အခန်း ၃၂၄
Vol. 17 Ch. 324
အပိုင်း(၃၂၄) ခိုးနားထောင်ခြင်း
တခြားတစ်ဖက်တွင်။
ခေါင်းဆောင်ချူချယ်က သူ၏ နေထိုင်ရာ နေရာသို့ ပြန်ရောက်သွားပြီးနောက် ပြန်ထွက်မလာတော့ပေ။
ဤအိပ်ခန်းသည် ခြံဝင်းငယ်လေးတစ်ခုလုံးတွင် အကြီးဆုံး အခန်းဖြစ်ပြီး သဘာဝကျစွာပင် ချူချယ်၏ အိပ်ခန်း ဖြစ်လာခဲ့သည်။
ရွှီနန်နှင့် ရှောင်ဖူတို့က အခြားအခန်းများတွင် ရှိနေကြသည်။
နေ့စဉ် ညဘက် ဤအချိန်မျိုးသို့ ရောက်တိုင်း ခေါင်းဆောင်ချူက အကြောင်းပြချက် မရှိဘဲ စိတ်လှုပ်ရှားနေသည့် ခံစားချက်မျိုး အမြဲတမ်း ရရှိနေတတ်သည်။
တစ်ရက်လောက်များ သူများရဲ့ လျှို့ဝှက်ချက်လေးတွေကို ခိုးနားမထောင်ရလျှင် သူက တစ်ကိုယ်လုံး နေမထိထိုင်မသာ ဖြစ်နေတတ်သည်။
ခိုးနားထောင်ခြင်းက ခေါင်းဆောင်ချူအတွက်တော့ ဘဝတွင် မရှိမဖြစ် လိုအပ်သော ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ယာဉ်တန်းတွင် ရှိနေစဉ်ကတည်းက ခေါင်းဆောင်ချူက နေ့စဉ် ညဘက် လူသူကင်းမဲ့ချိန်ရောက်တိုင်း ခိုးနားထောင်သည့် ရေဒီယိုကို အချိန်မှန် ဖွင့်လေ့ရှိသည်။
နှမြောစရာကောင်းသည်မှာ ချန်းရီတို့က ခေါင်းဆောင်ချူ၏ ခိုးနားထောင်တတ်သော ဝါသနာကို စောစောစီးစီးကတည်းက သိထားကြသည်။
ထို့ကြောင့် အစွမ်းပိုင်ရှင် အနည်းငယ်က တစ်ယောက်တည်း နေချိန်တွင်ဖြစ်စေ၊ အခြားသူများနှင့် စကားပြောဆိုနေချိန်တွင်ဖြစ်စေ ဤကိစ္စကို အထူး သတိထားကြသည်။
ထို့ကြောင့် အချိန်အတော်ကြာသည်အထိ ခေါင်းဆောင်ချူ ခိုးနားထောင်ရာတွင် မည်သည့် လျှို့ဝှက်ချက်ကိုမျှ မကြားခဲ့ရပေ။
အချိန်အတော်ကြာအောင် အတင်းအဖျင်း အမျိုးစုံကို နားမထောင်ရသော ခေါင်းဆောင်ချူမှာ ယာဉ်တန်းထဲတွင် အတော်လေး အောင့်အည်း သည်းခံနေခဲ့ရသည်။
နောက်ပိုင်းတွင် တကယ်ကို ဆက်ပြီး သည်းမခံနိုင်တော့သည့် ခေါင်းဆောင်ချူက သူ၏ လက်မည်းကြီးကို ယာဉ်တန်းထဲရှိ အခြားသော သာမန် အဖွဲ့ဝင်များထံသို့ လှမ်းလိုက်တော့သည်။
နားမထောင်ရသေးချိန်က မသိသော်လည်း နားထောင်လိုက်ရချိန်တွင်တော့ အလွန် အံ့ဩတုန်လှုပ်သွားရသည်။
အားလုံးက သာမန်လူများဟု ထင်ရသော်လည်း ထိုအထဲရှိ အငြိုးအာဃာတများနှင့် အရှုပ်တော်ပုံ ဇာတ်လမ်းများက ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများထက်ပင် ပို၍ စိတ်ဝင်စားစရာ ကောင်းနေသည်။
ရွှီနန်က ယာဉ်တန်းတစ်ခုလုံး၏ သတင်းအချက်အလက် လမ်းကြောင်းအားလုံးကို ထိန်းချုပ်ထားသည်ဟု ထင်ရသော်လည်း။
