အခန်း ၃၂၂
Vol. 17 Ch. 322
အပိုင်း(၃၂၂) ငါမှာ ပေးစရာ ဘာမှ မရှိတော့ဘူး
သူမရှေ့တွင် ရပ်နေသူမှာ အခြားသူမဟုတ်ဘဲ ကားနံပါတ် (၆) ၏ ယာဉ်တန်းစီမံခန့်ခွဲသူ အစ်ကိုကောက် ပင်ဖြစ်သည်။
သူမနှင့် အမြဲတမ်း အကောက်ကြံ အပြိုင်အဆိုင်ဖြစ်နေခဲ့သော ဤအမျိုးသားက ဘာကြောင့် ဒီနေရာကို ရောက်လာရတာလဲ။
ဒါမှမဟုတ်...
ရှုလီနာက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး သတိကြီးစွာထားနေသော အမူအရာက သူမမျက်နှာထက်တွင် ပေါ်လွင်နေသည်။
သူမ၏လက်ကလည်း ခါးနောက်ပိုင်းသို့ အလိုအလျောက် ရောက်သွားခဲ့ပြီး ထိုနေရာတွင် သစ်သီးလှီးဓားတစ်လက်ကို အမြဲဝှက်ထားလေ့ရှိသည်။
ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် လူတိုင်းက မိမိကိုယ်ကို ကာကွယ်ရန်အတွက် လက်နက်တစ်ခုခုကိုတော့ ကိုယ်စီ ဆောင်ထားတတ်ကြစမြဲပင်။
ထိုကဲ့သို့သော ခုခံကာကွယ်ရေး လက်နက်များသည် ထူးဆန်းသောအရာများကို ရင်ဆိုင်ရန် မဟုတ်ဘဲ လူအချင်းချင်း ရင်ဆိုင်ရန်အတွက်သာ ဖြစ်သည်။
အစ်ကိုကောက်က ရှုလီနာ၏ အမူအရာကို မြင်သောအခါ သဘောကောင်းဟန်ရှိသော အပြုံးတစ်ခုကို မျက်နှာပေါ်တွင် ဖော်ပြလိုက်သည်။
သို့သော် သူ၏ သဘောကောင်းဟန်ဆောင်ထားသော ထိုအပြုံးက ရှုလီနာ၏ မျက်လုံးထဲတွင် မည်မျှ ကြောက်စရာကောင်းနေသည်ကို သူ ကိုယ်တိုင်ပင် မသိရှာပေ။
"ရှုလီနာ... မလန့်ပါနဲ့... ငါက မင်းနဲ့ ပူးပေါင်းချင်လို့ လာရှာတာပါ"
"ပူးပေါင်းမယ်... ကျွန်မက ရှင်နဲ့ ဘာ ပူးပေါင်းစရာ အကြောင်းရှိလို့လဲ"
ရှုလီနာက သတိထားနေဆဲပင် ဖြစ်သည်။
အစ်ကိုကောက်က သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် စကားပြောဆိုမည့် လေသံကို အနည်းငယ် ပြင်ဆင်လိုက်ကာ ပြောလိုက်သည်။
"မင်းနဲ့ငါရဲ့ ရည်ရွယ်ချက်က အတူတူပါပဲ"
"ငါတို့နှစ်ယောက်လုံး သာမန်လူတွေအဖြစ်နဲ့ပဲ ဆက်မနေချင်ကြဘူးလေ"
"မင်းလိုချင်တဲ့ အရာကို ငါလည်း လိုချင်တာပဲ"
အစ်ကိုကောက်၏ လေသံက အလွန်တရာ ရိုးသားပွင့်လင်းနေသည်။
"အို... ကျွန်မ လိုချင်တဲ့ အရာက ရှင်လိုချင်တာနဲ့ အတူတူပဲလို့ ရှင်က သေချာပေါက် ပြောရဲတာလား"
ရှုလီနာ၏ မျက်နှာပေါ်မှ တင်းမာမှုများ အနည်းငယ် လျော့ကျသွားခဲ့ပြီ ဖြစ်သည်။ အစ်ကိုကောက် သူမထံ လာရောက်ပူးပေါင်းရသည့် ရည်ရွယ်ချက်ကို သူမ ခန့်မှန်းမိသွားပြီ ဖြစ်သည်။
"ရှုလီနာ... မင်းက တော်တော် ထက်မြက်တဲ့ မိန်းမတစ်ယောက်ပါ... ငါတို့တွေ စကားကို ကွေ့ဝိုက်မနေတာကောင်းမယ်"
"ယာဉ်တန်းတစ်ခုလုံးမှာ ငါတို့လိုချင်တဲ့ ပစ္စည်းကို ရအောင် ယူပေးနိုင်မယ့်သူက ဆရာချန်း တစ်ယောက်ပဲ ရှိတာ"
