အခန်း ၃၂၅
Vol. 17 Ch. 325
အပိုင်း(၃၂၅) ကံတရားရဲ့ အလိုတော်တိုင်းသာ
လူအချို့က တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့ကြသည်။
လူအချို့ကမူ တစ်ညလုံး လျှို့ဝှက်ချက်များစွာကို ခိုးနားထောင်မိခဲ့ကြသည်။
သို့သော် အခြားလူအချို့အတွက်တော့ ထိုတစ်ညတာသည် သိပ်ပြီး အဆင်မပြေလှပေ။
၎င်းက တစ်ညလုံးလုံး ဖြစ်သည်။
လက်ရှိ ရာသီဥတုက ရုံမြို့နှင့် ယန်ကျိုးမြို့တို့လို ပြင်းထန်ဆိုးရွားသော ရာသီဥတုမျိုး မဟုတ်သော်ငြားလည်း။
လုံလောက်သော အနွေးထည်မပါဘဲ တစ်ညလုံး အံကြိတ်ခံစားရသည်မှာ အလွန်တရာ ဆင်းရဲဒုက္ခရောက်လှသည်။
ထိုခံစားချက်ကို ကိုယ်တိုင် ကြုံဖူးသူများသာလျှင် နားလည်နိုင်ပေလိမ့်မည်။
ယခုအချိန်တွင် ရှုလီနာ၏ အခြေအနေမှာ မကောင်းလှပေ။ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် လက်နှစ်ဖက်ဖြင့် ပခုံးကို ဖက်ထားကာ သူမ၏ ဆံပင်များပေါ်တွင် နှင်းခဲအလွှာတစ်ခု ဖုံးလွှမ်းနေပြီး မျက်တောင်များပေါ်တွင်ပင် နှင်းခဲများ ကပ်ငြိနေပြီ ဖြစ်သည်။
တစ်ကိုယ်လုံး မရပ်မနား တုန်ယင်နေပြီး မျက်နှာပေါ်တွင် သွေးရောင်တစ်စက်မျှ မရှိတော့ဘဲ လူသေတစ်ယောက်၏ အရေပြားကဲ့သို့ ဖြူဖျော့နေသည်။
မနက်ခင်း ချန်းရီ နိုးလာချိန်တွင် အနည်းငယ် အာရုံခံကြည့်လိုက်ရုံဖြင့် ဤမိန်းမ ထွက်မသွားသေးကြောင်းကို ရိပ်မိလိုက်သည်။
ဤအချက်က ချန်းရီကို အနည်းငယ် အံ့သြသွားစေသည်။
ဤမိန်းမက တကယ်ကိုပင် ကြောက်စရာကောင်းလောက်အောင် ဇွဲကြီးလွန်းလှသည်။
ချန်းရီက သက်ပြင်းသဲ့သဲ့ ချလိုက်သည်။
ဒီအတိုင်း ဆက်သွားနေမည်ဆိုပါက ဤမိန်းမ သေချာပေါက် သေသွားပေလိမ့်မည်။
ကမ္ဘာပေါ်တွင် လူများများစားစား မကျန်တော့ကြောင်း ချူချယ်က ပြောခဲ့ဖူးသည်။
တစ်ယောက်လျော့သေတာက အမြဲတမ်း ပိုကောင်းသည် မဟုတ်ပါလော။
ချန်းရီက ခြံဝင်းထဲတွင် ရပ်လျက် တင်းကျပ်စွာ ပိတ်ထားသော တံခါးကြီးကို ကြည့်ရင်း တံခါးတစ်ဖက်တစ်ချက်စီတွင် ရှုလီနာနှင့် မျက်နှာချင်းဆိုင် ဖြစ်နေသည်။
ဤတံခါးနောက်ကွယ်တွင် ထိုမိန်းမ ရှိနေကြောင်းကို ချန်းရီ အလွန် ရှင်းလင်းစွာ သိနေသည်။
ဒီမိန်းမ၏ အတွေးများကိုလည်း သူ ကောင်းကောင်း သိထားသည်။
