← Chapters

အခန်း ၃၂၁

Vol. 17 Ch. 321

အခန်း ၃၂၁

Vol. 17 Ch. 321

အပိုင်း(၃၂၁) ရှုလီနာနှင့်ပတ်သတ်၍

ချန်းရီ ရှိနေခြင်းက ဤဈေးသည်နှစ်ဦးအား မိမိတို့၏ ဈေးနှိမ်မှုကို လက်ခံစေပြီး သူတို့၏ ပစ္စည်းများကို ဈေးပေါပေါဖြင့် ရောင်းချသွားစေရန် မဟုတ်ပေ။

ယခင်က ရူးကြောင်ကြောင်နိုင်လှသည်ဟု ထင်ရသော လုပ်ရပ်များသည် အမှန်တကယ်တော့ ဈေးသည်များ၏ မျှော်မှန်းထားသည့် စိတ်ကူးကို ရိုက်ချိုးပစ်လိုက်ခြင်းသာ ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေမျိုးကို "ပြတင်းပေါက်ကွဲ သီအိုရီ" ဟု ခေါ်ဆိုကြသည်။

( ပြတင်းပေါက်ကွဲ သီအိုရီ - Broken Windows Theory အကြောင်းသိချင်ရင် Google မှာဖြစ်ဖြစ်ရှာဖတ်ကြည့်နော်။ ဒီသီအိုရီအလုပ်လုပ်ပုံက ဈေးကွက်မရှိသေးတဲ့ ပစ္စည်းအသစ်ကို ရောင်းတဲ့သူမျှော်မှန်းထားတဲ့ တန်ဖိုးက တစ်ကယ်မတန်ဘူးလို့ထင်အောင် လုပ်ယူရတဲ့နည်းလမ်းဖြစ်ပါတယ်)

ယခု ထိုအစီအစဉ်ကို အကောင်အထည်ဖော်သူက နှစ်ယောက် ဖြစ်နေခြင်းသာ ကွာခြားသွားသည်။

သေချာသည်က ကမ္ဘာပျက်ကပ် မတိုင်မီကသာ ဤနည်းလမ်းကိုသုံးပြီး ဈေးဆစ်မည်ဆိုပါက ရိုက်ထုတ်ခံရမည်မှာ အသေအချာပင်။

မည်သို့ပင်ဆိုစေကာမူ ဤနည်းလမ်းက အသားပိုးကောင်နှင့် နှလုံးသားအင်ဂျင်ကဲ့သို့သော ပထမဆုံးအကြိမ် ထွက်ပေါ်လာသည့် ထုတ်ကုန်သစ်များအတွက်သာ အသုံးဝင်ပေလိမ့်မည်။

နောက်ဆုံး အရောင်းအဝယ် တည့်သွားသည့် ရလဒ်က အာလူးမျိုးစေ့ ၁ ပိဿာ ၂၅ ကျပ်သားနှင့် ဆလတ်မျိုးစေ့ ၁ ပိဿာ ၂၅ ကျပ်သားတို့ ဖြစ်သည်။

အသားပိုးကောင် စုစုပေါင်း သုံးကောင် ရရှိခဲ့ပြီး အထီးတစ်ကောင်နှင့် အမနှစ်ကောင် ဖြစ်သည်။

အသားပိုးကောင် သုံးကောင်စလုံးက မျိုးပွားနိုင်စွမ်း ရှိကြသည်။

လိမ်ညာခံရမည်ကိုလည်း စိုးရိမ်စရာ မလိုပေ။ တင်းတုံက သူတို့ကို ပြီးပြည့်စုံသည့် မျိုးစေ့များ မည်သို့ စိုက်ပျိုးရမည်ကို သင်ပေးရဦးမည် မဟုတ်ပါလော။

တစ်ဖက်ကလည်း ချူချယ်တို့ကို ဤအသားပိုးကောင် သုံးကောင်အား မည်သို့ မွေးမြူရမည်ကို ပြန်လည် သင်ကြားပေးရမည် ဖြစ်သည်။