သူ သိရှိထားသော သတင်းအချက်အလက်များက ချူချယ် သိထားသည်လောက်တော့ အမှန်တကယ် မများပြားပေ။
သို့သော် ချူချယ်က နားထောင်ရသည်ကိုသာ သဘောကျပြီး ပြန်ပြောပြရသည်ကို မနှစ်သက်ခြင်းသာ ဖြစ်သည်။
အထူးသဖြင့် လူတိုင်း၏ လျှို့ဝှက်ချက်များကို သူက သိထားသော်လည်း သူ့လျှို့ဝှက်ချက်ကို မည်သူကမျှ မသိကြသည့် အချိန်မျိုးတွင် ဖြစ်သည်။
ဤကဲ့သို့သော ခံစားချက်က ခေါင်းဆောင်ချူကို ယစ်မူးသာယာသွားစေသည်။
ပြန်တွေးမိတိုင်း ချူချယ်မှာ ဆံပင်မွေးများပင် တုန်ယင်သွားသည်အထိ ကျေနပ်နေတတ်သည်။
ထိုရေဒီယိုက လူအများရှေ့တွင် သူ့ကို အလွယ်တကူ မျက်နှာပျက် အရှက်ကွဲစေနိုင်သည့် ဂုဏ်သတ္တိ ရှိနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ချူချယ်က ခိုးနားထောင်သည့် ရေဒီယိုကို အကြိမ်တိုင်းတွင် အလွန် သေချာစွာ ဝှက်ထားလေ့ရှိသည်။
ညဉ့်နက်၍ လူသူကင်းမဲ့ချိန်သို့ ရောက်မှသာ အပြင်သို့ ထုတ်ကာ အသုံးပြုခြင်း ဖြစ်သည်။
ဤတစ်ကြိမ် အိုအေစစ်သို့ ရောက်လာချိန်တွင်... ဤနေရာက ကြီးမားသော လျှို့ဝှက်ချက်များ ရှိနေသည်မှာ သိသာထင်ရှားနေသည်။
သူက ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရမည်သာ မဟုတ်ပါက။
ချူချယ်က နေ့ခင်းဘက်တွင်ပင် ခိုးနားထောင်သည့် ရေဒီယိုကို ထုတ်ယူကာ ဤမြို့တော်၏ လျှို့ဝှက်ချက်များကို နားထောင်ရန် စိတ်မထိန်းနိုင် ဖြစ်မိသည်။
ယာဉ်တန်းထဲက အတင်းအဖျင်းလေးများကို နားထောင်ရသည်က အလွန် ဇိမ်ကျလှသည်။
သို့သော် သူက စောစောစီးစီးကတည်းက ရိုးအီနေခဲ့ပြီ ဖြစ်သည်။
အိုအေစစ်မြို့တော်၏ လျှို့ဝှက်ချက်များနှင့် နှိုင်းယှဉ်လိုက်ပါက ထိုအရာများက အမြည်းဟင်းလျာလေးများမျှသာ ဖြစ်သည်။
ချူချယ်က တံတွေးမျိုချလိုက်ပြီး လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရာ... ကြီးကျယ်ခမ်းနားသော စားသောက်ပွဲကြီးတစ်ခုကို ခံစားရန် ပြင်ဆင်နေသည့် ယင်ကောင်တစ်ကောင်နှင့်ပင် တူနေသည်။
ထို့နောက် ခိုးနားထောင်သည့် ရေဒီယို၏ လှိုင်းဖမ်းခလုတ်ကို အလွန် သတိထားကာ လှည့်လိုက်သည်။
"မရီး... မရီး ချစ်တာ ကျွန်တော့်ကိုဆိုတာ... ဟုတ်တယ်မလား"
"ဟူး... နင့်ကို ဘယ်လိုပြောရမလဲကွယ်... ဘာပဲဖြစ်ဖြစ် ငါက နင့်ရဲ့ မရီးလေ... "
၎င်းက ဖောက်ပြန်နေသော မိန်းမနှင့် ယောက်ျားတစ်စုံ၏ အသံဖြစ်ပြီး စကားနှစ်ခွန်းတည်းဖြင့်ပင် ထိုအထဲမှ ပြင်းထန်သော အရှုပ်တော်ပုံ အရသာကို ခန့်မှန်းသိရှိနိုင်သည်။
