အခန်း ၃၅၉
Vol. 24 Ch. 359
အခန်း ၃၅၉ သူ့ကို သတ်ပါ
ခုတ်သည်ဖြစ်စေ။ ပေါက်သည်ဖြစ်စေ။ ထိုးသည်ဖြစ်စေ။ အရာရာက အချည်းနှီးပင်!
ဤမြို့စားက လက်တွေ့မှာ ထိုးဖောက်မရသည့် ခံတပ်ကြီးကဲ့သို့ဖြစ်သည်! သူ၏ ကိုယ်ခန္ဓာ ဘယ်အပိုင်းကို တိုက်ခိုက်ပါစေ သူက နာကျင်မှုကို မခံစားရသကဲ့သို့ပင်! အသေးအမွှား ဒဏ်ရာ ရလျှင်တောင် မယုံနိုင်လောက်အောင် လျင်မြန်စွာ ပျောက်ကင်းသွားသည်!
သူ့ကို ထိခိုက်ဖို့ဆိုတာ မပြောနှင့် ယခု သူမတို့ သူ့ကို တားဆီးဖို့တောင် မတတ်နိုင်တော့ပေ!
ယွီယာချင်နှင့် ဆူးမန်တို့သည် နှစ်စက္ကန့် သို့မဟုတ် သုံးစက္ကန့်လောက်သာ ရပ်လိုက်သည့် အချိန်အတွင်း မြို့စားက ချန်ချန်ကို တတိယထပ်အထိ ဆွဲခေါ်သွားပြီဖြစ်သည်။
တတိယထပ်ကို ရောက်သည့် အချိန်တွင် သေလုမြောပါး ဖြစ်နေသော ချန်ချန်က ရုတ်တရက် ငိုသံရော ဟိန်းဟောက်သံပါ ပါဝင်သည့် အော်သံကို ထုတ်လိုက်သည်!
သေခါနီး နောက်ဆုံး၌ ခုခံရန်တွေ့သည့် လုပ်ရပ်တစ်ခုကဲ့သို့ သူမသည် မျက်လုံးများကို ကျယ်ကျယ် ဖွင့်ကာ ခန္ဓာကိုယ်ကို ဘေးသို့ တွန်းပြီး ပုတီးလုံးနှစ်လုံးကို အားကုန်သုံးပြီး မြို့စားကို ပစ်လိုက်သည်!
ပုတီးလုံးနှစ်လုံး ပစ်လိုက်သည်။
မြို့စားက တစ်လုံးကို ရှောင်လိုက်နိုင်သော်လည်း နောက်တစ်လုံးက သူ၏ ပခုံးကို ထိသွားသည်။
နာကျင်မှုကြောင့် မြို့စား၏ ခန္ဓာကိုယ်က နှစ်ခါ တုန်ယင်သွားပြီး မကျေနပ်သည့် အသံနိမ့်တစ်ခု ထွက်လာပြီးမှ သူမကို ဆွဲပြီး ရှေ့ဆက်သွားသည်။
"ဘာလို့..." ချန်ချန်က ထိုရလဒ်ကို လက်မခံနိုင်ပေ။ "ဘာလို့ မပေါက်ကွဲရတာလဲ... ဘာလို့ မပေါက်ကွဲရတာလဲ! ဘာလို့လဲ!!!"
ပြေးဝင်လာသော ကျူရှူးက လက်မလျှော့ချင်ဘဲ ပုတီးလုံးသုံးလုံးကို တစ်ပြိုင်နက် ပစ်ထုတ်လိုက်သည်!
သို့သော် ကံကောင်းခြင်းနတ်သမီးက သူမကို ပြုံးမပြတော့ပေ။
လျှပ်စီး ပေါက်ကွဲမှု အကျိုးသက်ရောက်မှုမရှိသည့် အလုံးများက မြို့စားကို နာကျင်စေရုံသာဖြစ်ကာ တကယ့် ဒဏ်ရာကို မဖြစ်စေနိုင်ပေ။
သူက ချန်ချန်ကို ပိုမြန်မြန် ဆွဲခေါ်သွားသည်။
မြေပြင်ပေါ်က သတို့သမီးသည် အလွန်အမင်း ငိုကာ ရနိုင်သမျှ ဆွဲယူပြီး တကယ်ကို ရုန်းကန်နေသည်!
