← Chapters

အခန်း ၃၂၉

Vol. 17 Ch. 329

အခန်း ၃၂၉

Vol. 17 Ch. 329

အပိုင်း(၃၂၉) ကိစ္စရပ်များက ပို၍ စိတ်ဝင်စားစရာ ကောင်းလာပြီ

အစောဆုံး "သွေးရောင်လမင်း အသက်ရှူကျင့်စဉ်" မှသည် နောက်ပိုင်း "လစွမ်းအင်ဝါးမြိုကျင့်စဉ်" အထိ။

ချန်းရီက သွေးရောင်လမင်း၏ စွမ်းအင်ကို အသုံးပြု၍ လေ့ကျင့်နေခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ဤကိစ္စနှင့် ပတ်သက်၍ ချန်းရီက စူးစမ်းလေ့လာမှုအချို့ ပြုလုပ်ခဲ့သည်။

ဥပမာအားဖြင့် ချူချယ်။ လမ်းပြသူ လမ်းစဉ်၏ လေ့ကျင့်မှုနည်းလမ်းက ချန်းရီ ကိုယ်တိုင်၏ နည်းလမ်းနှင့် ကြီးမားသော ကွာခြားချက် ရှိနေသည်။

ချူချယ်က သူ၏ စွမ်းရည်ကို အသုံးပြုပြီး ထူးဆန်းသည့် အရာများကို အာရုံခံနေသရွေ့ ၎င်းက လေ့ကျင့်နေခြင်းပင် ဖြစ်သည်။

ရိုးရိုးရှင်းရှင်း ဆိုရလျှင် လမ်းပြသူ လမ်းစဉ်သည် အချိန်မရွေး နေရာမရွေး လေ့ကျင့်နေခြင်း ဖြစ်သည်။

စွန်းချန်းချန်းကလည်း သူမ၏ လေ့ကျင့်မှုနည်းလမ်းကို ဝေဝါးဝါး ပြောပြဖူးသည်။ သူမ၏ လေ့ကျင့်မှုနည်းလမ်းက ဓားနှင့် ပို၍ သက်ဆိုင်နေသည်။

ထယ်ရှီး၏ လေ့ကျင့်မှုနည်းလမ်းလည်း ရှိသေးသည်။

သူက တိုက်ခိုက်ခြင်းနှင့် နေ့စဉ် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းမှတစ်ဆင့် လေ့ကျင့်ခြင်း ဖြစ်သည်။

သေချာသည်မှာ ထယ်ရှီး၏ လေ့ကျင့်မှုနည်းလမ်းကို သူကိုယ်တိုင်ပင် ရှင်းလင်းစွာ ဖော်ပြနိုင်စွမ်း မရှိပေ။

သို့သော် အလွန် ရှင်းလင်းသည့်အချက်မှာ ထယ်ရှီး၏ လေ့ကျင့်မှုနည်းလမ်းက ချန်းရီနှင့် မတူညီခြင်းပင်တည်း။

လက်ရှိ ချန်းရီ သိထားသော လမ်းစဉ် လေ့ကျင့်မှုနည်းလမ်း အနည်းငယ်ထဲတွင် သူတစ်ယောက်တည်းသာ သွေးရောင်လမင်း စွမ်းအင်ကို အားကိုး၍ လေ့ကျင့်နေခြင်း ဖြစ်သည်။

ဒုတိယမြောက် သဘာဝလွန်လမ်းစဉ် ဖြစ်သော မီးခိုးတမန်တော် လမ်းစဉ်ကို မတွေ့ရမီအချိန်အထိ။

ချန်းရီကိုယ်တိုင်လည်း သူလျှောက်လှမ်းနေသော ဤလမ်းကြောင်းက မှန်ကန်မှု ရှိမရှိကို မသိခဲ့ပေ။

သို့သော် ဤအရာများ အားလုံးက စနစ်မှ ပေးအပ်ထားသော လေ့ကျင့်မှုနည်းလမ်းများ ဖြစ်သည်။

ပိုကောင်းသော ရွေးချယ်စရာ မရှိသေးမီအချိန်အထိ ချန်းရီက ဤလမ်းကြောင်းအတိုင်းသာ ဆက်လက် လျှောက်လှမ်းသွားရုံသာ ရှိသည်။

ထိုနေ့က ချန်းရီက လမ်းစဉ် အဆင့် (၂) နှင့် လမ်းစဉ် အဆင့် (၃) ကြားရှိ နယ်နိမိတ်ကို ချိုးဖြတ်ကျော်လွန်ချိန်တွင်...