ဤကဲ့သို့သော ကိစ္စမျိုးက ပုံမှန်အချိန်များတွင် ပျင်းရိငြီးငွေ့မှုကို ဖြေဖျောက်ရန်အတွက်တော့ မဆိုးလှပေ။
သို့သော် ချူချယ်က ယနေ့တွင် ဟင်းပွဲကြီးကိုသာ နားထောင်ချင်နေပြီး ဤကဲ့သို့သော အမြည်းဟင်းလျာလေးများက အမှန်တကယ်ပင် အဆင့်မမီလှချေ။
"အဟွတ်... အဟွတ်... ဘုရားရေ... ဒီလိုနေ့ရက်တွေကို ဆက်ပြီး ဖြတ်သန်းလို့ မရတော့ဘူး"
"အဟွတ်... အဟွတ်... ဒီလိုမှန်း ကြိုသိခဲ့ရင်... အစကတည်းက အပြင်မှာပဲ သေလိုက်တာ ပိုကောင်းမယ်... ဒီလောက် ဒုက္ခခံနေစရာ ဘာအကြောင်းရှိလို့လဲ... အဟွတ်... အဟွတ်... "
၎င်းက သက်ကြီးရွယ်အို တစ်ဦး၏ ချောင်းဆိုးသံဖြစ်ပြီး အိပ်ရာထဲတွင် အပြင်းအထန် ဖျားနာနေသည်မှာ သိသာထင်ရှားလှသည်။
"အမေ... သား ဗိုက်ဆာတယ်"
"လိမ္မာတယ်... ရှောင်ပေါက်လေး အိပ်လိုက်နော်... အိပ်ပျော်သွားရင် ဗိုက်မဆာတော့ဘူး"
ကလေးငယ်၏ တိုးညင်းသော ဗိုက်ဆာကြောင်း ညည်းတွားသံနှင့် မိခင်ဖြစ်သူ၏ ညင်သာသော နှစ်သိမ့်သံတို့ ဖြစ်သည်။
"ကျစ်... နင်က တကယ့် အရူးပဲ... ကင်းလှည့်အဖွဲ့ လာမလာ သွားကြည့်စမ်း"
၎င်းက ခိုးကြောင်ခိုးဝှက် လုပ်နေသူများ၏ အသံဖြစ်သည်မှာ သိသာလှသည်။
"လောင်ကျောက်က ကမ္ဘာပျက်ကပ် မတိုင်ခင်က ငါ့ဆီကနေ သုံးသောင်း ချေးထားတာ... သောက်ကျိုးနည်း... အခုကျတော့ အဲဒီကောင်က ငြင်းနေတယ်... မနက်ဖြန် ငါ ထပ်သွားမယ်... အကြွေးမဆပ်ရင် သူ့ကို ခုတ်ထစ်ပစ်မယ်"
"ငတုံး... အခုက ကမ္ဘာပျက်ကပ် ရောက်နေပြီလေ... မင်းက ပိုက်ဆံရတော့ရော ဘာလုပ်လို့ရမှာလဲ"
"ပိုက်ဆံမပေးရင် စားစရာနဲ့ လဲရမှာပေါ့... သောက်ခွေးကောင်... "
၎င်းက အနည်းငယ် ဒေါသထွက်နေသော အသံများဖြစ်ပြီး မနက်ဖြန်တွင် အိုအေစစ်မြို့တော်၌ အဓိကရုဏ်းတစ်ခု ဖြစ်ပွားလာနိုင်သည်မှာ သိသာထင်ရှားနေသည်။
ခိုးနားထောင်သည့် ရေဒီယိုထဲမှ အမျိုးအစားစုံလင်လှသော စကားပြောသံများ ထွက်ပေါ်လာသည်။
အချို့မှာ နားထောင်၍ပင် မကောင်းသလို၊ အချို့မှာလည်း အိမ်တွင်းရေး ကိစ္စရပ်များ ဖြစ်ကြသည်။
မည်သို့ပင်ဖြစ်စေ အကုန်လုံး ရှိနေသည်။
ပုံမှန်အချိန်များတွင်ဆိုလျှင်တော့ ချူချယ်က ရပ်တန့်ကာ ခဏလောက် နားထောင်ချင်နေမိမည် ဖြစ်သည်။
သို့သော် ယနေ့တွင် သူ နားထောင်ချင်သည်က ဤအရာများ မဟုတ်ပေ။