ဒဏ္ဍာရီလာ အိုအေစစ်တွင် နေထိုင်ရမည့် အချိန်ကာလက ဤအသားပိုးကောင် သုံးကောင် အနည်းဆုံး တစ်ကြိမ် မျိုးပွားရန်အတွက် လုံလောက်ပေသည်။

ချန်းရီ၏ ယခင်က လုပ်ရပ်များသာ မရှိခဲ့ပါက ဤဈေးနှုန်းဖြင့် အသားပိုးကောင် သုံးကောင် ရရှိရန်မှာ အိပ်မက်မက်နေသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။

ချူချယ်ကလည်း အာလူးနှစ်လုံးတည်းဖြင့် ဤပစ္စည်းများကို လဲလှယ်နိုင်ရန် မျှော်လင့်လောက်အောင်တော့ အမိုက်မဲပေ။

ချန်းရီက "ပြတင်းပေါက်ကွဲ သီအိုရီ" ကို မည်မျှပင် အသုံးပြု၍ တစ်ဖက်လူ၏ မျှော်မှန်းချက်ကို မည်သို့ပင် ရိုက်ချိုးခဲ့စေကာမူ...

ထို ဓားသွေးသမား လမ်းစဉ်မှ လူငယ်လေးက သူ၏ ပစ္စည်းများကို ဤမျှအထိ ဈေးပေါပေါဖြင့် ရောင်းချမည်တော့ မဟုတ်ပေ။

သို့တိုင်အောင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကစားစရာဓားကို ကိုင်ဆောင်ထားသည့် ထိုလူငယ်လေးမှာ မျက်နှာမည်းမှောင်နေဆဲ ဖြစ်သည်။

ဤအရောင်းအဝယ် ဈေးနှုန်းက သူ မျှော်မှန်းထားသည်ထက် များစွာ လျော့နည်းနေခဲ့သည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၊ ချူချယ်နှင့် ချန်းရီဟူသော လူလည်သုံးယောက်၏ ပူးပေါင်း လှုပ်ရှားမှုအောက်တွင်တော့ နောက်ဆုံး၌ အရောင်းအဝယ် တည့်သွားခဲ့လေသည်။

ဤလူစုသည် အချိန်ကြာမြင့်စွာ အတူတကွ သေမင်းနှင့် ရင်ဆိုင်ခဲ့ကြသူများ ဖြစ်သည့်အားလျော်စွာ သူတို့ကြားရှိ နားလည်မှုက အတော်လေး မြင့်မားနေပြီဟု ဆိုရပေမည်။

တစ်ခါတစ်ရံတွင် အကြည့်တစ်ချက်ဖြင့်ပင် တစ်ဖက်လူ၏ ဆိုလိုရင်းကို နားလည်နိုင်ကြသည်။

သေချာသည်က ဤနားလည်မှုမျိုးတွင် ထယ်ရှီးတော့ မပါဝင်ပေ။

အမှန်တော့ အာလူးနှင့် ဆလတ် အရည်အသွေးမီ မျိုးစေ့များသည် ယာဉ်တန်းတွင် သိပ်မရှိတော့ပေ။ ယခုလို ပြီးပြည့်စုံသည့် မျိုးစေ့ ၂ ပိဿာ ၅၀ ကျပ်သား ကို လဲလှယ်လိုက်ခြင်းကြောင့် တင်းတုံ၏ ပွစိပွစိ အပြစ်တင်ခြင်းကို ခံရတော့မည်မှာ သေချာသလောက်ပင်။

သူတို့နှစ်ယောက်က ဘီးတာယာ ပိုးကောင်ကိုလည်း မြင်တွေ့ခဲ့ကြသည်။

ဤအရာကို ချူချယ်နှင့် စွန်းချန်းချန်းတို့က အလွန် လိုချင်ခဲ့ကြသော်လည်း ဈေးနှုန်းကို ကြားလိုက်ရချိန်တွင်မူ နောက်ဆုတ်သွားခဲ့ကြသည်။

