အခန်း ၃၂၆
Vol. 17 Ch. 326
အပိုင်း(၃၂၆) အားကစားသမား လမ်းစဉ်
ဤသို့ဖြင့် ရှုလီနာက ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲကာ အေ-၁၃ အိမ်ဝင်းလေးထဲသို့ ပြောင်းရွှေ့လာခဲ့သည်။
ထိုအမျိုးသမီး၏ အားနည်းနေသော ခန္ဓာကိုယ်လေးက ကြီးမားလှသော တဲအိမ်ကြီးကို ဆွဲယူနေရသဖြင့် အလွန်ပင်ပန်းနေပုံရသည်။
သူမဆီမှ ချောင်းဆိုးသံများကိုလည်း မကြာခဏ ကြားနေရ၏။
အမျိုးသမီး၏ မျက်နှာက ပို၍ ဖြူရော်လာသည်။
ပြီးခဲ့သည့်ညက အဖြစ်အပျက်များကြောင့် သူမ နေမကောင်းဖြစ်သွားခဲ့သည်မှာ သိသာလှပေသည်။
သို့သော် ချန်းရီက သူမကို ကူညီပေးရန် အစီအစဉ် မရှိပေ။
သူမ အလုပ်ရှုပ်နေသည်ကို ဘေးမှရပ်ကြည့်ရင်း သူ၏ မျက်မှောင်များက တဖြည်းဖြည်း တွန့်ချိုးလာခဲ့သည်။
သူ့ကိုယ်သူ ပြဿနာတစ်ခု ရှာမိသွားပြီဟု ချန်းရီ သတိပြုမိလိုက်၏။
တန်ရဲ့လား။
တကယ်တမ်းတွင် အိုအေစစ်မြို့က အစကတည်းက သိပ်မကြီးမားလှပေ။
လူနေထိုင်နိုင်သော နေရာများက ပို၍ပင် နည်းပါးလှသည်။
အိုအေစစ်မြို့တွင် ဗိသုကာ လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် ရှိနေလျှင်တောင်မှ မြို့တစ်မြို့ တည်ဆောက်ရန်ဆိုသည်မှာ အချိန်တိုအတွင်း လွယ်ကူသော ကိစ္စတော့ မဟုတ်ချေ။
ထို့ကြောင့် ပြင်ပမှ ရောက်ရှိလာသော သာမန်လူ အများအပြားသည်လည်း ဆောက်လုပ်ရေး အဖွဲ့များထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
မပျင်းရိသရွေ့ အိုအေစစ်မြို့တွင် အလုပ်တစ်ခုတော့ အမြဲတမ်း ရှာတွေ့နိုင်ပေသည်။
တံခါးဝသို့ ရောက်ရှိသွားချိန်တွင် စွန်းချန်းချန်းနှင့် ရှောင်ယွီတို့ တံခါးဝ၌ ရပ်ကာ သွားတိုက်နေကြသည်ကို တွေ့လိုက်ရသည်။
ရှောင်ယွီက ယခင်ကအတိုင်း အေးတိအေးစက် မျက်နှာပေးလေး ဖမ်းနေဆဲပင်။
ချန်းရီကို မြင်လိုက်လျှင်တောင်မှ မမြင်သကဲ့သို့သာ ဟန်ဆောင်နေတတ်သည်။
ဤကောင်မလေးကို စွန်းချန်းချန်းက အလွန်အမင်း အကာအကွယ် ပေးထားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အစွမ်းပိုင်ရှင်များနှင့် ပတ်သက်၍ မည်သည့် အသိအမြင်မျှ မရှိချေ။
ရှောင်ယွီ၏ ဤကဲ့သို့သော အပြုအမူကို ချန်းရီက ဂရုမစိုက်ပေ။
လူမရှိသော နေရာရောက်မှ ဤကောင်မလေး၏ တင်ပါးကို နှစ်ချက်လောက် ကန်ပြီး သင်ခန်းစာပေးရန်သာ စိတ်ကူးထားလိုက်သည်။
ရှောင်ယွီနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသူမှာ ပန်းရောင်ဆံပင်နှင့် ကောင်မလေးပင် ဖြစ်သည်။
သူမက ချန်းရီကို မြင်သောအခါ အလွန် တက်ကြွစွာဖြင့် လက်ပြနှုတ်ဆက်လေသည်။
