← Chapters

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း (၂၃၉) - သင်ကြားပေးခြင်း (၁)

ချူချင်းသည် နျဲ့ကျင့်ထိုင်နှင့်စာရင်းရှင်းရန် ယခင်ကတည်းက ရည်ရွယ်ထားခဲ့လေသည်။

နျဲ့ကျင့်ထိုင်တစ်ခုလုံးကို တိုက်ရိုက်တူးဖော်နိုင်ရန် မမျှော်လင့်ထားချေ။ ထိုအရာက စိတ်ကူးယဉ်ဆန်လွန်းလှပေသည်။

ကောင်းကင်မိစ္ဆာဂိုဏ်းနှင့် နျဲ့ကျင့်ထိုင်တို့၏ဆက်သွယ်ပုံကို ကြည့်မည်ဆိုလျှင် သူတို့ပင် နျဲ့ကျင့်ထိုင်၏ဌာနချုပ်ကို ရှာမတွေ့နိုင်ခဲ့ချေ။

ဤအခြေအနေမျိုးတွင် မိမိတစ်ယောက်တည်း၏စွမ်းရည်ဖြင့် နျဲ့ကျင့်ထိုင်ကိုရှာဖွေတွေ့ရှိရန်မှာ လုံးဝမဖြစ်နိုင်ပေ။

သူလုပ်နိုင်သည့်အရာမှာ မြွေကို အပေါက်ထဲမှဆွဲထုတ်ရန်သာ ဖြစ်တော့၏။

ထိုနည်းလမ်းက အလွန်ရိုးရှင်းပြီး 'ဓားတစ္ဆေ'ဟူသော စကားလုံးနှစ်လုံးဖြင့်ပင် နျဲ့ကျင့်ထိုင်ကို အပြေးအလွှားရောက်ရှိလာစေနိုင်ပေသည်။

မည်သို့ပင်ဆိုစေ သူသည် နာမည်ကြီးသစ္စာဖောက်တစ်ဦး ဖြစ်နေဆဲပင်။

ချူချင်းက ဤအခွင့်အရေးကိုအသုံးချကာ ထိုလူများထံမှ နျဲ့ကျင့်ထိုင်ဌာနခွဲ၏ သတင်းအချက်အလက်များ ရနိုင်မလားဆိုသည်ကို စမ်းသပ်ကြည့်နိုင်လေသည်။

တစ်ခုကိုဖြိုဖျက်နိုင်လျှင် တစ်ခုအမြတ်ပင်... တစ်နေ့တွင် ဤကင်ဆာကျိတ်ကို လုံးဝဖယ်ရှားပစ်နိုင်မည် ဖြစ်၏။

ထိုမှသာ 'ချူချင်း'ဟူသော မူလအမည်ဖြင့် သိုင်းလောကတွင် ပွင့်ပွင့်လင်းလင်း လျှောက်လှမ်းနိုင်ပေမည်။

သို့သော် ဤကိစ္စများကို ယခု ချူဖန်နှင့်ဆွေးနွေးရန် မသင့်တော်ချေ။

သူ၏ကိစ္စများကို ပြောပြပြီးနောက် ချူချင်းက ချူထျန်းနှင့်ချူယွင်ဖေးတို့၏ အခြေအနေများကို မေးမြန်းလိုက်သည်။

ချူယွင်ဖေးသည် ယခုအခြေအနေကောင်းမွန်ပြီး မကြာသေးမီက ကိုယ်အလေးချိန်ပင်တိုးလာကြောင်း သိလိုက်ရ၏။ ဖခင်ဖြစ်သူမှာ ချူချင်းကိုလွမ်းဆွတ်လွန်းသဖြင့် တစ်နေ့တခြားပိန်ချုံးလာခဲ့သော်လည်း ရုတ်တရက် အဘယ်ကြောင့် စိတ်အခြေအနေကောင်းမွန်နေသည်ကို ချူဖန် ယခင်ကနားမလည်ခဲ့ပေ။

ယခုမူ သဘာဝကျစွာပင် သူနားလည်သွားခဲ့ပြီ။ အချိန်အတော်ကြာကတည်းက သူတို့အားလုံးတွေ့ဆုံခဲ့ပြီး ဖြစ်နေလေသည်။

ချူဖန်သည် ချူချင်းနှင့်အခြားသူများက သူ့အားဖုံးကွယ်ထားခြင်းကို စိတ်မခုခဲ့ချေ။ ဤသားအဖသုံးယောက်၏ ဆုံးဖြတ်ချက်ကို သူလုံးဝယုံကြည်ထားလေသည်။