ချန်းရီက မူလကတည်းက ရှိနေသော မီးခိုးတမန်တော် လမ်းစဉ်ကို အာရုံခံမိသည့်အပြင် အခြားသော လမ်းစဉ်နှစ်ခု ရှိနေခြင်းကိုပါ အာရုံခံမိခဲ့သည်။

တစ်ခုက "မြူခိုးသခင်" ဖြစ်ပြီး အခြားတစ်ခုမှာ ချန်းရီ ယခု ရွေးချယ်ထားသော "သွေးလမင်း သခင်" ပင် ဖြစ်သည်။

ဤလမ်းစဉ်က ထူးဆန်းသည့် အရာများ၊ စည်းကမ်းမဲ့မှုများနှင့် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်။

စတင် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ချန်းရီက ဤစွမ်းအင်၏ ထိန်းချုပ်၍မရနိုင်စွမ်းကို ခံစားမိခဲ့သည်။

တစ်ချိန်တည်းမှာပင် ဤစွမ်းအင်၏ ကြီးမားလှသော အစွမ်းကိုလည်း အာရုံခံမိခဲ့သည်။

မီးခိုးတမန်တော်နှင့် မြူခိုးသခင်တို့၏ တည်ငြိမ်မှုနှင့် ယှဉ်ကြည့်လျှင် ဤစွမ်းအင်က ပုံမှန်အခြေအနေနှင့် ရူးသွပ်မှုကြား နယ်နိမိတ်မျဉ်းပေါ်တွင် လှည့်လည်သွားလာနေသကဲ့သို့ ဖြစ်နေသည်။

ထိုနည်းတူစွာပင် ဤလမ်းကြောင်းက ပြီးပြည့်စုံနေကြောင်းကို ချန်းရီ ခံစားသိရှိနိုင်သည်။

ဤသည်မှာ ပြီးပြည့်စုံပြီး နတ်ဘုရားအဆင့်အထိ သွားရောက်နိုင်မည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။

မီးခိုးတမန်တော် လမ်းစဉ်နှင့် မတူပေ။ ထိုစဉ်က ချန်းရီသည် မီးခိုးတမန်တော် လမ်းစဉ်၏ မပြည့်စုံ ချို့ယွင်းနေမှုများကို ဝေဝါးဝါး အာရုံခံမိခဲ့သည်။

မြူခိုးသခင် လမ်းစဉ်ပင်လျှင် အနာဂတ်လမ်းကြောင်းက ထိုမျှလောက် ရှင်းလင်းတောက်ပနေခြင်း မရှိဟု ထင်ရသည်။

သွေးလမင်း သခင် လမ်းစဉ်သာလျှင် နတ်ဘုရားအဆင့်ထိ အပြည့်အဝ လျှောက်လှမ်းသွားနိုင်စွမ်း ရှိသည်။

ဘာကြောင့်မှန်း မသိပေ။ ချန်းရီတွင် ထိုကဲ့သို့သော ခံစားချက်မျိုး ရှိနေခဲ့သည်။

သေချာသည်မှာ ဤစွမ်းအင်၏ ကြီးမားလှသော အစွမ်းကိုလည်း ယုံမှားသံသယ ဝင်စရာ မလိုပေ။

ချန်းရီက ကျန်လမ်းစဉ်နှစ်ခုမှ "သွေးလမင်း သခင်" အပေါ် ထားရှိသော ကြောက်ရွံ့မှုနှင့် ရွံရှာမုန်းတီးမှုများကို အလွန် ရှင်းလင်းစွာ ခံစားမိနေသည်။

ကြီးမားသော စွမ်းအားသည် ဤကမ္ဘာပျက်ကပ်တွင် အသက်ရှင်သန်နိုင်ရန် အခြေခံအုတ်မြစ်ပင် ဖြစ်သည်။

ချန်းရီက အနည်းငယ်မျှသာ တုံ့ဆိုင်းနေခဲ့ပြီးနောက် "သွေးလမင်း သခင်" လမ်းစဉ်ကို ရွေးချယ်ခဲ့သည်။

"သွေးလမင်း သခင်" လမ်းစဉ်ကို ရွေးချယ်ပြီးနောက်တွင် ချန်းရီ၏ ဤလမ်းစဉ်အပေါ် ခံစားချက်များက ပို၍ ပြင်းထန်လာခဲ့သည်။

ဤကမ္ဘာကြီး၏ စည်းမျဉ်းများကပင် ဤလမ်းစဉ်ကို တိတ်တဆိတ် ဖယ်ကြဉ်နေသကဲ့သို့ ရှိနေသည်။

ချန်းရီ၏ နားထဲတွင် အသံတစ်သံ ထွက်ပေါ်လာသကဲ့သို့ ခံစားရသည်။

"ဒီလမ်းစဉ်က ဒီကမ္ဘာပေါ်မှာ ပေါ်လာဖို့ မသင့်တော်ဘူး"

ချန်းရီက "သွေးလမင်း သခင်" သည် ဤကမ္ဘာကြီး၏ ဗီလိန်တစ်ကောင်နှင့် တူသည်ဟု ခံစားမိသည်။

ပုံပြင်များထဲမှ နဂါးသတ်သူရဲကောင်းများ မဖြစ်မနေ သတ်ဖြတ်ရမည့် နဂါးဆိုးကြီး သို့မဟုတ် မဖြစ်မနေ နှိမ်နင်းရမည့် မိစ္ဆာဘုရင်ကြီးနှင့် တူနေသည်။