သူ၏ ခန့်ညားသော ရုပ်ရည်ကို သဘောကျပြီး အသေအလဲ လိုက်တွယ်ကပ်နေခြင်း မဟုတ်သည်မှာ သေချာလှသည်။
ဒီမိန်းမကို အထဲသို့ ဝင်ခွင့်မပြုပါက သူမ၏ ခေါင်းမာလွန်းသော အကျင့်ကြောင့် ဒီညတွင်လည်း ဆက်လက် စောင့်ဆိုင်းနေဦးမည်သာ ဖြစ်သည်။
ဒီအတိုင်း ဆက်သွားနေပါက ဤမိန်းမ သေသွားနိုင်သည်။
သို့သော် ဤမိန်းမကို ဝင်ခွင့်ပြုလိုက်မည်ဆိုလျှင်။
မိမိ၏ လျှို့ဝှက်ချက်များ ပေါက်ကြားသွားနိုင်မည့် အန္တရာယ် ရှိလာနိုင်သည်။
ထိုအန္တရာယ်မှာ အလွန်နည်းပါးလှသော်ငြားလည်း စိုးရိမ်ရသေးသည်။
မိမိကိုယ်တိုင်ကလည်း အရူးမဟုတ်ရာ ဤမိန်းမရှေ့တွင် တမင်သက်သက် လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြသမည်တော့ မဟုတ်ပေ။
သို့ရာတွင် အရာရာတိုင်း၌ ကြိုတင်မမြင်နိုင်သော အခြေအနေဟူသည် ရှိတတ်စမြဲပင်။
အကယ်၍များ ဆိုသော အခြေအနေမျိုး ဖြစ်လာခဲ့လျှင်။
သတိကြီးလွန်းလှသော ချန်းရီသည် ပထမဆုံးအကြိမ်အဖြစ် အနည်းငယ် ဝေခွဲမရ ဖြစ်လာခဲ့သည်။
ထိုသို့မဟုတ်လျှင်လည်း ဒီမိန်းမကို ပြတ်ပြတ်သားသား သတ်ပစ်လိုက်လျှင် ကောင်းမည်လော။
ထိုသို့လုပ်လိုက်ပါက ပြဿနာများစွာ ကင်းဝေးသွားပေလိမ့်မည်။
ယခုအချိန်သည် ကမ္ဘာပျက်ကပ် ကာလဖြစ်သည်။
အစွမ်းပိုင်ရှင် တစ်ယောက်က သာမန်လူ တစ်ယောက်ကို သတ်ဖြတ်ခြင်းအတွက် မည်သူကမျှ အရေးယူမည် မဟုတ်ပေ။
ချူချယ်ဆိုလျှင်ပင် မိမိက အပြစ်မဲ့သူများကို လိုက်သတ်နေသည်ဟု အနည်းငယ် ညည်းတွားရုံလောက်သာ ရှိမည်။
သို့သော်လည်း။
ထိုအချိန်တွင် ရှုလီနာသည် အေ-၁၃ ၏ တံခါးကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။
ဒီတစ်ညလုံးကို ဘယ်လို ဖြတ်သန်းခဲ့ရသလဲ ဆိုတာ သူမကိုယ်တိုင်သာ သိပေလိမ့်မည်။
နောက်တစ်စက္ကန့်တွင် ဤတံခါးကြီး ပွင့်လာလိမ့်မည်ဟု မရေမတွက်နိုင်အောင် ထင်မှတ်ခဲ့သော်လည်း ရလဒ်ကတော့ သူမကို အမြဲတမ်း စိတ်ပျက်စေခဲ့သည်။
ထိုကဲ့သို့သော စိတ်ပျက်မှုမျိုးကို ဒီတစ်ညတည်းမှာပင် သူမကိုယ်တိုင် ရေတွက်၍ မရနိုင်လောက်အောင် အကြိမ်ကြိမ်အခါခါ ကြုံတွေ့ခဲ့ရသည်။
နောက်ဆုံးတွင် ရှုလီနာသည် ဤသို့ ဇွဲရှိ နေခြင်း၏ အဓိပ္ပာယ်ကိုပင် သံသယ ဝင်လာခဲ့သည်။
ချန်းရီသည် သွေးအေးတတ်သော လူတစ်ယောက် ဖြစ်သည်။
ဤအချက်ကို ရှုလီနာက ဤတစ်ကြိမ်တွင် ပိုမို နက်ရှိုင်းစွာ ခံစားသိရှိသွားခဲ့သည်။
