← Chapters

အခန်း ၃၂၇

Vol. 17 Ch. 327

အခန်း ၃၂၇

Vol. 17 Ch. 327

အပိုင်း(၃၂၇) ဈေးရောင်းခြင်း

ဒီနေ့ ချန်းရီ၏ အစီအစဉ်က အရှေ့တံခါးလမ်းမကြီးသို့ သွားရောက်ကာ ဈေးရောင်းရန် ဖြစ်သည်။

အရှေ့တံခါးလမ်းမကြီးက စန်းယွဲ့လမ်းနှင့် သိပ်မတူလှပေ။

စန်းယွဲ့လမ်းသည် အစွမ်းပိုင်ရှင်များကို အဓိကထား၍ ကျင်းပသော ဈေးတစ်ခု ဖြစ်သည်။

သို့သော် အရှေ့တံခါးလမ်းမကြီးမှာမူ လူတိုင်း ပါဝင်ဆင်နွှဲနိုင်သော ဈေးဖြစ်ပြီး အစွမ်းပိုင်ရှင်ဖြစ်စေ၊ သာမန်လူဖြစ်စေ ဤနေရာတွင် လွတ်လပ်စွာ ဈေးရောင်းချနိုင်သည်။

လူအများစုသည် လောလောဆယ် အသုံးမလိုတော့သည့် ပစ္စည်းများကို စုဆောင်းကာ အရှေ့တံခါးလမ်းမကြီးတွင် လာရောက်ရောင်းချ၍ လဲလှယ်လေ့ရှိကြသည်။

ချန်းရီ၏ လက်ထဲတွင်လည်း လောလောဆယ် အသုံးမလိုတော့သည့် အဟောင်းအစုတ်တချို့ ရှိနေသည်။

ဥပမာအားဖြင့် အစောဆုံးရရှိခဲ့သော လက်ကိုင်ဒူးလေး ဖြစ်သည်။

ထိုဒူးလေးမှာ ကြိုးပြတ်သွားပြီးကတည်းက ချန်းရီက ထောင့်တစ်နေရာတွင် ပစ်ထားခဲ့ခြင်း ဖြစ်သည်။

ဤပစ္စည်းက အစွမ်းပိုင်ရှင်များအတွက်တော့ သုံးစား၍ရမည် မဟုတ်ပေ။

သို့သော် သာမန်လူများအတွက်တော့ များစွာ အသုံးဝင်နေဆဲ ဖြစ်သည်။

ထို့အပြင် ထို ပေါက်ကွဲကြယ်ပွင့် သေနတ်လည်း ပါသေးသည်။

ထိုအရာကို သူ အကြိမ်ရေ အနည်းငယ်သာ အသုံးပြုခဲ့ရသေးသည်။

ထို့ကြောင့် လက်ရှိအချိန်အထိ ချန်းရီသည် ထိုပေါက်ကွဲကြယ်ပွင့်၏ ဘေးထွက်ဆိုးကျိုး ဒဏ်ကို သိပ်မခံစားရသေးခြင်း ဖြစ်သည်။

၎င်း၏ နံပါတ်စဉ် အဆင့်မှာလည်း သိပ်မမြင့်မားလှသလို စွမ်းအားကလည်း အကန့်အသတ် ရှိနေသည်။

ထို့ကြောင့် ဤပေါက်ကွဲကြယ်ပွင့်ကို ရောင်းထုတ်ပစ်ခြင်းက အကောင်းဆုံးသော ရွေးချယ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

တကယ်တော့ ပေါက်ကွဲကြယ်ပွင့်ကို ရောင်းထုတ်ရန် အကောင်းဆုံး အခွင့်အရေးက မနေ့က စန်းယွဲ့လမ်းတွင် ဖြစ်သည်။

သို့သော် မနေ့ကမှ ဒီနေရာကို စတင်ရောက်ရှိလာခြင်းဖြစ်ပြီး အခြေအနေကို သေချာ မလေ့လာရသေးသောကြောင့် ထိုပေါက်ကွဲကြယ်ပွင့်ကို ရောင်းမထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

နောက်ထပ် ရောင်းရန်ရှိသည်က ရုံမြို့ တွင်ရှိစဉ်က ရရှိခဲ့သော နှင်းချော်ကာကွယ်ရေး သံမှိုတပ် တာယာ လေးလုံး ဖြစ်သည်။