တစ်ခဏအတွင်းမှာပင် ချန်းရီက သဘောပေါက်သွားခဲ့သည်။

မီးခိုးတမန်တော် လမ်းစဉ် အဆင့် (၃) သို့ ရောက်ရှိသွားပြီးနောက် တတိယမြောက် ရွေးချယ်စရာက ဘာလဲဆိုသည်ကို မည်သူမျှ မသိကြခြင်း၏ အကြောင်းရင်းကို သူ နားလည်သွားခဲ့သည်။

ဤသည်မှာ သိသိသာသာကို ပုံမှန်မဟုတ်သော ဗီလိန်လမ်းစဉ် တစ်ခု ဖြစ်သည်။

မိမိ၏ လမ်းစဉ်အမည်ကို သူတစ်ပါးအား ပြောပြလောက်အောင် မည်သူကမျှ မမိုက်မဲကြပေ။

အကယ်၍များ သတင်းပျံ့နှံ့သွားခဲ့မည် ဆိုပါက...

မည်သို့သော အကျိုးဆက်များ ရှိလာမည်ကို မသိရသော်လည်း သေချာပေါက် ကောင်းမွန်သော အကျိုးဆက်တော့ ဖြစ်လာမည် မဟုတ်ကြောင်း ချန်းရီ အသေအချာ ယုံကြည်နေသည်။

ဘာကြောင့်မှန်း မသိသော်လည်း ချန်းရီက ထိုကဲ့သို့ အပြည့်အဝ ယုံကြည်နေမိသည်။

ထို့ကြောင့်သာ အားလုံးက လမ်းစဉ်ကူးပြောင်းခြင်း၏ တတိယမြောက် လမ်းစဉ်အကြောင်းကို နှုတ်ဆိတ်နေခဲ့ကြခြင်း ဖြစ်သည်။

စောစောကမှ ဖြတ်လျှောက်သွားသော ဒုတိယမြို့တော်ဝန်ကမူ ချွင်းချက် ဖြစ်သည်။

သူက "သွေးလမင်း သားတော်" လမ်းစဉ် ဖြစ်သည်။

အကယ်၍ တခြားသူတစ်ယောက်သာ ဤလမ်းစဉ်ကို ရွေးချယ်ခဲ့မည်ဆိုပါက ပစ်မှတ်ထားခံရမည်ကို ကြောက်ရွံ့၍ တတ်နိုင်သမျှ အနက်ရှိုင်းဆုံး ဖုံးကွယ်ထားကြမည်သာ ဖြစ်သည်။

ဤကောင်တစ်ယောက်သာလျှင် သူက "သွေးလမင်း သားတော်" လမ်းစဉ် ဖြစ်ကြောင်းကို တစ်ကမ္ဘာလုံး မသိမှာ စိုးရိမ်နေသကဲ့သို့ ပြုမူနေခြင်း ဖြစ်သည်။

သူကိုယ်တိုင်ကမူ"သွေးလမင်း သခင်" လမ်းစဉ် ဖြစ်သည်။

ရရှိထားသော သွေးလမင်း သခင်၏ စွမ်းရည် အာရုံခံနိုင်စွမ်းအရ ချန်းရီသည် သွေးလမင်း သားတော်ကို အပြည့်အဝ အနိုင်ယူနိုင်ကြောင်း အလွန် ရှင်းလင်းစွာ သိထားသည်။

သွေးလမင်း သားတော်အပေါ်တွင် သွေးလမင်း သခင်က သွေးသားအရ ဖိနှိပ်နိုင်စွမ်း ရှိသည်။

သို့သော် မိမိမှာမူ ဖုံးကွယ်ရန်ပင် အချိန်မရနိုင်သော လမ်းစဉ်အမည် ဖြစ်သည်။ ဤငတုံးကမူ တစ်မြို့လုံးရှိ လူတိုင်းကိုပင် သိရှိစေခဲ့သည်။

ဤကောင်က မာနကြီးလွန်းနေခြင်းလား သို့မဟုတ် မိုက်မဲလွန်းနေခြင်းလား ဆိုသည်ကိုတော့ မသိရပေ။

ချန်းရီက သာမန်လူများကို ဦးညွှတ်စေနိုင်ပြီး အစွမ်းပိုင်ရှင်များကို နှုတ်ဆိတ်သွားစေနိုင်သော ဒုတိယမြို့တော်ဝန်၏ ကျောပြင်ကို ကြည့်နေခဲ့သည်။

သူ၏ နှုတ်ခမ်းထောင့်တွင် စိတ်ဝင်စားဖွယ် အပြုံးတစ်ခု ပေါ်လာသည်။

စိတ်ဝင်စားစရာပဲ... ကိစ္စတွေက ပို၍ ပို၍ စိတ်ဝင်စားစရာ ကောင်းလာပြီ။

သို့သော် ချန်းရီတွင် ရှင်းပြ၍ မရနိုင်သော ခံစားချက်တစ်မျိုး အမြဲတမ်း ရှိနေသည်။ ဤအရာအားလုံးက ကြိုတင် စီစဉ်ထားသကဲ့သို့ ဖြစ်နေသည်။

အစကတည်းက သူ့ကို သွေးရောင်လမင်းနှင့် သက်ဆိုင်သော လေ့ကျင့်မှုနည်းလမ်းများ လေ့ကျင့်စေခဲ့သည်။