ဤအရာက အသားပိုးကောင်နှင့် မတူဘဲ မရှိမဖြစ် လိုအပ်သော ပစ္စည်း မဟုတ်ပေ။

နှလုံးသားအင်ဂျင်ကိုမူ နှစ်လုံး လဲလှယ်နိုင်ခဲ့သည်။

ဆန် ၉ ပြည်ခွဲ၊ ဂျုံမှုန့် ၄ ပြည်ခွဲ၊ ခေါက်ဆွဲခြောက် ၃ ပိဿာနှင့် အခြားစားစရာများကို ပေါင်းစပ်ကာ စုစုပေါင်း ရိက္ခာ ၃၁ ပိဿာဖြင့် အရောင်းအဝယ် တည့်သွားခဲ့သည်။

ဤဈေးနှုန်းအတွက် နှလုံးသားအင်ဂျင် ရောင်းချသည့် လူကတော့ နှမြောတသလွန်းသဖြင့် အံကြိတ်နေခဲ့သည်။

သူတို့ ဤနှလုံးသားအင်ဂျင်ကို တီထွင်ဖန်တီးနိုင်ရန်မှာ မလွယ်ကူခဲ့ပေ။

၎င်းသည် မက္ကန်းနစ် လမ်းစဉ်နှင့် သမားတော် လမ်းစဉ်တို့ ပူးပေါင်း ဖန်တီးထားသည့် ရလဒ်ပင် ဖြစ်သည်။

သေချာသည်က အစပိုင်းတွင် စပေါ်ငွေအဖြစ် ခေါက်ဆွဲခြောက် ၃ ပိဿာကိုသာ ပေးခဲ့ခြင်း ဖြစ်သည်။

ဈေးသည်ဘက်က တပ်ဆင်ပေးရန် တာဝန်ယူရပြီး တပ်ဆင် စမ်းသပ်ပြီးနောက် ပြဿနာမရှိမှသာ ကျန်ရှိသော ပစ္စည်းများကို ပေးချေမည် ဖြစ်သည်။

ချူချယ် ကိုယ်တိုင်လည်း အနည်းငယ် နှမြောနေမိသည်။

မည်သို့ပင်ဖြစ်စေ စားစရာ ရိက္ခာ ၃၁ ပိဿာတောင် မဟုတ်ပါလော။

ဈေးကို အများကြီး ဆစ်နိုင်ခဲ့သည် ဆိုသော်ငြား ရိက္ခာ ၃၁ ပိဿာ ကုန်ကျသွားသေးသည်ပင်။

လက်ရှိ ယာဉ်တန်းတွင် ရိက္ခာပစ္စည်းများ သိပ်မရှိတော့သည်ကို သတိပြုရပေမည်။

သို့သော် ဒုတိယနေ့တွင် တစ်စုံတစ်ယောက်က ဆန် ၂၈ ပြည်ကို အသုံးပြု၍ နှလုံးသားအင်ဂျင် တစ်လုံး လဲလှယ်သွားကြောင်း ကြားလိုက်ရသောအခါ သူတို့နှစ်ဦးလုံး၏ စိတ်ထဲတွင် ကျေနပ်သွားကြတော့သည်။

အသားပိုးကောင်နှင့် ပတ်သက်၍မူ ထပ်မံ လဲလှယ်သွားသည့် သတင်းမျိုး မကြားရတော့ပေ။

ထို ဓားသွေးသမား လမ်းစဉ်မှ လူငယ်လေး၏ လက်ထဲတွင်လည်း သိပ်များများစားစား ကျန်ရှိတော့ပုံ မရချေ။

"နေပါဦး... မျိုးစေ့ ၂ ပိဿာ ၅၀ ကျပ်သားနဲ့ ဒီခေါင်းတုံးပိုးကောင် သုံးကောင်ကို လဲလာတယ်ပေါ့"

ထင်ထားသည့်အတိုင်းပင် တင်းတုံသည် ပြီးပြည့်စုံသည့် မျိုးစေ့ ၂ ပိဿာ ၅၀ ကျပ်သားဖြင့် ထိုပိုးကောင် သုံးကောင်ကို လဲလှယ်ခဲ့ကြောင်း ကြားလိုက်ရချိန်တွင် မနေနိုင်ဘဲ မျက်မှောင်ကြုတ်သွားခဲ့သည်။

ယာဉ်တန်းအတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများကို အမြဲတမ်း သူမက တာဝန်ယူခဲ့ရသည် မဟုတ်ပါလော။