ဤအရာများသည် သေချာသော ပတ်ဝန်းကျင် အခြေအနေမျိုးတွင် အလွန် အသုံးဝင်ပေသည်။

အကယ်၍ သင့်တော်သော ဝယ်လက်နှင့်သာ တွေ့မည်ဆိုပါက ဈေးကောင်းရနိုင်ချေ ရှိသည်။

ကျန်သည့်အရာများကတော့ အခြားသော အသေးစား ပစ္စည်းလေးများသာ ဖြစ်သည်။

အကယ်၍ ၎င်းတို့အားလုံးကို ချောချောမွေ့မွေ့ဖြင့် လဲလှယ်နိုင်ခဲ့မည် ဆိုပါက တစ်ချက်အနေဖြင့် ကားအတွင်းရှိ နေရာလွတ်အချို့ကို ရှင်းလင်းပြီးသား ဖြစ်သွားမည်။

နောက်တစ်ချက်ကတော့ အသုံးဝင်မည့် ပစ္စည်းအချို့နှင့် လဲလှယ်နိုင်မည် ဖြစ်သည်။

သေချာသည်ကတော့ ကျည်ကာမှန်များသာ လဲလှယ်ရရှိခဲ့မည်ဆိုလျှင် အကောင်းဆုံးပင်။

ပြီးခဲ့သည့်အကြိမ် လောင်ညိုတောင် ရှေးဟောင်းလမ်း ကို ဖြတ်သန်းစဉ်က ကားမှန်မှာ ကျောက်ခဲမှန်ပြီး ကွဲအက်သွားခဲ့ရာ ယခုအချိန်အထိ မပြင်ရသေးပေ။

ချန်းရီ ဈေးသွားရောင်းမည့် အစီအစဉ်ကို ကြားလိုက်ရသောအခါ...

အခြားလူများကလည်း အလွန်အမင်း စိတ်ဝင်စားသွားကြသည်။

သေချာသည်မှာ ထိုအခြားလူများ ဆိုသည်က ပန်းရောင်ဆံပင်နှင့် ကောင်မလေး နှင့် ထယ်ရှီး တို့ကို ဆိုလိုခြင်း ဖြစ်သည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ကားထဲတွင် ဓားလက်နက် အမြောက်အများကို သိမ်းဆည်းထားသေးသည်။

ဤဓားများသည် အစွမ်းပိုင်ရှင်များအတွက်မူ သိပ်ပြီး အသုံးမဝင်လှပေ။

သို့သော် သာမန်လူများအတွက်တော့ အကောင်းစား ပစ္စည်းများ ဖြစ်ကြသည်။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက်သာမက အလွန် အသုံးဝင်သော ကိရိယာတစ်ခုလည်း ဖြစ်ပေသည်။

ဥပမာအားဖြင့် ချန်းရီ၏ အမုန်းတရား ဟူသော ဓားသည် တိုက်ခိုက်ရာတွင်သာမက ကြီးမားသော အစွမ်းကို ပြသနိုင်ရုံသာမက...

သာမန်နေ့ရက်များတွင်ပင် ချန်းရီသည် အမုန်းတရား ကို အသုံးပြု၍ ကြမ်းတမ်းသော အလုပ်များကို လုပ်ဆောင်လေ့ရှိသည်။

ထင်းခုတ်ခြင်း၊ အသားစဉ်းခြင်း၊ ကျောက်ခွဲခြင်းနှင့် သံတူရွင်းကဲ့သို့ အသုံးပြုခြင်း စသည်တို့ ဖြစ်သည်။

အလွန်ကို အသုံးဝင်လှပေသည်။

လူတိုင်း သိထားကြသည့်အတိုင်း ဟွာရှ နိုင်ငံသည် သေနတ်ကန့်သတ်မှုနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံး နိုင်ငံဖြစ်သည်။

သာမန်လူတစ်ယောက် အနေဖြင့် သေနတ်တစ်လက် ရရှိရန်မှာ အခြေခံအားဖြင့် အလွန် ခက်ခဲလှသည်။

နောက်ပိုင်း ကမ္ဘာပျက်ကပ်ကြီး ကျရောက်လာပြီးနောက် လုံခြုံရေးရုံးများကဲ့သို့ နေရာမျိုးတွင် သေနတ်များ ရှိနေတတ်သည်။

