အခန်း ၂၄၀
Vol. 24 Ch. 240
အခန်း (၂၄၀) - သင်ကြားပေးခြင်း (၂)
သူ ဘာမျှမပြောဘဲ ကိုယ်ကိုလှည့်ကာ လက်တစ်ဖက်ဖြင့် စက်ဝိုင်းရေးဆွဲပြီး လက်ဝါးတစ်ချက် တွန်းထုတ်လိုက်လေ၏။
ဩဇာတိက္ကမနှင့်ပြည့်စုံသော နဂါးဟိန်းသံကြီးလွင့်ပျံလာပြီး နဂါးပုံသဏ္ဌာန်အတွင်းအားလှိုင်းက သူ၏လက်ထဲမှ ထွက်ပေါ်လာသည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မျက်နှာချင်းဆိုင်ရှိ သစ်ပင်တစ်ပင်မှာ ချူချင်း၏တိုက်ခိုက်မှုကြောင့် ခါးလယ်မှ ကျိုးကျသွားတော့၏။
ချူဖန် အိပ်ချင်မူးတူးဖြစ်နေသည်မှာ ချက်ချင်းပျောက်ကွယ်သွားပြီး လူနှစ်ယောက်ဖက်စာမျှ တုတ်ခိုင်သော သစ်ပင်ပင်စည်ကို တစ်လှည့်၊ ချူချင်းကို တစ်လှည့်ကြည့်လိုက်လေသည်။
သူသည် မနေနိုင်ဘဲ တံတွေးမျိုချလိုက်မိပြီး မေးလိုက်သည်။
"ဒါက ဘယ်လို လက်ဝါးသိုင်းလဲ..."
ချူချင်းက ပြုံး၍ ပြောလိုက်၏။
"အဖေနဲ့အစ်ကိုကြီးဆီ ပို့မဲ့စာထဲမှာ လက်ဝါးသိုင်းတစ်ခုအကြောင်း ထည့်ရေးထားတယ်..."
"ဒါပေမဲ့ အဲဒီလက်ဝါးသိုင်းက အစ်ကိုလတ်နဲ့ မကိုက်ဘူး..."
"ခင်များက မွေးရာပါခွန်အားကြီးပြီး ထိုက်ရိကျမ်းစာရဲ့အခြေခံကလည်း ပိုခိုင်မာတယ်..."
"ဒါကြောင့် ခင်များက ကျွန်တော် အခုသုံးသွားတဲ့လက်ဝါးသိုင်းနဲ့ ပိုပြီးသင့်တော်တယ်..."
"ဒီသိုင်းကို ဆယ့်ရှစ်ချက် နဂါးနှိမ်နင်းလက်ဝါးသိုင်းလို့ခေါ်တယ်။ ဒီသိုင်းနဲ့ပဲ ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ သင်္ချိုင်းမင်းသားနဲ့ ရင်ဆိုင်ခဲ့တာပဲ။ အကွက်ပေါင်းရာချီ အပြန်အလှန်တိုက်ခိုက်ပြီး သူ့ရဲ့ ကာကွယ်ရေးကျင့်စဥ်ကြောင့် ချက်ချင်းအနိုင်မရခဲ့ဘူး..."
"ဒါပေမဲ့ ဒီရာချီတဲ့ တိုက်ကွက်တွေထဲမှာ ကျွန်တော့်ရဲ့ ဆယ့်ရှစ်ချက် နဂါးနှိမ်နင်းလက်ဝါးကို မဖျက်ဆီးနိုင်ခဲ့ဘူး..."
"အစ်ကိုလတ်၊ ဒီည လက်ဝါးသိုင်းသုံးကွက် သင်ပေးမယ်၊ သေသေချာချာ မှတ်ထားပါ..."
"စောစောက ပထမအကွက်ပဲ... နာမည်က မာနနဂါးရဲ့နောင်တတဲ့..."