အစ်ကိုကောက်၏ မျက်လုံးများက အမှောင်ထုထဲတွင် မှိုင်းညို့နေကာ ခန့်မှန်းရ ခက်ခဲနေသည်။
"အစ်ကိုကောက်... ဆရာချန်းက ဘယ်လိုလူမျိုးလဲ ဆိုတာကို ရှင်က ကျွန်မထက် ပိုသိပါတယ်... သူက ကျွန်မတို့စကားကို နားထောင်မယ်လို့ ရှင်က ထင်နေတာလား"
ရှုလီနာ၏ မျက်ဝန်းများထဲတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေပြီး သူမ၏ လေသံကလည်း ပို၍ပင် လှောင်ပြောင်သရော်ချင်စရာ ကောင်းနေသည်။
အစ်ကိုကောက်ကို လှောင်ပြောင်နေခြင်းလား သို့မဟုတ် မိမိကိုယ်ကိုယ် ပြန်လည် လှောင်ပြောင်နေခြင်းလား ဆိုသည်ကိုမူ သူမသာလျှင် သိပေလိမ့်မည်။
အစ်ကိုကောက်က ခေါင်းခါယမ်းလိုက်သည်။
"သေချာပေါက်တော့ မပြောနိုင်ဘူး... ဒါပေမဲ့ မစမ်းကြည့်ဘဲနဲ့တော့ ဘယ်လိုလုပ် သိနိုင်မှာလဲ"
"ရှင်က ဆရာချန်းကို အကောက်ကြံဖို့ စဉ်းစားနေတာလား"
ရှုလီနာ၏ လေသံက လှောင်ပြောင်နေဆဲပင် ဖြစ်ပြီး အစ်ကိုကောက်ကို လူရွှင်တော်တစ်ယောက်အား ကြည့်နေသကဲ့သို့ စိုက်ကြည့်နေသည်။
သာမန်လူတစ်ယောက်က အစွမ်းပိုင်ရှင်တစ်ယောက်ကို အကောက်ကြံဖို့ ကြိုးစားနေတယ်တဲ့လား။
ရယ်စရာကောင်းလွန်းလှပေသည်။
ဒီလူ ညက မှိုများစားပြီး ရူးသွားတာများလား။
အစ်ကိုကောက်က ချန်းရီ၏ သွေးရောင်လွှမ်းနေသော မျက်လုံးများကို ပြန်လည် သတိရသွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားမိသည်။
ထိုလူသည် စိတ်အပြောင်းအလဲ မြန်လွန်းလှပြီး အသက်ရှင်သန်နိုင်ရန်အတွက် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုမည့်သူ ဖြစ်သည်။
အစ်ကိုကောက်သည် ထယ်ရှီးကို မကြောက်ပေ။ ခေါင်းဆောင်ချူကိုလည်း မကြောက်သလို စွန်းချန်းချန်းကိုလည်း မကြောက်ရွံ့ပေ။ သို့သော် ချန်းရီ တစ်ယောက်ကိုမူ သူ အလွန်တရာ စိုးရိမ်ကြောက်ရွံ့မိသည်။
သို့သော် ယခုအချိန်တွင် သူ အားကိုးနိုင်မည့်သူမှာ ချန်းရီ တစ်ယောက်တည်းသာ ရှိလေသည်။
ရှုလီနာ၏ စကားကို ကြားသောအခါ အစ်ကိုကောက်က ချက်ချင်း ခေါင်းခါယမ်းလိုက်သည်။
"မဟုတ်ဘူး... မဟုတ်ဘူး... ငါက ဘယ်လိုလုပ် လုပ်ရဲပါ့မလဲ"
"ရှုလီနာ... မင်း ပေါက်ကရတွေ လျှောက်မပြောစမ်းပါနဲ့"
အစ်ကိုကောက်က ရှုလီနာကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။
ဒီလိုစကားမျိုးက လျှောက်ပြောလို့ရတဲ့ စကားမျိုး မှမဟုတ်တာ။
အကယ်၍ ဒီစကားသာ ပေါက်ကြားသွားခဲ့လျှင် သူ ဘယ်လို သေရမယ်ဆိုတာကိုတောင် သိလိုက်ရမှာ မဟုတ်ပေ။