မွေးဖွားလာကတည်းက ဤမျှ ကိုင်တွယ်ရခက်ခဲသော လူမျိုးနှင့် သူမ တစ်ခါမျှ မကြုံဖူးခဲ့ချေ။
ယခင်ကဆိုလျှင်ပင် လူတစ်ယောက်အပေါ် ဤမျှလောက် အချိန်နှင့် ခွန်အားများကို သူမ အကုန်အကျ မခံခဲ့ဖူးပေ။
သူမ၏ ရုပ်ရည်အဆင်းသဏ္ဌာန်ကြောင့် အချိန်အများစုတွင် ကိစ္စရပ်များကို လုပ်ဆောင်ရာ၌ အလွန် လွယ်ကူချောမွေ့ခဲ့သည်ကို သိထားသင့်သည်။
ထိုသို့သော အဆင်ပြေချောမွေ့မှုမျိုးမှာ ယောက်ျား မိန်းမဟူ၍ မခွဲခြားပေ။
ရုပ်ရည်ချောမောသော ယောက်ျားများသည်လည်း အလားတူ အခွင့်အရေးမျိုး ရရှိတတ်ကြသည်။
ဤတစ်ညလုံး ရှုလီနာသည် အကြိမ်ပေါင်းများစွာ ပြိုလဲကျမတတ် ဖြစ်ခဲ့ရသည်။
ဤသို့ဖြင့် သံသယဝင်ခြင်း၊ မျှော်လင့်ခြင်း၊ စိတ်ပျက်ခြင်း၊ မျှော်လင့်ချက်ထားခြင်း ဟူသော စိတ်ခံစားမှု သံသရာထဲတွင် လည်ပတ်နေခဲ့သည်။
နောက်ဆုံးတွင် မိုးလင်းသွားခဲ့ပြီ ဖြစ်သည်။
ရှုလီနာက နံရံထောင့်ကို ကိုင်ကာ ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။
ယခုအချိန်တွင် သူမ၏ တစ်ကိုယ်လုံး တောင့်တင်းခဲနေပြီ ဖြစ်ရာ ဤအနေအထားဖြင့် တစ်ညလုံး နေခဲ့ရသဖြင့် ခန္ဓာကိုယ် မတောင့်တင်းလျှင်သာ ထူးဆန်းနေပေလိမ့်မည်။
အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်ခန္ဓာကိုယ်လေး ဖြစ်သော်လည်း ဤအချိန်တွင် ရှုလီနာသည် သူမကိုယ်သူမ အသက် ခုနစ်ဆယ် ရှစ်ဆယ်အရွယ် အဘွားအိုတစ်ဦးကဲ့သို့ ခံစားနေရသည်။
ရှုလီနာက ခြေထောက်များကို တရွေ့ရွေ့ လှမ်းကာ နေရောင်ခြည် ကျရောက်နိုင်သော နေရာဆီသို့ ရွှေ့သွားလိုက်သည်။
နေရောင်ခြည်က ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသောအခါ ရှုလီနာ့အား နွေးထွေးမှု အနည်းငယ်ကို ယူဆောင်လာပေးသည်။
ရှုလီနာက သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်ရာ ဤမနက်ခင်း၏ နေရောင်ခြည်အောက်တွင် အဖြူရောင် အငွေ့တန်းများအဖြစ် အခိုးအငွေ့များ ထွက်ပေါ်လာသည်။
ရှုလီနာ၏ မျက်ထောင့်များတွင် မျက်ရည်များ ဝဲတက်လာသည်။
သူမက လုံးဝ သုတ်ပစ်ချင်စိတ် မရှိပေ။
မျက်လုံးထဲရှိ မျက်ရည်များက တဖြည်းဖြည်း စုဝေးလာပြီး ပို၍ များပြားလာသည်။