ထို့နောက် ချူဖန်၏ အံ့သြနေသော အကြည့်များအောက်တွင် ချူချင်းက ထိုလက်ဝါးသိုင်း၏နက်နဲမှုကို အသေးစိတ်ရှင်းပြလေတော့သည်။
ချူဖန်သည် စိတ်ထဲရှိရှုပ်ထွေးနေသော အတွေးများကိုဖယ်ရှားကာ ဂရုတစိုက်မှတ်သားထားလိုက်၏။
သူသည် စိတ်သဘောထား ဖြူစင်သော်လည်း မိုက်မဲသူမဟုတ်ပေ။ သိုင်းပညာလေ့လာသင်ယူရာတွင် အလွန်ထူးချွန်သူဖြစ်သဖြင့် ချူချင်းက အဓိကအချက်များကို အကြိမ်အနည်းငယ် ရှင်းပြလိုက်သည်နှင့်တစ်ပြိုင်နက် သူလမ်းစရှာတွေ့သွားလေသည်။
ထိုက်ရိကျမ်းစာကို အသုံးပြု၍ ဖော်ထုတ်လိုက်ရာ သူ၏စွမ်းအားမှာ မနည်းလှပေ။
သို့သော် သိုင်းကွက်များမှာ မကျွမ်းကျင်သေးသည့်အပြင် ချူဖန်၏အတွင်းအားမှာလည်း ချူချင်းနှင့်နှိုင်းယှဉ်ပါက မိုးနှင့်မြေကဲ့သို့ ကွာခြားနေပေသည်။
ထို့ကြောင့် ဤသိုင်းကွက်မှာ ပုံစံကျသော်လည်း ချူချင်းကဲ့သို့ တန်ခိုးဩဇာကြီးမားခြင်း မရှိပေ။
ကံကောင်းထောက်မစွာဖြင့် ချူချင်းသည် ဤလက်ဝါးသိုင်းကို သူ ချက်ချင်းတတ်မြောက်သွားမည်ဟု မမျှော်လင့်ထားဘဲ ယနေ့ညအတွက် အဓိကရည်ရွယ်ချက်မှာ သိုင်းသုံးကွက်သင်ပေးရန်သာ ဖြစ်၏။
နောင်တစ်ချိန်တွင် သူကိုယ်တိုင် အကြိမ်ကြိမ်လေ့ကျင့်ပြီး သူ၏ ကိုယ်ပိုင်ထိုက်ရိနတ်လက်ဝါးသိုင်းနှင့်ပါ ပေါင်းစပ်လိုက်မည်ဆိုပါက သူ၏သိုင်းပညာမှာ သေချာပေါက် တိုးတက်လာပေလိမ့်မည်။
ထို့နောက် သူသည် 'နဂါးပျံ'နှင့် 'လယ်ကွင်းထဲမှ နဂါး'ဟူသော သိုင်းကွက်နှစ်ကွက်ကို ဆက်လက်သင်ကြားပေးလိုက်လေသည်။
ချူဖန်အနေဖြင့် ထိုသိုင်းကွက်နှစ်ကွက်ကို ကျွမ်းကျင်စွာ မတတ်မြောက်မီမှာပင် မိုးလင်းသွားခဲ့ပြီဖြစ်သည်။
ချူဖန်မှာ အားမလိုအားမရဖြစ်နေဆဲပင်…
“ညီလေး၊ မင်းရဲ့လက်ဝါးသိုင်းက ရိုးရှင်းပုံရပေမဲ့ တကယ်တော့ အရမ်းနက်နဲထူးခြားလွန်းတယ်။ ဘယ်ကနေ ရလာတာလဲ..."
ချူချင်းက ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော့်အခြေအနေက နည်းနည်းထူးခြားတယ်... အစ်ကိုလတ်၊ အများကြီးမေးဖို့ မလိုပါဘူး..."
ဤသည်ကိုမြင်သောအခါ ချူဖန်က ဆက်မမေးတော့ဘဲ ပြောလိုက်၏။
"ဒါဆို မင်း ရှေ့ဆက်ဘာလုပ်မလဲ..."