သို့သော် ပါးစပ်ထဲတွင် သွားတိုက်ဆေး အမြှုပ်များ ပြည့်နေသဖြင့် ဘာစကားမှ ရေရေရာရာ မပြောနိုင်သေးပေ။
ချန်းရီနှင့် ခေါင်းဆောင်ချူတို့က အိုအေစစ်မြို့သို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာကြသူများ ဖြစ်သဖြင့် မြို့၏ တာဝန်ခံများက နေထိုင်ရန် နေရာချထားပေးရာတွင်လည်း ရောက်ရှိလာသည့် အစီအစဉ်အတိုင်း စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။
ရုတ်တရက် အေ-၁၃ ၏ တံခါးဝတွင် လှပသော အမျိုးသမီး တစ်ယောက်၏ အရိပ်အယောင်ကို မြင်လိုက်ရသည်။
ထိုရင်းနှီးနေသော ကျောပြင်၊ သူမထက် မနိမ့်ကျသော ရုပ်ရည်သွင်ပြင်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အနည်းငယ် မှင်သက်သွားပြီး ရင်ထဲတွင် မည်သို့သော ခံစားချက်မျိုး ဖြစ်ပေါ်သွားမှန်းပင် မသိလိုက်ပေ။
သူမက အေ-၁၃ ၏ တံခါးမကြီးဆီသို့ အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။
ထိုအခါ ရှုလီနာက ခြံဝင်းထဲတွင် တဲထိုးနေသည်ကို မြင်လိုက်ရ၏။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ကြောင်အမ်းသွားပြီးနောက် မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာကာ ချန်းရီကို လက်မထောင်ပြလိုက်သည်။
ချန်းရီက ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို တုံ့ပြန်သည့်အနေဖြင့် နှာခေါင်းရှုံ့လိုက်သည်။
ရှောင်ယွီက မျက်စောင်းထိုးလိုက်ပြီး ပျင်းစရာကောင်းတဲ့ လူကြီးတွေဟု စိတ်ထဲမှ တိတ်တဆိတ် ကဲ့ရဲ့လိုက်သည်။
ထိုအချိန်မှာပင် ဓားတစ်လက်ကို ပိုက်ထားသော အေးစက်စက် လူငယ်လေး တစ်ယောက် အဝေးမှ လျှောက်လာသည်။
ဤမြင်ကွင်းကို သူ အတိအကျ မြင်တွေ့သွားခဲ့၏။
လူငယ်လေး၏ မျက်ဝန်းများထဲတွင် သံသယများ ပြည့်နှက်နေသည်။
သူက လှည့်စားခံလိုက်ရပြီဟု သံသယ ဝင်သွားခြင်း ဖြစ်သည်။
သူက ချန်းရီနှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့ကို သံသယမျက်လုံးများဖြင့် အကဲခတ်နေသည်။
အဘယ်ကြောင့်ဆိုသော် ပန်းရောင်ဆံပင်နှင့် ကောင်မလေးက မနေ့က ခေါင်းဆောင်ချူနှင့် ပူးပေါင်းကာ အစီအစဉ်ဆွဲခဲ့သည် မဟုတ်ပါလော။
သို့မဟုတ်ပါက သူသည် အသားပိုးကောင်များကို ထိုမျှ ဈေးပေါပေါဖြင့် လဲလှယ်ပေးခဲ့မည် မဟုတ်သလို တစ်ခါတည်းနှင့် သုံးကောင်တောင် လဲပေးခဲ့မည် မဟုတ်ချေ။
သုံးကောင်တောင်လေ။