ယခုအချိန်အထိ ဆိုလျှင် သူ လုံးဝ ငြင်းဆန်၍ မရနိုင်သော "သွေးလမင်း သခင်" လမ်းစဉ်ကိုပါ တိုက်ရိုက် ထွက်ပေါ်လာစေခဲ့သည်။

ဤအရာအားလုံးက နောက်ကွယ်မှ လက်မည်းကြီး တစ်ခုခုက အရာအားလုံးကို ခြယ်လှယ်နေသကဲ့သို့ ရှိနေသည်။

သေချာသည်မှာ ချန်းရီက ထိုကဲ့သို့သော ခံစားချက်ကို လုံးဝ မုန်းတီးခြင်း မရှိပေ။

အကယ်၍ နောက်ကွယ်က လက်မည်းကြီး ရှိနေခဲ့လျှင်ပင် ထိုလက်မည်းကြီးက အမြဲတမ်း ဝင်ရောက် စွက်ဖက်ပေးနေရန်သာ ချန်းရီ မျှော်လင့်မိသည်။

သူ့ကို တိုက်ရိုက် အေးအေးဆေးဆေး နေခွင့်ပေးလိုက်လျှင် အကောင်းဆုံးပင်။

ရုန်းကန်ကြိုးစားရမည် ဟူသောအရာကို... အသက်ရှင်သန်ရန် ခက်ခဲသော အခြေအနေမျိုး မဟုတ်ခဲ့ပါက မည်သူက ဤမျှ အသက်ကို ပဓာနမထားဘဲ အလုပ်လုပ်ချင်မည်နည်း။

...

"အစ်ကို... ဒီ နှင်းတာယာတွေကို ဘယ်လို လဲပေးမလဲ"

ဒီနေ့ အရောင်းအဝယ် ပါးမည်ဟု ချန်းရီ တွေးနေချိန်မှာပင် နောက်ဆုံးတော့ ဖောက်သည် တစ်ယောက် ရောက်လာခဲ့သည်။

ထိုသူမှာ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေသော သက်လတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်ပြီး ခေါင်းပေါ်ရှိ ဆံပင်များမှာ တစ်ဝက်ကျော်ခန့် ဖြူနေပြီ ဖြစ်သည်။

ကျောပေါ်တွင် ရွက်ဖျင်အိတ် တစ်လုံးကို လွယ်ထားပြီး ခရီးအတော်ဝေးဝေး လျှောက်လာခဲ့ရပုံ ပေါ်သည်။

ချန်းရီက ခဏမျှ စဉ်းစားပြီးနောက် ပြောပြသည်။

"ဆန် ဒါမှမဟုတ် ဂျုံမှုန့် ၉ပြည်ပါ"

ချန်းရီ ဤကဲ့သို့ ဈေးခေါ်ရဲခြင်းမှာ အကြောင်းအရင်း ရှိသည်။

လာမေးသူတိုင်းက သေချာပေါက် မရှိမဖြစ် လိုအပ်နေသူများ ဖြစ်ကြောင်း ချန်းရီ အသေအချာ သိထားသောကြောင့် ဖြစ်သည်။

ဈေးကွက်တစ်ခုလုံးကို ကြည့်လိုက်မည် ဆိုပါက သူ၏ ဆိုင်တစ်ဆိုင်တည်းတွင်သာ ဤနှင်းတာယာမျိုး ရှိသည်။

ဤသည်မှာ လက်ဝါးကြီးအုပ် စီးပွားရေးပင်။

သက်လတ်ပိုင်း အမျိုးသားက ခေါင်းခါယမ်းလိုက်သည်။

"အရမ်း ဈေးကြီးလွန်းတယ်... မနေ့က စန်းယွဲ့လမ်းမှာ ဆန် နှစ်ဆယ့်သုံးပြည်နဲ့ နှလုံးသားအင်ဂျင် နှစ်လုံးတောင် လဲလို့ ရတယ်... ခင်ဗျားရဲ့ နှင်းတာယာက မဆိုးပေမဲ့ နှလုံးသားအင်ဂျင်နဲ့ ယှဉ်ရင်တော့ အများကြီး ကွာခြားသေးတယ်"

ချန်းရီက ခပ်ဟဟ ရယ်မောလိုက်သည်။

"မိတ်ဆွေ... ဒီတစ်ဈေးလုံးမှာ ကျွန်တော့်ဆီမှာပဲ ဒီပစ္စည်းက ရှိတာလေ"

"ဈေးများလွန်းသေးတယ်... ကျွန်တော် တကယ် လိုချင်လို့ပါ... နည်းနည်းလောက် လျှော့ပေးပါဦး"

သက်လတ်ပိုင်း အမျိုးသားက ချန်းရီနှင့် ဈေးဆစ်ရန် ရည်ရွယ်ထားသည်။

ချန်းရီ၏ မျက်ဝန်းများ အနည်းငယ် အရောင်လက်သွားသည်။

"တကယ် လိုချင်တာလား... ဒါဆို ခင်ဗျားကို ဆန် ဆယ့်နှစ်ပြည် ဈေးခေါ်လိုက်မယ်... ဘယ်လိုလဲ"