ယခု ချူချင်းနှင့်ပြန်လည်ဆုံတွေ့ရသဖြင့် သူ၏စိတ်ထဲတွင် ဝမ်းသာပျော်ရွှင်မှုများသာ ရှိနေတော့၏။

အစ်ကိုကြီးချူထျန်းအကြောင်းကို ပြောသည့်အခါ ချူဖန်မှာ ပို၍ပင်စိတ်လှုပ်ရှားသွားခဲ့သည်။

"မင်းမသိလို့... မရီးပြန်ရောက်လာတာနဲ့ အဖေက သူတို့ကို မြန်မြန်ကလေးယူဖို့ အတင်းခိုင်းနေတော့တာပဲ..."

"သူတို့တွေ တကယ်စကားနားထောင်လား သိရအောင် ငါ့ကိုတောင်ခေါ်ပြီး နံရံကနေ ခိုးနားထောင်ခိုင်းသေးတယ်... နောက်ဆုံး ငါပဲ သူ့ကိုတားလိုက်ရတယ်..."

ချူချင်းမှာ ဆွံ့အသွားခဲ့ပြီး ယင်ဖုန်းတောင်တန်းတွင် မိမိနှင့်လမ်းခွဲခဲ့စဉ်က 'တစ်နေ့ကျရင် သိုင်းလောကမှာ ပြန်ဆုံကြတာပေါ့'ဟု ပြောခဲ့သော မရီးဖြစ်သူချင်ယွိချီကို ရုတ်တရက် သတိရသွားလေသည်။

ယခုပြန်တွေးကြည့်လျှင် သူ၏ခန့်မှန်းချက်မှာ မှန်ကန်နေပေသည်။

အိမ်ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် သူမသည် အလုပ်ရှုပ်နေပြီ ဖြစ်၏။ သိုင်းလောကတွင် ပြန်လည်ဆုံတွေ့ရန်မှာ လက်တွေ့မကျပေ။ အခွင့်အရေးရှိလျှင် အိမ်တွင်သာတွေ့ဆုံကြခြင်းက ပိုကောင်းပေလိမ့်မည်။

အစ်ကိုကြီး၏ တည်ကြည်လေးနက်သော မျက်နှာပေးနှင့် ယခုကဲ့သို့ ကြိုးစားပမ်းစားအလုပ်လုပ်နေမည်ကို တွေးမိသောအခါ သူ အနည်းငယ် ရယ်ချင်သွားခဲ့သည်။

ထျန်းဝူမြို့အကြောင်းဆက်ပြောရာတွင် ဝူကန်ချီက ဝမ်ယဲ့တောင်ကြားကို သိမ်းသွင်းလိုက်ကြောင်း ထည့်သွင်းပြောဆိုခဲ့၏။

သို့သော် ပင်လယ်လေးစင်းဂိုဏ်းဟူသော အသားတုံးကြီးကိုမူ သူ မစားခဲ့ဘဲ အနည်းငယ်သာမြည်းစမ်းခဲ့ပြီး အဖွဲ့အစည်းအားလုံးနှင့် သဘောတူညီချက်ရယူနိုင်ခဲ့လေသည်။

ထို့ကြောင့် ထျန်းဝူမြို့၏ဩဇာလွှမ်းမိုးမှုနယ်ပယ်မှာ အလွန်ကျယ်ပြန့်လာသော်လည်း ၎င်း၏အခြေအနေတစ်ခုလုံးမှာ အလွန်တည်ငြိမ်နေဆဲ ပင်။

ထိုစကားကိုကြားသောအခါ ချူချင်းက ခေါင်းညိတ်လိုက်ပြီး တစ်ခဏစဉ်းစားကာ ပြောလိုက်သည်။

"အစ်ကိုလတ်၊ ခင်များတို့ ရှေ့ဆက်ဘာလုပ်ဖို့‌ တွေးထားလဲ..."

"ဒီတစ်ခေါက် လော့ချန်အိမ်တော် ခရီးစဉ်အပြီး အစီရင်ခံဖို့ ဂိုဏ်းကိုအရင်ပြန်မယ်လို့ စဉ်းစားထားတာ... ဒါပေမဲ့ အခု မင်းကိုတွေ့လိုက်ရတော့ နည်းနည်းတုံ့ဆိုင်းသွားတယ်..."