ဤအသားပိုးကောင်များ၏ မျိုးပွားနှုန်းက အလွန် နိမ့်ကျလှရာ သုံးကောင်တောင် လဲလှယ်ပေးလိုက်ရသဖြင့် လူငယ်လေးမှာ ညဘက် အိပ်မပျော်နိုင်လောက်အောင် နှမြောတသ ဖြစ်နေခဲ့ရသည်။
ဤနေရာသို့ ရောက်ရှိလာသူမှာ လူငယ်လေး တစ်ယောက်တည်း မဟုတ်ပေ။
မလှမ်းမကမ်းတွင် လူသန်ကြီး တစ်ယောက်လည်း ပေါ်လာခဲ့သည်။
ဤလူသန်ကြီးသည် မနေ့က ပန်းရောင်ဆံပင်နှင့် ကောင်မလေး၊ ခေါင်းဆောင်ချူတို့အား နှလုံးသားအင်ဂျင်ကို ရောင်းချခဲ့သူပင် ဖြစ်သည်။
ထိုလူနှစ်ယောက်လုံးက ချန်းရီနှင့် စွန်းချန်းချန်းတို့ကို သံသယ မျက်လုံးများဖြင့် ပြိုင်တူ ကြည့်ရှုနေကြ၏။
စွန်းချန်းချန်းက အခြေအနေမဟန်ကြောင်း ချက်ချင်း သတိထားမိလိုက်သည်။
ထို့ကြောင့် ရှောင်ယွီကို ခေါင်းဆောင်ချူအား သွားခေါ်ရန် အမြန် ခိုင်းလိုက်လေသည်။
သူတို့ရှေ့ရှိ ဤလူနှစ်ယောက်ကို ကိုင်တွယ်ရန်မှာ ခြေဗလာနဲ့ ထိပ်ပြောင်ကြီး ဖြစ်သော ခေါင်းဆောင်ချူမှသာလျှင် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ပေလိမ့်မည်။
တကယ်တမ်းပင် ခေါင်းဆောင်ချူက မျက်နှာတွင် အပြုံးများ ပြည့်နှက်စွာဖြင့် ပေါ်လာသောအခါ...
နှလုံးသားအင်ဂျင် လဲလှယ်ပေးခဲ့သော လူသန်ကြီးက မျက်နှာထား တင်းတင်းဖြင့် မေးလိုက်သည်။
"ခေါင်းဆောင်ချန်း... ခင်ဗျားတို့က သိနေကြတာလား"
ခေါင်းဆောင်ချူက အိုအေစစ်မြို့တွင် လှုပ်ရှားသွားလာရာ၌ အများစုမှာ ချန်းရီ၏ နာမည်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ယာဉ်တန်းအဖွဲ့ဝင် အချင်းချင်း ကြားတွင်တော့ ချူချယ် သို့မဟုတ် ခေါင်းဆောင်ချူ ဟုသာ ဆက်လက် ခေါ်ဝေါ်နေကြဆဲပင်။
ခေါင်းဆောင်ချူက အနည်းငယ် မှင်သက်သွားပြီး ခေါင်းဆောင်ချန်း ဟူသော အခေါ်အဝေါ်ကို အသားမကျသေးသည့်ပုံ ပေါ်သည်။
သို့သော် လျင်မြန်စွာပင် သတိဝင်လာပြီး အလျင်အမြန် ရှင်းပြလိုက်သည်။
"မနေ့က စန်းယွဲ့လမ်းမှာ တစ်ခါဆုံဖူးတယ်လေ... ဒီလောက်နီးနီးကပ်ကပ် နေရမယ်လို့ မထင်ထားမိဘူး"
"ဘာဖြစ်လို့လဲ ညီလေးရွှီ... မင်းက သိလို့လား"
လူသန်ကြီး၏ အမည်မှာ ရွှီလင်းဟောင် ဖြစ်ပြီး အရပ် (၆) ပေခန့် ရှိကာ ထယ်ရှီးလောက် မတောင့်တင်းသော်လည်း အချိုးအစားကျကာ ကြွက်သားများဖြင့် သန်မာနေသည်။
ကြည့်ရသည်မှာ ကမ္ဘာပျက်ကပ် မတိုင်မီက အားကစားသမား တစ်ယောက်နှင့် အလွန် တူပေသည်။
မည်သည့် လမ်းစဉ် ဖြစ်သည်ကိုတော့ လူသန်ကြီးက မပြောသလို ခေါင်းဆောင်ချူကလည်း မမေးခဲ့ပေ။
အကယ်၍ မြို့ပြင်၌ တွေ့ဆုံခဲ့ပါက တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးမှု ရယူရန်အတွက် ကိုယ်ပိုင် လမ်းစဉ်အမည်များကို ပြောပြကောင်း ပြောပြကြပေလိမ့်မည်။