သက်လတ်ပိုင်း အမျိုးသား၏ စိတ်ထဲတွင် ရူးသွပ်မတတ် ကျိန်ဆဲသွားသည်။

မခုတ်တတ်တဲ့ ကြောင်က... ဒီလိုတောင် လုပ်လို့ ရသေးတာလား... သို့သော် သူ၏ ရှေ့မှောက်ရှိ နှင်းတာယာများက သူ အမှန်တကယ် လိုချင်နေသော အရာများ ဖြစ်သည်။

သူ့တွင် ရုံမြို့သို့ မဖြစ်မနေ သွားရောက်ရမည့် အကြောင်းရင်းများ ရှိနေသည်။ နှင်းတာယာ မရှိပါက ရုံမြို့တွင် ခြေတစ်လှမ်း လှမ်းရန်ပင် အလွန် ခက်ခဲပေလိမ့်မည်။

သက်လတ်ပိုင်း အမျိုးသားက ချန်းရီ၏ စကားကို ပြန်မဖြေဘဲ သူ၏ မျက်နှာက အလွန် ကြည့်ရဆိုးနေသည်။

ကိုးပြည်ဆိုသည်မှာ ဈေးကြီးလွန်းနေပြီ ဖြစ်သည်။

ထို့အပြင် သူ့ရှေ့မှ မျက်နှာပြောင်တိုက်နေသော ဤသူက သူ တကယ်လိုချင်နေမှန်း သိသွား၍ ဈေးပင် ထပ်တင်လိုက်သေးသည်။

ပုံမှန်အားဖြင့် တကယ်လိုချင်သည် ဆိုလျှင် ဈေးလျှော့ပေးရမည် မဟုတ်ပါလော။

"အစ်ကို... ဈေးက ဒီလို ဆစ်လို့ ရတဲ့ ဈေးမျိုး မဟုတ်လောက်ဘူး ထင်တယ်"

ချန်းရီက ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောသည်။

"ခင်ဗျားကိုယ်တိုင်က တကယ် လိုချင်တယ် ပြောနေမှတော့ ကျွန်တော်က ဈေးတင်ပြီး မရောင်းဘဲ ဈေးလျှော့ပေးရမှာလား"

သက်လတ်ပိုင်း အမျိုးသား...

"..."

ခွေးကောင်... ဒီလောက်တောင် ပွင့်လင်းရတာလား...။

ရှုလီနာက သင့်တော်သလို ဝင်ပြောသည်။

"ကျွန်မတို့ ရုံမြို့ကနေ ထွက်လာတုန်းကလည်း ဒီနှင်းတာယာမျိုးကိုပဲ သုံးခဲ့တာပါ... တကယ်လို့ ဒီနှင်းတာယာသာ မရှိခဲ့ရင် ကျွန်မတို့"

ရှုလီနာ၏ အသံက အားနည်းနေသော်လည်း အလွန် ပြတ်သားနေဆဲ ဖြစ်သည်။

သက်လတ်ပိုင်း အမျိုးသား၏ မျက်ဝန်းများ အနည်းငယ် အရောင်လက်သွားပြီး ရှုလီနာကို ကြည့်ကာ မေးလိုက်သည်။

"မင်းတို့ ရုံမြို့ကို သွားဖူးတာလား"

ရှုလီနာက ခေါင်းညိတ်ပြသည်။ ဤအချိန်တွင် သူမက အလွန် နေမကောင်းဖြစ်နေပြီး စကားပြောရသည်မှာ သူမအတွက် အနည်းငယ် အခက်အခဲ ဖြစ်နေသည်။

ချန်းရီက ရှုလီနာကို တစ်ချက် ကြည့်လိုက်ရာ ဤမိန်းမ၏ အခြေအနေက ပိုပို၍ ဆိုးရွားလာနေပြီ ဖြစ်သည်။ သူက သက်လတ်ပိုင်း အမျိုးသားဘက်သို့ လှည့်ကာ ပြောပြသည်။

"ဒီလို လုပ်ပါ... တကယ်လို့ ခင်ဗျားဆီမှာ အဖျားကျဆေးနဲ့ ပဋိဇီဝဆေးတွေ ရှိမယ်ဆိုရင် ကိုးပြည်ပဲ ယူပါတော့မယ်... ပြီးတော့ ခင်ဗျားကို ရုံမြို့ရဲ့ သတင်းအချက်အလက်တွေပါ ထပ်ပြောပြပေးမယ်... ဘယ်လိုလဲ"

ဤစကားကို ပြောပြီးသွားသောအခါ အကြီးမားဆုံး တုံ့ပြန်မှု ပြသသူမှာ မျက်နှာချင်းဆိုင်မှ သက်လတ်ပိုင်း အမျိုးသား မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ရှုလီနာ ဖြစ်နေခဲ့သည်။

သိထားရမည်မှာ ဤကဲ့သို့သော ကမ္ဘာပျက်ကပ်တွင် အစားအစာသည် ပထမဆုံးသော အဓိက သုံးစွဲငွေကြေး ဖြစ်ပြီး ဆေးဝါးများက ဒုတိယမြောက် အဓိက သုံးစွဲငွေကြေးအဖြစ် သတ်မှတ်နိုင်သည်။

