သည်။

ဤတစ်ကြိမ်တွင်မူ ပျန်းချန်သတိပြုမိသွားပြီး မေးမြန်းရန်ပြင်လိုက်စဉ် ချူဖန်က ဝင်ပြောလိုက်၏။

"ညီလေးသုံး... မင်း... မင်းက ဘာလို့ အိမ်ပြန်မလာတာလဲ..."

ချူချင်းက ပြုံးလိုက်သည်။

"ပြန်ဖူးတယ်... အစ်ကိုကြီးနဲ့အဖေ့ကိုတောင် ကျွန်တော်တွေ့ခဲ့သေးတယ်... ဝမ်ရိုကို လော့ချန်အိမ်တော်ဆီပို့ပေးဖို့ သူတို့ကပဲ ကျွန်တော့်ကို အပ်နှံလိုက်တာလေ..."

ချူဖန်မှာ အံ့အားသင့်သွား၏။

"ဘယ်အချိန်ကလဲ... ဘာလို့ ငါမသိရတာလဲ..."

ချူချင်းက မျက်မှောင်ကြုတ်ကာ မော့တူရှင်းတို့ကို တစ်ချက်ကြည့်လိုက်သည်။

"ဒါနဲ့... ငါတို့ကို သီးသန့်စကားပြောဖို့ ခဏလောက် ရှောင်ပေးလို့ရမလား..."

၎င်းမှာ ပျန်းချန်နှင့်ဝမ်ရိုတို့ကို ကြိုတင်ကာကွယ်နေခြင်း မဟုတ်ပေ။ ပျန်းချန်သည် အလွန်ပါးနပ်လွန်းသဖြင့် အချို့ကိစ္စများကို သူကိုယ်တိုင် မပြောပြလျှင်ပင် ပျန်းချန်က ခန့်မှန်းနိုင်စွမ်းရှိ၏။

ဝမ်ရိုနှင့်ပတ်သက်၍ဆိုလျှင် သူမ၏နှာခေါင်းမှာ အလွန်ကောင်းမွန်သဖြင့် အနံ့ခံရုံဖြင့် သိရှိနိုင်လေသည်။ ချူချင်း အဓိကဖုံးကွယ်ထားလိုသူမှာ မော့တူရှင်းပင်ဖြစ်၏။

ဤအစ်ကိုကြီးမှာ အလွန်ထူးဆန်းသူဖြစ်သည်။ ရှင်တောက်အန်းဂိုဏ်းတိုက်ပွဲအပြီးတွင် ဤလူက 'ညဧကရာဇ်'ကို ဓားရေးပြိုင်ရန် ရှာဖွေနေခဲ့သည်ကို ချူချင်းမှတ်မိနေသေး၏။

ယခု ချူဖန်ကို သူပြောပြရမည့်ကိစ္စများတွင် ဤဖုံးကွယ်ထားသော သရုပ်မှန်လည်း ပါဝင်ပတ်သက်နေသည်။ မော့တူရှင်းကို သိခွင့်ပေးလိုက်ပါက... သူ မည်သို့တုန့်ပြန်မည်ကို မသိနိုင်ပေ။

ပျန်းချန်က နှုတ်ခမ်းကိုတွန့်လိုက်သည်။

"ကောင်းပြီလေ... မင်းတို့ ညီအစ်ကိုနှစ်ယောက်ကို နေရာပေးရတာပေါ့... သွားကြစို့ အစ်ကိုကြီး... ငါတို့ ထမင်းသွားစားကြမယ်... ဗိုက်ဆာလွန်းလို့ သေတော့မယ်..."

မော့တူရှင်းက နှာခေါင်းရှုံ့လိုက်ပြီး မတ်တတ်ရပ်ကာ ပျန်းချန်နောက်မှလိုက်သွားရင်း လှည့်မေးလိုက်၏။

"မင်းတို့အတွက် ထမင်းလာပို့ပေးဖို့ လိုသေးလား..."

ချူချင်းက ခေါင်းညိတ်ပြလိုက်သည်။

"အလုပ်ရှုပ်သွားပြီ..."