"အိမ်တော်သခင်ဝမ်က ကိစ္စတစ်ခု အကူအညီတောင်းထားတယ်..."
"ဒါပေမဲ့ လွန်ခဲ့တဲ့ရက်လောက်က အိမ်တော်အပြင်ဘက်မှာ လျန့်ပေချန်းကိုသတ်လိုက်တော့ သူ့တောင်းဆိုချက်အရ ထိုက်ဟန်ဂိုဏ်းကို အရင်ပြန်ပို့ပေးရမယ်..."
"အခု လော့ချန်အိမ်တော်ကိစ္စတွေ ပြီးသွားပြီဆိုတော့ ထိုက်ဟန်ဂိုဏ်းကိုအရင်သွားဖို့ စီစဉ်ထားတယ်..."
"... ထိုက်ဟန်ဂိုဏ်း..."
ချူဖန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
"ဒီတစ်ခေါက် ထွက်သွားရင် ဘယ်တော့မှပြန်တွေ့ရမလဲ မသိဘူး..."
ဤနေရာသို့ရောက်သောအခါ ချူချင်းနှစ်သိမ့်ရန်မလိုဘဲ သူကိုယ်တိုင်ရယ်မောလိုက်၏။
"ဒါပေမဲ့ အခု မင်း ဒီလိုအခြေအနေမျိုး ဖြစ်နေတာကိုမြင်ရတော့ ငါလည်း စိတ်အေးသွားပါပြီ..."
"မင်းရဲ့သိုင်းပညာက ငါ့ထက် အများကြီးသာလွန်နေပြီဆိုတော့ ဒီလောက်ကျယ်ပြန့်တဲ့လောကကြီးမှာ လွတ်လွတ်လပ်လပ်သွားလာနိုင်တာပေါ့... လူချင်းမတွေ့ရရင်တောင် မင်းရဲ့သတင်းတွေက သိုင်းလောကမှာ ပြန့်နှံ့နေမှာ သေချာတယ်..."
"ဒါလည်း ဟုတ်တာပဲ..."
ညီအစ်ကိုနှစ်ယောက်သည် စကားစမြည်ပြောဆိုရင်း လော့ချန်အိမ်တော်သို့ ပြန်လာခဲ့ကြသည်။
အိမ်တော်အတွင်းသို့ ဝင်ရောက်လာသောအခါ သမက်ရွေးပွဲမှာ ထပ်မံစတင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
ဝမ်ခယ်ရန်သည် ညှိုးနွမ်းသောမျက်နှာဖြင့် စင်မြင့်ပေါ်တွင်ထိုင်နေပြီး ဘေးတွင် ဦးဆောင်ကျင်းပနေသူမှာ ဝမ်ဖူစန်းပင်ဖြစ်လေသည်။
သို့သော် ယခုပါဝင်ယှဉ်ပြိုင်သူ အရေအတွက်မှာ ယခင်ကလောက် မများပြားတော့ပေ။
အကြောင်းမှာ ယခင်က လူအများစုသည် အခြားရည်ရွယ်ချက်တစ်မျိုးဖြင့် ရောက်ရှိလာကြခြင်းဖြစ်ပြီး ယခုပါဝင်သူများမှာမူ ဝမ်ခယ်ရန်ကို တကယ်လက်ထပ်လိုသူများသာ ဖြစ်သောကြောင့်ပင်။
ချူဖန်မှာ အံ့သြသွားပြီး မေးလိုက်သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ..."
ချူချင်းဆွံ့အသွားပြီး ပြောလိုက်၏။
"အိမ်တော်သခင်ဝမ်က အောင်သွယ်လုပ်ရတာ ဝါသနာပါတာကိုး... အခုက သမက်ရွေးပွဲကို အကြောင်းပြပြီး အတင်းဖိအားပေးနေတာပဲ..."