"မမလေးစွန်းဘေးမှာ ရှောင်ယွီ ရှိတယ်... တင်းတုံဘေးမှာလည်း ကျိုးရှောင်ရှောင် ရှိတယ်... ခေါင်းဆောင်ချူရဲ့ ဘေးမှာဆိုရင် လူတွေ ပိုတောင် များသေးတယ်"
"သူတို့ထဲက ဘယ်သူပဲဖြစ်ဖြစ် အဲဒီပစ္စည်းကို ရလာခဲ့ရင် ပထမဆုံးအနေနဲ့ သူတို့ဘေးနားက လူတွေကိုပဲ သတိရကြမှာ အသေအချာပဲ"
"ဆရာချန်း တစ်ယောက်ပဲ ရှိတာ... ဆရာချန်းရဲ့ ဘေးမှာ ဘယ်သူမှ မရှိဘူးလေ"
"တကယ်လို့ သူသာ လမ်းစဉ်... ဟွတ်... ဟွတ်..."
နံရံမှာ နားတွေ ရှိနေမည်ကို စိုးရိမ်သည့်အလား အစ်ကိုကောက်က နောက်ဆက်တွဲ "ဆေးထိုးအပ်" ဟူသော စကားလုံးကို အတင်း မြိုချလိုက်သည်။
"ဆရာချန်းသာ အဲဒီပစ္စည်းကို ရလာခဲ့မယ်ဆိုရင်... မင်း ရနိုင်ဖို့ အခွင့်အရေး အရမ်းများတယ်လို့ ငါ ထင်တယ်"
ထိုနောက်ဆုံးစကားကို ကြားလိုက်ရသောအခါ ရှုလီနာကဲ့သို့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်သူပင်လျှင် နှုတ်ခမ်းစွန်းများ တွန့်ကွေးသွားသည်အထိ အပြုံးကို မထိန်းချုပ်နိုင်ခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ထိုအရာက လမ်းစဉ်ဆေးထိုးအပ် မဟုတ်ပါလော။
အစ်ကိုကောက်၏ မှိုင်းညို့နေသော မျက်နှာကို ကြည့်ရင်း ရှုလီနာက သူမ၏ ရင်ထဲမှ ဝမ်းသာနေသော စိတ်ကို အလျင်အမြန် ဖုံးကွယ်လိုက်သည်။
မျက်နှာချင်းဆိုင်ရှိ ဤလူသည်လည်း မြေခွေးအိုကြီး တစ်ကောင်ဖြစ်သဖြင့် သူမအနေဖြင့် အရာအားလုံးကို သတိကြီးစွာထား၍ ရင်ဆိုင်ရပေမည်။
"ရှင်ကိုယ်တိုင်လည်း ပြောခဲ့ပြီးပြီပဲ... ဆရာချန်းက လမ်းစဉ်ဆေးထိုးအပ်ကို ရခဲ့ရင် သေချာပေါက် ကျွန်မကို ပေးမှာလို့... အခု ရှင်က ကျွန်မနဲ့ လာပူးပေါင်းတယ်ဆိုပေမဲ့ ဆရာချန်းက ကျွန်မကို ပေးတဲ့အရာကို ရှင့်ကို ပြန်ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးနော်"
အစ်ကိုကောက်က ရှုလီနာ၏ နှုတ်ခမ်းစွန်းများ တွန့်ကွေးသွားသည်ကို သဘာဝကျကျပင် မြင်တွေ့လိုက်ရသော်လည်း ထိုအပြုံးက မျက်တောင်တစ်ခတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ပြီး တစ်စက္ကန့်မျှပင် မကြာလိုက်ပေ။
ဤအမျိုးသမီးက သူမ၏ စိတ်ခံစားချက်များကို ချက်ချင်း ပြန်လည် ထိန်းချုပ်နိုင်သွားခဲ့ပြီ ဖြစ်သည်။
တကယ်ကို ကိုင်တွယ်ရခက်တဲ့ မိန်းမပဲ။
အစ်ကိုကောက်က သက်ပြင်းတစ်ချက်ချလိုက်ပြီး တဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ငါက အဲဒီလောက်ထိ တုံးအမနေပါဘူး... မင်းက အဲဒီပစ္စည်းကို ငါကို ပေးလိမ့်မယ်လို့လည်း မမျှော်လင့်ထားဘူး... ငါဆိုလိုချင်တာက တကယ်လို့ အခွင့်အရေးရှိခဲ့မယ်ဆိုရင်..."