ပြောရလျှင် မခွဲရက်မခွာရက်ဖြစ်နေသောကြောင့် ဖြစ်၏။

သို့သော် ယောက်ျားလေးများဖြစ်၍ ထိုမျှ ပွင့်လင်းစွာပြောဆိုရန် ဝန်လေးနေခဲ့သည်။

ချူဖန်၏စိတ်ထဲတွင် ချူချင်းသည် အတွေ့အကြုံမရှိသေးသော ညီငယ်လေးတစ်ဦးသာ ဖြစ်နေဆဲပင်။ ဤနှစ်များအတွင်း အိမ်နှင့်ဝေးကွာကာ တစ်ယောက်တည်းနေထိုင်ရင်း မရေမတွက်နိုင်သော အခက်အခဲများနှင့် ဆင်းရဲဒုက္ခများကို ခံစားခဲ့ရမည်ကို သူသိနေလေသည်။

ယခုကဲ့သို့ အလွယ်တကူတွေ့ဆုံခွင့်ရချိန်တွင် ညီဖြစ်သူ၏ဘေး၌ထိုင်ကာ ရက်အနည်းငယ်ခန့် ပိုမိုစောင့်ရှောက်ပေးလိုမိ၏။

ချူဖန်၏စိတ်ထဲတွင် တွေးတောနေသည်များကို ချူချင်းကသိမြင်နိုင်သဖြင့် သူ၏လက်မောင်းကို ညင်သာစွာပုတ်လိုက်ပြီး ပြောလိုက်သည်။

"ထျန်းကျီးတောင်ကြားကိစ္စကို အစ်ကို အရင်ပြန်ပြီး အစီရင်ခံသင့်တယ်..."

"ပြီးတော့ ကျွန်တော့်ကို ကူညီပေးစေချင်တဲ့ ကိစ္စတစ်ခုလည်း ရှိသေးတယ်..."

"ဘာကိစ္စလဲ... ပြောသာပြော..."

ချူဖန်က ရင်ဘတ်ကိုပုတ်ကာ ဆက်ပြောလိုက်၏။

"အစ်ကိုလတ်က အကုန်ကူညီပေးမယ်..."

"ဘာမှ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ စာနည်းနည်းလောက်ပို့ပေးဖို့ အကူအညီတောင်းချင်လို့ပါ..."

တစ်စောင်မှာ ချူထျန်းနှင့်ချူယွင်ဖေးတို့အတွက် ဖြစ်ပြီး နောက်တစ်စောင်မှာ လူကြုံဖြင့် ဝူချန်းဟွမ်ထံ အရောက်ပို့ပေးရန် ဖြစ်သည်။

မူလက ကျိုးယီအတွက်ပါ စာတစ်စောင်ရေးရန် စဉ်းစားထားခဲ့သည်။ ထိုစဉ်က ချူချင်းသည် သူ၏ ကျင့်စဉ်တစ်စိတ်တစ်ပိုင်းကို သင်ကြားပေးခဲ့သော်လည်း သူ မည်မျှအထိ လေ့ကျင့်နေပြီကို မသိရချေ။

သို့သော် ကျိုးယီမှာ လျှို့ဝှက်အစောင့်တစ်ဦးဖြစ်နေပြီး ချူချင်းက ထျန်းဝူမြို့မှ မထွက်ခွာမီကတည်းက ကိစ္စရပ်များကို မှာကြားခဲ့ပြီးဖြစ်၍ ထိုအကြံကို ဖျက်သိမ်းလိုက်တော့သည်။

စာပို့ရုံမျှသာဖြစ်သော သေးငယ်သည့်ကိစ္စဟု ကြားလိုက်ရသဖြင့် ချူဖန် အနည်းငယ်စိတ်ပျက်သွားသော်လည်း ခေါင်းညိတ်ပြလိုက်လေသည်။

အထူးသဖြင့် ဝူချန်းဟွမ်အတွက် စာတစ်စောင်ပါသေးကြောင်း ကြားလိုက်ရချိန်တွင် သူ ပို၍ပင်ကျေနပ်သွားတော့၏။

စုတ်တံကိုကိုင်ကာ စာရေးနေသော ချူချင်းကိုကြည့်ရင်း သူသည် ဘေးတွင် တိတ်ဆိတ်စွာထိုင်လျက် လက်ဖက်ရည်သောက်ကာ စောင့်နေခဲ့သည်။