ထိုသို့စကားပြောနေစဉ် လူတစ်စုမှာ ဘေးဘက်မှ အလျင်အမြန်ဖြတ်လျှောက်သွားပြီး လော့ချန်အိမ်တော်အပြင်ဘက်သို့ ဦးတည်သွားသည်ကို တွေ့လိုက်ရလေသည်။
ချူချင်းကိုမြင်သောအခါ ထိုလူများ၏ခြေလှမ်းများ ရပ်တန့်သွားကြ၏။
ဇောင်ဝန်ချွမ်းက ရှေ့သို့တစ်လှမ်းတိုးလာပြီး ချူချင်းကို အရိုအသေပေးလိုက်သည်။
"သခင်လေးသုံး..."
"အစ်ကိုဇောင်၊ ဘယ်သွားမလို့လဲ..."
ချူချင်းက သူ၏နောက်တွင်ရှိသော ရှီမောက်နှင့် ရှီချောင်ဟွေ့တို့ကိုကြည့်ကာ မျက်လုံးများထဲတွင် အနည်းငယ်ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာလေသည်။
ဇောင်ဝန်ချွမ်းက ပြုံး၍ ပြောလိုက်၏။
"သခင်လေးသုံးက သူတို့နှစ်ယောက်ကို မနေ့ကတည်းက ထွက်သွားဖို့ ပြောခဲ့တာလေ..."
"ဒါက သူတို့အတွက် ကောင်းစေချင်လို့ဆိုတာ သိပါတယ်... ဒါပေမဲ့ မနေ့ညက တိုက်ပွဲအပြီးမှာ လော့ချန်အိမ်တော်ရဲ့အန္တရာယ်တွေ ကင်းရှင်းသွားပြီမလို့ ကျွန်တော်က ကိုယ့်သဘောနဲ့ကိုယ် သူတို့ကို တစ်ရက်ထပ်နေခိုင်းလိုက်တာပါ..."
"အခုကိစ္စတွေ အားလုံးပြီးသွားပြီဆိုတော့ သူတို့ကို အိမ်အထိလိုက်ပို့ပေးမလို့ပါ..."
ချူချင်းက ဇောင်ဝန်ချွမ်းကို တစ်လှည့်၊ ဇောင်ဝန်ချွမ်းကိုစူးစိုက်ကြည့်နေသော ရှီချောင်ဟွေ့ကို တစ်လှည့်ကြည့်ကာ စိတ်ထဲတွင် အလွန်ထူးဆန်းနေမိသည်။
ဤသည်မှာ တကယ်ပင် သနားကရုဏာစိတ်ကြောင့်လား သို့မဟုတ်... ကိလေသာကင်းစင်သော သာသနာ့အနွယ်ဝင်တစ်ဦး လောကီထောင်ချောက်ထဲသို့ ကျဆင်းသွားခြင်းလားဆိုသည်ကို သူ မသိတော့ချေ။
သို့သော် မည်သို့ပင်ဖြစ်စေ ချူချင်းနှင့် မသက်ဆိုင်ပေ။
အကယ်၍ တကယ်ဖြစ်လာခဲ့လျှင်ပင် ၎င်းမှာ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်လာပေလိမ့်မည်။
ထို့အပြင် လျန့်ပေချန်းက ဤရှီချောင်ဟွေ့ကို ပစ်မှတ်ထားခဲ့ခြင်းက ဤမိန်းကလေးမှာ စိတ်ထားဖြူစင်ကြောင်းသက်သေပြနေသဖြင့် မသင့်တော်စရာ အကြောင်းမရှိပေ။
ထို့ကြောင့် သူက ချက်ချင်းပြုံးပြီး ပြောလိုက်၏။
"အစ်ကိုဇောင်က တကယ်ကို သနားကရုဏာစိတ်ကြီးမားတာပဲ... ဒါဆိုရင်လည်း နောက်မှ ပြန်ဆုံကြတာပေါ့..."
"နောက်မှ ပြန်ဆုံကြတာပေါ့..."