ဤမျှ အချိန်ကြာမြင့်စွာ ခွန်အားစိုက်ထုတ်ခဲ့ရသော်လည်း ပြီးပြည့်စုံသည့် မျိုးစေ့များ၏ အထွက်နှုန်းက သိပ်ပြီး တိုးတက်မလာခဲ့ပေ။

ထို့ကြောင့် စိုက်ပျိုးရန်အတွက် အသုံးပြုနိုင်သည့် မျိုးစေ့များမှာ သိပ်မရှိတော့ချေ။

လက်ရှိအချိန်တွင် သူမက အစွမ်းကုန် ကြိုးစား၍ နှစ်ဆယ့်လေးနာရီပတ်လုံး မနားတမ်း စိုက်ပျိုးနေမည် ဆိုလျှင်ပင် ယာဉ်တန်းရှိ လူအားလုံး၏ စားနပ်ရိက္ခာအတွက် လုံလောက်အောင် မထောက်ပံ့ပေးနိုင်သေးပေ။

သို့သော် ချူချယ်က ဤအသားပိုးကောင်ကြီး သုံးကောင်၏ အသုံးဝင်ပုံကို ရှင်းပြလိုက်ပြီးနောက်တွင်မူ...

တင်းတုံသည် နှမြောနေသော်လည်း ယာဉ်တန်း၏ ဆုံးဖြတ်ချက်ကို လေးစားလက်ခံလိုက်သည်။

အသားပိုးကောင်များကို မွေးမြူရမည့် အလုပ်ကို နောက်ဆုံးတွင် ထယ်ရှီးထံသို့ လွှဲပြောင်းပေးလိုက်သည်။

သေချာသည်က ထယ်ရှီးကိုယ်တိုင် ဤကိစ္စကို လုပ်ဆောင်မည်တော့ မဟုတ်ပေ။

ဤတာဝန်က နောက်ဆုံးတွင် ထိပ်ပြောင်ကြီး လောင်လီ၏ ခေါင်းပေါ်သို့ ကျရောက်သွားခဲ့သည်။

ထိပ်ပြောင်ကြီး လောင်လီက ကျောင်းကား၏ အနောက်ဘက်တွင် သံလှောင်အိမ်အချို့ တပ်ဆင်ကာ နောင်တွင် အသားပိုးကောင်များ မွေးမြူရေးစခန်းအဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

ချန်းရီ အေ-၁၃ သို့ ပြန်ရောက်လာချိန်တွင် ရှုလီနာ တစ်ယောက် ဒူးနှစ်ဖက်ကို ပိုက်လျက် တံခါးဝတွင် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသမီး၏ လှပသော ကောက်ကြောင်းများကို မြင်တွေ့လိုက်ရသော်လည်း ချန်းရီက လုံးဝ စိတ်လှုပ်ရှားခြင်း မရှိဘဲ ခြံတံခါးကို တွန်းဖွင့်ကာ ပြန်ပိတ်လိုက်သည်။

ရှုလီနာ ဆိုသည်မှာ လုံးဝ မရှိသကဲ့သို့သာ သဘောထားလိုက်သည်။

သူက ရှုလီနာကို ခြံထဲတွင် ပေးနေမည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ သူ၏ လျှို့ဝှက်ချက်များက အလွန် များပြားလွန်းလှသည်။

လမ်းစဉ်ကူးပြောင်းခြင်း ပြုလုပ်ပြီးနောက်တွင် သူ၏ လျှို့ဝှက်ချက်က နောက်ထပ် တစ်ခု တိုးလာခဲ့ပြန်သည်။

ရှုလီနာက ဉာဏ်များလွန်းလှသဖြင့် သူမကို သူ မယုံကြည်နိုင်ပေ။

တံခါးပိတ်သံ ထွက်ပေါ်လာချိန်တွင် ရှုလီနာက ဝေဝေဝါးဝါးဖြင့် မျက်လုံးများကို ဖွင့်ကြည့်လာသည်။

"ချန်းရီ ပြန်ရောက်လာပြီလား"

ရှုလီနာက တံခါးအကွဲကြောင်းမှတစ်ဆင့် ခြံထဲတွင် လူရိပ် လှုပ်ရှားနေသည်ကို မြင်လိုက်ရချိန်တွင်...