သို့သော် အိုအေစစ်မြို့ထဲတွင်မူ ဤသို့မဟုတ်ပေ။
အစွမ်းပိုင်ရှင်များက ပို၍ သတိထားတတ်လာကြပြီး လူအချင်းချင်း နှုတ်ဆက်ရာတွင် အလွန်ဆုံး မိမိ၏ အမည်ကိုသာ ပြောပြလေ့ရှိကြသည်။
လူငယ်လေးနှင့် လူသန်ကြီးတို့မှာ သံသယ ဝင်နေဆဲဖြစ်ပြီး ချန်းရီ၊ ခေါင်းဆောင်ချူနှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့ကို မျက်လုံးများဖြင့် အဆက်မပြတ် အကဲခတ်နေကြသည်။
ဘေးတွင် ဘာမှမလုပ်ဘဲ ရပ်နေသော ရှောင်ယွီကိုပင် ချန်မထားခဲ့ပေ။
သေချာပေါက် ရှောင်ယွီကလည်း ထိုလူနှစ်ယောက်ကို မျက်စောင်း ထိုးပစ်လိုက်သည်။
ကလေးမလေးတစ်ယောက်၏ ဆန့်ကျင်သည့် အပြုအမူကိုမူ သူတို့နှစ်ဦးက သိပ်ပြီး ဂရုမစိုက်ကြချေ။
နောက်ဆက်တွဲ ကိစ္စများကတော့ အလွန် ရိုးရှင်းသွားခဲ့ပြီ ဖြစ်သည်။
တင်းတုံ ပေါ်လာပြီး စကားတစ်ခွန်းမှ မဟဘဲ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော အေးစက်စက် လူငယ်လေးကို ခေါ်ဆောင်သွားခဲ့သည်။
ဒီနေ့တွင် လူငယ်လေးအား အာလူးနှင့် ဆလတ်ပင်များကို မည်သို့ စိုက်ပျိုးရမည်ဆိုသည်ကို သင်ကြားပေးရမည် ဖြစ်သည်။
ဤပြီးပြည့်စုံသည့် သီးနှံမျိုးစေ့ နှစ်မျိုးက ပြုစုစောင့်ရှောက်ရန် လွယ်ကူသော်လည်း အထွက်နှုန်း ကောင်းမွန်စေရန်အတွက် လျှို့ဝှက်ချက် အချို့တော့ ရှိနေသေးသည်။
ရွှီလင်းဟောင်ကမူ ဒီနေ့တွင် ခေါင်းဆောင်ချူနှင့် စွန်းချန်းချန်းတို့အား အင်ဂျင်လဲလှယ်ပေးရန် သီးသန့် ရောက်လာခြင်း ဖြစ်သည်။
ထိုအင်ဂျင်နှစ်လုံးအတွက် သူတို့နှစ်ဦးမှာ ရှိသမျှ ပိုင်ဆိုင်မှုများ အကုန်လုံးနီးပါး ကုန်ခန်းသွားခဲ့ရသည်။
ချန်းရီထံမှပင် အနည်းငယ် ချေးငှားခဲ့ရသေး၏။
သေချာသည်မှာ ချန်းရီ၌လည်း များများစားစား မရှိလှသဖြင့် နောက်ဆုံးတွင် ရွေးချယ်စရာ မရှိတော့ဘဲ သူ၏ စုဆောင်းထားသော ရိက္ခာများကို ထုတ်ပေးလိုက်ရမှသာ ဤအင်ဂျင်နှစ်လုံးကို လဲလှယ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤအတွက်ကြောင့် ခေါင်းဆောင်ချူနှင့် စွန်းချန်းချန်းတို့မှာ ချန်းရီအပေါ် ကြွေးတင်သွားခဲ့ပြီဟု ဆိုနိုင်ပေသည်။
သို့သော် သူတို့၏ အငြိုးနဂါး အကြေးခွံ ဝေစုများဖြင့် အကြွေးဆပ်ရန် ချန်းရီက အကြံပြုသောအခါတွင်မူ ထိုနှစ်ယောက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။
ထို့အပြင် ချန်းရီက နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသည်ဟုပင် ပြောဆိုခဲ့ကြသေး၏။