သူက လမ်းစဉ်ဆေးထိုးအပ်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို နားထောင်ချင်နေခြင်း ဖြစ်သည်။
ယနေ့တွင်လည်း ရွှီနန်ကို လူလွှတ်ကာ လမ်းစဉ်ဆေးထိုးအပ်နှင့် ပတ်သက်သော သတင်းများကို စုံစမ်းခိုင်းခဲ့သည်။
နေ့လယ်ပိုင်း ပြန်ရောက်လာချိန်တွင် ရွှီနန်က သူ သိရှိထားသော လမ်းစဉ်ဆေးထိုးအပ်နှင့် ပတ်သက်သည့် သတင်းများကို ချူချယ်အား ပြောပြခဲ့သည်။
အိုအေစစ်မြို့တော်တွင် အရင်က လမ်းစဉ်ဆေးထိုးအပ် အမှန်တကယ် ပေါ်ထွက်ခဲ့ဖူးသည်။
မှော်ဆေးဆရာ လမ်းစဉ်မှ အစွမ်းပိုင်ရှင်တစ်ဦး အမှန်တကယ် ရှိခဲ့ဖူးသည်။
သို့သော် ယခုအခါတွင် ဤကောလာဟလ သတင်းများမှလွဲ၍ ထို မှော်ဆေးဆရာ လမ်းစဉ်၏ အစွမ်းပိုင်ရှင်နှင့် ပတ်သက်ပြီး မည်သည့် သတင်းအချက်အလက်မျှ မရှိတော့ပေ။
ချူချယ်က ထို မှော်ဆေးဆရာ လမ်းစဉ်မှ အစွမ်းပိုင်ရှင်ကို အိုအေစစ်မြို့တော်၏ အထက်ပိုင်း အရာရှိများက ဖမ်းဆီး ချုပ်နှောင်ထားသည်ဟု အလွန် သံသယ ဝင်နေသည်။
ဤကဲ့သို့သော ပြဿနာမျိုးက စဉ်းစားနေစရာပင် မလိုဘဲ သိနိုင်သည်။
အကယ်၍ သူကိုယ်တိုင်သာ မှော်ဆေးဆရာ လမ်းစဉ်မှ အစွမ်းပိုင်ရှင် တစ်ဦးနှင့် တွေ့ဆုံခဲ့ပါက သူ့လက်ထဲတွင် သေချာပေါက် တင်းကျပ်စွာ ဆုပ်ကိုင်ထားမိမည် ဖြစ်သည်။
ခေါင်းဆောင်ချူက ရေဒီယိုလှိုင်းများကို ဆက်လက် ပြောင်းလဲကာ သူ သိချင်နေသော သတင်းများကို ဆက်ရှာနေခဲ့သည်။
ရုတ်တရက် ခေါင်းဆောင်ချူ၏ လက်များက အနည်းငယ် ရပ်တန့်သွားသည်။
ရေဒီယိုထဲမှ အနည်းငယ် စိမ်းသက်နေသော အသံတစ်သံ ထွက်ပေါ်လာသော်လည်း စကားပြောဆိုမှုများထဲမှ နာမည်များကိုမူ သူ အနည်းငယ် ရင်းနှီးနေသည်။
"ရှောင်ယဲ့... ဒီနေ့ နင့်ကို လာရှာတဲ့ အဲဒီနှစ်ဖွဲ့က အတူတူပဲလို့ နင် သံသယ မဝင်ဘူးလား"
"သူတို့က နင့်ကို ထောင်ချောက်ဆင်ပြီး ဒုက္ခပေးဖို့ လုပ်နေတာများ ဖြစ်နေမလား"
၎င်းက လူငယ်အမျိုးသမီး တစ်ဦး၏ အသံဖြစ်ပြီး နားထောင်ရသည်မှာ အသက် သိပ်မကြီးလှပေ။
"မသိပါဘူး... ဒါပေမဲ့ အရင်လာသွားတဲ့ နေကာမျက်မှန် တပ်ထားတဲ့လူကတော့... တော်တော်လေး စိတ်ပျက်စရာ ကောင်းတယ်"
ဤစကားက အလွန် နှေးကွေးနေပြီး စက္ကူပေါ်တွင် ရေးထားသော စာလုံးများကို ဖတ်နေသကဲ့သို့ပင် ဖြစ်နေသည်။
ဤနေရာသို့ ရောက်ချိန်တွင် ချူချယ် နားလည်သွားခဲ့သည်။ ဤသူက အရင်က အသားပိုးကောင် ရောင်းချခဲ့သော လူငယ်လေးပင် ဖြစ်ရမည်။
ထိုလူငယ်လေးက အလွန် ထူးခြားသော ဝိသေသ ရှိသဖြင့် ချူချယ်က ချက်ချင်းပင် မှတ်မိသွားသည်။