ထိုအမျိုးသမီး၏ နှလုံးသားမှာ တဖြည်းဖြည်း လေးလံကျဆင်းသွားတော့သည်။

တံခါးဝရှိ အရိပ်ထဲတွင် တစ်ယောက်တည်း အချိန်အတော်ကြာ ငေးငိုင်ထိုင်နေပြီးနောက်မှသာ သူမက ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်သည်။

ထိုကဲ့သို့သော အနေအထားဖြင့် အချိန်ကြာမြင့်စွာ ထိုင်နေခဲ့သဖြင့် သူမ၏ ခြေထောက်နှစ်ဖက်လုံး ထုံကျင်နေခဲ့သည်။

အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် သက်သာသွားသလို ခံစားလိုက်ရသဖြင့် အမျိုးသမီးက ပိတ်ထားသော တံခါးမကြီးကို တစ်ချက် ကြည့်လိုက်ပြီးနောက် အေ-၁၃ မှ တစ်ယောက်တည်း ထွက်ခွာသွားလေသည်။

ရှုလီနာ ထွက်ခွာသွားသည်ကို အာရုံခံမိလိုက်သော်လည်း ချန်းရီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားရုံမှလွဲ၍ ဘာမှ ထုတ်မပြောခဲ့ပေ။

ထွက်သွားတာပဲ ကောင်းပါတယ်။

ဤသို့ဆိုလျှင် သူ၏ လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည့် အန္တရာယ်မှ ရှောင်ရှားနိုင်မည် ဖြစ်သည်။

ချန်းရီ၏ သွေးအေးရက်စက်မှုက အသက်ရှင်သန်လိုသည့် သူ၏ ပြင်းပြသော ဆန္ဒကြောင့်သာ အဓိက ဖြစ်သည်။

ရှုလီနာက သူ့အပေါ် မဆိုးလှပေ။ အစောပိုင်း ယန်ကျိုးတွင် ရှိနေစဉ်ကတည်းက ဤအမျိုးသမီးက နည်းမျိုးစုံဖြင့် ချဉ်းကပ်ခဲ့သည်။

ရည်ရွယ်ချက်က ဘာလဲဆိုသည်ကို ချန်းရီက သဘာဝကျကျပင် သိရှိထားသည်။

ချန်းရီက တစ်ဖက်လူက သူ့ကို ချစ်မိသွားပြီဟု ထင်မှတ်လောက်အောင်တော့ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးလှပေ။

မည်သို့ပင်ဖြစ်စေ သူ၏ လက်ရှိ ပုံပန်းသဏ္ဍာန်က မျက်လုံးကို မကြည့်လျှင် အဆင်ပြေသေးသည်ဟု ဆိုရမည်။

သို့သော် နေကာမျက်မှန်ကို ချွတ်လိုက်မည် ဆိုပါက မိန်းကလေး အများစုမှာ ကြောက်လန့်တကြား ထွက်ပြေးသွားကြပေလိမ့်မည်။

နောက်ပိုင်းတွင်လည်း ရှုလီနာက ကိစ္စများစွာကို လုပ်ဆောင်ပေးခဲ့သေးသည်။

သို့သော် ချန်းရီက သိသိသာသာ ငြင်းဆန်လိုက်ပြီးနောက်တွင်မူ ဤအမျိုးသမီး၏ လှုပ်ရှားမှုများက အတော်လေး လျော့နည်းသွားခဲ့သည်။

သို့တိုင် ဤအမျိုးသမီးက အရှုံးမပေးခဲ့သေးချေ။

ဤအချက်ကိုတော့ ချန်းရီက အတော်လေး လေးစားမိသည်။

မိမိ၏ ရည်မှန်းချက်ကို အသေအချာ မှတ်ယူထားပြီး အလွယ်တကူ လက်မလွှတ်တတ်သူ တစ်ယောက်သည် မည်သူပင်ဖြစ်စေ လေးစားထိုက်ပေသည်။