နှလုံးသားအင်ဂျင် တပ်ဆင်သည့် လုပ်ငန်းစဉ်က အလွန် ရိုးရှင်းလှသည်။
ရွှီလင်းဟောင်က ခေါင်းဆောင်ချူနှင့် စွန်းချန်းချန်းတို့အား တပ်ဆင်ပေးပြီးနောက် သူတို့နှစ်ယောက်က ကားပေါ်တက်ကာ ကိုယ်စီ စမ်းသပ်ကြည့်ကြသည်။
ကား၏ မြင်းကောင်ရေစွမ်းအားက ယခင်ကထက် များစွာ ပိုမို အားကောင်းလာသည်ဟု ခံစားလိုက်ကြရသည်။
"ခင်ဗျားတို့ မှတ်ထားနော်... သွေးကို လောင်စာအဖြစ် သုံးချင်ရင် ဆီတိုင်ကီထဲကို တိုက်ရိုက် လောင်းထည့်လို့ မရဘူး"
"သွေးကို ဆေးထိုးအပ်ထဲ စုပ်ယူပြီးတော့မှ ဒီနေရာထဲကို ထိုးထည့်ရမှာ"
ရွှီလင်းဟောင်က ခေါင်းဆောင်ချူနှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့အား သွေးကို လောင်စာအဖြစ် မည်သို့ အသုံးပြုရမည်ဆိုသည့် နည်းလမ်းကို ရှင်းပြနေသည်။
ထို့အပြင် သူတို့နှစ်ဦးအား အလွန် ကြီးမားသော ဖန်ဆေးထိုးအပ်ကြီး တစ်ချောင်းစီကိုပါ လက်ဆောင်အဖြစ် ပေးခဲ့သေး၏။
သူတို့ အချင်းချင်း စကားစမြည် ပြောဆိုနေကြစဉ် ရွှီလင်းဟောင်က သူကိုယ်တိုင်လည်း စည်းဝါးလွတ် ကားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်အကြောင်းကို ထုတ်ပြောလာသည်။
ခေါင်းဆောင်ချူက သံသယဖြင့် မေးလိုက်သည်။
"မင်းက အင်ဂျင်တွေကို ငါတို့ကို ရောင်းလိုက်ပြီလေ... အဲဒါတောင် ပြိုင်ပွဲ ဝင်ဦးမလို့လား"
ရွှီလင်းဟောင်က ခေါင်းဆောင်ချူကို အရူးတစ်ယောက်လို ကြည့်လိုက်ပြီးနောက် ရယ်မောကာ ပြောလိုက်သည်။
"ဟီးဟီး... စိတ်မပူပါနဲ့... ကျုပ်က ဘီးလေးဘီးတပ် ကားနဲ့ ခင်ဗျားတို့ကို ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး"
"အဲဒီလိုသာဆိုရင် လူကို အရမ်း အနိုင်ကျင့်ရာ ကျသွားမှာပေါ့"
ထိုစကားက အလွန်အမင်း မောက်မာလွန်းလှသည်။
"ရှင်က ဘီးလေးဘီးတပ်ကို မသုံးဘူးဆိုတော့... စက်ဘီးများ စီးမလို့လား"
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ဤစကားက ရမ်းသန်းပြောလိုက်ခြင်း မဟုတ်ဘဲ ရွှီလင်းဟောင်ထံမှ စကားလွတ်များ ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
သို့သော် ရွှီလင်းဟောင်က အနည်းငယ်မျှပင် သတိမထားဘဲ ပြန်ပြောလိုက်သည်။
"ဟုတ်တယ်... ကျုပ်က စက်ဘီးသုံးဖို့ စိတ်ကူးထားတာ... ဟီးဟီး... ဒါပေမဲ့ ခင်ဗျားတို့ကို တစ်ခု သတိပေးထားမယ်... ကျုပ်ကို အထင်သေးမိရင်တော့ အကြီးအကျယ် ဒုက္ခရောက်သွားလိမ့်မယ်နော်"