သူမ ဆွဲခံထားရသည့် သွေးများ ပေကျံနေသော လက်မောင်းကိုတောင် ကိုက်ဖြတ်ပစ်လိုက်ချင်သည်!
သို့သော် နောက်ဆုံးတော့ လွတ်မြောက်ရန် နည်းလမ်း မရှိခဲ့ပေ။
ချန်ချန်ကို မြို့စားက ညှဉ်းပန်းခန်းဆီသို့ ဆွဲခေါ်သွားသည်။
ကျောက်နံရံက လျင်မြန်စွာ လှန်သွားသည်။ မြို့စားက ချန်ချန်ကို အတွင်းသို့ ဆွဲသွင်းပြီး ဆူးမန်နှင့် ယွီယာချင်တို့ မရောက်ခင် တစ်စက္ကန့်မျှ အလိုမှာ ပိတ်လိုက်သည်။
ဒုန်း!
ယွီယာချင်သည် သူမ၏ လက်သီးဖြင့် နံရံကို ထိုးလိုက်သည်။
နံရံက လုံးဝ ငြိမ်သက်နေသည်။
ပိတ်လိုက်ပြီဆိုလျှင် ဤနံရံက တခြား နံရံများကဲ့သို့ပင် ခွဲခြားလို့ မရနိုင်တော့ပေ။
ယွီယာချင်က လက်မလျှော့ချင်ဘဲ အင်အားရှိသမျှသုံးပြီး နံရံကို တွန်းသည်။ ဆူးမန်နှင့် ကျူရှူးတို့လည်း သူမကို ကူညီဖို့ ကြိုးစားကြသော်လည်း အချည်းနှီးပင်။
"ဒါက မဖြစ်သင့်ဘူး..." ယွီယာချင်သည် နံရံကို ထပ်မံ တွန်းဖို့ ကြိုးစားသည်။ "သူက ဘာလို့ ဝင်လို့ရတာလဲ။ ကျွန်မတို့က ဘာလို့ မဝင်နိုင်ရတာလဲ။!"
ဆူးမန်သည် ခဏတာ တွန်းပြီးနောက် အားကုန်သွားကာ ရပ်ပြီး အသက်ရှူလိုက်သည်။
အတွင်းမှ ချန်ချန်၏ နာကျင်သော အော်သံများ ထွက်ပေါ်လာသည်။
မနေ့က ကျောက်လန်ဖန်၏ အော်သံကဲ့သို့ပင် ဝမ်းနည်းပြီး ထိတ်လန့်စရာကောင်းသည်။ ပဲ့တင်သံများသည် စံအိမ်ကြီးတစ်ခုလုံးကို ဟိန်းနေသည်။
ကြာရှည်စွာ ခြောက်လှန့်နေသည်။
အမျိုးသမီး သုံးဦးသည် တိတ်ဆိတ်စွာ အကြည့်ချင်း ဖလှယ်ကြသည်။
သူမတို့၏ မျက်လုံးများတွင် ကူကယ်ရာမဲ့မှု။ စိတ်ပျက်အားငယ်မှု။ မကျေမချမ်းဖြစ်မှု။ ထို့နောက် ဝမ်းနည်းမှုကို မျှဝေခံစားနေသည်။
ချန်ချန်ကို မကယ်တင်နိုင်ခဲ့ခြင်းက နောင်တရစရာ ဖြစ်သည်။ သို့သော် ပိုပြီး စိတ်ပျက်စရာကောင်းသည်က သူမတို့ဟာ ထို လူပုံသဏ္ဍာန် သားရဲကို လုံးဝ မတားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
"ဂိမ်းရဲ့ စည်းမျဉ်းတွေက ကျွန်မတို့ကို ကန့်သတ်နေတာ။ ဒါကြောင့် ကျွန်မတို့ မဝင်နိုင်တာ..." ကျူရှူးသည် နံရံကို ကြည့်ပြီး ခန့်မှန်းသည်။ "ဒီ အခန်းထဲကို နေ့ခင်းဘက်မှ ဝင်လို့ရမယ် ထင်တယ်။"