ကမ္ဘာပျက်ကပ် မတိုင်မီက သူမကဲ့သို့ တောင်ပေါ်ရွာလေးမှ တောသူမလေး တစ်ယောက်အနေဖြင့် ထိုကဲ့သို့သော အဆင့်အတန်းမျိုးအထိ ရောက်ရှိလာနိုင်ခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

သူမ ဘာကို လိုချင်နေသလဲ ဆိုသည်ကို ချန်းရီ သိထားသည်။

သို့သော် သူက လုံးဝ အလျော့ပေး လက်ခံခဲ့ခြင်း မရှိချေ။

အကယ်၍ ရှုလီနာကသာ တံခါးအပြင်ဘက်တွင် အမြဲတမ်း နေနေမည်ဆိုပါက ချန်းရီအပေါ် အနည်းနှင့်အများတော့ သက်ရောက်မှု ရှိပေလိမ့်မည်။

တစ်ခုရှိသည်က ထိုအမျိုးသမီးကို ရှင်းပစ်ရန်ပင်။

သို့မဟုတ် သူမကို ခြံထဲ ပေးဝင်ရန်...

ရှုလီနာက အပြင်မြို့တော်သို့ ပြန်လာခဲ့သည်။ ဤနေရာတွင် သူမ၏ ပစ္စည်းအချို့ ကျန်ရစ်နေသေးသောကြောင့် ဖြစ်သည်။

"အမလီနာ... ပြန်ရောက်လာပြီလား"

လီကျွမ်းက ရှုလီနာ ပြန်ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် ဝမ်းသာအားရဖြင့် ချက်ချင်း ကြိုဆိုလိုက်သည်။

ယာဉ်တန်းမှ လူများကလည်း အားကျခြင်းနှင့် စပ်စုလိုသော အကြည့်များဖြင့် လှမ်းကြည့်နေကြသည်။

သေချာသည်က ဤနေရာတွင် သူတို့ ယာဉ်တန်းမှ လူများသာမက အခြားသော ယာဉ်တန်းများမှ လူများလည်း ရှိနေကြသည်။

သူတို့က ရှုလီနာ၏ အခြေအနေ အတိအကျကို နားမလည်ကြသော်လည်း လောဘရမ္မက်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ဤဘက်သို့ လှမ်းကြည့်နေကြသည်။

မတတ်နိုင်ပေ။ ရှုလီနာက အလွန်တရာ ထင်ပေါ်လွန်းနေသည် မဟုတ်ပါလော။

သူမက လူအုပ်ကြားထဲတွင် ရပ်နေသည့်တိုင် မြေကြီးပုံပေါ်မှ တောက်ပနေသော ပုလဲတစ်လုံးအလား ဖြစ်နေသည်။

မှောင်မိုက်နေသော ညဉ့်ယံတွင် လင်းလက်တောက်ပနေသည့် ပိုးစုန်းကြူးလေး တစ်ကောင်နှင့်လည်း တူနေပြန်သည်။

ဤအချိန်တွင်သာ ကင်မရာတစ်လုံး ရှိနေမည်ဆိုပါက ရှုလီနာကို အလွတ်သဘော ရိုက်ကူးလိုက်ရုံဖြင့် လှပနေပေလိမ့်မည်။

ရှုလီနာ၏ ဆွဲဆောင်မှုနှင့် အလှတရားက နေရာအနှံ့ အပြစ်ဆိုစရာ မရှိလောက်အောင် ပြည့်စုံလွန်းလှသည်။

ရှုလီနာက အနည်းငယ် အနေခက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အင်း... ဟုတ်တယ်"

အမှန်တော့ ခုနက သူမ ထွက်သွားချိန်ကတည်းက ဘာသွားလုပ်သလဲ ဆိုသည်ကို လူအများအပြားက သိရှိထားကြသည်။

လူတော်တော်များများက သူမနှင့် ချန်းရီတို့ အဆက်အသွယ် ရသွားသည်ကို အလွန် အားကျနေကြသည်။

"အမလီနာ... ဆရာချန်းက အမကို လက်ခံလိုက်ပြီလား"