ချူယွင်ဖေးနှင့်ချူထျန်းတို့ထံ ရေးသောစာမှာ အနည်းငယ်ရှည်လျားပြီး အဓိကအားဖြင့် ချူချင်း၏အတွင်းအားကျင့်စဉ်နှင့် ပတ်သက်သည့် ကိုယ်ပိုင်အတွေ့အကြုံများ ပါဝင်နေသောကြောင့် ဖြစ်ပေသည်။

မိမိ၏သိုင်းပညာများ ဤမျှလျင်မြန်စွာ တိုးတက်လာရခြင်းမှာ စနစ်၏အကူအညီကြောင့်ဖြစ်ပြီး သာမန်ယုတ္တိဗေဒဖြင့် တွေးတော၍မရကြောင်း သူ ကောင်းစွာသိထားလေသည်။

ချူထျန်းနှင့်ချူယွင်ဖေးတို့သည် ဤမျှတိုတောင်းသော အချိန်ကာလအတွင်း ဇီရှားရော့ရွှီကျမ်းကို အထွတ်အထိပ်အဆင့်အထိ လေ့ကျင့်နိုင်ရန် မျှော်လင့်၍မရပေ။

ကံကောင်းထောက်မစွာဖြင့် စနစ်မှာ ပုံတူကူးချစနစ်ဖြစ်နေသော်လည်း သိုင်းပညာအပေါ် ချူချင်း၏နားလည်သဘောပေါက်မှုကမူ အစစ်အမှန်ပင် ဖြစ်၏။

သူ၏ လက်ရှိကျင့်စဉ်အဆင့်ဖြင့် ရေးသားထားသော ဤအတွေ့အကြုံများက ချူယွင်ဖေးနှင့်ချူထျန်းတို့ကို လမ်းလွဲများစွာရှောင်ရှားနိုင်ရန် သေချာပေါက် ကူညီပေးနိုင်ပေလိမ့်မည်။

နောက်ဆုံးတွင် သွေးပျော်နတ်လက်ဝါးသိုင်း၏ ကျင့်စဉ်အဆင့်ဆင့်ကို စာရွက်ပေါ်တွင်ရေးသားခဲ့ပြီး 'ဤကျင့်စဉ်မှာ အန္တရာယ်ကြီးမားလှသဖြင့် အစ်ကိုကြီးနှင့်အဖေတို့အနေဖြင့် ချင့်ချိန်အသုံးပြုသင့်သည်'ဟု မှတ်ချက်ပြုလိုက်လေသည်။

ချင်းရွှီလက်ဝါး၏အခြေခံများ ရှိထားသဖြင့် သူတို့အတွက် ဤလက်ဝါးသိုင်းကိုလေ့ကျင့်ရန် သိပ်မခက်ခဲနိုင်ဟု ခန့်မှန်းရသည်။

သူသည် စာကို သေချာသိမ်းဆည်းကာ ချိပ်ပိတ်လိုက်ပြီး ချူဖန်ထံကမ်းပေးလိုက်၏။

ထို့နောက် ချူချင်းသည် ဝူချန်းဟွမ်ထံသို့ နောက်ထပ်စာတစ်စောင် ရေးလိုက်သည်။

ဤတစ်ကြိမ်တွင်မူ အကြောင်းအရာအများစုမှာ သံယောဇဉ်နှင့်သက်ဆိုင်သော အချစ်စကားများသာဖြစ်ပြီး ခရီးစဉ်တစ်လျှောက် အတွေ့အကြုံများကို အဓိကထားရေးသားကာ အန္တရာယ်များသည့်ကိစ္စများကို အနည်းငယ်သာ ဖော်ပြထားလေသည်။

ရံဖန်ရံခါ သိုင်းပညာအကြောင်း ထည့်သွင်းပြောဆိုထားသော်လည်း ၎င်းမှာ ကိုးကားနိုင်ရန်အတွက် သူ၏အတွေ့အကြုံအချို့မျှသာ ဖြစ်၏။

နောက်ဆုံးတွင် ဇောင်ဝန်ချွမ်းအကြောင်းကို ရေးသားခဲ့ပြီး မဟာနေမင်းကျင့်စဥ်၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသဖြင့် ဝူချန်းဟွမ်၏လညွှန်နတ်သိုင်းကို အလွန်မျှော်လင့်နေကြောင်း ဖော်ပြခဲ့လေသည်။