ယခင်က ရုံမြို့တွင် ရှိနေစဉ် ဆေးဝါးအချို့ကို ရှာဖွေ စုဆောင်းနိုင်ခဲ့သော်လည်း လမ်းခရီးတစ်လျှောက်တွင် အကုန်အစင် သုံးစွဲပြီးသွားခဲ့ပြီ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လူတိုင်း နေ့စဉ် စားသောက်နေရသည်မှာ သက်တမ်းလွန် အစားအစာများသာ ဖြစ်နေသည်။

အာဟာရချို့တဲ့မှု ပြဿနာများပါ ပေါင်းထည့်လိုက်သောအခါ ဆေးဝါး အသုံးပြုရမှု ပမာဏက အလွန် များပြားလာသည်။

ဒေါက်တာလော်က အလွန် ချွေတာခဲ့လျှင်ပင် လုံလောက်မှု မရှိသေးပေ။

ခေါင်းဆောင်ချူ၏ လက်ထဲရှိ "ရေရောထားသော မရဏနတ်သမီး၏ သွေးမျက်ရည်" ဆိုသည်မှာမူ... အသက်အန္တရာယ် ကြုံတွေ့ရသည့် အရေးကြီးသော အချိန်မျိုးတွင်သာ ထုတ်ယူအသုံးပြုနိုင်သည့် အဖိုးတန် ပစ္စည်းများ ဖြစ်သည်။

သာမန်အားဖြင့် လူသေလောက်သည့် အခြေအနေမျိုး မဟုတ်ပါက ခေါင်းဆောင်ချူထံမှ ထိုကဲ့သို့သော နတ်ဆေးမျိုးကို ထုတ်ပေးမည်ဟု မမျှော်လင့်ထားသင့်ပေ။

သို့မဟုတ်ပါက ရှုလီနာ တစ်ယောက် ယခုအချိန်အထိ အဖျားတက်နေမည် မဟုတ်ပေ။

ရှုလီနာ အံ့သြသွားရသည်မှာ ချန်းရီက သူမအတွက်နှင့် တစ်ဖက်လူထံမှ ဆေးဝါးများကို လဲလှယ်ပေးမည် ဖြစ်သောကြောင့်ပင်။

ချန်းရီက သူမ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဘယ်တော့မှ ဂရုစိုက်မည် မဟုတ်ဟု ရှုလီနာက ထင်မှတ်ထားခဲ့သည်။

စကားတစ်ခွန်းတည်းဖြင့်ပင် ရှုလီနာ၏ ဦးနှောက်ထဲတွင် အနည်းငယ် ဗလာကျင်းသွားစေသည်။

ချန်းရီက မည်သို့သော လူမျိုးဖြစ်သည်ကို ခေါင်းဆောင်ချူမှလွဲ၍ သူမ ရှုလီနာ တစ်ယောက်သာ အသိဆုံး ဖြစ်ပေလိမ့်မည်။

သက်လတ်ပိုင်း အမျိုးသားက ငေးမော ရပ်တန့်နေသော ရှုလီနာကို တစ်ချက် ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ် သဘောတူလိုက်သည်။

မနေ့က စန်းယွဲ့လမ်းသို့ သွားခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူ လိုအပ်သော ပစ္စည်းကို ရှာမတွေ့ခဲ့ပေ။

ကမ္ဘာပျက်ကပ် ကျရောက်ပြီးနောက် ပစ္စည်းများစွာမှာ အလွန် ရှားပါးသွားခဲ့သည်။

အချို့သော ပစ္စည်းများမှာ ကမ္ဘာပျက်ကပ် မတိုင်မီက အလွန် အတွေ့ရများသော်လည်း ယခုအခါတွင်မူ ငွေရှိလျှင်ပင် ဝယ်မရနိုင်သော ပစ္စည်းများ ဖြစ်လာခဲ့သည်။

ဤ နှင်းချော်ကာကွယ်ရေး ချိန်းကြိုးပါသော နှင်းတာယာ လေးလုံးက ရုံမြို့သို့ သွားရန် အသင့်တော်ဆုံးပင် ဖြစ်သည်။

"ကျွန်တော့်ဆီမှာ ဆေးဝါးတော့ အခုမပါဘူး... ခဏနေရင် သွားယူပေးမယ်"

စကားပြောပြီးသည်နှင့် သက်လတ်ပိုင်း အမျိုးသားက လှည့်ထွက်သွားသည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင် သက်လတ်ပိုင်း အမျိုးသားက ဆန် ကိုးပြည်နှင့် ဆေးဝါးများကို ယူဆောင်လာသည်။

နှစ်ဖက်စလုံးက တစ်ဖက်မှ ပစ္စည်းပေးပြီး တစ်ဖက်မှ ပစ္စည်းယူကာ လဲလှယ်လိုက်ကြသည်။

ချန်းရီက ဆေးဝါးများကို အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေသော ရှုလီနာထံသို့ ပစ်ပေးလိုက်သည်။