"နင် ပြန်ရောက်လာတော့ ငါ့ကို ပြောပြတဲ့စကားတွေအရဆိုရင်... အဲဒီလူက တကယ်ကို စိတ်ပျက်စရာကောင်းတာပဲ"
"ဒါပေမဲ့... နင် နောက်ဆို စကားမပြောဘဲ နေလို့ရရင် မပြောဘဲနေ"
"ဒီနေ့ စကားတစ်ခွန်း ပြောလိုက်ရရင်တောင်... အဆင်မပြေဘူးလေ... နင့်ဘာသာနင် ခံစားကြည့်ပါလား... စွမ်းအားတွေ နည်းနည်း ထပ်ကျမသွားဘူးလားလို့"
မည်သည့် အသံမျှ ထွက်ပေါ်မလာပေ။
သို့သော် ချူချယ်က ထိုလူငယ်လေး၏ မျက်နှာပေါ်မှ မကျေမနပ်ဖြစ်နေသော အမူအရာကို တွေးမြင်နိုင်နေသည်။
"ဟူး... နင့်အတွက် တကယ်ကို ဒုက္ခပါပဲ... အရင်တုန်းကဆို နင်က စကားအရမ်းများတဲ့သူ... နှစ်မိနစ်လောက်တောင် စကားမပြောဘဲ နေလို့မရတာ"
"နင်က ဓားသွေးသမား လမ်းစဉ်ကို နိုးထလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"ဟီးဟီး... နင် စိတ်မပူပါနဲ့... နင့်ထက် ပိုဆိုးတဲ့သူ ရှိသေးတယ်"
"အရင်က ငါ ကြားဖူးတယ်... စကားထစ်တဲ့သူ တစ်ယောက်က စကားစု လမ်းစဉ်ကို နိုးထလာတယ်တဲ့... ဟားဟားဟား... "
"ရယ်ရလွန်းလို့ သေတော့မယ်... "
စကားစု လမ်းစဉ် ဟုတ်လား။
စကားထစ်တာ ဟုတ်လား။
ဤသူ ပြောနေသည်က မည်သူ့ကို ဆိုလိုကြောင်း ချူချယ် သိလိုက်သည်။
ဒါက ချန်ဟောင်ပင် မဟုတ်ပါလော။
ထိုကောင်က စကားစု လမ်းစဉ်မှ ဖြစ်ပြီး စကားစုများကို ထုတ်ဖော်အသုံးပြုသည့် အကြိမ်တိုင်းတွင် အမြဲတမ်း စကားထစ်နေကာ ရှင်းလင်းပြတ်သားစွာ မပြောနိုင်ခဲ့ပေ။
ဤစကားများသူကတော့ စကားပြော၍မရသော လမ်းစဉ်တစ်ခုကို နိုးကြားလာခဲ့သည်။
ကံကြမ္မာက လူကို လှောင်ပြောင်နေခြင်းပင်။
ချူချယ်က စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်လိုက်ပြီး ဆက်လက်၍ ခဏမျှ နားထောင်လိုက်သော်လည်း အိမ်တွင်းရေး ကိစ္စရပ်အချို့သာ ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် ဤလူငယ်လေးက မနက်ဖြန် သူတို့ဘက်သို့ လာရောက်ကာ တင်းတုံထံမှ ဆလတ်ပင်နှင့် အာလူး စိုက်ပျိုးနည်းပညာများကို သင်ယူမည့်အကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။
အင်း... ခဏနေရင် ချန်းရီကို သေချာပေါက် ပြောပြထားမှ ရမည်။ သို့မှသာ အလွဲအချော်များ မဖြစ်ပေါ်စေမည် ဖြစ်သည်။
ချူချယ်က လှိုင်းများကို ဆက်လက် ပြောင်းလဲလိုက်သည်။
သီးခြားလှိုင်းတစ်ခုသို့ ရောက်ရှိသွားချိန်တွင် ချူချယ်က သူ့လက်ကို ရပ်တန့်လိုက်သည်။
ဤလှိုင်းက အဆောင်တစ်ခုဆီမှ ဖြစ်သည်။