သို့သော် အစွမ်းပိုင်ရှင်များမှာမူ သေနတ်ကဲ့သို့သော လက်နက်များကို သိပ်ပြီး စိတ်မဝင်စားကြပေ။ ထို့ကြောင့် မြို့ထဲသို့ ရိက္ခာရှာဖွေရန် သွားရောက်သည့် အကြိမ်တိုင်း ဤသေနတ်များကို တမင်တကာ သွားရောက် စုဆောင်းလေ့ မရှိကြချေ။

သာမန်လူများကတော့ သေနတ်များကို ရှာဖွေစုဆောင်းချင်ကြသော်လည်း အစွမ်းပိုင်ရှင်များ၏ အကူအညီမပါဘဲ သာမန်လူများ အနေဖြင့် ထိုကဲ့သို့သော ကိစ္စရပ်မျိုးကို ပြီးမြောက်ရန် အလွန် ခက်ခဲလှသည်။

အကယ်၍ သေနတ်ကို ရှာတွေ့ခဲ့လျှင်တောင်မှ ကျည်ဆန်မရှိပါက သေနတ်မှာ အလှပြပစ္စည်း သက်သက်သာ ဖြစ်သွားပေလိမ့်မည်။

ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ထဲတွင် သင့်တော်သော ကျည်ဆန်ကို ရှာဖွေရန်မှာလည်း သာမန်လူများအတွက် အလွန် ခက်ခဲသော ကိစ္စရပ်တစ်ခု ဖြစ်နေသည်။

လက်နက်တိုက် တစ်ခုကို ရှာမတွေ့သရွေ့ပေါ့။

ထို့ကြောင့် ဓားလက်နက်များသည် သာမန်လူများ အလိုချင်ဆုံးသော ကိုယ်ပိုင်ကာကွယ်ရေး လက်နက်များ ဖြစ်လာခဲ့သည်။

ယခုအချိန်တွင် ဤဓားများကို အခြားသော ရိက္ခာများနှင့် လဲလှယ်ခြင်းက အကောင်းဆုံးသော ရွေးချယ်မှုပင် ဖြစ်သည်။

ထယ်ရှီး အပိုင်းကို ပြောရလျှင် သူ၏ ရိက္ခာများက ပို၍ပင် များပြားနေသေးသည်။

ကျောင်းကားပေါ်တွင် အသက်ရှင်ကျန်ရစ်သူ အများဆုံး နေထိုင်ခဲ့ဖူးပြီး ထိုသူများ၏ ပစ္စည်းများမှာ ဤကျောင်းကားပေါ်တွင် ရှိနေကြောင်း သိထားရမည်။

အသက်ရှင်ကျန်ရစ်သူ အချို့ သေဆုံးသွားပြီးနောက် ထိုပစ္စည်းများသည် ကျောင်းကားပေါ်ရှိ စုဆောင်းထားသော ပစ္စည်းများ ဖြစ်လာခဲ့သည်။

တဖြည်းဖြည်းနှင့် ပို၍ ပို၍ များပြားလာခဲ့သည်။

ထိပ်ပြောင်ကြီး လောင်လီ မှာ မတတ်သာဘဲ အကြိမ်ပေါင်းများစွာ လွှင့်ပစ်ခဲ့ရသည်။

လွှင့်ပစ်လိုက်ရသည့် အကြိမ်တိုင်း ထိပ်ပြောင်ကြီး လောင်လီ မှာ အလွန်အမင်း နှမြောတသ ဖြစ်ခဲ့ရရှာသည်။

ထို့ကြောင့် ယခုအချိန်အထိ ကျောင်းကား၏ ခေါင်မိုးပေါ်ရှိ ပစ္စည်းတင်စင်ပေါ်တွင် ပစ္စည်းများက အမြင့်ကြီး စုပုံနေဆဲ ဖြစ်သည်။

ထို့ကြောင့် ကျောင်းကားပေါ်ရှိ ရိက္ခာများက အများဆုံး ဖြစ်သလို အရှုပ်ထွေးဆုံးလည်း ဖြစ်သည်။

တန်ဖိုး ယွမ်သိန်းပေါင်းများစွာ တန်သော လက်ပတ်နာရီမျိုးဆိုလျှင် ဆယ်လုံးထက်မက ရှိနေသည်။