နောက်ဆုံးတွင် ကြည်လင်နေသော မျက်ရည်ပေါက်နှစ်ပေါက်က ပါးပြင်ပေါ်မှတစ်ဆင့် စီးကျသွားခဲ့သည်။
သို့သော် သူမ မျက်နှာပေါ်ရှိ အမူအရာကမူ အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိပေ။
အေးစက်ခြင်း၊ စိတ်ပျက်ခြင်းနှင့်အတူ အနည်းငယ်သော ခေါင်းမာမှုတို့ ပါဝင်နေသည်။
အသံတိတ် မျက်ရည်များက ပြီးပြည့်စုံသော မေးစေ့ဆီသို့ စုဆုံသွားပြီး အင်္ကျီရင်ဘတ်ပေါ်သို့ ကျဆင်းသွားသည်။
အကယ်၍ ယခင်ကသာဆိုလျှင် ဤအချိန်တွင် သူမသည် သေချာပေါက် အားရပါးရ အော်ဟစ်ငိုကြွေးမိမည် ဖြစ်သည်။
မိုးမှောင်ကျသည်အထိ ငိုကြွေးနေမိမည်သာ။
သို့သော် ဤနေရာသည် သူမ ရင်းနှီးကျွမ်းဝင်ခဲ့သော ယခင်က အချိန်ကာလ မဟုတ်တော့ပေ။
သူမတွင် အားကိုးစရာ မည်သူမျှ မရှိတော့ချေ။
ဆက်လက် အသက်ရှင်သန်နိုင်ရန်အတွက် သူမကိုယ်သူမ အကြိမ်တစ်ရာမက သွန်းလုပ်ထားသော သံမဏိတုံးကြီး တစ်ခုအဖြစ် ပြောင်းလဲပစ်ရမည် ဖြစ်သည်။
ငိုလျှင်တောင်မှ မည်သူ့ကိုမျှ ပေးမမြင်လိုပေ။
အထူးသဖြင့် ချန်းရီကို ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ချန်းရီကဲ့သို့ လူမျိုးသည် မိန်းမတစ်ယောက်၏ မျက်ရည်ကြောင့် စိတ်ထားနူးညံ့သွားမည် မဟုတ်ကြောင်း သူမ ကောင်းကောင်း သိထားသောကြောင့်ပင်။
ရှုလီနာက ခန္ဓာကိုယ်၏ မသက်မသာ ဖြစ်မှုများကို အနည်းငယ် လျှော့ချလိုက်ပြီး တံခါးပေါက်နှင့် မလှမ်းမကမ်းတွင် ရပ်ကာ အေ-၁၃ ၏ တံခါးကြီးကို စိုက်ကြည့်နေလိုက်သည်။ ထိုလှပသော မျက်ဝန်းများက မျက်ရည်များကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
သူမ ယခုအချိန်တွင် ဘာတွေ တွေးနေသလဲဆိုတာကိုတော့ မည်သူကမျှ သိနိုင်မည် မဟုတ်ပေ။
"အဟွတ်... အဟွတ်"
တိုးညင်းသော ချောင်းဆိုးသံ နှစ်ချက်ကြောင့် မိန်းမပျို၏ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်သွားပြီး အတော်လေး သနားစရာကောင်းနေသည်။
ဒီမိန်းမ၏ ခန္ဓာကိုယ်တွင် ပြဿနာအချို့ ရှိနေပြီဖြစ်ကြောင်း သိသာထင်ရှားလှသည်။
သို့သော် ထိုအချိန်မှာပင်။
အေ-၁၃ ၏ တံခါးကြီး ပွင့်လာခဲ့သည်။
ချန်းရီက တံခါးဝတွင် ရပ်လျက် အလင်းရောင်ထဲ၌ ရပ်နေသော ထိုမိန်းမကို တစ်ချက်တည်းဖြင့် မြင်တွေ့လိုက်ရသည်။
မနက်ခင်း နေရောင်ခြည်က မိန်းမပျို၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေသည်။