"ဆရာချန်းက အဲဒီပစ္စည်း နှစ်ချောင်း... ရနိုင်ဖို့ အခွင့်အရေးရှိခဲ့မယ်ဆိုရင် မင်းက ငါအတွက် စကားတစ်ခွန်းလောက် ကူပြောပေးဖို့ မျှော်လင့်တာပါ"
"ဒီ အိုအေစစ်မြို့မှာ... ငါ စုံစမ်းသိရသလောက်ဆို လမ်းစဉ်... အဲ့အရာက အကြိမ်အတော်များများ ထွက်ပေါ်လာခဲ့ဖူးတယ်တဲ့... အဲဒါကြောင့် တစ်ချောင်းတည်း ရှိတာတော့ မဖြစ်နိုင်ဘူး"
ရှုလီနာက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"ကျွန်မ ကိုယ်တိုင်တောင် သေချာပေါက် ရမယ်လို့ မပြောနိုင်သေးတာ... ရှင့်အတွက် စကားဝင်ပြောပေးဖို့ဆိုတာ အရမ်းခက်တယ်နော်"
"ငါ သိပါတယ်... ဒါပေမဲ့ မင်းက ငါရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်မို့လို့ပါ"
"ဒီနေ့ ငါ ဒီနေရာကို ရောက်လာတာက ဘာမှမလုပ်ဘဲ နေတာထက်စာရင်တော့ ပိုကောင်းလိမ့်မယ်လို့ ထင်လို့ပါ"
"တကယ်လို့ မပိုခဲ့ရင်တောင်... နောင်တစ်ချိန် မင်း အစွမ်းပိုင်ရှင် ဖြစ်လာခဲ့ရင် ဒီနေ့ မင်းအပေါ် ငါ ကူညီခဲ့တာလေးကို မှတ်မိနေရင်ပဲ ကျေနပ်ပါပြီ"
"ကူညီတယ်... ရှင်က ကျွန်မကို ဘာများ ကူညီပေးလို့လဲ"
ရှုလီနာက အလင်းနှင့် အမှောင်ကြားတွင် ရပ်နေသော အစ်ကိုကောက်ကို အကဲခတ်ကြည့်လိုက်သည်။
အစ်ကိုကောက်က နှစ်ချက်ခန့် ညင်သာစွာ ချောင်းဟန့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ် စီးကျလာသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်လည် သုတ်ဖယ်ပစ်လိုက်သည်။
ထို့နောက် သူ၏ ကျောဘက်မှ ရှည်လျားသော အရာတစ်ခုကို ထုတ်ယူလိုက်သည်။
"ဒါက... ဟွာဇီး... တစ်ကတ်လုံးပါလား"
"နေပါဦး... ရှင် ဒါကို ဘယ်ကနေ ရလာတာလဲ"
ရှုလီနာ အမှန်တကယ်ပင် အံ့သြသွားခဲ့သည်။
သူမကိုယ်တိုင်ပင် ချန်းရီနှင့် ဆက်ဆံရေး ပိုမိုရင်းနှီးလာစေရန်အတွက် ဆေးလိပ်များကို အပတ်တကုတ် ကြိုးစားရှာဖွေ စုဆောင်းနေခဲ့သည် မဟုတ်ပါလော။
သို့သော် သူမ ခေါင်းစားခံကာ အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း ယခုအချိန်အထိ ဆေးလိပ်တစ်ဗူးပင် ပြည့်အောင် မစုဆောင်းနိုင်ခဲ့သေးပေ။