ရှုလီနာက ဘာစကားမှ မပြောဘဲ လက်ထဲရောက်လာသော ဆေးများကိုသာ လှမ်းယူလိုက်သည်။

"ဆေးသွားသောက်... မသေစေနဲ့"

ဒီစကားကို ပြောလိုက်ပုံကတော့...။

ရှုလီနာက ကြားလိုက်ရသဖြင့် အနည်းငယ် ကြက်သီးမွေးညင်းထသွားသော်လည်း ခေါင်းညိတ်ပြလိုက်ကာ ဘာမှ ထပ်မပြောတော့ဘဲ ဆေးသောက်ရန် ဘေးတစ်ဖက်သို့ ထွက်သွားခဲ့သည်။

ထို့နောက် ချန်းရီက ရုံမြို့၏ အခြေအနေများကို သူ့ရှေ့မှ သက်လတ်ပိုင်း အမျိုးသားအား တစ်ခေါက် ပြောပြလိုက်သည်။

သက်လတ်ပိုင်း အမျိုးသားက အလွန် သေသေချာချာ နားထောင်နေသည်။

ချန်းရီက ခေါင်းဆောင်ချူ၏ လွှမ်းမိုးမှုအောက်တွင် စာချုပ်ပါ ကတိကဝတ် စိတ်ဓာတ်ကို အလေးထားနေဆဲ ဖြစ်သည် မဟုတ်ပါလား။

မည်သို့ပင်ဖြစ်စေ ရုံမြို့၏ အခြေအနေက လျှို့ဝှက်ချက် တစ်ခု မဟုတ်သကဲ့သို့ ပြောပြ၍ မရနိုင်သော ကိစ္စလည်း မဟုတ်ပေ။

ရှုလီနာက ဘေးနားရှိ လှေကားထစ်ပေါ်တွင် ထိုင်ကာ ချန်းရီနှင့် မျက်နှာချင်းဆိုင်မှ သက်လတ်ပိုင်း အမျိုးသားတို့ စကားပြောနေသည်ကို ကြည့်နေသည်။

ရှုလီနာ၏ ဦးနှောက်ထဲတွင် ဘာတွေ တွေးနေသည်ကို မည်သူကမျှ မသိနိုင်ပေ။

သက်လတ်ပိုင်း အမျိုးသား ထွက်သွားသည့်အချိန်အထိ စောင့်နေပြီးနောက် ချန်းရီက လှည့်ကြည့်လိုက်ရာ ရှုလီနာက အံ့သြဖွယ်ကောင်းလောက်အောင် ထိုနေရာတွင် ရှိနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။

"မင်း မသွားသေးဘူးလား"

"ရှင်"

ရှုလီနာက ချန်းရီ၏ စကားကြောင့် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပြီး မျက်နှာပေါ်တွင် နီရဲသော အရောင်များ တဖြည်းဖြည်း တက်လာကာ လည်ပင်းအထိတိုင်အောင် နီရဲသွားခဲ့သည်။

"ပြန်ပြီး နားလိုက်တော့... ဒီနေ့ အရောင်းအဝယ် သိပ်မရှိလောက်တော့ဘူး"

"ဟုတ်ကဲ့"

ရှုလီနာက အလွန် လိမ်မာသည်။

ချန်းရီ ဘာပြောပြော ရှုလီနာက သဘောတူလက်ခံသည်။

ရှုလီနာက မတ်တတ်ထရပ်ကာ အနောက်သို့ ပြန်လှည့်သွားရန် ပြင်လိုက်သည်။

ချန်းရီက ကျောဘက်မှနေ၍ ရုတ်တရက် လှမ်းပြောသည်။

"ခဏနေဦး... မင်းကို ခိုင်းစရာ ကိစ္စတစ်ခု ရှိတယ်"

ရှုလီနာက ပြန်လှည့်လာပြီး ချန်းရီ၏ ရှေ့တွင် လိမ်လိမ်မာမာ ရပ်နေလိုက်သည်။

အမည်မသိသော ရေမွှေးနံ့တစ်မျိုးက ချန်းရီ၏ နှာခေါင်းထဲသို့ တိုက်ရိုက် ဝင်ရောက်လာသည်။

"လူလွှတ်ပြီး မှော်ဆေးဆရာ လမ်းစဉ် အစွမ်းပိုင်ရှင်ရဲ့ သတင်းကို သွားစုံစမ်းခိုင်းလိုက်... ငါက တတ်နိုင်သမျှ အသေးစိတ်ကျတဲ့ သတင်းအချက်အလက်ကို သိချင်တယ်... အဲ့ဒီလူက ဘယ်သူလဲ... ဘယ်အချိန်က ရောက်လာတာလဲ... အခု ဘယ်မှာရှိနေလဲ ဆိုတာတွေကို အကုန်လုံး စုံစမ်းလာခဲ့တာ အကောင်းဆုံးပဲ"

ရှုလီနာက ခေါင်းညိတ်ပြလိုက်သည်။

ချန်းရီ၏ ဂရုစိုက်မှုကြောင့်လား သို့မဟုတ် စောစောကမှ သောက်ထားသည်မှာ တစ်မိနစ်ပင် မပြည့်သေးသော ပဋိဇီဝဆေးနှင့် အဖျားကျဆေးတို့ကြောင့်လား မသိပေ။