အချိန်မီ မပြင်ဆင်ရသေးသော သူမ၏ ဆံနွယ်များက မနက်ခင်း အလင်းရောင်ထဲတွင် တောက်ပနေသည်။
ကိုယ်ပေါ်ရှိ အင်္ကျီများက အနည်းငယ် တွန့်ကျေနေသော်လည်း သူမ ဝတ်ဆင်ထားချိန်တွင်မူ ထူးကဲသော ဆွဲဆောင်မှုနှင့် ကျက်သရေကို ပေါ်လွင်နေစေသည်။
ထိုဖြူဖျော့နေသော မျက်နှာလေးသည် ဆွဲဆောင်မှုရှိခြင်းနှင့်အတူ သနားကရုဏာ သက်ဖွယ်ရာ အရိပ်အယောင် အနည်းငယ်လည်း ပါဝင်နေသည်။
စွန့်ပစ်ခံထားရသော ကြောင်ပေါက်လေး တစ်ကောင်နှင့်ပင် တူနေသေးသည်။
ထိုမနက်ခင်း အလင်းရောင်နှင့် ပေါင်းစပ်လိုက်သောအခါ မိန်းမပျိုသည် ပန်းချီကား တစ်ချပ်အလား လှပနေတော့သည်။
ဤမိန်းမတွင် မလှပသော အချိန်ဟူ၍ မရှိသကဲ့သို့ပင်။
"မင်း"
ချန်းရီက စကားတစ်ခွန်းသာ ပြောလိုက်သည်။
ရှုလီနာ၏ မျက်ရည်များက ထိန်းမရသိမ်းမရ ကျဆင်းလာတော့သည်။
သူမက ချစ်သူကို စောင့်နေသော မိန်းမပျိုလေး တစ်ယောက် မဟုတ်ဘဲ အခွင့်အရေးကို ဆုပ်ကိုင်ကာ အရာအားလုံးကို ပစ်ပယ်၍ အသက်ရှင်သန်လိုသော စစ်သည်တော် တစ်ဦး ဖြစ်သည်။
သို့သော် မျက်ရည်များကမူ ကြိုးပြတ်သွားသော ပုလဲလုံးများအလား မရပ်မနား ကျဆင်းနေဆဲပင်။
အချစ်ရေး စိတ်ခံစားချက်များ မပါဝင်ဘဲ ဆက်လက် အသက်ရှင်သန်ရန်နှင့် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်လာရန် ပြင်းပြသော ဆန္ဒများသာ ပါဝင်သည်။
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ် ဆရာချန်း... ကျွန်မ တောင်းပန်ပါတယ်"
ရှုလီနာသည် ချန်းရီအား မရပ်မနား ခါးညွှတ်ကာ တောင်းပန်နေခဲ့သည်။
သို့သော်လည်း မျက်ရည်ပေါက်များကတော့ ရပ်တန့်မသွားခဲ့ပေ။
သူမ တကယ်ကို မငိုချင်ခဲ့ပေ။ သူမ၏ အားနည်းချက်များကို ရှေ့မှောက်ရှိ ဤအမျိုးသားရှေ့တွင် မပြသချင်ခဲ့ပေ။
လူတိုင်းက ရှုလီနာနှင့် ချန်းရီတို့၏ ဆက်ဆံရေးကို အားကျနေကြသည်။
အမှန်တကယ်တော့ ချန်းရီနှင့် သူမ၏ ဆက်ဆံရေးက မည်မျှ ပါးလွှာအားနည်းလှကြောင်းကို ရှုလီနာ ကိုယ်တိုင်သာလျှင် သိရှိလေသည်။
ထိုမျှ ပါးလွှာသော ဆက်ဆံရေးလေးအတွက် သူမ မည်မျှ ကြိုးစားခဲ့ရပြီး မည်မျှ မျက်နှာပြောင်တိုက်ခဲ့ရသည်ကိုလည်း သူမကိုယ်တိုင်သာလျှင် သိနိုင်ပေမည်။
"တော်ပြီ... မငိုနဲ့တော့"