အမှန်တကယ်တွင် ချူချင်းသည် သိုင်းပညာနှင့်ပတ်သက်၍ ဝူချန်းဟွမ်ကိုလည်း ကူညီပေးချင်ခဲ့ပေသည်။

သို့သော် ယခုအချိန်တွင် ဝူချန်းဟွမ်မှာ အရေးကြီးသောကာလတစ်ခုသို့ ရောက်ရှိနေပြီး လညွှန်နတ်သိုင်းတစ်ခုတည်းကပင် သူမ၏အာရုံစူးစိုက်မှုအားလုံးကို ဆွဲယူထားလေပြီ။

အခြားသိုင်းပညာများကို ထပ်မံပေးအပ်ခြင်းက သူမအတွက် ဝန်ထုတ်ဝန်ပိုးသာဖြစ်စေလိမ့်မည်။

သူမကို ဤသိုင်းပညာတစ်ခုတည်း၌သာ အထူးကျွမ်းကျင်စေပြီး နောင်တစ်ချိန် ပြန်လည်ဆုံတွေ့မည့်အချိန်ကိုစောင့်ကာ အခြားအရာများကို ပြောပြခြင်းက ပိုကောင်းပေမည်။

ဤစာကို အစမှအဆုံးထိ နှစ်ကြိမ်တိုင်တိုင်ဖတ်ရှုပြီးနောက် ချူချင်းက သေချာသိမ်းဆည်းကာ ချိပ်ပိတ်၍ ချူဖန်ထံပေးလိုက်သည်။

"အစ်ကိုလတ်၊ ကျွန်တော့်အတွက် သေချာပေါက် ရောက်အောင်ပို့ပေးပါ..."

"စိတ်ချ..."

ချူဖန်က ပြုံးရွှင်စွာဖြင့် စာနှစ်စောင်ကို သူ၏ရင်ခွင်ထဲ၌ လုံခြုံစွာ သိမ်းဆည်းလိုက်သည်။ ထို့နောက် သူ တစ်စုံတစ်ခုပြောရန်ဟန်ပြင်လိုက်စဉ် တံခါးအပြင်ဘက်မှ ခြေသံများထွက်ပေါ်လာ၏။

ပျန်းချန်နှင့်အခြားသူများ ထမင်းစားပြီး ပြန်လာကြခြင်း ဖြစ်ပေသည်။

သူတို့သည် ချူချင်းနှင့်ချူဖန်အတွက်လည်း ထမင်းနှင့်ဟင်းများ ယူဆောင်လာခဲ့ကြသည်။

ယခုအချိန်၌ မိုးချုပ်နေပြီဖြစ်ရာ ဤနေရာတွင် ထမင်းစားသောက်ပြီးသည်နှင့် တစ်ပြိုင်နက် ချူဖန်ကို ပျန်းချန်တို့က အနားယူရန် ခေါ်ဆောင်သွားကြတော့၏။

ဤသို့ဖြင့် စကားမပြောဖြစ်ကြတော့ဘဲ သန်းခေါင်ယံအချိန်သို့ ရောက်သောအခါမှသာ ချူချင်းသည် အခန်းထဲမှ တစ်ယောက်တည်းထွက်လာခဲ့လေသည်။

သူသည် ပျန်းချန်တို့၏ခြံဝင်းထဲသို့ ရောက်ရှိလာပြီး ချူဖန်ကို တိတ်တဆိတ်ခေါ်ထုတ်လိုက်သည်။

မျက်လုံးပင် ကောင်းကောင်းမပွင့်သေးဘဲ ရှုပ်ထွေးနေသောမျက်နှာဖြင့် ချူဖန်မှာ ချူချင်း၏ခေါ်ဆောင်မှုနောက်သို့ လိုက်ပါကာ လော့ချန်အိမ်တော်အပြင်ဘက်သို့ ရောက်ရှိသွားတော့၏။

လူသူကင်းမဲ့သော‌နေရာတစ်ခုကို ရှာတွေ့သောအခါ ချူဖန်က မနေနိုင်ဘဲ မေးလိုက်သည်။

"ညီလေး၊ ညသန်းခေါင်ကြီး ငါ့ကိုခေါ်ထုတ်လာတာ ဘာကိစ္စရှိလို့လဲ..."

"..."

ချူချင်းသည် သဘောရိုးလွန်းသော အစ်ကိုလတ်ဖြစ်သူကိုကြည့်ကာ ရယ်ရခက်၊ ငိုရခက်ဖြစ်သွားမိ‌တော့သည်။

All Chapters