ရှုလီနာ၏ မျက်နှာက အနည်းငယ် တောင့်တင်းသွားသော်လည်း နံပါတ်(၇) ကား၏ တာဝန်ခံ တစ်ယောက်အနေဖြင့် ဟန်မပျက် ထိန်းထားလိုက်သည်။

"စားစရာ ရှိလား"

ရှုလီနာက ထိုမေးခွန်းကို မဖြေခဲ့ပေ။

"စားစရာ... ဆရာချန်းက အမကို ထမင်းမကျွေးဘူးလား"

"မဟုတ်ပါဘူး... ဆရာချန်းက အပြင်ထွက်သွားလို့ ငါက နင့်တို့ကို လာကြည့်တာပါ"

ရှုလီနာက သူမ၏ နောက်ဆုံးကျန်ရှိနေသော ဂုဏ်သိက္ခာကို အစွမ်းကုန် ထိန်းသိမ်းထားလိုက်သည်။

လီကျွမ်းက ဘာမှ ထပ်မတွေးတော့ဘဲ ရှုလီနာ၏ ပစ္စည်းများကို သူမထံသို့ တိုက်ရိုက် လှမ်းပေးလိုက်သည်။

ရှုလီနာက ထိုအထဲမှ မုန့်ပြားတစ်ချပ်ကို ထုတ်ယူလိုက်ပြီး ကျန်ပစ္စည်းများကို လီကျွမ်းထံသို့ ပြန်ပေးလိုက်သည်။

လီကျွမ်းက အနည်းငယ် ကြောင်သွားပြီး ရှုလီနာက ဘာသဘောလဲ ဆိုသည်ကို သိပ်နားမလည်ပေ။

ရှုလီနာက ပြုံးလိုက်ရုံမှလွဲ၍ ဆက်လက် ရှင်းပြခြင်း မရှိချေ။

"လီကျွမ်း... ငါ နင့်ကို အရင်က စုံစမ်းခိုင်းထားတဲ့ သတင်းရော"

"အမလီနာ... စိတ်ချပါ... ကျွန်မ နည်းနည်းပါးပါးတော့ စုံစမ်းထားပြီးပြီ... ကျွန်မနဲ့လိုက်ခဲ့"

သူတို့နှစ်ဦးက လူရှင်းသော နေရာတစ်ခုသို့ သွားရောက်ကာ တီးတိုး စကားပြောဆိုနေကြသည်။

အချိန်အတော်ကြာပြီးနောက်မှသာ ရှုလီနာက ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

လီကျွမ်းက ဆောင်းတွင်းဝတ် အနွေးထည်တစ်ထည်ကို ထုတ်ယူကာ ပြောလိုက်သည်။

"အမလီနာ... သူတို့ပြောတော့ ဒီဘက်က ညဘက်ဆို အရမ်းအေးတယ်တဲ့... အင်္ကျီလေး ဘာလေး ယူသွားဦးမလား"

ရှုလီနာက လှည့်ကြည့်ကာ လှပစွာ ပြုံးလိုက်သည်။

"မလိုပါဘူး... ဆရာချန်းဆီမှာ အင်္ကျီတွေ ရှိတယ်"

ယနေ့ညတွင် ရှုလီနာက အစွမ်းကုန် ကြိုးစားကြည့်ရန် ဆုံးဖြတ်ထားသည်။ ရည်မှန်းချက် မအောင်မြင်လျှင်တောင်မှ...

သူမနှင့် ချန်းရီ၏ ဆက်ဆံရေးကို အနည်းငယ် ပိုမို နီးကပ်လာစေရန် မဖြစ်မနေ လုပ်ဆောင်ရပေမည်။

ဤအခွင့်အရေးကိုသာ ဆုပ်ကိုင်မထားနိုင်ပါက နောင်တွင် အခွင့်အရေး ရရှိတော့မည် မဟုတ်ပေ။

ရှုလီနာက အပြင်မြို့တော်၏ လူနေရပ်ကွက်မှ ထွက်ခွာလာချိန်မှာပင်...

သူမရှေ့တွင် အရပ်အမောင်း မြင့်မားသော လူရိပ်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ရှင်ပဲ... ရှင်က ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ"

ဆက်ရန်...

All Chapters