ချန်းရီက လက်ကာပြလိုက်သည်။ ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်တွင် သူ အမြဲတမ်း အနည်းငယ် သက်သောင့်သက်သာ မဖြစ်လှပေ။
ဘာပဲဖြစ်ဖြစ် မိန်းမတစ်ယောက်ကို အိမ်အပြင်ဘက်မှာ တစ်ညလုံး နေခိုင်းထားခဲ့သည် မဟုတ်ပါလော။
အကယ်၍ ကမ္ဘာပျက်ကပ် မတိုင်မီကသာဆိုလျှင် ဤကဲ့သို့သော ကိစ္စမျိုးကို သူ လုံးဝ လုပ်ရက်မည် မဟုတ်ပေ။
သူကလည်း သူ့ကိုယ်သူ ကာကွယ်ချင်ရုံသာ ဖြစ်သည်။
ရှုလီနာရော သူပါ သူတို့ မှန်ကန်သည်ဟု ထင်မှတ်ထားသော အရာများကိုသာ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
"အင်း"
ချန်းရီ၏ စကားကြောင့် ရှုလီနာသည် အသံထွက် မငိုမိစေရန် အံကို တင်းတင်းကြိတ်ထားလိုက်ရသည်။
ထိုအခါမှသာ သူမတွင် ဟွာဇီး ဆေးလိပ်တစ်တောင့် ရှိနေသေးကြောင်းကို ရှုလီနာ သတိရသွားသည်။
အလျင်အမြန်ပင် ရင်ခွင်ထဲမှ ထိုဟွာဇီး ဆေးလိပ်တောင့်ကို ထုတ်ယူလိုက်သည်။
မနေ့ညက ထိုမျှလောက် ပင်ပန်းဆင်းရဲခဲ့သော်လည်း ရှုလီနာသည် ဟွာဇီး ဆေးလိပ်ကို မေ့မသွားခဲ့ပေ။
ယခု ချန်းရီကို မြင်လိုက်ရချိန်တွင်။
မိန်းမပျိုက ချက်ချင်း ထုတ်ပေးလိုက်သည်။
ထိုလှပသော မျက်နှာလေးပေါ်တွင် အလိုလိုက် အကြိုက်ဆောင်လိုသော အမူအရာများ ပိုမိုများပြားလာခဲ့သည်။
ချန်းရီကလည်း အားနာမနေဘဲ လက်လှမ်းယူလိုက်သည်။
မိန်းမပျိုကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
"ကျေးဇူးပဲ"
ရှုလီနာက တစ်ခဏမျှ ဘယ်လို ပြန်ဖြေရမှန်း မသိဖြစ်သွားပြီး လက်ညှိုးနှစ်ဖက်ဖြင့် အင်္ကျီစကို လိမ်ချေကာ အနည်းငယ် အနေရခက်ပြီး စိုးရိမ်နေပုံပေါ်သည်။
ချန်းရီက ဆက်ပြောလိုက်သည်။
"ဒီနေ့ကစပြီး မင်း ဒီ အေ-၁၃ ထဲမှာ နေလို့ရပြီ"
"ဒါပေမဲ့ အိမ်က နည်းနည်း ကျဉ်းတော့ မင်း ခြံထဲမှာပဲ နေရမယ်"
"မင်းဘာသာ တဲတစ်လုံး သွားရှာပြီး ယူလာခဲ့"
ခြံဝင်းထဲမှာ နေရမယ် ဟုတ်လား။
ဒါက နည်းနည်း လွန်လွန်းနေတာ မဟုတ်ဘူးလား။
အိမ်ထဲမှာ အပိုအခန်း မရှိတာလည်း မဟုတ်ဘဲနှင့်။
သို့သော် ချန်းရီက မရဘူးဟု ပြောလာသောအခါ ရှုလီနာသည် မည်သို့မျှ တုံ့ဆိုင်းမနေဘဲ ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်သည်။
ထိုအပို အိပ်ခန်းလေးမှာ ချန်းရီ အိပ်သော အခန်း၏ ဘေးတွင် ရှိနေသည်။