ဝမ်ရိုသည် ချူဖန်နှင့် ချူချင်းတို့နှစ်ယောက်အား မျက်လုံးများဖြင့် လှည့်ပတ်ကြည့်ရှုပြီးနောက်မှ မော့တူရှင်းတို့နှင့်အတူ အခန်းထဲမှ ထွက်သွားလေသည်။

အခန်းတံခါးပိတ်သွားသည်နှင့် ချူချင်းသည် ချူဖန်အား အဖြစ်အပျက်အားလုံးကို အသေးစိတ် စတင်ပြောပြတော့၏။

ထိုအချိန်က ချူဖန်ကိုဖုံးကွယ်ထားရခြင်း၏ အဓိကအကြောင်းရင်းမှာ ဤလူသည် လျှို့ဝှက်ချက်ကို မထိန်းသိမ်းနိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် ထိုစဉ်က ထျန်းဝူမြို့တော်တွင် အခြေအနေများမှာ တင်းမာနေပြီး... စောင့်ကြည့်နေသော မျက်လုံးများစွာလည်း ရှိနေသေး၏။

ယခု လော့ချန်အိမ်တော်၏ အခြေအနေနှင့်နှိုင်းယှဉ်ကြည့်ပါက ပို၍ရှင်းလင်းနေပြီ ဖြစ်သည်။ ဤအခွင့်အရေးကိုအသုံးချကာ ချူဖန်ကို အချို့အရာများကို ရှင်းလင်းစွာ ပြောပြနိုင်ပေသည်။

သူသည် ချူယွင်ဖေးက သူ၏အမည်ဖြင့် ပွဲတော်ကြီးကျင်းပပေးခဲ့ပြီး နျဲ့ကျင့်ထိုင်အား အခွင့်အရေးရသွားစေခဲ့သည့် အချိန်မှစ၍ ပြောပြလေသည်...

သို့သော် သူပြောနေရင်း ခရီးသွားစဉ် သူတောင်းစားအဖြစ် ရုပ်ဖျက်ထားကာ ချူဖန်၊ ဝမ်ရိုတို့နှင့် ဆုံတွေ့ခဲ့ရသည့် မြင်ကွင်းကိုလည်း မလွဲမသွေ ပြန်လည်ပြောပြခဲ့ရ၏။

ချူဖန်မှာ နားထောင်ရင်းနှင့်ပင် အံ့အားသင့်လျက်ရှိပြီး ချူချင်းကို စောစောစီးစီး မမှတ်မိခဲ့သည့်အတွက် မိမိကိုယ်ကို နောင်တရနေသလို၊ ချူချင်းက သူစိတ်ပူနေကြောင်းကို သိသိကြီးနှင့် သူ့ကို အသိအမှတ်မပြုခဲ့သည့်အတွက်လည်း ဒေါသထွက်မိနေသည်။

ချူချင်းမှာ ညဧကရာဇ်ဖြစ်ကြောင်း သိလိုက်ရသောအခါ ပို၍ပင်ဆွံ့အသွားရ၏။

ဤသိုင်းလောကတွင် 'ညဧကရာဇ်'ဟူသော စကားလုံးကို ပထမဆုံးသိရှိခဲ့သူမှာ ချူဖန်ဖြစ်ကြောင်းကို သိထားရမည် ဖြစ်သည်။ သို့သော် ထိုအချိန်က ဤလူမှာ သူ၏ညီအရင်းဖြစ်နေလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် သူ မထင်မှတ်ခဲ့မိချေ။

ထို့အပြင် သူက ချူချင်းကိုပြောလိုက်သေး၏။

"အဲဒီတုန်းက ညီမလေးဝမ်က မင်းရဲ့လက်ရေးကို တော်တော်စုတ်တယ်လို့ ပြောခဲ့သေးတယ်..."

ချူချင်း - "..."

ဤစကားစမြည်ပြောဆိုမှုမှာ အချိန်အတန်ကြာသွားခဲ့ပြီး ရှင်းပြသင့်သည့် အသေးစိတ် အချက်အလက်များအားလုံးကို ရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာ၍ ပြောပြခဲ့လေသည်။

၎င်းကိုကြားပြီးနောက် ချူဖန်မှာ အတန်ကြာတိတ်ဆိတ်သွား၏။ ရုတ်တရက် အံကြိတ်လိုက်ပြီး...

"နျဲ့ကျင့်ထိုင်... သူတို့က တော်တော်ရဲတင်းနေတာပဲ..."