မူလကတော့ ဆေးလိပ်တစ်ဗူး ပြည့်သွားမှသာ ချန်းရီကို လက်ဆောင်ပေးရန် သူမ ရည်ရွယ်ထားခဲ့သည်။
အစ်ကိုကောက်မှာ ဆေးလိပ်တစ်ကတ်လုံး ရှိနေလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ပစ္စည်းများ ရှာဖွေစုဆောင်းရန် အပြင်မထွက်ဖြစ်သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သဖြင့် ဆေးလိပ်နှင့် အရက်ကဲ့သို့သော အရာများမှာ ပို၍ပင် ရှားပါးလာခဲ့ပြီ ဖြစ်သည်။
ချန်းရီတစ်ယောက် ဆေးလိပ်ကို ပါးစပ်တွင်ကိုက်ကာ ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်ကို မမြင်ရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ကြောင်း ရှုလီနာ သတိထားမိလိုက်သည်။
သူ့ထံတွင်လည်း လက်ကျန်ဆေးလိပ်များ များများစားစား မရှိတော့ကြောင်း သိသာလှပေသည်။
"ဟွတ်... ဟွတ်... ငါ ဘယ်ကနေ ရလာလဲဆိုတာကိုတော့ မင်း ဂရုစိုက်နေစရာ မလိုပါဘူး"
"ငါ မင်းကို ကူညီနိုင်တာက ဒီဆေးလိပ်တစ်ကတ်တည်း မဟုတ်သေးဘူး"
"ဒီထက်ပိုပြီး အသုံးဝင်မယ့် သတင်းအချက်အလက်တွေကိုလည်း ငါ စုံစမ်းပေးနိုင်တယ်... မင်း လုပ်ဖို့ အဆင်မပြေတဲ့ ကိစ္စတွေကိုလည်း ငါ လုပ်ပေးနိုင်သေးတယ်"
ရှုလီနာက အစ်ကိုကောက်ကို စူးစိုက်ကြည့်လိုက်သည်။
ဤအချိန်တွင် အစ်ကိုကောက်၏ ခန္ဓာကိုယ်မှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေပုံရသည်။
ဤဆေးလိပ်တစ်ကတ်ကို ရရှိရန်အတွက် သူလည်း အလွန်အမင်း ရုန်းကန်ခဲ့ရကြောင်း အထင်းသား ပေါ်လွင်နေပေသည်။
ရှုလီနာက ဟွာဇီး ဆေးလိပ်ကတ်ကို လှမ်းယူလိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
"ဆေးလိပ်တစ်ကတ်တည်းနဲ့တော့ လုံလောက်မယ် မထင်ဘူးနော်"
အစ်ကိုကောက်က ခါးသီးစွာ ပြုံးလိုက်သည်။
"ငါ သိပါတယ်... ဆရာချန်းကသာ ငါကို အစွမ်းပိုင်ရှင် ဖြစ်လာအောင် ကူညီပေးနိုင်မယ်ဆိုရင်... ဒီနေ့ကစပြီး ဒီ ကောက်ကျန်းချန်က ဆရာချန်းရဲ့ ခွေးတစ်ကောင် ဖြစ်လာမှာပါ"
ချန်းရီက မိုဟိုင်ရမ်ကို သတ်ပစ်ခဲ့စဉ်က ရွှီနန်သည် လူပုံအလယ်တွင် ချန်းရီ၏ ခွေးတစ်ကောင်အဖြစ် နေထိုင်သွားမည်ဟု ပြောဆိုခဲ့ကြောင်းကို အစ်ကိုကောက် သိထားပေသည်။