ဤနေရာက ချူချယ်က ရွှီနန်ကို အထူးတလည် စုံစမ်းခိုင်းထားသော နေရာ ဖြစ်သည်။
ခိုးနားထောင်သည့် ရေဒီယိုတွင် သတ်မှတ်ထားသော နေရာကို ခိုးနားထောင်နိုင်သည့် လုပ်ဆောင်ချက် ပါရှိသည်။
ပထဝီဝင် တည်နေရာကို သိရှိရုံမျှဖြင့် ထိုနေရာမှ ထွက်ပေါ်လာသော အသံများကို ခိုးနားထောင်နိုင်မည် ဖြစ်သည်။
ဤနေရာတွင် နေထိုင်သူများက နေ့လယ်ပိုင်းက လမ်းပြပေးသူများပင် ဖြစ်သည်။
ခြောက်ခြားဖွယ်ရာ အပြုံးများနှင့် ထူးဆန်းစွာ စကားပြောတတ်သော ထိုလူဖြူဝဝကြီးများက ချူချယ်ကို အလွန် ဆိုးရွားပြီး ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်မျိုး ပေးစွမ်းနိုင်ခဲ့သည်။
ထို့ကြောင့် ခေါင်းဆောင်ချူချယ်က သူတို့ကို ခိုးနားထောင်ရန် ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
သို့သော် အချိန်အတော်ကြာအောင် နားထောင်ပြီးနောက်တွင် ဟောက်သံအချို့မှလွဲ၍ အခြား မည်သည့် အသံကိုမျှ မကြားရတော့ပေ။
မိနစ်သုံးဆယ်ခန့် အချိန်ကုန်သွားသော်လည်း စကားပြောသံ တစ်ခွန်းမျှ ထွက်ပေါ်မလာခဲ့ချေ။
ချူချယ်မှာ ယာယီ လက်လွှတ်လိုက်ရုံမှလွဲ၍ တခြားမတတ်နိုင်ဘဲ အခြားနေရာများသို့ ပြောင်းလဲ နားထောင်ကြည့်ရန်သာ ရှိတော့သည်။
ဤသို့ဖြင့် ခေါင်းဆောင်ချူက လှိုင်းများကို မရပ်မနား ပြောင်းလဲရင်း သတင်းအချက်အလက် အသစ်အဆန်းများကို ဆက်တိုက် ခိုးနားထောင်နေခဲ့သည်။
ထိုအထဲတွင် စည်းဝါးလွတ် ကားပြိုင်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်း ကြားခဲ့ရသည်။
လူအတော်များများက ဤပြိုင်ပွဲအတွက် လက်ယားနေကြပြီး အချို့ဆိုလျှင် ဤတစ်ကြိမ် ပြိုင်ပွဲ၏ ချန်ပီယံဆုကို သူတို့၏ လက်တစ်ကမ်းတွင် ရှိနေပြီဟုပင် မှတ်ယူထားကြသည်။
သို့သော် ချူချယ်က အချိန်အတော်ကြာ နားထောင်ခဲ့သော်လည်း ချန်ဟောင်နှင့် ထိုလူဝကြီး၏ အသံကိုတော့ မကြားခဲ့ရပေ။
ဒီကောင်နှစ်ကောင် ဘယ်တွေများ ရောက်နေကြပါလိမ့်။
မသိမသာဖြင့်ပင်။
အပြင်ဘက်တွင် ကောင်းကင်ယံက လင်းထိန်နေခဲ့ပြီ ဖြစ်သည်။
နံနက်ခင်း၏ အလင်းရောင်များ အခန်းထဲသို့ ဝင်ရောက်လာချိန်ကျမှသာ ခေါင်းဆောင်ချူမှာ အသိဝင်လာတော့သည်။
ညတစ်ညလုံး ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
မတတ်နိုင်ပေ။ အခြားသူများကို ခိုးနားထောင်ရသည့် ခံစားချက်က အမှန်တကယ်ပင် အလွန် ဇိမ်ကျလွန်းနေသည် မဟုတ်ပါလော။
ဆက်ရန်...