ထို့အပြင် တန်ဖိုးကြီး ရတနာဆွဲကြိုးများကိုလည်း ထိပ်ပြောင်ကြီး လောင်လီ က အဝတ်အိတ်တစ်အိတ်ထဲတွင် ရောပြွမ်းထည့်ကာ ထောင့်တစ်နေရာ၌ ပစ်ထားခဲ့သည်။

ယခုလို ဈေးထဲတွင် လာရောက်ရောင်းချခြင်းက သံသယဖြစ်စရာမလိုဘဲ အသင့်တော်ဆုံးပင်။

ခေါင်းဆောင်ချူ ခေါ် ချူချယ် မှာမူ ရှင်းလင်းပစ်ရန် ပစ္စည်းဟူ၍ သိပ်မရှိလှပေ။

ခေါင်းဆောင်ချူ ၏ စကားအရ ဆိုရလျှင် သူ၏ ပစ္စည်းတိုင်းက အသုံးဝင်နေသည်တဲ့။

ထို့ကြောင့် အသုံးမလိုသော ပစ္စည်းဟူ၍ မရှိပေ။

ထို့ကြောင့် ယခုအကြိမ် ဈေးရောင်းချမှုတွင် ခေါင်းဆောင်ချူ မပါဝင်တော့ခြင်း ဖြစ်သည်။

ထို့အပြင် ခေါင်းဆောင်ချူ သည် ယခုအခါ အိုအေစစ်မြို့ ၏ ကောင်စီဝင်တစ်ဦး ဖြစ်နေပြီ ဖြစ်ရာ ခုနလေးတင် လူတစ်ယောက်က ရောက်လာပြီး ချူချယ်ကို ခဏနေလျှင် အုပ်ချုပ်ရေးခန်းမသို့ အစည်းအဝေး တက်ရန် လာရောက် အကြောင်းကြားသွားခဲ့သည်။

တင်းတုံ လည်း ရှိသေးသည်။ ဤမိန်းမမှာ မူလကတည်းက အေးစက်စက်နိုင်သူ ဖြစ်ရာ သူမ၏ ပစ္စည်းများတွင် အဝတ်အစား အနည်းငယ်၊ ကားပေါ်ရှိ အစားအစာ အချို့နှင့် စိုက်ပျိုးမည့် မျိုးစေ့များမှလွဲ၍ ဘာမှ မရှိပေ။

ထို့ကြောင့် ပိုလျှံနေသော ပစ္စည်းများလည်း မရှိပေ။

ထို့ကြောင့် ယခုအကြိမ် အရှေ့တံခါးလမ်းမကြီး သို့ ဈေးသွားရောင်းမည့် အစီအစဉ်တွင် ထယ်ရှီး၊ စွန်းချန်းချန်း နှင့် ချန်းရီ တို့သာ ပါဝင်ကြတော့သည်။

သေချာသည်ကတော့ အပေါ်ယံကြည့်လျှင် ချန်းရီသည် ထိုလူများနှင့် သိပ်မရင်းနှီးသေးသည့် ပုံစံမျိုး ရှိနေဆဲ ဖြစ်သည်။

ထို့ကြောင့် သူတို့ နှစ်စုသည် အရှေ့တံခါးလမ်းမကြီးသို့ သီးခြားစီ ထွက်ခွာသွားကြသည်။

ထိုအချိန်တွင် ရှုလီနာ၏ မျက်နှာမှာ အလွန် ဆိုးရွားနေပြီ ဖြစ်သည်။ ဤမိန်းမ၏ မနေ့ညက တစ်ညလုံး ခေါင်းမာခဲ့မှုကြောင့် နောက်ဆုံးတွင် သူမကိုယ်သူမ ဖျားနာစေခဲ့ပြီ ဖြစ်သည်။

နဖူးနှင့် မျက်နှာပေါ်တွင်လည်း နီမြန်းနေပြီ ဖြစ်သည်။

တစ်ကိုယ်လုံး၏ စိတ်ဓာတ်မှာလည်း အလွန် ကျဆင်းနေပုံရသည်။

"ဆရာချန်း... ဆရာက အရှေ့တံခါးလမ်းမကြီးကို သွားမလို့လား"

"ကျွန်မ... ဆရာ့ကို ဝိုင်းကူပေးလို့ ရပါတယ်"

ရှုလီနာ သည် ချန်းရီ၏ အမြင်တွင် အသုံးမကျသော ပန်းအိုးတစ်လုံးအဖြစ် အထင်ခံရမည်ကို မလိုလားပေ။ သူမ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ နေမကောင်းဖြစ်နေသည်ကို ခံစားနေရသော်လည်း သူမ၏ တန်ဖိုးကို ပြသချင်နေဆဲ ဖြစ်သည်။

"မင်း..."