ဤမိန်းမ၏ မျက်နှာအသွင်အပြင်က အနည်းငယ် ပိုကောင်းလာခဲ့သည်။

"ပြီးတော့ စောစောက ဒုတိယမြို့တော်ဝန် အကြောင်းကိုလည်း သွားစုံစမ်းခိုင်းလိုက်... တတ်နိုင်သမျှ အသေးစိတ်ကျဖို့ လိုတယ်... သူ ဘယ်အချိန်က စပြီး နိုးထလာခဲ့တာလဲ... အရင်က ဘယ်လမ်းစဉ် ဖြစ်ခဲ့တာလဲ ဆိုတာတွေ အပါအဝင်ပေါ့"

"ဟုတ်ကဲ့"

ရှုလီနာက ခေါင်းညိတ်ကာ ချန်းရီ၏ ညွှန်ကြားချက်များကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။

"ပြန်တော့... သေချာ အနားယူ... မင်းက နည်းနည်းတော့ အသုံးဝင်သေးတယ်... မင်း သေသွားရင် အရမ်း ဒုက္ခရောက်လိမ့်မယ်"

ဤမိန်းမက အမှန်တကယ် အသုံးဝင်ပုံပေါ်ကြောင်း ချန်းရီ စတင် သတိထားမိလာခဲ့သည်။

ရှုလီနာကလည်း ဘာမှ ပြန်မပြောဘဲ သူမ၏ ပစ္စည်းများကို သိမ်းဆည်းကာ ချန်းရီအား နှုတ်ဆက်ပြီးနောက် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

"မှတ်ထားနော်... ငါ့အခန်းထဲကို ဝင်ခွင့်မရှိဘူး"

မထွက်ခွာမီ ချန်းရီက ထပ်မံ၍ ပါးစပ်သရမ်းကာ တစ်ခွန်း ပြောလိုက်ပြန်သည်။

ဤစကားက လူမှုဆက်ဆံရေး အသိဉာဏ် နိမ့်ကျပုံရသော်လည်း ရှုလီနာကို စည်းကမ်း သတ်မှတ်ပေးနေခြင်းပင် ဖြစ်သည်။

သူမအပေါ် ထားရှိသော သူ၏ သဘောထားများ ပြောင်းလဲသွားပြီဟု ဤမိန်းမက ထင်မှတ်သွားပြီး အခွင့်အရေး ယူကာ အတင့်ရဲလာမည့် ကိစ္စရပ်များ ဖြစ်လာမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။

သေချာသည်မှာ ရှုလီနာ၏ ဉာဏ်ရည်ဉာဏ်သွေးဖြင့် ထိုကဲ့သို့သော မိုက်မဲသည့် ကိစ္စရပ်များကို သေချာပေါက် လုပ်ဆောင်လာမည် မဟုတ်ပေ။

သို့သော် ချန်းရီက ချိုမြိန်သော စွန်ပလွံသီး တစ်လုံး ကျွေးပြီးနောက် တုတ်တစ်ချောင်းဖြင့် ထပ်ရိုက်ရန် လိုအပ်သေးသည်ဟု ခံစားနေရဆဲ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရှုလီနာနှင့် သူ၏ ကြားရှိ အကွာအဝေးကို ဆွဲဆန့်နေခြင်းလည်း ဖြစ်သည်။

ချန်းရီက ဤမိန်းမနှင့် အမှန်တကယ် တစ်ခုခု ဖြစ်လာရန် မမျှော်လင့်သကဲ့သို့ နောက်ဆုံးတွင် ဤမိန်းမက သူ့ကို ခြိမ်းခြောက်ရန် သူတစ်ပါး အသုံးပြုမည့် အားနည်းချက် တစ်ခု ဖြစ်လာမည်ကိုလည်း မလိုလားပေ။

ရှုလီနာက နောက်သို့ လှည့်မကြည့်ဘဲ တိုးညင်းစွာဖြင့် "ဟုတ်ကဲ့" ဟုသာ ပြန်ဖြေလိုက်သည်။

ထိုကဲ့သို့ဖြင့် ရှုလီနာက အရှေ့တံခါးလမ်းမကြီးမှ တဖြည်းဖြည်း ထွက်ခွာသွားခဲ့သည်။

သူမ၏ ယခုလက်ရှိ အခြေအနေက ယခင် သူမ လာခဲ့စဉ်က အခြေအနေနှင့် ရှင်းလင်းပြတ်သားသော ခြားနားချက်များ ဖြစ်ပေါ်နေခဲ့သည်။

ရောက်လာခဲ့စဉ်က ဤမိန်းမမှာ အချိန်မရွေး လဲကျသွားနိုင်မည့်ပုံ ပေါက်နေခဲ့သည်။

ယခုအခါတွင်မူ ဤမိန်းမ၏ အမူအရာက အတော်လေး ပေါ့ပါးလန်းဆန်းနေခဲ့ပြီ ဖြစ်သည်။

ဆက်ရန်...

All Chapters