ချန်းရီတွင် ညအိပ်လျှင် ယောင်တတ်သော အကျင့် မရှိသော်လည်း ရှုလီနာကို အိမ်ထဲတွင် နေခွင့်ပြုရန် သူ ဆန္ဒမရှိပေ။
အခြား အကြောင်းရင်း တစ်ခုလည်း ရှိသေးသည်။
ချန်းရီက ရှုလီနာအား အပိုအိပ်ခန်းတွင် နေခွင့်မပြုခြင်းမှာ ရှုလီနာကို စည်းမျဉ်း သတ်မှတ်ပေးနေခြင်းလည်း ဖြစ်သည်။
ဒီနေရာက ငါ့ပိုင်နက် ဖြစ်ပြီး စည်းမျဉ်းကို ငါက သတ်မှတ်မည်။
မင်း လက်မခံနိုင်ရင် ထွက်သွားလို့ရသည်။
လွန်တယ်ဆိုရင်လည်း လွန်ပါစေတော့။
မိမိထံမှ လမ်းစဉ်ဆေးထိုးအပ်ကို ထုတ်ယူနိုင်ကြောင်းကို ရှုလီနာသာ သိသွားပါက အခြားသော အကြံအစည်များ ရှိမလာနိုင်ဟု ချန်းရီ လုံးဝ မယုံကြည်ပေ။
ရှုလီနာကို ခြံဝင်းထဲတွင် နေခွင့်ပြုလိုက်သော ဆုံးဖြတ်ချက်ကိုပင် ချန်းရီ အနည်းငယ် နောင်တရနေမိသေးသည်။
သူ အနည်းငယ် စိတ်ထား နူးညံ့သွားခဲ့မိပြီ ထင်သည်။
လမ်းစဉ်ဆေးထိုးအပ်အပေါ် ထိုလူများ၏ သဘောထားကို ကြည့်ရုံဖြင့် သိနိုင်သည်။
ဤလျှို့ဝှက်ချက်အတွက် အဆတစ်သောင်းမက ဂရုစိုက် သတိထားမည် ဆိုလျှင်တောင်မှ လွန်မည် မဟုတ်ပေ။
"ပြီးတော့ အိမ်မှုကိစ္စတွေကို မင်းက လုပ်ရမယ်... ဒီမှာ ထမင်းမကျွေးဘူး... ဒါကြောင့် ထမင်းဟင်းချက်တဲ့ အလုပ်ကလည်း မင်းအလုပ်ပဲ"
ရှုလီနာက ခေါင်းညိတ်ပြဆဲပင်။
"မင်း သွားလာလှုပ်ရှားခွင့်ရှိတဲ့ နေရာတွေက ခြံဝင်း၊ မီးဖိုချောင်၊ ရေချိုးခန်းနဲ့ ဧည့်ခန်းပဲ"
"ငါ့အခန်းကိုတော့ ဝင်ခွင့်မပြုဘူး"
ရှုလီနာက ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာချန်း... ရှင့်ရဲ့ စည်းကမ်းတွေကို ကျွန်မ လိုက်နာပါ့မယ်... ခြံဝင်းထဲမှာ နေခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ချန်းရီက ဘာမှ မပြောဘဲ ရှုလီနာကို ဆက်လက် ကြည့်နေရင်း လေသံခပ်ပေါ့ပေါ့ဖြင့် ပြောလိုက်သည်။
"မင်း ဘာလိုချင်နေတာလဲ ဆိုတာကို ငါ သိတယ်"
"အဲဒါကို မင်း ရစေရမယ်လို့ ငါ အာမမခံနိုင်ဘူး"
"အဲဒီတော့"
ရှုလီနာက ခေါင်းကို အနည်းငယ် ငုံ့ကာ အလေးအနက် ပြောလိုက်သည်။
"ကျွန်မ သိပါတယ်"
ကျွန်မ လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ပြီးပါပြီ။
ကျန်တာကတော့ ကံတရားရဲ့ အလိုတော်တိုင်းသာ ဖြစ်ပါစေတော့။
ဆက်ရန်...