"ကျွန်မ... ကျွန်မ လုပ်နိုင်ပါတယ် ဆရာချန်း... ကျွန်မ နေကောင်းပါတယ်"

ရှုလီနာ က သူမ၏ မျက်နှာပေါ်တွင် အတင်းအဓမ္မ ပြုံးပြလိုက်သည်။

ချန်းရီ က ခဏမျှ တွေဝေသွားပြီးနောက် ရှုလီနာ၏ တောင်းဆိုမှုကို သဘောတူလိုက်လေသည်။

ထို့နောက် ချန်းရီသည် သူ လဲလှယ်ရန် စီစဉ်ထားသော ပစ္စည်းများကို အနည်းငယ် သိမ်းဆည်းလိုက်ပြီး ဖျားနာနေသော ရှုလီနာကို ခေါ်ဆောင်ကာ အရှေ့တံခါးလမ်းမကြီးသို့ ထွက်ခွာသွားခဲ့သည်။

ရှုလီနာ အနေဖြင့် ချန်းရီက ဤမျှလောက် လူမဆန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူက ဤအထုပ်များကို သူမကို ထမ်းခိုင်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

သူမက သာမန်လူတစ်ယောက် ဖြစ်သည့်အပြင် ဖျားနာနေသူ တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် ဖျားနာနေသော နူးညံ့သိမ်မွေ့သည့် အလှပိုင်ရှင်လေး တစ်ဦးလည်း ဖြစ်နေသေးသည် မဟုတ်ပါလော။

သူက... ဘယ်လိုလုပ်ပြီး ရက်စက်နိုင်ရတာလဲ။

ကောင်းပြီလေ...

ဒီယောကျ်ားဆီမှာ သနားကြင်နာစိတ်ဆိုတာ တစ်စက်ကလေးမှ မရှိဘူးဆိုတာကို မေ့သွားခဲ့တာပဲ။

ရှုလီနာ သည် တွန့်ဆုတ်နေခြင်းမရှိဘဲ အထုပ်ကို လှမ်းယူကာ ကျောပေါ်သို့ တင်လိုက်သည်။

ဤအထုပ်မှာ သိပ်မလေးသော်လည်း အနည်းဆုံး ပိဿာအတော်များများတော့ ရှိပေမည်။

သေချာသည်ကတော့ ထို နှင်းချော်ကာကွယ်ရေး သံမှိုတပ် တာယာ လေးလုံးကိုတော့ ယူမလာရသေးပေ။

ထို့ကြောင့် ရှုလီနာ အနေဖြင့် သူမ၏ တန်ဖိုးကို ပြသချင်လှပါသည် ဆိုလျှင်တောင်မှ ဤတာယာလေးလုံးကိုတော့ မည်သို့မျှ ထမ်းနိုင်မည် မဟုတ်ပေ။

ချန်းရီ က ဤပစ္စည်းများကို အရင် ယူသွားပြီး တာယာများကိုတော့ နောက်မှ လာယူရန် စီစဉ်ထားသည်။

သို့သော် ဤအသေးအဖွဲ ပစ္စည်းလေးများ စုပေါင်းထားခြင်းကပင် ရှုလီနာ ကို မူးဝေလာစေရန် လုံလောက်နေသည်။

ခန္ဓာကိုယ်မှာ ယိမ်းထိုးသွားပြီးမှသာ မတ်မတ် ရပ်နိုင်တော့သည်။

ခေါင်းပေါ်တွင်လည်း ချွေးစေးများ ပေါ်ထွက်လာပြီ ဖြစ်သည်။

ချန်းရီ၏ အပိုင်းကို ပြောရလျှင် သူသည် ပါးစပ်တွင် ဆေးလိပ်ကို ခဲထားကာ ဘေးတွင် ရပ်နေပြီး ဤမိန်းမ လုပ်သမျှကိုသာ ကြည့်နေသည်။