ချူချင်းက သူ၏နဖူးမှ သွေးကြောများထောင်ထနေသည်ကို မြင်သောအခါ အလျင်အမြန် ဆွဲကိုင်ထားလိုက်သည်။

"အစ်ကိုလတ်... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့... သူတို့က ကျွန်တော့်ကို တကယ်လိုက်သတ်နေတာ မှန်ပေမဲ့ ကျွန်တော့်ရဲ့ပညာက တစ်ပန်းသာနေလို့ သူတို့ ကျွန်တော့်အရိပ်ကိုတောင် ရှာမတွေ့တော့ပါဘူး…”

“အခု လော့ချန်အိမ်တော်တိုက်ပွဲ ပြီးသွားပြီဆိုတော့ ဓားရူးသခင်လေးသုံးရဲ့နာမည်က သေချာပေါက် ကျော်ကြားလာတော့မှာ... သူတို့ အတိတ်က'ဓားတစ္ဆေ'နဲ့ အခု'ဓားရူး'တို့ကို ဆက်စပ်တွေးမိဖို့ဆိုတာ မဖြစ်နိုင်ဘူး... ဒါကြောင့် အခု ကျွန်တော် အရမ်းလုံခြုံနေပါပြီ..."

"နျဲ့ကျင့်ထိုင်ကို ရင်ဆိုင်ဖို့ဆိုတာ နေ့ချင်းညချင်းလုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး... အစ်ကိုလတ်... ဒီကိစ္စတွေအတွက် ကျွန်တော့်စိတ်ထဲမှာ အစီအစဉ်ရှိပြီးသားပါ… စိတ်လိုက်မာန်ပါလုပ်ပြီး ကျွန်တော့်ရဲ့အစီအစဉ်တွေကိုတော့ မဖျက်ဆီးလိုက်ပါနဲ့..."

ချူဖန်သည် ဤစကားကိုကြားသောအခါ ပြတ်သားစွာပင် ပြောလိုက်၏။

"ကောင်းပြီလေ... မင်းနဲ့အစ်ကိုကြီးက ဉာဏ်ပြေးတဲ့သူတွေပါ... အိမ်တော်သခင်ဝမ်ကတောင် မင်းကို အရမ်းလေးစားနေသေးတာပဲ... ဒီနေ့ သူပြောခဲ့တဲ့စကားတွေကိုကြည့်ရင် သူ့စိတ်ထဲမှာ မင်းက နေရာတော်တော်ကြီးကြီး ရနေတယ်ဆိုတာ သိသာပါတယ်... အခုဆို မင်းက တကယ့် ပါရမီရှင်တစ်ယောက် ဖြစ်နေပြီပဲ..."

"ဒါကြောင့် အစ်ကိုလတ်က မင်းပြောတာကို နားထောင်ပါ့မယ်... ဒါပေမဲ့ မင်းကလည်း အစ်ကိုလတ်ကို ကတိပေးရမယ်... အရာရာကို ဂရုစိုက်ပါ... တကယ်လို့ ကိုယ်တိုင်ဖြေရှင်းလို့မရတဲ့ ပြဿနာတစ်ခုခုရှိလာခဲ့ရင် မင်းမှာ အစ်ကိုနှစ်ယောက်နဲ့ အဖေတစ်ယောက် ရှိသေးတယ်ဆိုတာကို မမေ့ပါနဲ့..."

ချူချင်းက ရယ်မောလိုက်သည်။

"စိတ်ချပါ... ကျွန်တော် ဘယ်တော့မှစိတ်လောပြီး မလုပ်ပါဘူး..."

သို့သော် သူသည် စိတ်လော၍ လုပ်ဆောင်မည်မဟုတ်သော်လည်း ဖြည်းဖြည်းချင်းတော့ စီစဉ်လုပ်ဆောင်နိုင်ပေသည်။

ယခု လော့ချန်အိမ်တော်၏ကိစ္စရပ်များ ပြီးဆုံးသွားပြီဖြစ်ရာ နောက်ဆက်တွဲအနေဖြင့် သူသည် နျဲ့ကျင့်ထိုင်နှင့် စာရင်းအနည်းငယ် ရှင်းရပေတော့မည်။

All Chapters