ဇောင်ဝန်ချွမ်းကလည်း ချူချင်းကိုလက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။
ရှီမောက်နှင့် ရှီချောင်ဟွေ့တို့က ချူချင်းကိုနှုတ်ဆက်ပြီးနောက် ဇောင်ဝန်ချွမ်း၏နောက်မှလိုက်ပါကာ အိမ်တော်အပြင်ဘက်သို့ ထွက်ခွာသွားကြတော့၏။
ချူဖန်က တွေးတောနေဟန်ဖြင့် မေးလိုက်သည်။
"ဒီလူက... ဘယ်သူလဲ..."
"ဇောင်ဝန်ချွမ်းတဲ့... ဆရာကြီးထျန်းယူရဲ့ တပည့်၊ ဝူချန်းဟွမ်ရဲ့အစ်ကိုပေါ့..."
"သြော်... သူကိုး..."
ချူဖန်မှာ ရုတ်တရက်သဘောပေါက်သွားပြီး ပြောလိုက်၏။
"လော့ချန်အိမ်တော်ကိစ္စကို ညီမလေးဝူဆီပြောပြခဲ့တာ သူပဲ... အဲဒီတော့မှ ငါ့ဆီစာရေးပို့လိုက်တာလေ..."
"ဒီလူက ငယ်ငယ်ကတည်းက ဉာဏ်ပညာကြီးမားပြီး လောကီအညစ်အကြေးတွေနဲ့ ကင်းကွာတယ်လို့ ကြားဖူးတယ်... ဆရာကြီးထျန်းယူရဲ့ တစ်ဦးတည်းသောဆက်ခံသူတဲ့..."
"ဒီနေ့တွေ့လိုက်ရတော့ တကယ်ကို ဩဇာရှိတဲ့ပုံစံမျိုးပဲ..."
ချူချင်းက ပြုံးသာပြုံးနေပြီး စကားမဆိုတော့ပေ။ ထိုဉာဏ်ပညာကြီးမားသူမှာ မကြာမီ လောကီကာမဂုဏ်များဖြင့် စွန်းထင်းတော့မည်ဟု သူခံစားနေမိ၏။
သို့သော် လောကီနယ်ပယ်အတွင်းသို့ မဝင်ရောက်ဘဲ မည်သို့လွတ်မြောက်နိုင်မည်နည်း။
နောက်ဆုံးတွင် လောကီနယ်ပယ်၌သာ ကျင်လည်သွားမည်လား သို့မဟုတ် လောကီမှလွတ်မြောက်ကာ သတ္တဝါအပေါင်းကို ကယ်တင်မည်လားဆိုသည်ကိုမူ မသိနိုင်တော့ချေ။
ထိုအချိန်တွင် သမက်ရွေးပွဲစင်မြင့်ပေါ်၌ အပြောင်းအလဲများ ဖြစ်ပေါ်လာလေသည်။
ယခု စင်မြင့်ပေါ်သို့ တက်ရောက်လာသူမှာ ဆက်တိုက်အနိုင်ရရှိနေပြီ ဖြစ်၏။
ထိုလူမှာ တုတ်ခိုင်ထွားကျိုင်းသော ခန္ဓာကိုယ်နှင့် ကြမ်းတမ်းသော ရုပ်ရည်ရှိပြီး သူ၏တိုက်ကွက်များမှာလည်း အလွန်ရက်စက်ကြမ်းကြုတ်လှသည်။ သူ၏သိုင်းပညာမှာ အလွန်ထူးချွန်ပြီး သာမန်လူများယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။
ကွင်းအတွင်းရှိလူများ၏ ဆွေးနွေးပြောဆိုသံများအရ ထိုသူ၏အမည်မှာ ကုန်းစွန်းဝူဖြစ်ကြောင်း သိရသည်။
သိုင်းလောကတွင် သူ၏နာမည်ဂုဏ်သတင်းမှာ မဆိုးလှသော်လည်း အိမ်တွင်းရှိဆွေမျိုးသားချင်းများအပေါ်၌မူ ဖော်ရွေမှုမရှိကြောင်း သိရ၏။