သူ၏ သွေးရောင်မျက်လုံးထဲတွင် နားလည်ရခက်သော အလင်းရောင်များ တောက်ပနေပြီး ဤကောင် ယခုအချိန်တွင် ဘာတွေတွေးနေမှန်း မည်သူမျှ မသိနိုင်ပေ။

အရှေ့တံခါးလမ်းမကြီးက အိုအေစစ်မြို့ တစ်ခုလုံးတွင် အစည်ကားဆုံး နေရာဖြစ်ကြောင်း သိသာလှပေသည်။

သေချာသည်ကတော့ ဤကဲ့သို့သော စည်ကားမှုမျိုးမှာ ကမ္ဘာပျက်ကပ်မတိုင်မီက လူကြိတ်ကြိတ်တိုး စည်ကားခဲ့သည့် အခြေအနေမျိုးနှင့်တော့ နှိုင်းယှဉ်၍ ရမည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ အိုအေစစ်မြို့ တစ်ခုလုံးတွင် လူငါးထောင် ပြည့်၊ မပြည့် ဆိုသည်မှာပင် ပြောရခက်နေသေးသည် မဟုတ်ပါလော။

လမ်းဘေး တစ်ဖက်တစ်ချက်စီတွင် ဈေးဆိုင်ခန်း ဆယ်ခုထက်မက ရှိနေပြီ ဖြစ်သည်။

ဈေးရောင်းချနေသူများထဲတွင် သာမန်လူများ ပါဝင်သလို အစွမ်းပိုင်ရှင်များလည်း ပါဝင်ကြသည်။

ရှုလီနာ၏ ရုပ်ရည်က ဤလမ်းမပေါ်ရှိ လူများ၏ အာရုံစိုက်မှုကို ထပ်မံ ဆွဲဆောင်သွားခဲ့ပြန်သည်။

မတတ်နိုင်ပေ... ရှုလီနာ က တကယ်ကို လှပလွန်းနေသည်ကိုး။

သူမ အနေဖြင့် ကိုယ့်ကိုယ်ကိုယ် မပြင်ဆင်ရသည်မှာ ရက်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး မျက်နှာပေါ်တွင်လည်း ဖျားနာနေသည့် ပုံစံ ပေါ်လွင်နေသော်လည်း...

ခိုးကြည့်နေကြသည့် အကြည့်များစွာ ရှိနေဆဲပင်။

ထို့အပြင် ဤမိန်းမက ကျောပေါ်တွင် အထုပ်ကြီး တစ်ထုပ်ကို ထမ်းထားရသဖြင့် အလွန် ပင်ပန်းနေသည့် ပုံပေါ်နေသည်။

၎င်းက ဤမိန်းမကို ပိုမို နူးညံ့အားနွဲ့သွားစေပြီး ပို၍ သနားချစ်ဖွယ် ကောင်းသွားစေသည်။

ထို့အပြင် ရှုလီနာ မှာ ယခုအချိန်တွင် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး နားထင်မှ ဆံနွယ်လေးများက မျက်နှာပေါ်တွင် ကပ်နေသည်။

လူအချို့၏ မျက်လုံးများက တောက်ပသွားကြပြီး ရှုလီနာ၏ မျက်နှာသာပေးမှုကို ရရှိစေရန် အရှေ့ထွက်ကာ ကူညီပေးရန် ရည်ရွယ်ထားပုံရသည်။

သို့သော် လူများ၏ အကြည့်က အနောက်တွင် ရပ်နေသော ချန်းရီထံသို့ ရောက်ရှိသွားသောအခါ ထိုအကြည့်ပိုင်ရှင်များမှာ ချက်ချင်းပင် အကြည့်လွှဲသွားကြတော့သည်။

သတ္တိကြောင်သူ အချို့ဆိုလျှင် ခေါင်းများပင် ငုံ့သွားကြပြီး ထိုဆွဲဆောင်မှုရှိသော မိန်းမကို ထပ်၍ ခိုးကြည့်ရန်ပင် မရဲကြတော့ချေ။

နေကာမျက်မှန် အနောက်မှ ချန်းရီ၏ သွေးရောင် ဘယ်ဘက်မျက်လုံးက သွေးရောင်အလင်းတန်းများ လင်းလက်နေပြီး နေကာမျက်မှန်ကို ဖောက်ကာ လူအုပ်ကြီးကို ကြည့်လိုက်သောအခါ...