ထိုအချိန်က လူအများအပြားက ရွှီနန်ကို လှောင်ပြောင်ခဲ့ကြပြီး သူ့ကိုပင် အထင်သေးခဲ့ကြသည်။
ရွှီနန် မည်မျှ ထက်မြက်သည်ကို သူ တစ်ယောက်တည်းသာလျှင် သိရှိခဲ့ပေသည်။
ယခုအခါ ထိုစကားမျိုးကိုပင် အစ်ကိုကောက်၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
အစ်ကိုကောက်သည် ထိုသို့ပြောရသည်ကို အနည်းငယ်မျှပင် ရှက်ရွံ့ခြင်း မရှိခဲ့ပေ။
ထို့ထက်ပို၍ ရှုလီနာက ဤစကားကို ချန်းရီ၏ နားထဲသို့ ရောက်အောင် ပြောပြပေးရန်ပင် မျှော်လင့်နေသေးသည်။
ရှုလီနာက ခပ်ဖွဖွ ရယ်မောလိုက်သည်။ ထိုရယ်မောသံမှာ လှောင်ပြောင်ခြင်းလား သို့မဟုတ် ဝမ်းနည်းခြင်းလား ဆိုသည်ကိုမူ ခွဲခြားရ ခက်ခဲလှသည်။
"မလုံလောက်ဘူး... ဆေးလိပ်တစ်ကတ်နဲ့ ကတိစကားတစ်ခွန်းတည်းက ဆရာချန်းရဲ့ စိတ်ကို လှုပ်ရှားနိုင်မှာ မဟုတ်ဘူး"
"သူက ဘယ်လိုလူမျိုးလဲ ဆိုတာကို ရှင်က ကျွန်မထက် ပိုသိပါတယ်"
အစ်ကိုကောက်သည် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် နောက်ဆုံးတွင် ဝမ်းနည်းကြေကွဲစွာဖြင့် ပြောလိုက်သည်။
"ရှုလီနာ... ငါမှာ ပေးစရာ တခြားဘာမှ မရှိတော့ဘူး"
ရှုလီနာလည်း ဘာမှ ဆက်မပြောတော့ဘဲ ဆယ်စက္ကန့်ခန့် တိတ်ဆိတ်သွားခဲ့သည်။
ထို့နောက်မှသာ ရှုလီနာက ဆက်ပြောလိုက်သည်။
"ကောင်းပြီလေ... ရှင့်ရဲ့ ကမ်းလှမ်းမှုကို ကျွန်မ လက်ခံတယ်... ဒါပေမဲ့ ကျွန်မ ပြောတဲ့စကားက သေချာပေါက် အသုံးဝင်မယ်လို့ ရာနှုန်းပြည့် အာမမခံနိုင်သလို... ကျွန်မကိုယ်တိုင် အစွမ်းပိုင်ရှင် ဖြစ်လာမယ်လို့လည်း အာမမခံနိုင်ဘူးနော်"
အစ်ကိုကောက်က ခါးသီးစွာ နှစ်ချက်ခန့် ရယ်မောလိုက်သည်။
"ငါ သိပါတယ်... စိတ်ချပါ... ဆရာချန်းက ငါကို ဘာမှ မပေးခဲ့ရင်တောင်... မင်း ကိုယ်တိုင်လည်း အစွမ်းပိုင်ရှင် မဖြစ်လာခဲ့ရင်တောင် ငါ မင်းကို အပြစ်မတင်ပါဘူး"
"ငါက ငါ လုပ်သင့်လုပ်ထိုက်တယ်လို့ ထင်တဲ့အရာကို လုပ်ခဲ့တာပါ"
"တကယ်လို့ မအောင်မြင်ခဲ့ရင်တောင် ငါ ဘယ်သူ့ကိုမှ အငြိုးထားမှာ မဟုတ်ပါဘူး"
"ကောင်းပြီ... ဒါဆိုလည်း ဒီလောက်ပဲ... ကျွန်မ ပြန်နားတော့မယ်... ရှင်လည်း အမြန်ပြန်တော့... ညဘက်ဆိုရင် အတွင်းမြို့တော်က တံခါးပိတ်လိမ့်မယ်"