အိမ်ထောင်သုံးဆက်ကျခဲ့သော်လည်း ဇနီးသုံးယောက်လုံး သေဆုံးသွားခဲ့လေသည်။
ကောလာဟလများအရ အလိုမကျမှုအနည်းငယ်ရှိသည်နှင့် ဇနီးများကိုသေသည်အထိ ရိုက်နှက်တတ်ကြောင်း သိရသည်။
ဝမ်ခယ်ရန်သည် ထိုသတင်းကိုကြားထားပုံရပြီး ကွင်းအတွင်း မည်သူမျှ ထိုလူကိုအနိုင်မယူနိုင်သည်ကို မြင်သောအခါ သူမ၏မျက်နှာမှာ ပို၍ဖြူရော်လာတော့၏။
ဝမ်ဖူစန်းမှာမူ မျက်နှာအမူအရာမပြောင်းလဲဘဲ အေးစက်စက်အကြည့်ဖြင့်သာ စောင့်ကြည့်နေလေသည်။
ချူချင်းက လူအုပ်ထဲတွင် တစ်ပတ်ဝေ့ကြည့်လိုက်သော်လည်း စီယဲ့ကိုမတွေ့ရသဖြင့် စိတ်ထဲတွင်မနေနိုင်ဘဲ နှုတ်ခမ်းမဲ့လိုက်မိသည်။
ဤတစ်ကြိမ်တွင် ဝမ်ဖူစန်း၏အကြံအစည်များ လွဲချော်သွားမည်လားဆိုသည်ကို မသိနိုင်တော့ပေ။
ဝမ်ခယ်ရန်ကဲ့သို့အားနည်းပြီး သေးငယ်သော မိန်းကလေးတစ်ယောက်အနေဖြင့် ဇနီးသည်များကိုသေသည်အထိ ရိုက်နှက်တတ်သည်ဟု နာမည်ကြီးသောကုန်းစွန်းဝူနှင့် တကယ်လက်ထပ်လိုက်ရပါက အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို ပြောရခက်လှ၏။
စီယဲ့ကိုလည်း အရိပ်အယောင်မျှပင် မတွေ့ရသဖြင့် လိပ်တစ်ကောင်ကဲ့သို့ ခေါင်းဝှက်နေမည်လားဆိုသည်ကို မသိနိုင်ပေ။
ချူချင်းက ချူဖန်ကို ရုတ်တရက်ကြည့်လိုက်ပြီး မျက်လုံးများအတွင်း အလင်းရောင်များလင်းလက်သွားကာ တိုးတိတ်သောအသံဖြင့် မေးလိုက်သည်။
"အစ်ကိုလတ်၊ ခင်များမှာ သဘောကျတဲ့မိန်းကလေးရှိလား..."
ချူဖန်မှာ မှင်တက်သွားပြီး ပြန်မေးလိုက်၏။
"မရှိပါဘူး... ဘာဖြစ်လို့လဲ..."
"ဟိုမိန်းကလေးကို ဘယ်လိုမြင်လဲ..."
ချူချင်းက ဝမ်ခယ်ရန်ကို လက်ညိုးထိုးပြလိုက်သည်။
ချူဖန်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်၏။
"သိပ်ပြီး ဘယ်လိုမှမနေပါဘူး... အသားနည်းနည်းမှတောင်မရှိဘူး။ တစ်ချက်လောက် ရိုက်လိုက်ရင်တောင် သေသွားနိုင်တယ်..."
"..."
‘ပြီးပြီပဲ။’
‘အလှအပကို ဘယ်လိုပုံစံနဲ့ ခံစားနေတာလဲ…’
‘ဟိုကောင်မလေးက နူးနူးညံ့ညံ့နဲ့ ဘယ်လောက်တောင် လိမ္မာလိုက်သလဲ…’
‘ဒါဆိုရင် ဒီလူက အနာဂတ်မှာ အရပ်ရှစ်ပေ၊ ခါးရှစ်ပေနဲ့ မျက်နှာပြည့်ပြည့် အသားတွေစုနေတဲ့ မိန်းမကြီးကို ငါ့ရဲ့ဒုတိယမရီးအဖြစ်ရှာဖို့ ရည်ရွယ်ထားတာလား…’