အစွမ်းပိုင်ရှင်များကတော့ အနည်းငယ် တော်သေးသည်။ သူတို့က အနည်းငယ် နေရခက်မှုနှင့် ခြိမ်းခြောက်ခံရမှုကိုသာ ခံစားလိုက်ရသည်။

သို့သော် သာမန်လူများမှာမူ နဖူးမှ ချွေးစေးများ ချက်ချင်း ပေါက်ထွက်လာကြသည်။

သွေးရောင်မျက်လုံး၏ အကြည့်ခံလိုက်ရသောအခါ သာမန်လူများမှာ ချောက်ကမ်းပါး အစွန်းသို့ ရောက်နေသကဲ့သို့ ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

ရှုလီနာက မည်မျှပင် လှပနေပါစေ ဤလူများက ထပ်မကြည့်ရဲကြတော့ပေ။

ချန်းရီ က သူ၏ အပြင်ပန်းပုံစံမှာ သာမန်သာဖြစ်ပြီး ထူးခြားမှု မရှိဘူးဟု ထင်မှတ်ထားခဲ့သည်။

သို့သော် သူ မသိခဲ့သည်မှာ သွေးရောင်မျက်လုံးနှင့် နေ့စဉ်နှင့်အမျှ ပိုမို ပေါင်းစပ်လာခြင်းကြောင့်...

သူ၏ ခန္ဓာကိုယ်မှ အမြဲတမ်း အန္တရာယ်များပြီး ထူးဆန်းကျောချမ်းဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေတတ်ခြင်းပင်။

ထို့အပြင် လမ်းစဉ် အဆင့် (၃) သို့ ကူးပြောင်းပြီးသွားသောကြောင့် ချန်းရီ၏ ခန္ဓာကိုယ်မှ ဤအန္တရာယ်များသော ထူးဆန်းသည့် အငွေ့အသက်များက ပိုမို ဆိုးယုတ်ပြီး အန္တရာယ်များသည့် ခံစားချက်ကို တိုးပွားလာစေခဲ့သည်။

သေချာသည်ကတော့ ခေါင်းဆောင်ချူ နှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေး တို့မှာမူ ချန်းရီ၏ ပုံစံကို ကျင့်သားရနေပြီ ဖြစ်သည်။

ထို့ကြောင့် သူတို့မှာ သိပ်ပြီး အံ့သြသွားသည့် ပုံစံမျိုး မပြသခဲ့ကြပေ။

ယာဉ်တန်းထဲရှိ သာမန်လူများကလည်း ချန်းရီနှင့် အဆက်အဆံ သိပ်မရှိလှချေ။

သို့သော် အပြင်လူများ အမြင်တွင်မူ ဤကောင်က အန္တရာယ်ရှိသော အကြမ်းဖက်သမား တစ်ယောက်သာ ဖြစ်ပေသည်။

ချန်းရီ က ဘယ်ညာ ဝဲယာသို့ ကြည့်လိုက်ရာ ကောင်းမွန်သော နေရာအချို့မှာ လူများ ယူထားပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။

ရှေ့သို့ ဆက်သွားလျှင် လူအသွားအလာ ပိုနည်းသွားပေလိမ့်မည်။

ချန်းရီ သည် ဈေးဆိုင်ခန်း တစ်ခန်းရှေ့သို့ ရောက်သွားသည်။

သူ စကားတစ်ခွန်းမှ မပြောရသေးခင်မှာပင် ထိုဈေးဆိုင်ခန်း ပိုင်ရှင်က စကားတစ်ခွန်းမှ မဆိုဘဲ သူ၏ ဆိုင်ခန်းကို သိမ်းဆည်းလိုက်ပြီး ချန်းရီကို ဖားယားသည့် အပြုံးတစ်ခု ပြုံးပြလိုက်သည်။

စကားတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်သွားကာ အနောက်ဘက်ရှိ နေရာတစ်နေရာတွင် ဈေးဆိုင် သွားဖွင့်ရန် ရည်ရွယ်လိုက်လေသည်။