ယွီယာချင်သည် ခဏတာ တွေးပြီးနောက် ခေါင်းညိတ်ကာ ပြောသည်။ "အဲဒါ ဖြစ်နိုင်ချေများတယ်။ ညက မြို့စားရဲ့ အချိန်။ နေ့က ကစားသမားတွေရဲ့ အချိန်။"
"အောက်ထပ်ဆင်းပြီး ပိုင်ယို့ဝေကို သွားရှာကြစို့။" ဆူးမန်သည် သက်ပြင်းချပြီး လှေကားမှ ဆင်းသွားသည်။ "သူ့မှာ နည်းလမ်းရှိကောင်း ရှိနိုင်တယ်။"
စိတ်ပိုင်းဆိုင်ရာ အလုပ်က သူမ၏ အားသာချက် ဘယ်တုန်းကမှ မဟုတ်ခဲ့ပေ။ သူမ အရင်က ရန်ချင်ဝမ်ကိုပဲ လုံးဝ မှီခိုခဲ့ရသည်။ သို့သော် ယခုတော့ သူမ ပိုင်ယို့ဝေကိုသာ မှီခိုနိုင်တော့သည်။
သူမတို့ အောက်ထပ် ရောက်သောအခါ လှေကားနားမှာ သူမတို့ကို စောင့်နေသည့် ပိုင်ယို့ဝေကို တွေ့လိုက်ရသည်။
ဆူးမန်သည် သူမကို ခေါင်းခါပြသည်။ "ကျွန်မတို့ သူ့ကို မကယ်တင်နိုင်ခဲ့ဘူး။"
ပိုင်ယို့ဝေသည် ရလဒ်ကို ကြိုတင် ခန့်မှန်းထားပုံရသည်။ တည်ငြိမ်စွာ မေးသည်။ "သေချာ မြင်လိုက်လား။"
"ဟုတ်တယ်။" ဆူးမန်သည် ခေါင်းညိတ်သည်။ "ကျွန်မ သူ့ရဲ့ ဝတ်စုံ ဂျာကင်ကို ဖွင့်ကြည့်လိုက်တယ်။ သူ့ ရှပ်အင်္ကျီရဲ့ ကော်လာမှာ ကြယ်သီးတစ်လုံး တကယ်ပဲ ပျောက်နေတယ်။"
ယွီယာချင်သည် လုံးဝ ရှုပ်ထွေးသွားပြီး သူမတို့ကို မေးသည်။ "ဘာ ကြယ်သီးတွေလဲ။"
ပိုင်ယို့ဝေသည် ကြယ်သီးတစ်လုံးကို ထုတ်ပြီး ညင်သာစွာ ပစ်ပေးလိုက်သည်။ ယွီယာချင်သည် လက်လှမ်းမီ ဖမ်းလိုက်ရာ သူမ၏ လက်ထဲတွင် ရွှေရောင် အနားကွပ်ပါသော ကြယ်သီးတစ်လုံးကို တွေ့လိုက်ရပြီး အနည်းငယ် ရင်းနှီးနေသည်။
"ဒါတွေက ဥယျာဉ်မှူးရဲ့ အဝတ်ပေါ်က ကြယ်သီးတွေပဲ။ လူက တစ်ယောက်တည်း ဖြစ်ပုံရတယ်။" ပိုင်ယို့ဝေက တည်ငြိမ်စွာ ပြောသည်။ "ကျွမ်မတို့ ညမှာ သူ့ကို မသတ်နိုင်ရင် နေ့ဘက်မှာ စမ်းကြည့်ရအောင်။ ဂိမ်းက လူတွေကို ထွက်ပေါက် အမြဲတမ်း ပေးပါတယ်။"
"သူ့ကို သတ်မယ်!" ယခုအထိ တိတ်ဆိတ်နေခဲ့သော ဟူယာသည် ရုတ်တရက် အော်ဟစ်သည်။ "ဥယျာဉ်မှူးကို သတ်ရင် အဆင့်ကို အောင်မြင်မယ်လို့ ရှင် အရမ်း သေချာနေတာလား။ ရှင် မှားနေရင် ဘယ်လိုလုပ်မလဲ။!"