ဤစကားကို ပြောနေချိန်တွင် ရွှီလင်းဟောင်၏ မျက်ဝန်းများက ယုံကြည်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏ ကျောပြင်က မတ်မတ်ရပ်နေကာ လှံတံတစ်ချောင်းအလား ထင်မှတ်ရပေသည်။
ခေါင်းဆောင်ချူက ရွှီလင်းဟောင်ကို အထက်အောက် သေချာ အကဲခတ်ကြည့်ပြီးနောက်မှ စကားဆိုလိုက်သည်။
"ငါ ခန့်မှန်းတာသာ မမှားဘူးဆိုရင်... မင်းက အားကစားသမား လမ်းစဉ်က မဟုတ်လား"
သူ၏ လမ်းစဉ်အမည်ကို ခေါင်းဆောင်ချူက တစ်ထိုင်တည်းနှင့် ခန့်မှန်းသိရှိသွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ရွှီလင်းဟောင်က အနည်းငယ် မှင်သက်သွားပြီးနောက် ဟားတိုက် ရယ်မောလိုက်သည်။
"ဟားဟားဟား... ခေါင်းဆောင်ချန်းက အားကစားသမား လမ်းစဉ်ကိုတောင် သိနေလိမ့်မယ်လို့ မထင်ထားဘူး... ခန့်မှန်းမိသွားမှတော့ ကျုပ်လည်း ဖုံးကွယ်မထားတော့ပါဘူး... ဒီတစ်ခေါက် စည်းဝါးလွတ် ကားပြိုင်ပွဲမှာ ချန်ပီယံဆုက ကျုပ်အတွက်ပဲ"
"ကဲ... သွားပြီ... ခေါင်းဆောင်ချန်း... မမလေးစွန်း... ပြိုင်ပွဲကွင်းကျမှ တွေ့ကြတာပေါ့"
ပြောပြီးသည်နှင့် ထိုကောင်က အလွန် ဂိုက်ဖမ်းကာ လက်ပြနှုတ်ဆက်ပြီး အထက်စီးဆန်ဆန် ပုံစံဖြင့် ထွက်ခွာသွားလေသည်။
ဤသူက စည်းဝါးလွတ် ကားပြိုင်ပွဲနှင့် ပတ်သက်၍ အစမှအဆုံးတိုင် အလွန်အမင်း ယုံကြည်ချက် ရှိနေပုံရသည်။
ခေါင်းဆောင်ချူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ထွက်ခွာသွားသော ထိုကျောပြင်ကို လှမ်းကြည့်နေလိုက်သည်။
"ခေါင်းဆောင်ချူ... အားကစားသမား လမ်းစဉ်က အရမ်း အစွမ်းထက်တာလား"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက မေးလိုက်သည်။
ခေါင်းဆောင်ချူက ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
"လမ်းစဉ်တိုင်းက အစွမ်းထက်ကြတာချည်းပါပဲ... ဒါပေမဲ့ ဒီအားကစားသမား လမ်းစဉ်က အစွမ်းထက်တယ် မထက်ဘူး ဆိုတဲ့ ပြဿနာ မဟုတ်ဘူး... ဒီလို လမ်းစဉ်က လူတွေက အမြဲတမ်း ကိုင်တွယ်ရ ခက်တယ်"
"အထူးသဖြင့် အခုလို အားကစားပြိုင်ပွဲမျိုးဆိုရင် သူတို့ အကျွမ်းကျင်ဆုံး နယ်ပယ်ထဲ ရောက်နေသလိုပဲ"
"ကြည့်ရတာ ဒီတစ်ခေါက် ပြိုင်ပွဲက သိပ်တော့ ရိုးရှင်းလှမှာ မဟုတ်ဘူး"
"ခုနက အေးစက်စက် ကောင်လေးလည်း ဒီတစ်ခေါက် စည်းဝါးလွတ် ပြိုင်ပွဲကို ဝင်ပြိုင်မယ် ထင်တယ်"
"ဒါတင်မကသေးဘူး... ဟို လူဝကြီးလည်း ရှိသေးတယ်... တကယ်လို့ သူသာ ထူးဆန်းတဲ့အရာရဲ့ နှလုံးသားကို ရသွားပြီး သူ့ရဲ့ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးကို သုံးမယ်ဆိုရင်တော့"
"ပြဿနာက နည်းနည်း ကြီးသွားနိုင်တယ်"
ဆက်ရန်...