ချန်းရီ လည်း ကြောင်သွားသည်။ ဤသူ၏ ပုံစံကို ကြည့်ရသည်မှာ အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်ပုံရပြီး လမ်းစဉ် အဆင့် (၃) မဟုတ်လျှင်တောင် လမ်းစဉ် အဆင့် (၂) တော့ ဖြစ်နိုင်ချေ ရှိသည်။

တစ်ဖက်လူက ဤမျှလောက် အလျင်အမြန် လန့်သွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ဤသည်မှာ အစွမ်းပိုင်ရှင် လောက၏ ရှင်သန်ခြင်း စည်းမျဉ်းပင် ဖြစ်သည်။

အဆင့်မြင့် လမ်းစဉ် အစွမ်းပိုင်ရှင်များက အရာရာကို ချုပ်ကိုင်ထားခွင့် ရှိသည်။

အဆင့်နိမ့် လမ်းစဉ် အစွမ်းပိုင်ရှင်များ အနေဖြင့် အလိုက်သိတတ်ရန်က အကောင်းဆုံးပင်။

ရှုလီနာ က သွက်လက်စွာဖြင့် အဝတ်တစ်စကို ထုတ်ယူကာ မြေပြင်ပေါ်သို့ ခင်းလိုက်ပြီးနောက် ယခုအကြိမ် ဈေးရောင်းရန် ယူလာသော ပစ္စည်းများကို တစ်ခုချင်းစီ ထုတ်ယူကာ စီရီလိုက်သည်။

ဤမိန်းမက သူမ၏ ကိုယ်ပိုင် ပစ္စည်းအချို့ကိုလည်း ယူလာခဲ့သေးသည်။ နာမည်ကြီး တံဆိပ်များဟု ထင်ရသော နှုတ်ခမ်းနီ အနည်းငယ်၊ ရေမွှေးနှစ်ပုလင်းနှင့် မိန်းကလေးသုံး မိတ်ကပ်ပစ္စည်း အချို့ ပါဝင်သည်။

ဤအရာများ အားလုံးမှာ ရှုလီနာ ရိက္ခာသွားရှာစဉ်က တမင်တကာ ဂရုတစိုက် စုဆောင်းလာခဲ့ခြင်း ဖြစ်သည်။

ရှုလီနာ သည် ချန်းရီ ရောင်းချမည့် ပစ္စည်းများကို မထိခိုက်စေရန် ဤပစ္စည်းများကို ထောင့်ဘက် တစ်နေရာတွင် သတိထား၍ ချထားလိုက်သည်။

ဤမိန်းမ၏ ဤကဲ့သို့သော လုပ်ရပ်များက ကြည့်ရသည်မှာ အနည်းငယ် သနားစရာ ကောင်းနေပေသည်။

သူမ ထုတ်ပြနိုင်သမျှက ဤအရာလေးများသာ ရှိတော့သည်။

သူမက ဤအရာများကို အသုံးပြု၍ ဆေးအချို့နှင့် လဲလှယ်ချင်နေခြင်း ဖြစ်သည်။ တစ်လုံးတည်းဆိုလျှင်တောင် ရပါပြီတဲ့။

သူမ ဤပစ္စည်းများကို ထုတ်ယူနေချိန်တွင် ချန်းရီ၏ သဘောထားကို အမြဲ အကဲခတ်နေခဲ့သည်။

ချန်းရီ က ကန့်ကွက်ခြင်း မရှိသည်ကို တွေ့လိုက်ရမှသာ သူမ သက်ပြင်းချနိုင်တော့သည်။

ချန်းရီ က ရှုလီနာကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီး စကားတစ်ခွန်းမှ ပိုမပြောခဲ့ပေ။

"မင်း ဒီမှာ စောင့်နေ... လာလဲတဲ့သူ ရှိရင် မင်းဘာသာမင်း ဆုံးဖြတ်လိုက်"

"ငါ သွားလိုက်ဦးမယ်"

"ရှင်..."

ရှုလီနာ သည် ချန်းရီ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း တစ်ခဏမျှ ခေါင်းညိတ် သဘောတူလိုက်ရုံသာ တတ်နိုင်တော့သည်။

ယခုအချိန်တွင် သူမ အနေဖြင့် စကားတစ်ခွန်း ပြောရန်ပင် အနည်းငယ် ပင်ပန်းနေပြီ ဖြစ်သည်။

ဆက်ရန်...

All Chapters