စကားပြောအပြီးတွင် အစ်ကိုကောက်သည် အပြင်မြို့တော်ရှိ လူစုဝေးရာနေရာသို့ ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် လျှောက်သွားလေသည်။
လမ်းဘေးရှိ တစ်ထပ်အိမ်ငယ်လေးများမှာ အမှောင်ထုထဲတွင် ပိတ်လှောင်နေဆဲဖြစ်သော်လည်း အထဲမှ လူသံများ မကြာခဏ ထွက်ပေါ်လာတတ်သည်။
သူတို့ကဲ့သို့သော အပြင်လူများနှင့် နှိုင်းယှဉ်ပါက အိုအေစစ်မြို့မှ ဒေသခံများမှာမူ နေထိုင်စရာ အိမ်များ ရှိနေကြဆဲပင်။
ပြောစမှတ်များအရ ဤဒေသခံများသည် အစကတည်းက မြို့တော်ဝန် ချဝူနှင့်အတူ ဤနေရာသို့ လိုက်ပါလာခဲ့ကြသော အသက်ရှင်ကျန်ရစ်သူများ ဖြစ်သည်ဟု ဆိုကြသည်။
ထိုအိမ်များတွင် လျှပ်စစ်မီးများ မရှိသေးဘဲ ကမ္ဘာပျက်ကပ် မတိုင်မီက လူနေမှုအဆင့်အတန်းနှင့် များစွာ ကွာဟနေသေးသော်လည်း လက်ရှိ သူတို့၏ အခြေအနေထက်တော့ အများကြီး ပိုမို ကောင်းမွန်နေသေးသည်။
အစ်ကိုကောက်သည် အရူးတစ်ယောက် မဟုတ်ပေ။
ရှုလီနာနှင့် လာရောက်ပူးပေါင်းခြင်းသည် ရေထဲသို့ ကျောက်ခဲပစ်ချလိုက်သကဲ့သို့ အလဟဿဖြစ်သွားနိုင်ချေ ကိုးဆယ်ရာခိုင်နှုန်းခန့် ရှိနေကြောင်းကို သူ မသိ၍ မဟုတ်ချေ။
သို့သော် ယခုအချိန်တွင် သူ့၌ ပိုကောင်းသော နည်းလမ်း မရှိတော့ပေ။
အခြားသူများကို သွားရောက် အကူအညီတောင်းရမည်လား။
ထိုသို့လုပ်ခြင်းက ရှုလီနာကို အကူအညီတောင်းခြင်းလောက်ပင် အဆင်ပြေမည် မဟုတ်ပေ။
အနည်းဆုံးတော့ ရှုလီနာက သူနှင့် ရင်းနှီးကျွမ်းဝင်သူ တစ်ယောက် ဖြစ်သည်။
အခွင့်အရေးက သောင်းဂဏန်းတွင် တစ်ပုံသာ ရှိနေမည်ဆိုလျှင်တောင်မှ ထိုအခွင့်အရေးကို သူ အသေအလဲ ဆုပ်ကိုင်ထားရပေမည်။
အိုအေစစ်မြို့တွင် လမ်းစဉ်ဆေးထိုးအပ် ရှိနေကြောင်း သတင်းရရှိချိန်က သူ ကျိန်ဆိုခဲ့သည့်အတိုင်းပင် ဖြစ်သည်။
သူသည် အစွမ်းပိုင်ရှင် ဖြစ်လာစေရန်အတွက် သူ၏ နောက်ဆုံးကျန်ရှိနေသော ခွန်အားများ ကုန်ခန်းသွားသည့်တိုင်အောင် အစွမ်းကုန် ကြိုးစားသွားမည် ဖြစ်သည်။
ထိုအခွင့်အရေးက သုညရာခိုင်နှုန်းနှင့် အနီးစပ်ဆုံး ဖြစ်နေပါစေဦးတော့... သူ ကြိုးစားသွားမည်သာ ဖြစ်သည်။
ဆက်ရန်...